Author: Baby Yit Lone

  • တပ်ချုပ်ရာထူး စွန့်လွှတ်တော့မယ့် မင်းအောင်လှိုင်

    တပ်ချုပ်ရာထူး စွန့်လွှတ်တော့မယ့် မင်းအောင်လှိုင်

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ယူထားတာ ၁၅ နှစ်ရှိလာပြီဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ တပ်ချုပ်ရာထူးကနေ အနားယူမယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်တို့ တွေ့ဆုံချိန်မှာ မြန်မာမှာ အစိုးရသစ်ဖွဲ့ပြီး သမ္မတအပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ခန့်အပ်ဖို့နဲ့တချိန်တည်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ်သစ် ခန့်အပ်မယ်ဆိုအကြောင်း ပြောထားတာလည်းရှိနေပါတယ်။

    စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထိုင်းဝန်ကြီးချုပ်ပြောတဲ့အထဲမှာပါဝင်တဲ့ ဝန်ကြီးချုပ်ဆိုတာက တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို ခန့်အပ်မယ်ဆိုတာမျိုးသာဖြစ်ကြောင်း ဖြေကြားပါတယ်။

    သတင်းရင်းမြစ်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တပ်ချုပ်ရာထူးကနေ အနားယူမယ်ဆိုတာ ဟုတ်မှန်တယ်လို့သိထားရကြောင်းနဲ့ သမ္မတရာထူး ယူ၊ မယူဆိုတာကိုတော့အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

    စစ်တပ်ကိုင်သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေအရ တပ်ချုပ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဆိုပြုထောက်ခံချက်နဲ့ နိုင်ငံတော် သမ္မတက ခန့်အပ်တာဖြစ်ပါတယ်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့ သက်တမ်းကို ၂၀၁၄ ခုနှစ်မှာ အသက် ၆၅ နှစ်အထိကာကွယ်ရေးဌာနကောင်စီက ပြင်ဆင်ခဲ့ပါတယ်။

    အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှာတော့ အဲဒီ အသက်ကန့်သတ်ချက်ကို ပယ်ဖျက်ထားတာဖြစ်ပါတယ်။

    တချိန်တည်းမှာပဲ နေပြည်တော်က ကြံ့ခိုင်ရေးပါတီရုံးချုပ်မှာလည်း ဒီကနေ့မှာ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

    အဲဒီမှာသမ္မတကို မဲပေးရွေး ချယ်တဲ့အခါ ဆန္ဒမဲပေးတဲ့လုပ်ငန်းစဥ်အပါအဝင် လွှတ်တော်မှာ အဆိုနဲ့မေးခွန်းတွေ တင်သွင်းတာ တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

    ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ နိုင်ထားတာကြောင့် ဒုသမ္မတလောင်း နှစ်ဦးတင်ခွင့်ရရှိထားတာပါ။

    ရွေးကောက်ပွဲအပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး နိုင်ငံရေးဘက်ကို ကူးမလား (သမ္မတလုပ်မလား) ဆိုတဲ့ ခန့်မှန်းချက်တွေက အစောပိုင်းကာလတွေကတည်းကရှိနေပါတယ်။

    သူ့မှာ စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံများစွာရှိကြောင်းနဲ့ ပြည်သူ့ဆန္ဒပေါ်မူတည်ပြီး နိုင်ငံရေးကို ဆက်လုပ်သွားမယ်လို့ ၂၀၂၀ ခုနှစ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားအခြေစိုက်သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပြောကြားဖူးပါတယ်။

  • NUG ဝန်ကြီးချုပ်ရုံး ဆုံးဖြတ်ချက် မျှတမှု မရှိသဖြင့် ဒေါ်ကြည်ပြာနှင့်ပတ်သက်သည့် သက်သေများကို ပြည်သူထံ ချပြမည်ဟု တိုင်ကြားသူ ၁၂ ဦး ကြေညာ

    NUG ဝန်ကြီးချုပ်ရုံး ဆုံးဖြတ်ချက် မျှတမှု မရှိသဖြင့် ဒေါ်ကြည်ပြာနှင့်ပတ်သက်သည့် သက်သေများကို ပြည်သူထံ ချပြမည်ဟု တိုင်ကြားသူ ၁၂ ဦး ကြေညာ

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာအပေါ် အဂတိလိုက်စားမှုနှင့် အလွဲသုံးစားလုပ်မှု စွပ်စွဲချက်များအား စုံစမ်းစစ်ဆေးပြီးနောက် ပြင်းထန်စွာ သတိပေးခြင်းဖြင့်သာ အဆုံး သတ်လိုက်သည့်အပေါ် တိုင်ကြားသူ ဝန်ထမ်း (၁၂) ဦးက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး ခိုင်လုံသော သက်သေအ ထောက်အထားများကို ပြည်သူလူထုထံသို့ မချွင်းမချန် ချပြသွားမည်ဟု လူမှုကွန်ရက်တွင် ကြေညာထားသည်။

    ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တိုင်ကြားသူ (၁၂) ဦးဘက်ကမူ ၎င်းတို့၏ မျှော်လင့်ချက်များ ဝေဝါးသွားခဲ့ရပြီဖြစ်ကြောင်းနှင့် မြေပြင်အခြေအနေများနှင့် လုံးဝကွဲလွဲနေကာ အဖြူအမဲ သဲသဲကွဲကွဲမရှိဘဲ ပြီးစလွယ် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။

    “ကျွန်တော်/ကျွန်မတို့ဟာ အစိုးရကို အကျပ်ရိုက်စေချင်လို့ အခုလို တိုင်ကြားခဲ့ကြတာ မဟုတ်ပါဘူး။ အစိုးရရဲ့ ပုံရိပ်ကို အတွင်းကနေ ပုပ်အောင်လုပ်နေတဲ့ အနာအစာတွေကို ခေါင်းဆောင်တွေ ပြုပြင်နိုင်ဖို့နဲ့ သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ စေတနာအရင်းခံနဲ့ တိုင်ကြားခဲ့ကြတာပါ” ဟု တိုင်ကြားသူများက ၎င်းတို့၏ သဘောထားထုတ်ပြန်ချက်တွင် ရှင်းလင်းထားသည်။

    ဖေဖော်ဝါရီ ၁၈ ရက်စွဲဖြင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် အမိန့်စာတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာအား ဝန်ထမ်းများအပေါ် ရုန့်ရင်းကြမ်းတမ်းစွာ ဆက်ဆံမှုဖြင့်သာ ပြင်းထန်စွာ သတိပေးခြင်း အရေးယူမှုကိုသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    သုံးလအကြာ ဖွဲ့စည်းစစ်ဆေးခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ ဒေါ်ကြည်ပြာသည် ငွေစာရင်းအထောက်အထားများကို ပြသနိုင်ခဲ့ပြီး၊ တိုင်ကြားသူများဘက်မှ အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် ခိုင်လုံသော သက်သေအထောက်အထား မပြနိုင်ခဲ့ဟု ဆိုကာ ရာထူးမှ ထုတ်ပယ်နိုင်လောက်သည့် အကြောင်းအရာများ မတွေ့ရှိရကြောင်း NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး နောင်တွင် ဝန်ထမ်းများအပေါ် ချိုသာစွာ ဆက်ဆံရန်သာ ပြင်းပြင်းထန်ထန် သတိပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။

    စစ်အာဏာရှင်ကို တွန်းလှန်နေချိန်တွင် တော်လှန်ရေးအစိုးရယန္တရားအတွင်း တွယ်ကပ်နေသည့် အာဏာရှင်ဆန်သော အမူအကျင့်များ၊ အုပ်စုဖွဲ့ဝါဒများနှင့် ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုများကို မျက်ကွယ်ပြုထားမည်ဆိုလျှင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို မည်သို့မျှ တည်ဆောက်နိုင်မည်မဟုတ်ကြောင်း တိုင်ကြားသူများက ထောက်ပြထားသည်။

    ထို့အပြင် ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် မဟုတ်ဘဲ အစိုးရအနေဖြင့် အမှားကိုဝန်ခံကာ အမှန်တရားနှင့် တရားမျှတမှုအပေါ် အခြေခံ၍ ပြုပြင်ပြောင်းလဲနိုင်ရန်သာ မျှော်လင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

    NUG အစိုးရ၏ ဖြေရှင်းမှုအပေါ် ယုံကြည်မှု ကင်းမဲ့သွားသည့်နောက် တိုင်ကြားသူများက ၎င်းတို့တွင် အားကိုးရာ ပြည်သူသာ ကျန်ရှိတော့သည်ဟု ကြေညာထားသည်။

    လက်တွေ့မြေပြင်မှ အဖြစ်မှန်များနှင့် ခိုင်လုံသော သက်သေအထောက်အထားများကို ပြည်သူလူထုက အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်ရန် မကြာမီ ချပြသွားမည်ဖြစ်ကြောင်း ၎င်းတို့က အသိပေးထားသည်။

    လက်ရှိတွင် ရှေ့ဆက်ရမည့် တရားမျှတမှုလမ်းကြောင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး လာရောက်ဆက်သွယ်မေးမြန်းမှုများလည်း များပြားနေသဖြင့် အထောက်အထားများ ချပြနိုင်ရန် အချိန်အနည်းငယ် စောင့်ဆိုင်းပေးရန် တောင်းဆိုထားသည်။

    “တော်လှန်ရေးဟာ ဖြောင့်မတ်မှု၊ ကိုယ်ကျိုးမဖက်မှုနဲ့ တရားမျှတမှုတွေ မပါဘဲနဲ့တော့ မအောင်မြင်နိုင်ပါဘူး။ တော်လှန်ပြည်သူများအနေနဲ့ ဒီကိစ္စကို ဓမ္မ၊ အဓမ္မ ခွဲခြားသိမြင်နိုင်အောင် ဝန်းရံပေးကြပါ” ဟု တိုင်ကြားသူများက အများပြည်သူသို့ အနူးအညွတ် မေတ္တာရပ်ခံထားသည်။

