Author: Baby Yit Lone

  • NUG မြေအောက်ဆေးရုံတွေ လုံခြုံဘေးကင်းစွာရှိနေတယ်လို့ ဒေါက်တာဇော်ဝေစိုးအသိပေး

    NUG မြေအောက်ဆေးရုံတွေ လုံခြုံဘေးကင်းစွာရှိနေတယ်လို့ ဒေါက်တာဇော်ဝေစိုးအသိပေး

    အမျိုးသားညီညွတ်ရေးအစိုးရ-NUGကတည်ဆောက်နေတဲ့ Undergroundပရော့ဂျက်ထဲက မြေ‌အောက်ဆေးရုံ၊ဆေးခန်းတွေဟာ ဘေးကင်းလုံခြုံစွာရှိနေတယ်လို့ အဲ့ဒီပရော့ဂျက်ကိုဦးဆောင်နေသူ NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ‌ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

    ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ တတိယပတ်က မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းက NUGရဲ့မြေအောက်ဆေးရုံတခုကို စစ်အုပ်စုဘက်ကမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီမိုင်းခွဲခံခဲ့ရတဲ့မြေအောက်ဆေးရုံဟာ အခုလုပ်နေတဲ့ Safe hospital, Safe healthcareပရော့ဂျက်နဲ့တည်ဆောက်ထားတာမဟုတ်ဘဲ အရင်ထဲကတည်ဆောက်ထားပြီးတဲ့ ဆေးရုံဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

    “safe hospital, safe healthcareပရော့ဂျက်နဲ့ ပြည်သူမှပြည်သူသို့နဲ့ဆောက်နေတဲ့ဆေးရုံတွေက အခုအားလုံး ဘယ်ဆေးရုံမှမပျက်မဆီးဘဲနဲ့ ပြည်သူလူထုကို၊ ဒီတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်လို့ ဆရာကပြည်သူလူထုကိုအသိပေးချင်တယ်။ ဟိုတလောကဖြစ်သွားတဲ့ဆေးရုံဟာ အဲ့ဒီပရော့ဂျက်ထဲက ဆေးရုံမဟုတ်ဘူး။ ဒီဟာက အဲ့ပရော့ဂျက်မတိုင်ခင်ထဲကလုပ်နေတဲ့ ဆေးရုံတရုံဖြစ်တယ်။ ဒီဟာက ဆရာတို့အနေနဲ့ဆိုရင် အဲ့ဒီနေရာကိုဦးစားပေးပြီးရွေးထားတာမဟုတ်ဘူး။ ဘာလို့လဲဆို‌တော့ ရန်သူစစ်ကြောင်းတွေရောက်နိုင်တဲ့နေရာ၊ လက်နက်ကြီးတွေထိနိုင်တဲ့နေရာဖြစ်နေတော့ ဆရာတို့အဲ့ဒီနေရာမျိုးကိုရွေးပြီး undergroundဆေးရုံ၊ စောစောကဗုံးကြဲခံနိုင်တဲ့ဆေးရုံမဆောက်ထားဘူးလို့ ဒါအသိပေးချင်တယ်”လို့ ဒေါက်တာဇော်ဝေစိုးက အခု မတ်လ ၈ရက်က ပြည်သူမှပြည်သူသို့ ဖြေကြားခြင်းအစီအစဉ်မှာပြောထားတာဖြစ်ပါတယ်။

    ဒါ့အပြင် အခုလုပ်နေတဲ့မြေအောက်ဆေးရုံပရော့ဂျက်မှာ နိုင်ငံတကာအကူအညီမပါဝင်ဘဲ တော်လှန်ပြည်သူလူထုအားနဲ့ ဒေါ်လာ၈သိန်းရခဲ့တာရှိပြီး အဲ့ဒါနဲ့တည်ဆောက်နေတာဖြစ်ကြောင်းနဲ့ တည်ဆောက်တဲ့နေရာတွေမှာလည်း ရန်သူစစ်ကြောင်းထိုးနိုင်တဲ့နေရာမပါဝင်ဘူးလို့ပြောပါတယ်။

    “Undergroundဆေးရုံတွေ အခုကျနော်တို့ဆောက်နေတယ်။ Undergroundဆေးရုံတွေဆောက်တဲ့ထဲမှာ သတ်မှတ်ထားတဲ့ထဲမှာ ရန်သူစစ်ကြောင်းထိုးနိုင်တဲ့နေရာတွေမပါပါဘူး။ အဲ့ဒါတွေအစထဲက ဖယ်ထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့်အခုပြည်သူ့ရဲ့အားနဲ့တည်ဆောက်နေတဲ့ ဆေးရုံတွေထဲမှာ safe hospital, safe healthcareတွေဟာ အခုထက်ထိလုံခြုံစွာနဲ့ရှိနေတယ်။ ရှေ့ဆက်ပြီးတော့ တည်ဆောက်မှုတွေနဲ့လုံခြုံစွာနဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုပေးနေတယ်လို့ ပြည်သူကိုအသိပေးချင်ပါတယ် ”
    ဒါပေမယ့် ဘယ်နေရာမှာပဲဖြစ်ဖြစ် တော်လှန်ရေးထဲမှာကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ တော်လှန်ရေးဆေးရုံ၊ ဆေးခန်းတွေရဲ့လုံခြုံရေးကိုတော့ အထူးဦးစားပေးဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

