တမူးနယ်ထဲ နယ်မြေချဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု ငါးရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် အထိနာကာ ပြန်ဆုတ်ပြေး
Author: Baby Yit Lone
-

စစ်ခေါင်းဆောင်၏ ရွေးကောက်ပွဲ မဟာဗျူဟာ (သို့မဟုတ်) အာဏာတည်မြဲရေး နိုင်ငံရေးဇာတ်စင်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ် ၂၀၂၅ ခုနှစ်ကုန်၌ ကျင်းပမည်ဟု ကြေညာထားသော ရွေးကောက်ပွဲသည် နိုင်ငံရေးဖိနှိပ်မှု၊ တရားမဝင်ပါတီဖျက်သိမ်းခြင်းနှင့် ပြည်တွင်း စစ်မီးကြားမှ နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူရန် ကြိုးပမ်းချက်တစ်ခု ဖြစ်နေသည်။
ထို့အပြင် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်မှ ပေါ်ပေါက်လာမည့် ရွေးကောက်ခံအစိုးရအဖွဲ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတနေရာယူ၍ ၎င်း၏ ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုမူ လူယုံတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား လွှဲပြောင်း ထားရှိလိမ့်မည်ဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်နေသည်။
“ဒီဟာတွေကို ကြည့်ရင်လည်း မဖြစ်နိုင်ဘူးလို့ ပြောမရဘူး။ သမ္မတလုပ်မယ့်သူက အမတ်ဖြစ်ဖို့ မလိုဘူးလေ။ နောက်ပြီး ယူနီဖောင်းချွတ် ဆင်းလာတဲ့သူတွေက ကျွန်တော်တို့လို ပါတီတွေဆီ မလာပါဘူး၊ ပြည်ခိုင်ဖြိုးပဲ သွားကြတာ” ဟု ယင်းရွေးကောက်ပွဲကို ဝင်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ဆိုသည်။
စစ်ခေါင်းဆောင်သည် ၎င်း၏ ရွေးကောက်ပွဲကို ပုံဖော်နိုင်ရန် ရည်ရွယ်၍ “ဒုတိယစာမျက်နှာ စတင်ပြီ” ဟု ပြောဆိုခဲ့သည်။ ၎င်းတို့အာဏာသိမ်း လေးနှစ်ခွဲကာလကိုမူ ပထမစာမျက်နှာအဖြစ် သတ်မှတ်ကာ အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်း စစ်ခေါင်းဆောင်က ဇူလိုင် ၃၀ ရက်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီအဖွဲ့ဝင်များကို နှုတ်ဆက်ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းနှုတ်ဆက်ပွဲသည် ‘ကာ/လုံ’ ဟု လူသိများသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အာဏာလွှဲအပ်ခြင်း မတိုင်မီ တစ်ရက်အကြိုပြုလုပ်ခြင်းဖြစ်သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမည်ခံ စစ်ကောင်စီ၏ ခြောက်လတစ်ကြိမ် တိုးယူထားသည့် အာဏာသက်တမ်း ကုန်ဆုံးခြင်းလည်း ဖြစ်သည်။
◼️အာဏာလက်ပြောင်းရယူခြင်း
နာဂစ်မုန်တိုင်း အကြောင်းပြု၍ စစ်တပ်က တစ်ဖက်သတ် ရေးဆွဲပြဋ္ဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အဖွဲ့ဝင် ၁၁ ဦးထိ ပါဝင်သည့် ကာ/လုံကို လွန်ခဲ့သော ၁၄ နှစ်အကြာ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် စစ်ခေါင်းဆောင်က အမြင့်ဆုံးရာထူးဖြစ်သော ယာယီသမ္မတတာဝန်ကို ရယူထားသည်။