    တော်လှန်ရေးကာလအတွင်း NUG အစိုးရယန္တရား၏ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံမှုတို့အပေါ် ပြည်သူလူထု၏ စောင့်ကြည့်လေ့လာမှုအတွက် အရေးပါသော စမ်းသပ်ချက်တစ်ခု ဖြစ်လာဖွယ်ရှိနေကြောင်း လေ့လာစောင့်ကြည့်နေသူအချို့က ဆိုသည်။

    ဒေါ်ကြည်ပြာ အဂတိမတွေ့ဟု NUG ထုတ်ပြန်ချက်ကို တိုင်ကြားသူများ လက်မခံ

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် အဂတိလိုက်စားမှုစွပ်စွဲချက်များတွင် ခိုင်လုံသောသက်သေမတွေ့ရှိရသဖြင့် ဝန်ထမ်းများအပေါ် ပြောဆိုဆက်ဆံမှုအတွက်သာ “ပြင်းထန်စွာသတိပေး” ကြောင်း ဝန်ကြီးချုပ်ရုံးက ယမန်နေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

    သို့သော် တိုင်ကြားသူ ဝန်ထမ်းဟောင်း ၁၂ ဦးဘက်ကမူ ဤစစ်ဆေးမှုသည် အပေါ်ယံဆန်ပြီး အမှန်တရားကို ထင်ဟပ်ခြင်းမရှိဟုဆိုကာ ပယ်ချလိုက်ပြီး၊ လက်ဝယ်ရှိသက်သေများကို ပြည်သူ့ထံချပြ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု တုံ့ပြန်ခဲ့ကြသည်။

    ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ဒေါ်ကြည်ပြာအပေါ် တိုင်ကြားထားသည့် အဂတိလိုက်စားမှု၊ အလွဲသုံးစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာတွင် တိုင်ကြားသူများဘက်မှ ခိုင်လုံသောသက်သေပြနိုင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

    ထို့အပြင် ဒေါ်ကြည်ပြာဘက်မှ တင်ပြသည့် ငွေစာရင်းဇယားများ၊ NUG စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ်အစီရင်ခံစာများအရလည်း အဂတိလိုက်စားမှုမတွေ့ရှိရသည့်အတွက် တရားစွဲဆိုရန် သို့မဟုတ် ရာထူးမှထုတ်ပယ်ရန် လုံလောက်သည့်အချက်အလက်မရှိကြောင်း ဆိုသည်။

    သို့သော် ဒေါ်ကြည်ပြာအနေဖြင့် ဝန်ထမ်းများအပေါ် ပြောဆိုဆက်ဆံရာတွင် ချိုသာမှုမရှိသည်ကို တွေ့ရှိရသဖြင့် နောက်နောင်တွင် ချိုသာစွာ ပြောဆိုဆက်ဆံရန် ပြင်းထန်စွာသတိပေးခဲ့ခြင်းဖြစ်သည်။

    အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တိုင်ကြားသူ ဝန်ထမ်းများက ကြေညာချက်တစောင်ကို ထုတ်ပြန်ကာ ပြင်းထန်စွာကန့်ကွက်ခဲ့ကြသည်။

    ၎င်းတို့၏တိုင်ကြားမှုတွင် အဂတိလိုက်စားမှုအပြင် အကျိုးစီးပွားပဋိပက္ခဖော်ဆောင်ကာ နီးစပ်သူများကို နေရာပေးခြင်း၊ အခွင့်အာဏာနှင့် ပြည်သူ့ဘဏ္ဍာကို ကိုယ်ကျိုးအတွက် အသုံးချခြင်း၊ ရုံးတွင်း၌ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများရှိနေခြင်းနှင့် ဝန်ထမ်းများကို ခြိမ်းခြောက်နှောင့်ယှက်ခြင်း စသည့်အချက်များ ပါဝင်သော်လည်း စစ်ဆေးမှုတွင် လျစ်လျူရှုခံခဲ့ရသည်ဟု ဆိုသည်။

    ထို့ပြင် စုံစမ်းစစ်ဆေးမှုအတွင်း ခိုင်လုံသောသက်သေများ တင်ပြခဲ့သော်လည်း ယခုထုတ်ပြန်ချက်မှာ အဖြစ်မှန်ကို ဖုံးကွယ်ထားခြင်းသာဖြစ်ကြောင်း တိုင်ကြားသူများက ဆိုထားသည်။

    ထို့ကြောင့် ဓမ္မနှင့် အမှန်တရားကို ပြည်သူများက ဆုံးဖြတ်နိုင်ရန်အတွက် လက်ဝယ်ရှိ သက်သေအထောက်အထားများကို ပြည်သူ့ထံ မချွင်းမချန် တင်ပြကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တိုင်ကြားသူ ဝန်ထမ်းဟောင်းများက ဆိုသည်။

  • အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဉီး  Happy Water သောက်ပြီး သေဆုံး

    အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဉီး Happy Water သောက်ပြီး သေဆုံး

    ရှမ်းပြည် မိုင်းပန်မြို့နယ် လွိုင်နွဲ့ရွာရှိ KTV ဆိုင်တွင် အသက် ၁၆ အရွယ် မိန်းကလေးငယ်တစ်ဉီး Happy Water စိတ်ကြွဆေးရည် သောက်သုံးပြီးနောက် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ဖြစ်စဉ်မှာ အသက် ၁၆ နှစ်အရွယ် နန်းဟျိုးငင်းသည် ၎င်းသူငယ်ချင်းနှင့်အတူ မိုင်းပန်မြို့နယ် လွိုင်နွဲ့ရွာရှိ KTV ဆိုင်သို့ သွားရောက်လည်ပတ်ပြီး Happy Water စိတ်ကြွဆေးရည်ကို သောက်သုံးရာ ရုတ်တရက်သေဆုံးသွားခဲ့ကြောင်း မိုင်းပန်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

    “သူငယ်ချင်းတွေနဲ့စုပြီး KTV သွားလည်ကြတာ၊ Happy Water သောက်ပြီးတော့ အဲ့သလို ရုတ်တရက်ဆုံးသွားတာပဲ။ အစတုန်းက ဆေးရုံကိုပို့လိုက်သေးတယ်၊ ဆေးရုံကလက်မခံတော့ အိမ်ကိုပြန်ခေါ်လာတာ” ဟု ၎င်းကပြောသည်။

    “အပျော်လွန်တော့ အပျက်” ဆိုတဲ့ မြန်မာစကားပုံအတိုင်း ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်တစ်ခု ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

    ​ရှမ်းမြောက်က မိန်းကလေးတစ်ဦးဟာ KTV တစ်ခုတွင် အပျော်ကျူးရာမှ Happy Water နှင့် အခြားသော မူးယစ်ဆေးဝါး (၃) မျိုး၊ (၄) မျိုးခန့်ကို ရောနှောသုံးစွဲမိရာကနေ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

    ​ခဏတာ အပျော်အပါးနောက်ကို လိုက်ရင်း မထင်မှတ်ဘဲ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားတာဟာ မိသားစုဝင်တွေအတွက် ဘယ်လိုမှ မဖြေသိမ့်နိုင်တဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။

    ​မိဘပြည်သူများနှင့် လူငယ်များသို့ မေတ္တာရပ်ခံချက် –

    အခုခေတ်မှာ ခေတ်စားနေတဲ့ Happy Water ဆိုတာဟာ အလွန်အန္တရာယ်များပြီး အသက်အန္တရာယ်ကို စက္ကန့်ပိုင်းအတွင်း ဒုက္ခပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။

    မိမိတို့ရဲ့ သားသမီး၊ သူငယ်ချင်း အပေါင်းအသင်းတွေကို အပျော်အပါးနဲ့ မူးယစ်ဆေးဝါးကြားမှာ အမှားမပါစေဖို့ အမြဲသတိပေး ဆင်ခြင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

    ​ဆုံးရှုံးသွားသူ မိန်းကလေးအတွက် စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် နောက်ထပ် ဒီလိုဖြစ်ရပ်မျိုး မကြုံရအောင် ဝိုင်းဝန်း သတိပြုပေးကြပါဦး။ 🕊️💔

  • မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

    မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

    ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကောင်စီလက်အောက်ခံ လားဟူပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။

    ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းက မိုင်းတုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များက လားဟူပြည်သူ့စစ်အဖွဲ့၏ ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ နှစ်ဖက်အငြင်းပွားပြီး၊ လားဟူပြည်သူ့စစ်ဘက်မှ စတင်ပစ်ခတ်ခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကိုသိရှိသူ ပုံပါကျင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

    ထိုပစ်ခတ်မှုကြောင့် ‘ဝ’ တပ်ဖွဲ့ဝင် (၃)​ ဦးသေဆုံးသည့်အထိဖြစ်ပွားကာ ၎င်းတို့၏ အလောင်းများကို နားကောင်းမူးဘက်သို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

    “အဲ့စစ်ဆေးရေးဂိတ်မှာ အငြင်းပွားရာကနေ လားဟူပြည်သူ့စစ်ဘက်က သေနတ်နဲ့ စပစ်တယ်လို့ သိရတယ်။ ‘ဝ’တပ်ဖွဲ့ဝင် အရာရှိလည်း သေတယ် ပြောတယ်၊ တချို့ကလည်း သုံးဦးလောက်သေတယ် ပြောတယ်။ သေချာတော့ မသိရသေးဘူး။ အလောင်းကိုတော့ နားကောင်းမူးက နားကျောင်းလုံဘက်မှာ ရှိတယ်” ဟု ပုံပါကျင်ဒေသခံ အမျိုးသားတစ်ဦးက ပြောပြသည်။