    ဖေဖော်ဝါရီ ၁၉ရက်မှာမိုင်းခွဲဖျက်ဆီးခံလိုက်ရတဲ့ နွားထိုးကြီးမြို့နယ်ရှိNUGမြေအောက်ဆေးရုံဟာ ၂၀၂၄ခုနှစ်ကုန်ပိုင်းမှာစတင်လည်ပတ်ခဲ့တဲ့ ကုတင်တစ်ရာဆန့်ဆေးရုံဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရလို့ ဆေးရုံ၊ဆေးခန်းသွားရခက်ခဲတဲ့ဒေသကလူတွေ၊ PDFတွေ၊စစ်ဘေးရှောင်တွေ အများအပြားကို အဲ့ဒီဆေးရုံမှာကုသကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့ ဆေးရုံမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်တစ်ဦးကလည်း သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားတာကို တွေ့ရပါတယ်။

    စစ်အုပ်စုဟာ ဆေးရုံ၊ဆေးခန်းနဲ့ ဆရာဝန်၊သူနာပြုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လုံခြုံစေဖို့နဲ့ဗုံးကြဲဒဏ်ခံနိုင်မယ့် မြေအောက်ဆေးရုံ၊ဆေးခန်းတွေတည်ဆောက်သွားမှာဖြစ်ကြောင်းကို ၂၀၂၅၊ မေလမှာ ဒေါက်တာဇော်ဝေစိုးကအသိပေးခဲ့တာဖြစ်ပါတယ်။

    ဓါတ်ပုံ-ဒေါက်တာဇော်ဝေစိုး

  • အမေရိကန်နှင့် အစ္စရေးတို့ ပူပေါင်း တိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံ ခေါင်းဆောင်အသစ် ဒဏ်ရာရရှိထား

    အမေရိကန်နှင့် အစ္စရေးတို့ ပူပေါင်း တိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံ ခေါင်းဆောင်အသစ် ဒဏ်ရာရရှိထား

    အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် ကြေညာခံထားရသော မွတ်ရှ်တာဘာ ခါမေနီ ဒဏ်ရာရရှိထားကြောင်း အီရန်အစိုးရပိုင် ရုပ်သံမီဒီယာများက ဖော်ပြနေကြသည်။

    မွတ်ရှ်တာဘာ ခါမေနီ သည် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ဒဏ်ရာရခဲ့သည်ကို အီရန်ဘက်မှ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

    အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ယူဆနေကြပြီး မွတ်ရှ်တာဘာ ခါမေနီ ကို လူသိရှင်ကြား မတွေ့မြင်ရသေးကြောင်းလည်း သတင်းများတွင် ဖော်ပြထားကြသည်။

    လက်ရှိအချိန်တွင် Iran နှင့် Israel အကြား စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေပြီး ဒေသတွင်း လုံခြုံရေးအခြေအနေများ ပိုမိုမတည်ငြိမ်လာနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများက သုံးသပ်နေကြသည်။

    Mojtaba Khamenei (မိုဂျတာဘာ ခါမေနီ) သည် အီရန်နိုင်ငံ၏ အဓိပ္ပာယ်အရှိဆုံးနှင့် သြဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လက်ရှိ အီရန်၏ အမြင့်ဆုံးခေါင်းဆောင် (Supreme Leader) Ali Khamenei ၏ ဒုတိယမြောက် သားတော် ဖြစ်သည်။

    Mojtaba သည် အစိုးရအဖွဲ့တွင် တရားဝင် ရာထူးကြီးကြီးမားမား ရယူထားခြင်း မရှိသော်လည်း ဖခင်ဖြစ်သူ၏ ရုံးခန်း (Beit-e Rahbari) ကို နောက်ကွယ်မှ ထိန်းချုပ်မောင်းနှင်နေသူဟု လူသိများသည်။ အထူးသဖြင့်-

    Basij အဖွဲ့နှင့် ဆက်ဆံရေး: ၂၀၀၉ ခုနှစ် အီရန်ရွေးကောက်ပွဲ အငြင်းပွားမှုအပြီး ဆန္ဒပြပွဲများကို နှိမ်နင်းရာတွင် ၎င်းက Basij ပြည်သူ့စစ်အဖွဲ့ကို နောက်ကွယ်မှ ညွှန်ကြားခဲ့သည်ဟု ယူဆကြသည်။

    ထောက်လှမ်းရေးနှင့် လုံခြုံရေး: အီရန်၏ ထောက်လှမ်းရေး ကွန်ရက်များနှင့် တော်လှန်ရေးအစောင့်တပ် (IRGC) အပေါ်တွင်လည်း သိသာသော သြဇာသက်ရောက်မှု ရှိသည်။