စစ်ခေါင်းဆောင်သည် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်၍ မဲမသမာမှု အကြောင်းပြချက်ဖြင့် အာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးချကာ စစ်ကောင်စီဥက္ကဋ္ဌ၊ ယာယီသမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာချုပ်ရာထူးတို့ကို အာဏာသက်တမ်း အလီလီတိုးယူ၍ စစ်အုပ်ချုပ်ရေး ဖော်ဆောင်ခဲ့သည်။
ထိုမှတစ်ဆင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇူလိုင် ၃၁ ရက်တွင် လူမစုံသည့် ကာ/လုံ အစည်းအဝေးကို ခေါ်ယူကျင်းပပြီး စစ်ကောင်စီအား ဖျက်သိမ်းခဲ့သည်။ ထိုသို့ဖျက်သိမ်းခဲ့သော်လည်း ၎င်းယာယီသမ္မတ တာဝန်ယူထားသော ‘ကာ/လုံ’ က ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို ဆက်လက်ကိုင်တွယ်၍ ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် ကာ/လုံက ထပ်မံဖွဲ့စည်းပေးလိုက်သော စစ်ကော်မရှင် (နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်)တွင်လည်း ယာယီသမ္မတနှင့် ကာချုပ်ရာထူး ရယူထားသော စစ်ခေါင်းဆောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသောကြောင့် လက်ရှိအာဏာအားလုံးကို ၎င်းတစ်ဦးတည်းကပင် ဆုပ်ကိုင်ထားဆဲဖြစ်သည်။
◼️မပြောင်းလဲသည့်အပြောင်းအလဲ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာသော ကာ/လုံတွင် ယခင်ကမရှိဖူးသော ရုံးအဖွဲ့ကို ဖွဲ့စည်း၍ စစ်ခေါင်းဆောင်က ၎င်းနှင့်အတူ တာဝန်ထမ်းဖူးသည့် စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို စစ်ဘက်ရာထူးမှ အနားပေးကာ အမှုဆောင်ချုပ်အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်။
စစ်တက္ကသိုလ် အပတ်စဉ် (၂၅) ကျောင်းဆင်းဖြစ်သော ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် ယခင်က ဒေသကွပ်ကဲရေးမှူး – ဒကစမှူး (စစ်တွေ)၊ စစ်တက္ကသိုလ် အောင်ဇေယျ ဗိုလ်လောင်းတပ်ရင်းမှူး အပါ အဝင် တာဝန်များ ထမ်းဆောင်ဖူးပြီး လက်ရှိဖွဲ့စည်းလိုက်သော စစ်ကော်မရှင်၌လည်း အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သည်။
ထို့အတူ ဗိုလ်သင်တန်း (OTS) အပတ်စဉ် (၇၇) ကျောင်းဆင်းဖြစ်သော စစ်ခေါင်းဆောင်၏ လူယုံတော် ယခင်စစ်ကောင်စီ တွဲဘက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကိုလည်း ကာ/လုံရုံး တွဲဖက် အမှုဆောင်ချုပ်နှင့် စစ်ကော်မရှင် အတွင်းရေးမှူးအဖြစ် ရာထူးတိုး နေရာပေးခဲ့သည်။
၎င်းသည် လက်ရှိ စစ်အစိုးရသစ်၏ ကာကွယ်ရေးဝန်ကြီးနှင့် စစ်ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ခမည်းခမက်တော်စပ်ကာ ယခင်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ယူ၍ နိုင်ငံတကာ သံတမန်များနှင့် စစ်ခေါင်းဆောင် တွေ့ဆုံတိုင်း အမြဲပါလေ့ရှိသူဖြစ်သည်။