    ဒေသခံအချို့၏ ပြောပြချက်အရ လောင်းကစားရာမှ နှစ်ဖက်ရန်ဖြစ်စကားများကြပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

    အဆိုပါဖြစ်စဉ်အတွင်း UWSA ဘက်မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်အချို့ သေဆုံးဒဏ်ရာရမှုရှိသည်ဟု ဒေသခံများက ပြောဆိုကြသည်။

    လက်ရှိတွင် UWSA တပ်ဖွဲ့သည် ပုံပါကျင်၊ ပါချီးနှင့် ဝမ်မိုင်ကျေးရွာများအဝင်ရှိ လမ်းကြောင်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များ ထပ်မံတိုးမြှင့်ထားပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း အထက်ပါ အမျိုးသားတစ်ဦးက ပြောသည်။

    ထို့ပြင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်ရှိ UWSA တပ်ဖွဲ့များကို ၇ ရက်အတွင်း တပ်ဆုတ်ပေးရန် စစ်ကောင်စီဘက်က တောင်းဆိုထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။

    “ပါချီးရွာ ဘုန်းကြီးကျောင်းထဲမှာ ဝတပ်ဖွဲ့ဝင်တွေ အခုထိ ရှိနေတုန်းပဲ။ လားဟူပြည်သူ့စစ်တွေကတော့ ပါချီးနဲ့ မိုင်းဟန်ရွာတွေမှာ ရှိတယ်။ စစ်တပ်ဘက်ကတော့ လားဟူအဖွဲ့ကို မပစ်ဖို့ ပြောထားတယ်လို့ သတင်းထွက်နေတယ်။ အခု ဝတပ်ဖွဲ့က အင်အားတွေတိုးထားတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ ဝတပ်ဖွဲ့တွေကို ၇ ရက်အတွင်း တပ်ဆုတ်ပေးဖို့ စစ်တပ်ဘက်က ပြောနေတယ်” ဟု အမည်မဖော်လိုသူ နားကောင်းမူးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

    မိုင်းတုံမြို့နယ်သည် UWSA ၏ တောင်ပိုင်း (၁၇၁) စစ်ဒေသတွင် ပါဝင်သည့် အရေးပါသော နယ်မြေတစ်ခုဖြစ်ပြီး ယခုကဲ့သို့ စစ်ရေးတင်းမာမှုများကြောင့် ဒေသခံရွာသားများမှာ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြသည်။

    အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများထံမှ တရားဝင် ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။

    တိုင်းရင်းသားလက်နက်ကိုင်များအနက် အင်အားအကြီးဆုံး ဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ဌာနချုပ်တည်ရှိရာ ‘ဝ’မြောက်ပိုင်းအပြင် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ ဟွေအော်နှင့် ပုံပါကျင်ဒေသတို့ အပါအဝင် မြို့နယ် ၇ မြို့နယ်ကို ဝတောင်ပိုင်းဒေသ (သို့မဟုတ်) ၁၇၁ စစ်ဒေသဟု သတ်မှတ်ထားသည်။

  • အရိုင်းဆန်လာတဲ့ စာသင်ခန်းများ

    အရိုင်းဆန်လာတဲ့ စာသင်ခန်းများ

    ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။

    ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။

    တစ်ဦးတည်းသော သား‌လေးကို ကျောင်းထားမိတာဟာ အန္တရာယ်စက်ကွင်းထဲကို ပို့မိနေပြီလားလို့ မကြာခဏတွေးနေမိတဲ့အထိ ကြီးစွာသော စိတ်ပူပန်မှုကို ဖြစ်စေပါတယ်။ ဇန်နဝါရီလဆန်းထဲမှာတော့ ငယ်ထိပ်မြွေပေါက်သလို ပြင်းတဲ့သတင်းဆိုးကကိုသက်နိုင်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတယ်။

    ရန်ကုန်မြို့ကအထက်တန်းကျောင်းတစ်ကျောင်းမှာ တက်နေတဲ့ သားဖြစ်သူကို တခြားကျောင်းသားတွေက အုပ်စုဖွဲ့ရိုက်နှက်ခဲ့တာပါ။ တစ်ဦးတည်းသောသား အခုလို ရိုက်နှက်နှိက်စက်ခံရတဲ့ဖြစ်ရပ်က ကိုသက်နိုင်တို့ ဇနီးမောင်နှံကို အရူးမီးဝိုင်းစေခဲ့ပါတယ်။

    “ ပညာတတ်စေချင်လို့ ကျောင်းပို့ကာမှ စာရိတ္တရော ၊စည်းကမ်းပါမဲ့သူ​တွေရဲ့ကြားကလေး စိတ်ဓာတ်ကျသွားမှာကို စိုးရိမ်မိတယ်” လို့ကိုသက်နိုင်က​ပြောပါတယ် ။