    လက်ရှိ အီရန်နိုင်ငံရေး လေ့လာစောင့်ကြည့်သူများအကြားတွင် Mojtaba ကို ၎င်း၏ဖခင် Ali Khamenei ၏ အလားအလာအရှိဆုံး ဆက်ခံသူ အဖြစ် ရှုမြင်ကြသည်။

    ယခင်က သမ္မတ Ebrahim Raisi ကို အဓိက ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့ကြသော်လည်း ၂၀၂၄ ခုနှစ်တွင် Raisi ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်သွားပြီးနောက် Mojtaba သည် ရှေ့တန်းသို့ ပိုမိုရောက်ရှိလာခဲ့သည်။

    သို့သော် အီရန်တော်လှန်ရေး၏ မူဝါဒအရ “မျိုးရိုးလိုက် အုပ်ချုပ်ခြင်း” (Hereditary rule) ကို ဆန့်ကျင်သည့် အစဉ်အလာရှိသဖြင့် ၎င်းကို ခေါင်းဆောင်အဖြစ် တင်မြှောက်ပါက ကန့်ကွက်မှုများ ရှိလာနိုင်သည်ဟု ခန့်မှန်းကြသည်။

    အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ဖြစ်လာရန်မှာ ဘာသာရေးအရ “Ayatollah” ဘွဲ့အဆင့်အတန်း ရှိရန် လိုအပ်သည်။ မကြာသေးမီ နှစ်များအတွင်းက Mojtaba သည် Qom မြို့ရှိ ဘာသာရေးကျောင်းများတွင် အဆင့်မြင့် ဘာသာရေး စာပေများကို သင်ကြားပို့ချခွင့် ရရှိလာခဲ့ပြီး ၎င်းကို “Ayatollah” အဖြစ် တရားဝင် အသိအမှတ်ပြုရန် ကြိုးပမ်းမှုများ ရှိနေသည်။

    ၎င်းသည် လူထုရှေ့သို့ ထွက်ပေါ်လေ့မရှိဘဲ လျှို့ဝှက်စွာ နေထိုင်သူဖြစ်သောကြောင့် ၎င်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များနှင့် လုပ်ဆောင်ချက် အသေးစိတ်ကို တိတိကျကျ သိရှိရန် ခဲယဉ်းလှသည်။

  • အာဏာရှင်တို့ရဲ့ ဒစ်ဂျစ်တယ် အကျဉ်းထောင်ကို ဘယ်လို ရင်ဆိုင်မလဲ

    အာဏာရှင်တို့ရဲ့ ဒစ်ဂျစ်တယ် အကျဉ်းထောင်ကို ဘယ်လို ရင်ဆိုင်မလဲ

    စစ်ကောင်စီဆိုတဲ့ ရန်သူမှာ ချီးကျူးစရာတခုရှိပါတယ်။ အဲဒါကတော့ သူတို့ အာဏာတည်မြဲဖို့ လုပ်စရာရှိတာကို မြဲမြဲမြံမြံ ရဲရဲဝံ့ဝံ့ လုပ်ကိုင်တတ်တဲ့ အကျင့်ပါပဲ။ အခုလည်း မဲလိမ်မဲခိုးပွဲကနေတဆင့် တရားမဝင် အစိုးရတရပ် ဖွဲ့စည်းဖို့ အပူတပြင်းလုပ်နေပါတယ်။ ပေါ်တာဆွဲတာတွေကလည်း နေ့စဉ်ရက်ဆက် တရက်မှမနားဘူး။

    အခုလည်း လာပြန်ပြီ နောက်တခု။ ဖုန်းတွေရဲ့ IMEI နံပါတ်တွေကို CEIR (Central Equipment Identity Register) စနစ်မှာ မဖြစ်မနေ မှတ်ပုံတင်ရမယ်ဆိုတဲ့ ကိစ္စပါပဲ။ ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်မှာ စစ်ကောင်စီက တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါပြီ။ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး အခွန်လွတ် မှတ်ပုံတင်ခိုင်းပါတယ်။ ဧပြီလ ၁ ရက်နေ့ကစပြီး မှတ်ပုံမတင်ထားရင် ဖုန်းတွေကို ပိတ်ပစ်မယ်၊ ဒဏ်ကြေးရိုက်မယ်လို့ ဆိုလာပါတယ်။ တဖက်မှာ နည်းပညာအရ၊ ဈေးကွက်အရ ဒါကြီးက လက်တွေ့ အလုပ်မဖြစ်နိုင်ပါဘူးလို့ သုံးသပ်နေကြပေမဲ့ စစ်ကောင်စီကတော့ သူတို့လုပ်စရာရှိတဲ့ အလုပ်ကို ရဲရဲတင်းတင်းပဲ ဆက်လုပ်နေတာပါ။ သူတို့ဟာ ပြည်သူတွေ ဘာပြောပြော ဂရုမစိုက်ဘဲ တရစ်ချင်း ကျပ်နေတာပဲ ဖြစ်ပါတယ်။