ထို့အပြင် ကာ/လုံရုံး ဒုတိယဝန်ကြီးအဖြစ် ဦးခင်လတ်အား ခန့်အပ်၍ ဗဟိုအကြံပေးအဖွဲ့ကိုလည်း ယခင်စစ်ကောင်စီအဖွဲ့ဝင်ဟောင်းများအပါအဝင် ၁၅ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာ ယင်းဖွဲ့စည်းမှု များသည် စစ်အာဏာရှင်အဆက်ဆက်တို့ လုပ်ဆောင်ခဲ့သော ပုံသေနည်းဟောင်းတစ်ခုသာဖြစ်ကြောင်း လေ့လာသူတို့က ထောက်ပြသည်။
◼️ကာချုပ်နေရာလူယုံတော်ကစား
တစ်ကိုယ်တော် အာဏာဆုပ်ကိုင်ထားသည့် စစ်ခေါင်းဆောင်က စစ်အစိုးရသစ်ကို ဝန်ကြီးဌာန ၃၀ ခုဖြင့် ဖွဲ့စည်းခဲ့ပြီး ၎င်းလူယုံတော်များအနက် ဗိုလ်ချုပ်ကြီး ညိုစောကို စစ်ဘက်မှ အရပ်ဘက်ရာထူးများသို့ ပြောင်းရွှေ့ကာ ဝန်ကြီးချုပ်အပြင် အမျိုးသားစီမံကိန်းဝန်ကြီးနှင့် စစ်ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးခဲ့သည်။
ဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၃) ကျောင်းဆင်းဖြစ်ပြီး ယခင် စစ်ကောင်စီအဖွဲ့ဝင်နှင့် အကြံပေးအပြင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ စစ်တပ်ပိုင် အင်းဝဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူရေးအား ဦးဆောင်ခဲ့သူလည်း ဖြစ်နေသည်။
ယင်းအပြင် တပ်ဖွဲ့စည်းပုံအရ အဆင့်သုံးနေရာဖြစ်သော ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကိုလည်း စစ်ခေါင်းဆောင်နှင့် ဒုစစ်ခေါင်းဆောင်တို့က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရာထူးများ ရယူထားသော စစ်ကော်မရှင်၌ အဖွဲ့ဝင်အဖြစ် ထပ်တိုးတာဝန်ပေးခဲ့သည်။
စစ်ရေးအတွေ့အကြုံမရှိသော ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်းဆင်းဖြစ်ပြီး ယခင်စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်အဖြစ် တာဝန် ထမ်းဆောင်ဖူးသလို ၎င်းသည် ကာချုပ်နေရာဆက်ခံမည့်သူဟု လတ်တလော၌ ရေပန်းစား ထင်ကြေး ပေးခံနေရသည်။
◼️ကြံ့ခိုင်ရေးအနိုင်ရရေးရွေးကောက်ပွဲ
ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဦးသန်းစိုး ဦးဆောင်သော ၁၄ ဦးဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်း၍ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတို့ကို ထုတ်ပြန်ကာ ရွေးကောက်ပွဲအား လာမည့် ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် လေးပိုင်းခွဲ ကျင်းပသွားမည်ဟု သိရသည်။