    ကိုသက်နိုင်တို့ လင်မယားနှစ်ယောက်က အိမ်ထောင်ကျ နောက်ကျသလို သားသမီး တစ်ဦးသာ ထွန်းကားခဲ့တော့ သားအပေါ် အချစ်ပိုရပါတယ်။ ဘယ်သွားသွား မိဘနဲ့ အတူသွား၊ အတူစားပါတယ်။အများဆုံးခွဲနေရတာက ကျောင်းတက်ချိန်ပါပဲ။

    အဲဒီ့နေ့က အလုပ်က အိမ်ပြန်လာတော့ သားတစ်ယောက် အရင်လို ရွှင်ရွှင်ပျပျ မရှိတာကို ကိုသက်နိုင် သတိထားမိခဲ့တယ်။ ဇနီးသည်ကို မေးကြည့်တော့လည်း သေချာမသိရ။ ကျောင်းတစ်ဖက်၊ ကျူရှင်တစ်ဖက်နဲ့မို့ သားလေး ပင်ပန်းနေတာဖြစ်မှာလို့ပဲ ထင်လိုက်မိတယ်။

    နောက်ရက်တွေလည်း သားက နေမကောင်းဘူးလို့ အကြောင်းပြပြီး ကျောင်းမသွားချင်ဘူးဆိုလို့ လမ်းထိပ်က ဆေးခန်းကို သူ့အမေနဲ့ သွားပြခဲ့တယ်။ ရောဂါကြီးကြီးမားမား ရှာမတွေ့ဘူး။ ဒါပေမယ့်ကျောင်းမသွားချင်ဘူးပဲငြင်းနေတော့ကျောင်းစာမလိုက်နိုင်လို့များလားလို့ကိုသက်နိုင်သံသယဖြစ်မိ သေးတယ်။

    ဒါကြောင့် အတန်းပိုင်ဆရာမဆီကို တကူးတကသွားမေးခဲ့တယ်။ ဆရာမကတော့ သားက အေးဆေးပြီး စာရတဲ့ ကလေးထဲမှာ ပါကြောင်းနဲ့ သူငယ်ချင်းတွေက မကြာခဏ ဝိုင်းစတာခံရတယ်လို့ပဲ ပြောပါတယ်။

    ဒီအဖြေနဲ့တင် မလုံလောက်ဘူးလို့ထင်လို့သားနဲ့အမြဲပေါင်းတဲ့ သူငယ်ချင်းကို မေးတော့မှ အဖြစ်မှန်ကို သိရပါတော့တယ်။

    သားဖြစ်သူကို တခြားကျောင်းသားတွေက ဝိုင်းစနောက်လို့ စကားများရာကနေ ကျောင်းအိမ်သာထဲမှာ အုပ်စုလိုက် ဗိုက်တွေ၊ ခါးတွေကို ဝိုင်းထိုးတာလို့ ဆိုပါတယ်။သားဖြစ်သူရဲ့ ခန္ဒာကိုယ်ဖြစ်တည်မှုကို အ​ကြောင်းပြုပြီး ဝိုင်းစ​နောက်ရင်းအုပ်စုဖွဲ့ အနိုင်ကျင့်ကြတာဖြစ်ပါတယ် ။

    ဒီဖြစ်ရပ်ကို ဆရာမဆီ အသိပေးပြီး ဖြေရှင်း‌ ပေးဖို့ ပြောခဲ့ပေမယ့်လည်း ဆရာမတွေက တဖက်ကျောင်းသားတွေကို ခေါ်သတိပေးတာမျိုးတောင် မလုပ်ပေးခဲ့ဘူးလို့ ကိုသက်နိုင်က ပြောပါတယ်။

    ဒါကြောင့် အသိရှေ့နေတွေနဲ့ တိုင်ပင်တယ်။ ကျောင်းကို တိုင်ကြားစာ ပို့တယ်။ ကျောင်းအုပ်ကြီးနဲ့ သွားတွေ့တယ်။ အနိုင်ကျင့်သူ ကျောင်းသားမိဘအချို့က မိဘချင်း တွေ့ဆုံတောင်းပန်ခဲ့တယ်။ ဒါပေမယ့်လည်း သားကတော့ ဒီကျောင်းမှာဆက် မတက်ရဲတော့ဘဲ ကျောင်းသွားဖို့ ငြင်းဆန်ပါတော့တယ်။

    စာသင်‌ကျောင်းတွေမှာ ကျောင်းတွင်းရန်ပွဲ၊ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းတွေဟာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အဖြစ်များလာတာပါ။ ၂၀၂၂ ခုနှစ်ဝန်းကျင်က ကျောင်းသားချင်းအုပ်စုဖွဲ့ရိုက်နှက်တာမျိုးတွေ ဖြစ်လာတာကနေ နောက်ပိုင်းနှစ်တွေမှာအခြေအနေပိုဆိုးလာပါတယ်။