    ရှေ့မှာ သန်းခေါင်စာရင်း ကောက်တယ်။ ပြီးတော့ စမတ်ကတ်တွေ အတင်းအကျပ် လုပ်ခိုင်းတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ ရွေးကောက်ပွဲကို ပြီးအောင်လုပ်ပြတယ်။ VPN တွေကို ပိတ်ဆို့ ဖမ်းဆီးတယ်။ အခုတခါ ပြည်သူလူထုရဲ့ ဖုန်းတွေကို ထိန်းချုပ်ဖို့ IMEI စနစ်ကို အသက်သွင်းလာပြန်ပါပြီ။

    အာဏာရှင်တွေရဲ့ သဘောသဘာဝ

    နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် အခု စစ်ကောင်စီ လုပ်နေတဲ့ကိစ္စက အာဏာရှင်တွေအတွက် အသစ်အဆန်း မဟုတ်ပါဘူး။

    အာဏာရှင်စနစ် (Dictatorship) ရဲ့ အခြေခံ သဘောတရားက “ပြည်သူကို ကြောက်ရွံ့အောင် လုပ်ထားခြင်းနဲ့ အလုံးစုံ စောင့်ကြည့်ထိန်းချုပ်ခြင်း” ပဲ ဖြစ်ပါတယ်။ ပြည်သူတွေ ဘယ်သွားလဲ၊ ဘာလုပ်လဲ၊ဘယ်သူနဲ့ စကားပြောလဲ၊ ဘာတွေ တွေးနေလဲ ဆိုတာကို သူတို့ အမြဲသိချင်ကြပါတယ်။

    ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံတွေကို ကြည့်ပါ။ စစ်ကောင်စီရဲ့ မိတ်ဆွေကြီးတွေဖြစ်တဲ့ အီရန်၊ မြောက်ကိုရီးယား၊ ဘယ်လာရုစ်နဲ့ တရုတ်နိုင်ငံတို့ဟာ ဒီလို ဒစ်ဂျစ်တယ် စောင့်ကြည့်ရေးစနစ်တွေကို အသက်သွင်းပြီးသား ဖြစ်ပါတယ်။

    တရုတ်နိုင်ငံမှာဆိုရင် လမ်းထောင့်တိုင်းမှာ မျက်နှာမှတ်မိတဲ့ ကင်မရာ (Facial Recognition) တွေ တပ်ထားတယ်။ လူတိုင်းရဲ့ ဖုန်းတွေကို WeChat လို App တွေကနေတဆင့် အမြဲတမ်း စောင့်ကြည့်နေတယ်။ ဖုန်းနံပါတ်နဲ့ ကိုယ်ရေးအချက်အလက်ကို ချိတ်ဆက်ထားတဲ့အတွက် အစိုးရကို ဝေဖန်တဲ့သူဟာ ဘတ်စ်ကားစီးခွင့်၊ ရထားစီးခွင့်ကအစ အပိတ်ခံရတဲ့အထိ ဒစ်ဂျစ်တယ် အကျဉ်းထောင်ကြီး တည်ဆောက်ထားတာပါ။

    အခု စစ်ကောင်စီကလည်း အဲဒီ အာဏာရှင် ညီအစ်ကိုတွေဆီကနေ နည်းပညာတွေ၊ အကြံဉာဏ်တွေ ရယူနေတာ အထင်အရှားပါပဲ။ ပြည်သူတွေကို နိုင်ငံတကာ အာဏာရှင်တွေ ကျင့်သုံးတဲ့ ပုံစံအတိုင်း လိုက်ပြီး ချုပ်ကိုင်ဖို့ ကြိုးစားလာတာပါ။

    IMEI ဆိုတာ ဘာလဲ။ ဒီစနစ်က ဘာလုပ်မှာလဲ။

    ကျနော်တို့ သုံးနေတဲ့ ဘယ်ဖုန်းမှာမဆို IMEI (International Mobile Equipment Identity) ဆိုတဲ့ နံပါတ် ၁၅ လုံး ပါပါတယ်။ အလွယ်ပြောရရင် အဲဒါဟာ ဖုန်းတလုံးရဲ့ ‘ဒစ်ဂျစ်တယ် လက်ဗွေရာ’ ပါပဲ။

    CEIR ဆိုတာက အဲဒီ IMEI နံပါတ်တွေကို မိုဘိုင်းအော်ပရေတာတွေနဲ့ အစိုးရက ပေါင်းပြီး ထိန်းချုပ်တဲ့ ဗဟိုမှတ်ပုံတင် စနစ်ကြီးပါ။