အဆိုပါဥပဒေ၊ နည်းဥပဒေတို့အရ စစ်ခေါင်းဆောင် ကျင်းပသွားမည့် ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်အတွက် FPTP (နိုင်သူအကုန်ယူ)၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် PR (အချိုးကျကိုယ်စားပြု) နှင့် FPTP တို့ ရောနှောပေါင်းစပ်စနစ် ကျင့်သုံးမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်အတွက် FPTP စနစ်သည် ယခင်ရွေးကောက်ပွဲနည်းအတိုင်း မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်တစ်ဦးကို တိုက်ရိုက်ရွေးချယ်ရခြင်းဖြစ်၍ ပြဿနာမရှိသော်လည်း ကျန်ရှိလွှတ်တော်များ အတွက် ကျင့်သုံးမည့်စနစ်သည် ရှုပ်ထွေးပြီး နားလည်ရခက်သည်ဟု စစ်အုပ်စု၏ ရွေးကောက်ပွဲ ဝင်ရောက်မည့် နိုင်ငံရေးပါတီများအကြား ဝေဖန်လျက်ရှိသည်။
“အဲဒါ ကျွန်တော်ထင်တာကတော့ သူတို့ (USDP) အနိုင်ရအောင် ပါတီလေးတွေရဲ့ အသံကို နားမထောင်ချင်၊ မျက်ကွယ်ပြုချင်လို့ အရင်က ပြည်သူ့လွှတ်တော်ကို PR လုပ်မယ်ပြောပြီး အခုမလုပ် တော့တာ” ဟု တိုင်းအဆင့် ရွေးကောက်ပွဲ ဝင်ရောက်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အမျိုးသားလွှတ်တော်နှင့် တိုင်း/ပြည်နယ်လွှတ်တော်များအတွက် ကျင့်သုံးသွားမည့် FPTP နှင့် PR ပေါင်းစပ်စနစ်သည် မဲဆန္ဒရှင်များက (၁) မဲဆန္ဒနယ်ကိုယ်စားလှယ်၊ (၂) ပါတီစာရင်းကို သီးသန့်မဲပေး ရမည်ဖြစ်ရာ စစ်အုပ်စု၏ အကျိုးစီးပွားအတွက် ရည်ရွယ်နေကြောင်း လေ့လာသူများက သုံးသပ် ထောက်ပြသည်။
“သူတို့လုပ်မယ့် တရားမဝင် ရွေးကောက်ပွဲက ပြိုင်ဘက်အင်အားကြီး နိုင်ငံရေးပါတီတွေ မပါဝင် လာတဲ့အခါ စစ်ဘောင်းဘီချွတ်ပြီး အရပ်ဝတ်လဲ ကြံခိုင်ရေးပါတီ အနိုင်ရဖို့ သေချာတယ်” ဟု ယခင် ၂၀၂၀ ခုနှစ် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၏ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးမောင်မောင် က ဧရာဝတီတိုင်းမ်ကို ပြောသည်။
◼️ဖိနှိပ်ထိန်းချုပ်၍စစ်ရှိန်မြှင့်
သမ္မတအိမ်မက်ကို အကောင်အထည်ဖော်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသည့် စစ်ခေါင်းဆောင်သည် ဇူလိုင် ၃၀ ရက်က ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော “ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ” ကို ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည်။
ယင်းဥပဒေသည် ၎င်းတို့၏ တရားမဝင်ရွေးကောက်ပွဲကို ကာကွယ်ရန်အတွက် ပြဋ္ဌာန်းခြင်းဖြစ်ပြီး ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာ၌ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်မည်ဟု ဖော်ပြထားကာ အခန်း ၈ ခန်း၊ ပုဒ်မ ၁ မှ ပုဒ်မ ၃၂ ထိ ပါရှိသည်။
ထိုအတွက် လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းထားပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့် အသီးသီးရှိ ကော်မတီများတွင် စစ်ကော်မရှင်၏ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဥက္ကဋ္ဌ တာဝန်ယူကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ခရိုင်တာဝန်ခံအရာရှိများအား အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားကြောင်း တွေ့ရသည်။