    စစ်ကောင်စီလက်​​အောက်ကကျောင်းမှာ တက်နေတဲ့သားဖြစ်သူအတွက် ကိုသက်နိုင်တစ်ယောက် စိတ်ပူစေခဲ့တဲ့ဖြစ်ရပ်က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဇန်နဝါရီ ၂၇ရက်နေ့က ဖြစ်ခဲ့တာပါ။

    G7 ကျောင်းသား မောင်မိုးသူရိန်ကို G8 ကျောင်းသားတစ်ဦးကထိုးကြိတ်လိုက်လို့ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ် သတင်းမှန်မထွက်ပေါ်ခင်မှာလည်း မောင်မိုးသူရိန်ဟာ ဘောလုံးကစားစဥ် အမောဖောက်သေဆုံးတယ်ဆိုပြီး ကျောင်းဘက်ကလိမ်လည်ပြီးသတင်းလွင်ခဲ့ပါတယ်။ မောင်မိုးသူရိန် ထိုးကြိတ်ခံရတဲ့ရုပ်သံ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ လူမှုကွန်ရက်ပေါ်ထွက်ပေါ်လာတော့မှ အဖြစ်မှန်ပေါ်လာတာဖြစ်ပါတယ်။

    အဲ့ဒီဖြစ်ရပ်မတိုင်ခင် ဇန်နဝါရီလ ၁၈ ရက်က မိတ္ထီလာမြို့၊ ပြည်သာယာမြောက်ရပ်ကွက်၊ အမှတ် ၁၅၁ အထက (ခွဲ) စာသင်ကျောင်းက ကျောင်းသားတွေ ဓားထိုးမှုဖြစ်ပြီး ကျောင်းသား တစ်ဦးသေဆုံးခဲ့ပါတယ်။ ပုသိမ်မြို့အစိုးရနည်းပညာကောလိပ်မှာလည်း ၂၀၂၅ နိုဝင်ဘာလ၁၉ရက်နေ့မှာကျောင်းသားတွေက ဝိုင်းထိုးကြိတ်လို့ ကျောင်းသားဟောင်းတစ်ဦးသေဆုံးခဲ့ပါတယ်။

    ၂၀၂၂ နောက်ပိုင်း ဒီလို ကျောင်းတွင်းရန်ပွဲ၊ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းတွေဟာ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပြင် မိတ္ထီလာ၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ ပုလိပ်စတဲ့ မြို့တွေမှာလည်း ဖြစ်ပွားခဲ့ပါတယ်။အခြေအနေတွေကတစ်ဆထက်တစ်ဆပိုပြီးဆိုးဝါးလာပါတယ်။ဒီလိုရန်ပွဲ​တွေကို ဗီဒီယိုရိုက်ကူးပြီး တစ်​တော့ ၊​ဖေစ်ဘွခ် ၊တယ်လီဂရန်စတဲ့လူမှုကွန်ယက်​တွေမှာပြန်တင်ကြပါတယ်။

    အထူးသဖြင့် စစ်တပ်က လုံးလုံးဖွင့်​ပေးထားတဲ့တစ်​တော့မှာ အဓိကတင်ကြပါတယ်။ လူမှုကွန်ယက်မီဒီယာ​တွေမှာအဲလိုပျံ့နှံ့တာ​တွေကကျောင်းသားငယ်​တွေအ​ပေါ်လွှမ်းမိုးမှုရှိ​​ပြီး ပိုဆိုးလာစေသလားဆိုတာကိုလည်းစီစစ်အ​​ဖြေရှာသင့်တယ်လို့​ကျောင်းသားမိဘတစ်ဦးက​ပြောပါတယ်။

    အာဏာသိမ်းစစ်အုပ်စုက​တော့ တိုင်းပြည်ဖျက်သူဖြစ်သလို ဒီစစ်အုပ်စုရှိသ​ရွေ့ အဲလိုအ​ဖြေရှာနိုင်မှာမဟုတ်ပဲ ပြည်သူ့​တော်လှန်​ရေး​အောင်မြင်ပါမှ ပညာ​ရေးကိုပြုပြင်​ပြောင်းလဲ​ရေး အများဆုံးလုပ်ရမယ်လို့သူကဆက်​ပြောပါတယ်။

    ဒါအပြင် ဇန်နဝါရီလက တောင်ကြီးမြို့ကကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာက အထက်တန်းကျောင်းသူကို အဓမ္မပြုကျင့်မှုဖြစ်ခဲ့ပြန်ပါတယ်။

    “ ကျောင်းသားမိဘတွေက မဖြစ်လို့သာကျောင်းထားနေကြရတာ။ အစိုးရကျောင်းပညာရေးကို အထင်မကြီးကြတော့ဘူး” လို့ကျောင်းသားမိဘတစ်ဦးက စစ်ကောင်စီလက်ထက် ပညာရေးအခြေနေကို ပြောပြပါတယ်။