    ဒီမိုကရေစီနိုင်ငံတွေမှာ ဒီစနစ်ကို ဖုန်းခိုးခံရရင် ပြန်ရှာဖို့၊ အသုံးမဝင်အောင် ပိတ်ပစ်ဖို့ သုံးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီ လုပ်ချင်တာက အဲဒါ မဟုတ်ပါဘူး။ အခွန်မဆောင်ထားတာကို အကြောင်းပြပြီး လူတိုင်းရဲ့ ဖုန်းလက်ဗွေရာ (IMEI) ကို သူတို့ဆီ မဖြစ်မနေ အဓမ္မ လာမှတ်ပုံတင်ခိုင်းတာပါ။

    ကိုယ့်ဖုန်းရဲ့ IMEI ကို CEIR မှာ မှတ်ပုံတင်လိုက်ပြီဆိုတာနဲ့ ကိုယ့်နာမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ ဒီဖုန်းထဲမှာ ထည့်သုံးတဲ့ ဆင်းမ်ကတ်နံပါတ် စတာတွေ အကုန်တွဲလျက်သား သူတို့ဆီ ရောက်သွားပါပြီ။ ဒီတော့ ကိုယ်က ဖုန်းတစ်ခေါက် ခေါ်လိုက်တာနဲ့၊ ဒါမှမဟုတ် အင်တာနက် ဖွင့်လိုက်တာနဲ့ ဘယ်တာဝါတိုင်နားမှာ ကိုယ်ရှိနေလဲ ဆိုတာကို အချိန်နဲ့တပြေးညီ ခြေရာခံလို့ ရသွားပါပြီ။

    တကယ်ပဲ မှတ်ပုံမတင်ရင် ဖုန်းပိတ်သွားမလား

    ဒီမေးခွန်းက အခု ပြည်သူတွေ အမေးအများဆုံးနဲ့ အစိုးရိမ်ဆုံး မေးခွန်းပါ။ တချို့ကလည်း “မဖြစ်နိုင်ပါဘူး၊ အကုန်မလုပ်ရင် သူတို့ ဘာမှ လုပ်လို့မရပါဘူး” လို့ ပြောကြတယ်။ ဒါဟာ မှန်သင့်သလောက်မှန်ပေမဲ့လည်း သိပ်လက်တွေ့ကျနေတာမျိုးတော့မဟုတ်ပါဘူး။

    ဆင်းမ်ကတ်တွေ မှတ်ပုံတင်ရမယ် ဆိုတုန်းက အခြေအနေကို ပြန်ကြည့်ပါ။ အစကတော့ လူတွေက “ငါတို့ မလုပ်ဘူး၊ အားလုံး မလုပ်ရင် သူတို့ ပိတ်ရဲပိတ်ကြည့်ပေါ့” ဆိုပြီး တင်းခံခဲ့ကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့က ချက်ချင်းကြီး အကုန်မပိတ်ပစ်ဘူး။ အဆင့်လိုက် အလုပ်ရှုပ်အောင် လုပ်လာတယ်။

    ပထမ Message တွေ ပို့ပြီး သတိပေးတယ်။ နောက် Outgoing (ဖုန်းခေါ်ဆိုခွင့်) ပိတ်လိုက်တယ်။ နောက်တော့ အင်တာနက် ဒေတာ သုံးမရအောင် လုပ်တယ်။ အဲဒီလို တရစ်ချင်း ကျပ်လာတဲ့အခါ ကျနော်တို့ သာမန်ပြည်သူတွေဟာ လက်တွေ့ကျကျ စဉ်းစားလာရတော့တယ်။ လုပ်ငန်းကိစ္စ၊ မိသားစုကိစ္စတွေကြောင့် ဖုန်းမသုံးဘဲ မနေနိုင်ကြဘူးလေ။ နောက်ဆုံးတော့ ဒဏ်မခံနိုင်တဲ့အဆုံး ကြိတ်မှိတ်ပြီး သွားမှတ်ပုံတင်လိုက်ကြရတာပါပဲ။ အနည်းနဲ့အများတော့ မှတ်ပုံတင်သူ စာရင်းထဲ ပါသွားကြတာပါပဲ။

    အခု IMEI ကိစ္စမှာလည်း ဒီအတိုင်းပဲ လာမှာပါ။ သူတို့က ဧပြီလ ၁ ရက်နေ့မှာ တနိုင်ငံလုံးက ဖုန်းတွေကို ခလုတ်နှိပ်ပြီး ရုတ်တရက်ကြီး ပိတ်ချလိုက်ဖို့ဆိုတာ နည်းပညာအရရော၊ စီးပွားရေးအရရော မဖြစ်နိုင်ပါဘူး။ (မြန်မာပြည်က ဖုန်း ၇၅ ရာခိုင်နှုန်းက Second-hand တွေနဲ့ တရုတ်ဖုန်းတွေ ဖြစ်နေလို့ပါ)။