ထို့အပြင် စစ်ခေါင်းဆောင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းထားသော ဆိုက်ဘာလုံခြုံရေးဥပဒေလည်း အသက်ဝင် လာပြီဖြစ်ရာ ရွေးကောက်ပွဲနှင့် ပတ်သက်သော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများထံမှ အသုံးပြုသူ (မဲဆန္ဒရှင်) များ၏ ကိုယ်ရေးအချက်အလက်များကို တောင်းခံပါက ပေးအပ်ရမည်ဟု ဆိုထားသည်။
အလားတူ စစ်ခေါင်းဆောင်က ၎င်းတို့စစ်ရှုံး၍ လက်လွှတ်ထားရသော မြို့နယ် ၆၃ ခုကို ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်၍ စစ်အုပ်ချုပ်ရေး ကြေညာကာ တိုက်ပွဲအရှိန်မြှင့် ဗုံးကြဲတိုက်ခိုက်လျက် ရှိသော်လည်း လက်တွေ့တွင်မူ နိုင်ငံတစ်ဝန်း၏ သုံးပုံတစ်ပုံကိုသာ ထိန်းချုပ်ထားနိုင်သည်။
“ဒီအတွက် သူတို့ကတော့ နည်းလမ်းကုန် လုပ်မှာပဲ။ ဒါပေမဲ့ အရင် မဆလခေတ်၊ နဝတခေတ်၊ နအဖ ခေတ်ကလောက်တော့ မလွယ်ဘူးထင်တယ်” ဟု တရုတ်-မြန်မာ့အရေး လေ့လာစောင့်ကြည့်သုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ၂၁ ခုခံတော်လှန်ရေးကြောင့် သမိုင်းတစ်လျှောက်၌ မကြုံစဖူး အထိနာ စစ်ရှုံးမှုများကို ရင်ဆိုင်နေရသော စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲမှတစ်ဆင့် ၎င်းတို့အတွက် နိုင်ငံရေးထွက်ပေါက်ရအောင် တရုတ်၊ ရုရှားနှင့် နိုင်ငံအချို့၏ ထောက်ခံကူညီမှုဖြင့် ပုံဖော်ကြိုးပမ်းနေခြင်းဖြစ်သည်။
“ဒီရွေးကောက်ပွဲပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ဖြစ် သူတို့ ခေတ်အဆက်ဆက်က လှည့်ဖြား ဖို့အတွက် သုံးလာတာ ပြည်သူလူထုက သိနေပြီ။ ဒါကြောင့်မို့ သိပ်လွယ်မယ် မထင်ပါဘူး” ဟု ဒေါက်တာလှကျော်ဇောက သုံးသပ်ပြောဆိုသည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးထက် “စစ်အာဏာ တည်မြဲရေး” အတွက် ကြိုးပမ်းနေသည့် စစ်ခေါင်းဆောင်၏ ရွေးကောက်ပွဲကို ပြည်တွင်းနှင့် နိုင်ငံတကာက ကန့်ကွက်ဝေဖန်လျက်ရှိရာ စစ်ရေး၊ နိုင်ငံရေး မတည်ငြိမ်မှုများ ပိုမိုကြီးထွားလာနိုင်ကာ ငြိမ်းချမ်းရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။
စစ်ခေါင်းဆောင်၏ အာဏာတည်မြဲရေး နိုင်ငံရေးဇာတ်စင်သည် လက်တွေ့တွင် မည်မျှကြာကြာ ရပ်တည်နိုင်မည်ဆိုသည်မှာမူ လက်ရှိနိုင်ငံရေး၊ စစ်ရေးနှင့် ပြည်သူ့တော်လှန်ရေး အင်အားစုများ အပေါ်တွင် မူတည်နေမည်သာ ဖြစ်သည်။
✍ နိုင်မင်းလွင်
-

MNDAA ထိန်းချုပ်ထားသည့် မုံးကိုးတွင် မြန်မာနိုင်ငံအလံ ပြန်လည်လွှင့်ထူ
ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာနယ်စပ်၊ မုံးကိုး လဝက ရုံးဟောင်းမှာ ဩဂုတ် ၁၀ ရက်နေ့ မနက်အစောပိုင်းကစလို့ မြန်မာအလံ ပြန်လည်လွှင့်ထူထားတာတွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “မုံးကိုးက အရင်စစ်တပ်ရှိတုန်းက လဝကရုံးဟောင်းမှာ ဒီနေ့ ဩဂုတ်လ ၈ ရက်နေ့ မနက် အစ မြန်မာအလံ ပြန်လွှင့်ထားပြီ” လို့ ပြောပါတယ်။