    ကိုသက်နိုင်ကလည်း “ ပိုက်ဆံတတ်နိုင်သူတွေက ကိုယ့်ကလေးတွေကို အစိုးရကျောင်းပို့ဖို့ ဝေးဝေးက ရှောင်ကြတယ်။ ကျွန်တော်တို့လည်း နောက်ဆို အစိုးရကျောင်း ထားဖို့တော့ကြောက်သွားပါပြီ” လို့ရင်ဖွင့်ပါတယ် ။

    စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်၊ ကောလိပ်က ‌ဆရာ၊ဆရာမနဲ့ပညာရေးဝန်ထမ်း တစ်သိန်းခွဲခန့်စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်မှု- CDMလုပ်ခဲ့ကြပါတယ်။ အရည်အချင်းရှိတဲ့၊​စေတနာပိုတဲ့ဆရာ၊ဆရာမတွေ CDM လုပ်သွားပြီး အရည်အချင်းမပြည့်မီတဲ့သူတွေဘဲ ကျောင်းတွေမှာကျန်ခဲ့ခြင်းက ပညာရေးကဏ္ဍကို ပျက်စီးသွားစေခဲ့တယ်လို့ ကျောင်းသားမိဘတဦးကပြောပါတယ်။

    အငြိမ်းစား ဆရာမတစ်ဦးက“တကယ်က အန်တီစု လက်ထက်မှာ ပညာရေးက ကောင်းတဲ့ အရွေ့ကို သွားနေပေမယ့် စစ်တပ် လက်ထက်မှာတော့ ပိုပိုနိမ့်ပါးလာပါတယ်။ ပြောင်းလဲထားတဲ့ ပညာရေးစနစ်သစ်ကို သေချာသင်ကြားခဲ့တဲ့ ဆရာ၊ ဆရာမတွေလည်း CDM လုပ်ကြတော့ မရှိကြတော့ဘူး။ အခုကျန်ခဲ့တဲ့ ဆရာ၊ ဆရာမတွေ ဆိုတာလည်း အရင်ကလို သင်ကြားရေးကောင်းတဲ့သူတွေ သိပ်မကျန်ကြတော့ဘူး။ ဒါ့ကြောင့် ကလေးတွေကို ပြန်သင်တဲ့အခါမှာလည်း နားလည်တတ်ကျွမ်းအောင် မသင်တတ်ကြဘူး။ စည်းကမ်းကောင်းမွန်အောင် မကိုင်တွယ်နိုင်ကြဘူး။ ဒါ့ကြောင့် ပညာရေးစနစ်နဲ့ ကျောင်းသားတွေရဲ့စာရိတ္တကပိုမိုညံ့ဖျင်းလာတယ်လို့ ထင်ပါတယ်” လို့ သုံးသပ်​​ပြောကြားပါတယ်။

    ဆက်ပြီး​တော့လည်းသူက “ စစ်တပ် အုပ်ချုပ်လို့ အရာရာ ချွတ်ချုံကျနေတဲ့ နိုင်ငံမှာ ကောင်းမွန်တဲ့ စနစ်အသစ် မဖြစ်လာသရွေ့တော့ ဒီလိုကိစ္စတွေက ကြုံနေရဦးမှာပါပဲ” လို့ဆိုပါတယ် ။

    လက်ရှိမှာ စစ်ကောင်စီလက်အောက် ပညာရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးက ဒေါက်တာချောချောစိန်ဖြစ်ပါတယ်။ ဒေါက်တာချောချောစိန်ဟာ မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍကို အရည်အချင်းပြည့်မီအောင်ကိုင်တွယ်နိုင်ခြင်းမရှိဘဲ စစ်အုပ်စုရဲ့အလိုကျသာ လိုက်ပါလုပ်ဆောင်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ဆိုပါတယ်။

    ဒေါက်တာချောချောစိန်ကဖေဖော်ဝါရီလ၅ရက်နေ့မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ ပေးအပ်ခဲ့လို့ ပြည်သူလူထုရဲ့ဝေဖန်မှုကို အလူးအလဲခံနေရပါတယ်။ ကျောင်းဝင်းနဲ့စာသင်ခန်းတွေထဲက ပြဿနာတွေကိုတော့ ဖြေရှင်းမယ့်အရိပ်အယောင်မတွေ့ရသေးပါဘူး။

    တစ်ဦးတည်းသောသားဖြစ်သူ ဝိုင်းဝန်းထိုးကြိတ်ခံရလို့ ထိတ်လန့်တုန်လှုပ်သွားတဲ့ ကိုသက်နိုင်ကတော့ သားဖြစ်သူရဲ့တောင်းဆိုမှုအရ တခြားကျောင်းကိုပြောင်းပေးခဲ့ပါတယ်။ဒါပေမယ့်လည်း သားဖြစ်သူ အိမ်ကနေ ကျောင်းကိုထွက်သွားတာနဲ့ လမ်းမှာ တစ်ခုခု ဖြစ်မလားစိတ်ပူရသလို ကျောင်းထဲလည်း ဘာထပ်ဖြစ်ဦးမလဲဆိုတာ ကိုသက်နိုင်တစ်ယောက် သောကများနေရတုန်းပါပဲ။