    ဒါပေမဲ့ သူတို့က အဲဒီလို ခလုတ်တချက်နှိပ်ပြီး မပိတ်ဘူး။ ခင်ဗျားကို “အလုပ်ရှုပ်အောင်၊ စိတ်ညစ်အောင်” လုပ်ပါလိမ့်မယ်။ မက်ဆေ့ချ်တွေ ဝင်လာမယ်။ ဖုန်းခေါ်ရင် “မှတ်ပုံတင်ရန် လိုအပ်ပါသည်” ဆိုတဲ့ အသံကြီး အရင်ကြားရမယ်။ အင်တာနက်လိုင်းကျသွားမယ်။ ဒီလိုနဲ့ အလုပ်အကိုင်တွေ ထိခိုက်လာတဲ့အခါ၊ ဖုန်းမဖြစ်မနေ သုံးရမယ့် သူတွေဟာ နောက်ဆုံးတော့ သွားပြီး မှတ်ပုံတင် (Register) လုပ်ကြမှာပါပဲ။

    ဒါက လက်တွေ့ အခြေအနေပါ။ “ဘယ်သူမှ မှတ်ပုံမတင်ဘူး၊ ဒါကြီး ပျက်သွားမှာပဲ” လို့ မျှော်လင့်ချက် ပေးနေလို့ မရပါဘူး။ ပြည်သူအများစုကတော့ အနည်းနဲ့အများ မှတ်ပုံတင်ကြမှာပဲ ဆိုတဲ့ အမှန်တရားကို ကျနော်တို့ လက်ခံထားဖို့ လိုပါတယ်။

    ဒါဆို သူတို့ အလုံးစုံ ထိန်းချုပ်နိုင်သွားပြီလား

    အများစု မှတ်ပုံတင်ကြမယ် ဆိုပေမဲ့ စစ်ကောင်စီ မျှော်လင့်ထားတဲ့ တရုတ်နိုင်ငံလို အလုံးစုံ (၁၀၀ ရာခိုင်နှုန်း) ထိန်းချုပ်ဖို့ဆိုတာကတော့ မြန်မာပြည် အနေအထားနဲ့ လုံးဝ မဖြစ်နိုင်သေးပါဘူး။ ဖုန်းအဟောင်းတွေ၊ အပိုပစ္စည်း ဆားကစ်ပြားတွေနဲ့ စပ်သုံးနေတဲ့ ဖုန်းတွေ၊ အင်တာနက် ဖြတ်ခံထားရတဲ့ ဒေသက ဖုန်းတွေကို သူတို့ အကုန်လိုက်မထိန်းချုပ်နိုင်ပါဘူး။

    သူတို့ တကယ်လုပ်မှာက “ပစ်မှတ်ထား စောင့်ကြည့်ခြင်း (Targeted Surveillance)” ပါ။

    လူသန်း ၅၀ လုံးရဲ့ ဖုန်းတွေကို သူတို့ လိုက်မကြည့်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့ သံသယရှိတဲ့သူ၊ သူတို့ ဖမ်းချင်တဲ့သူ (ဥပမာ- နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ PDF နဲ့ ပတ်သက်သူ) တယောက်ယောက်ကိုတော့ ဒီစနစ်ကနေတစ်ဆင့် အတိအကျ ခြေရာခံ လိုက်ဖမ်းပါလိမ့်မယ်။

    လက်တွေ့ကျကျ ဘယ်လို ပြင်ဆင်ကြမလဲ

    အခြေအနေက ဒီလိုဖြစ်လာပြီမို့ ထိတ်လန့်သွားစရာ မလိုသလို၊ ပေါ့ပေါ့ဆဆ နေလို့လည်း မရပါဘူး။ လေထဲတိုက်အိမ်ဆောက်တဲ့ အကြံပေးချက်တွေထက်၊ မြေပြင်မှာ တကယ် အလုပ်ဖြစ်မယ့် လက်တွေ့ကျတဲ့ ပြင်ဆင်မှုတွေ လုပ်ရပါမယ်။

    ၁။ မှတ်ပုံတင်ရတော့မယ်ဆိုရင် Factory Reset အရင်ချပါ (အရေးကြီးဆုံး)

    အပေါ်မှာ ပြောခဲ့သလိုပါပဲ။ အခြေအနေအရ ကိုယ်က ဖုန်းဆက်သုံးဖို့ လိုအပ်လို့ မဖြစ်မနေ မှတ်ပုံတင်ရတော့မယ် ဆိုပါစို့။ မမှတ်ပုံတင်ခင် ကိုယ့်ဖုန်းကို Factory Reset (စက်ရုံထုတ် မူလအခြေအနေသို့ ပြန်လည်ပြောင်းလဲခြင်း) အရင်ချပစ်ပါ။

    ဒါမလုပ်ခင် ကိုယ့်ဖုန်းထဲက အရေးကြီးတဲ့ ဖုန်းနံပါတ်တွေ၊ ဓာတ်ပုံ၊ ဗီဒီယို အားလုံးကို အခြားလုံခြုံတဲ့ နေရာတခုခု (Computer, Hard Drive, Cloud) ကို အရင် ရွှေ့ထားပါ။ Factory Reset ချလိုက်တာဟာ ဖုန်းထဲက အဟောင်းအစအန အကုန်လုံးကို ဖျက်ပစ်လိုက်တာပါ။ သင့်ဖုန်းဟာ သူတို့စနစ်ထဲ ဝင်သွားချိန်မှာ “ဖုန်းအလွတ်” တလုံး အနေနဲ့သာ ဝင်သွားပါစေ။