MNDAA ဘက်က သက်ဆိုင်ရာတာဝန်ရှိတွေကို မေးကြည့်တော့ MNDAA တပ်စခန်းကလွဲလို့ တခြား အရပ်သားပြည်သူတွေနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ရှမ်းပြည်နယ် အထူးဒေသ ၁ အလံနဲ့ မြန်မာအလံ လွှင့်ထူဖို့ ရှိတယ်လို့ပြောကြောင်း သူကဆက် ပြောပါတယ်။
ပန်ဆိုင်း (ကြူကုတ်) ဒေသခံတယောက်က “ပန်ဆိုင်း (ကြူကုတ်) ဘက်က အရပ်ဘက်ဆိုင်ရာ ရုံးတွေမှာတော့ ဘာအလံမှ လွှင့်ထူထားတာ မရှိဘူး။ အပြောင်ပဲ ရှိသေးတယ်” လို့ ပြောပါတယ်။
ပန်ဆိုင်း (ကြူကုတ်) နဲ့ ဝမ်တိန် တရုတ်နယ်စပ်ဂိတ်မှာတော့ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကတည်းက မြန်မာအလံ ပြောင်းလဲလွှင့်ထူထားတာတွေ့ရတယ်လို့ သူက ပြောပါတယ်။
မုံးကိုးနဲ့ ပန်ဆိုင်း (ကြူကုတ်) နယ်စပ်ဂိတ်ကနေ တရုတ်ဘက်က ကုန်စည်တွေ ပုံမှန် စီးဆင်းနေပြီဖြစ်ပြီး ဒေသခံတွေအနေနဲ့ တရုတ်ဘက်ခြမ်းသွားလာမယ်ဆိုရင် MNDAA က ထုတ်ပေးတဲ့ အိမ်ထောင်စုစာအုပ်နဲ့ အထူးဒေသ ၁ မှတ်ပုံတင်ကတ်ပြားရှိသူတွေပဲ တရုတ်နယ်စပ်ဂိတ်မှာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် သွားရောက်လျှောက်လို့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
-

ပေါက်ဖော်၊ ဘာဘူ၊ CIA နှင့် မြန်မာ့ မြေရှားသတ္တု
တလောက ငြိမ်းချမ်းရေးဖိုရမ်ဆိုတာကြီးကို နေပြည်တော်မှာ ခြိမ့်ခြိမ့်သဲ ကျင်းပသွားခဲ့တာ တွေ့ရပါတယ်။ ဒီငြိမ်းချမ်းရေးဖိုရမ်ကြီးရဲ့ ဖိတ်စာမှာ ဖော်ပြထားတာက ဒီဖိုရမ်ကြီး ကျင်းပဖို့ကို တရုတ်၊ အိန္ဒိယနဲ့ ဆွစ်ဇာလန်တို့က ကမထကထ ပြုတယ်၊ စပွန်ဆာပေးတယ်၊ ပိုက်ဆံထုတ်ပေးတယ်လို့ သိရပါတယ်။
ဒီဖိုရမ်မှာ လူ ၃၀၀ လောက် တက်ရောက်ခဲ့ပြီး ဒီဖိုရမ်ကို ကမကထိပြုခဲ့ကြတဲ့ ပေါက်ဖာ်ကြီးနဲ့ ဘာဘူကြီးကတော့ အတက်ကြွဆုံးနဲ့ လေအပေါဆုံးလို့ ကြားရပါတယ်။ ပေါက်ဖော်ကြီးက မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ သူလုပ်ပေးနေတာ၊ ရှမ်းမြောက်အဖွဲ့တွေကို သူ လည်ပင်းတက်နင်းထားတာ၊ မူဆယ်မြို့ကို သူကာကွယ်ပေးထားတာ၊ လားရှိုးမြို့ကို စစ်တပ်လက်ထဲ သူပြန်ထည့်ပေးထားတာ စတဲ့ မြန်မာပြည်ကြီးမှာ စစ်တပ်ရဲ့ရှုံးပွဲတွေကို သူကာကွယ် ကယ်တင်ထားတာကို ပြောလို့မဆုံး တပြုံးပြုံးဖြစ်နေတယ်လို့ သိရပါတယ်။
စစ်တပ်က စစ်ဗိုလ်ချုပ်တွေကတော့ ပေါက်ဖော်ကြီးရဲ့ ကြွားလုံးကို မချိပြုံးလေးနဲ့ နားထောင်နေတာပေါ့လေ။ ပေါက်ဖော်က ကြွားလေ၊ စစ်တပ်ညံ့တာက ပေါ်လေဆိုတော့ မချိသွားဖြဲပေါ့လေ။ ဒီတော့ အမျိုးသားရေးစိတ် ပြင်းထန်တဲ့ မြန်မာစစ်ဗိုလ်တွေဆိုတော့ ဘယ်ငုံ့ခံနိုင်ကြပါမလဲ။ ပေါက်ဖော် မကယ်ရင် သေဖွယ်သာရှိတော့ ပေါက်ဖော်ရှေ့မှာ မပြောရဲပေမဲ့ ပေါက်ဖော်ကွယ်တာနဲ့ ဒီတရုတ်တွေ တို့တိုင်းပြည်အတွင်းရေးကို လိုတာထက် ပိုစွက်နေတာလို့ စစ်ဗိုလ်ချုပ်အချင်းချင်း အတင်းတုပ်ကြတယ်လို့ ကြားရပါတယ်။