    ၂။ ဆက်သွယ်ရေး App များကို ခွဲခြားသုံးပါ

    လုံခြုံရေးအရ Signal App ကို ပြောင်းသုံးဖို့ အကြံပေးကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဆွေမျိုးတွေ၊ အသက်ကြီးတဲ့သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ အားလုံးကို ချက်ချင်းကြီး Signal ပြောင်းသုံးခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့က Viber နဲ့ Messenger ကိုပဲ သုံးနေကြဦးမှာပါ။ ဒါကြောင့် “ခွဲခြားသုံးတဲ့ စနစ်” ကို ကျင့်သုံးပါ။

    သာမန် နေ့စဉ်ကိစ္စတွေ၊ ဈေးဝယ်တာတွေ၊ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ မိသားစု စကားပြောတာတွေကို Viber, Messenger တို့ကနေ သာမန်အတိုင်းပဲ ပြောပါ။ (ဒါပေမဲ့ အဲဒီပေါ်မှာ နိုင်ငံရေး လုံးဝ မပြောပါနဲ့)။

    အကယ်ရွေ့ သတင်းပို့စရာရှိရင်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အရေးကြီး ကိစ္စပြောစရာရှိရင်၊ လုံခြုံရေးအရ စိုးရိမ်ရတဲ့ ကိစ္စဆိုရင်တော့ Signal လို App ကိုပဲ သီးသန့် အသုံးပြုပါ။ Signal ဟာ End-to-End Encryption အပြည့်အဝ ရှိလို့ သူတို့ ကြားဖြတ် မဖတ်နိုင်ပါဘူး။

    ၃။ VPN ကို အမြဲတမ်း ဖွင့်ထားပါ

    ဘယ်အချိန်၊ ဘာပဲသုံးသုံး VPN (Virtual Private Network) ကို မဖြစ်မနေ ဖွင့်သုံးပါ။ VPN ဟာ သင်ဘယ်ဝက်ဘ်ဆိုက်ကို ဝင်ကြည့်နေလဲ၊ ဘာတွေလုပ်နေလဲ ဆိုတာကို အော်ပရေတာတွေ (စစ်ကောင်စီ) မသိအောင် ဖုံးကွယ်ပေးထားနိုင်ပါတယ်။

    ၄။ ဖုန်းထဲမှာ အန္တရာယ်ရှိတဲ့ ဒေတာတွေ လုံးဝ မသိမ်းပါနဲ့

    ကိုယ့်ဖုန်းထဲမှာ သံသယဖြစ်စရာ၊ ပြဿနာတက်နိုင်စရာ ဓာတ်ပုံ၊ ဗီဒီယို၊ စာရွက်စာတမ်း၊ ငွေလွှဲပြေပိုင်း တစ်ခုမှ မသိမ်းထားပါနဲ့။ သူတို့က CEIR စနစ်ကနေ ဖုန်းထဲက ဓာတ်ပုံတွေကို လှမ်းမယူနိုင်ပေမဲ့ လမ်းမှာ ဖုန်းစစ်တာမျိုး၊ ဒါမှမဟုတ် သင့်ကို မသင်္ကာလို့ သင့်ဖုန်းထဲကို အခြား Spyware (သူလျှိုဆော့ဖ်ဝဲ) တွေ လှမ်းသွင်းပြီး ဒေတာခိုးတာမျိုးတွေ အလွယ်တကူ လုပ်လာနိုင်လို့ပါ။

    နိဂုံးချုပ်

    ခြုံငုံပြီး သုံးသပ်ရရင် အခု စစ်ကောင်စီ လုပ်နေတဲ့ IMEI မှတ်ပုံတင်ရေး CEIR စနစ်ဟာ တရုတ်နိုင်ငံလို တနိုင်ငံလုံးကို ထိန်းချုပ်ဖို့အတွက် အဆင့်ဆင့် အကောင်အထည်ဖော်နေတဲ့ အာဏာရှင်တွေရဲ့ ခြေလှမ်းတခုပါပဲ။

    သူတို့ဟာ ရာနှုန်းပြည့် မအောင်မြင်နိုင်ရင်တောင်၊ ပြည်သူတွေ အလုပ်ရှုပ်အောင်၊ စိတ်ညစ်အောင် တရစ်ချင်း ကျပ်ပြီး နောက်ဆုံးမှာ အများစုကို မှတ်ပုံတင်လာအောင် ဖိအားပေးပါလိမ့်မယ်။

    ဒါကြောင့် ပြည်သူတွေအနေနဲ့ “ဘာမှမဖြစ်နိုင်ပါဘူး” ဆိုပြီး ပေါ့ပေါ့ဆဆ နေလို့မရသလို၊ အရမ်းကြီး ထိတ်လန့်တုန်လှုပ်နေစရာလည်း မလိုပါဘူး။ လက်တွေ့ကျကျ စဉ်းစားပါ။ လိုအပ်လာရင် Factory reset ချမယ်။ နိုင်ငံရေးကိစ္စကို Signalလို end-to-end encryption app နဲ့ပဲ ပြောမယ်။ ဖုန်းထဲမှာ အထောက်အထား မထားဘူး။ ဒီလို အသိပညာနဲ့ လက်တွေ့ ကာကွယ်မှုတွေကိုသာ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ အကျင့်တခုလို လုပ်ဆောင်ထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

    အားလုံးပဲ လုံခြုံဘေးကင်းကြပါစေ။

    ✍️တင်ဦး

  • LPDF ဆိုတာ တော်လှန်ရေးရဲ့အမှိုက် ဖြစ်သွားပြီဆိုတဲ့ မျိုးရန်နောင်သိန်း

    LPDF ဆိုတာ တော်လှန်ရေးရဲ့အမှိုက် ဖြစ်သွားပြီဆိုတဲ့ မျိုးရန်နောင်သိန်း

    ကျုပ်ပြောတာရှင်းတယ်

    LPDF ဆိုတာ တော်လှန်ရေးရဲ့အမှိုက် ဖြစ်သွားပြီ။

    ဒီမှာ အပြည့်အစုံရှင်းပြထားတယ်။

    ခေါင်းစဉ် လေးခု

    ၁။ ဒေါ်နယ်ထရမ့်က မင်းအောင်လှိုင်ကိုဖမ်းမလား ၊

    ၂။ တာဝန်ံယူ၊ တာဝန်ခံမှုအပြည့်နဲ့ NUG ကို ဘယ်လိုထောက်ပြကြမလဲ။

    ၃။ LPDF တွေက တော်လှန်ရေးရဲ့ အမှိုက်ဖြစ်သွားပြီ

    ၄။ အကြမ်းဖက်စစ်တပ်ကို ဘယ်လို အနိုင်တိုက်ကြမလဲ –

    ဆွေးနွေးထားတဲ့ ဦးမျိုးရန်နောင်သိန်း

    Myo Yan Naung Thein (Lived)

  • မန္တလေးမြို့မီး နေအိမ် ၆ လုံး ပြာကျ

    မန္တလေးမြို့မီး နေအိမ် ၆ လုံး ပြာကျ

    မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

    မနေ့က မတ်လ ၉ ရက် ည ၇ နာရီခွဲခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ဈေးတန်းရပ်မှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့တာပါ။

    နာရီဝက်ကျော်လောင်ကျွမ်းခဲ့ရာမှာ သွပ်မိုး၊ ကျောက်ပြားကာနဲ့ ထရံကာနေအိမ် စုစုပေါင်း ၆ လုံး၊ CZI-125 အမျိုးအစား ဆိုင်ကယ် ၂စီးနဲ့ နေအိမ်အတွင်းရှိ လူသုံးကုန်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

    “မီးကတအား များတယ်။ ကြောက်စရာကြီး။ အိမ်နဲ့နည်းနည်းဝေးသေးတာကို အပူတွေကလာဟပ်တာ။ ထိန်းနိုင်သွားလို့တော်သေးတယ်”လို့ စျေးတန်းရပ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    အဆိုပါမီးဟာ ​ဖယောင်းတိုင်မီးပူဇော်ရာကနေ စတင်လောင်ကျွမ်းတယ်လို့ မီးသတ်ကဆိုပါတယ်။ အဲဒီဖြစ်စဥ်ကြောင့် မီးစလောင်တဲ့နေအိမ်က အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမှုဖွင့်ခံရတယ်လို့ သိရပါတယ်။

    မန္တလေးမြို့ဟာ နွေမပေါက်ခင်ကတည်းက မီးလောင်ကျွမ်းမှုမကြာခဏ ဖြစ်ပွားနေတာပါ။ ဒါ့အပြင် လက်တလော စက်သုံးဆီရှားပါးမှုကြောင့် နေအိမ်တွေမှာ စက်သုံးဆီတွေ သိုလှောင်နေကြတဲ့အတွက် မီးဘေးအန္တရာယ်စိုးရိမ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    648625748 1254992396699550 1668718742396060606 N

    648801301 1254992443366212 2116928100020740464 N

    649003983 1254992543366202 5656645339831578268 N

    649131409 1254992323366224 7882170148115516534 N

    649192042 1254992516699538 6341683806748456790 N

    649305112 1254992303366226 8072395406057380571 N

    649340266 1254992420032881 9062041096245984231 N

    649979729 1254992510032872 4480306331422288809 N

    (စျေးတန်းရပ် မီးလောင်ကျွမ်းမှုဖြစ်ပွားနေစဥ်။ ဓာတ်ပုံ-MFSD)