ပေါက်ဖော်ကလည်း အဲလိုကြီး ဇွတ်ကြွားနေတော့ ဘာဘူလည်း ဘယ်ခံနိုင်ပါ့မလဲ။ ဒါ့ပြင် စစ်တပ်က စစ်ဗိုလ်ချုပ်တွေက ပေါက်ဖော်ကို သိပ်မကြည်မှန်းသိတော့ ဘာဘူတို့လည်း ပြန်ပြောဖို့ အကွက်ရှာရတာပေါ့။ အိန္ဒိယနယ်စပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၁၀ ယောက်ကို လိမ်ခေါ်ပြီး သတ်ပစ်လိုက်တဲ့ကိစ္စကလည်း ကြွားလို့ကောင်းတဲ့ ကိစ္စမဟုတ်တော့ အစပိုင်း ငြိမ်နေရရှာသတဲ့။
ဒါပေမဲ့ ပေါက်ဖော်က ပြောရင်းပြောရင်းနဲ့ မြန်မာပြည်ရွေးကောက်ပွဲကို တရုတ်က ကူမယ်တို့ ဘာတို့ပါ ရောက်လာတော့တာပေါ့။ အဲဒီမှာ ဘာဘူတို့ရဲ့ အကွက်ဝင်တော့ပေါ့။ ရှေ့တင်လည်း ပြောလို့မကောင်းတော့ ဖိုရမ်အနားပေးတဲ့အချိန်၊ ထမင်းစားနားတဲ့အချိန်တွေမှာ ဘာဘူက နီးစပ်ရာ စစ်ဗိုလ်ချုပ်တွေကို ‘ခင်ဗျားတို့ စဉ်းစားကြည့်လေ၊ တရုတ်က သူ့နိုင်ငံမှာတောင် ရွေးကောက်ပွဲ မယ်မယ်ရရ မရှိဘဲနဲ့ ရွေးကောက်ပွဲဆိုတာ ဘာမှန်းမသိတဲ့တရုတ်က ဘယ်လိုလုပ်ပြီး ရွေးကောက်ပွဲကို ကူမလဲ’ ဆိုပြီး ကောင်းကောင်းထည့်တော့တာပေါ့။
ကြည့်လိုက်ရင်တော့ နေပြည်တော်ဖိုရမ်ကြီးမှာ ပေါက်ဖော်နဲ့ ဘာဘူ အပြိုင်အဆိုင် စစ်တပ်ကို အိတ်ထောင်ထဲထည့်ဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ ဒီပွဲမှာ ‘အမေရိကန် လင်းယုန်ကြီးတော့ နောက်ကောက်ကျပဟေ့၊ အနားတောင် မကပ်နိုင်ဘူး’ လို့ ဆိုကြပြောကြတာတွေလည်း တွေ့ရပါတယ်။
အာဆီယံမှာ တခြားနိုင်ငံတွေသာ အမေရိကန် ကပ်လို့ရရင် ရမယ်၊ မြန်မာပြည်ကို အမေရိကန် ကပ်လို့မရဘူးလို့ တမျိုး၊ အမေရိကန် ပေါ်လစီ မှားနေပြီက တဖုံ မျိုးစုံပြောဆိုနေကြတာလည်း တွေ့ရပါတယ်။
ဒီပွဲမှာ အမေရိကန်ကပ်လို့ မရဘူးဆိုတာ ဟုတ်ပါ့မလား၊ မောင်ကာဠုရေလို့ပဲ ခင်မမက ဆိုချင်ပါတယ်။ အဲလိုဆိုလို့ ခင်မမက ဘာအတွင်းရေး၊ ညာအတွင်းရေးတွေ သိလို့ပြောတာ မဟုတ်ဘူးနော်။ မြင်တွေ့နေရတဲ့ အချက်တွေပေါ်က ကောက်ချက်ချပြောတာပါ။ ခင်မမ လွန်တယ်လို့ မထင်ကြနဲ့နော်။
ကြည့်လေ … နေပြည်တော်ဖိုရမ်ကြီးရဲ့ စုပေါင်းဓာတ်ပုံရိုက်ပွဲမှာ မင်းအောင်လှိုင်နောက်ဘက် ရပ်ခွင့်ရနေတဲ့ အမေရိကန်နိုင်ငံသားတွေ၊ စင်ပေါ်မတက်ပေမဲ့ စင်အောက်ကနေ မျိုးစုံ လော်ပေးနေတဲ့ အမေရိကန်နိုင်ငံသားတွေ အများကြီးရှိနေတာကို မျက်စေ့မှောက်နေကြတာပါ။ အများစုက ဦးသိန်းစိန်ရဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ခေတ်ကတည်းက ရောက်လာကြတာ ဖြစ်ပါတယ်။ မြန်မာပြည်ဖွားတွေကနေ အမေရိကန်နိုင်ငံသား ခံယူထားကြသူတွေဖြစ်လို့ မျက်စေ့မှောက်နေကြတာပါ။

ကချင်ပြည်နယ်ရှိ မြေရှားသတ္တုမိုင်းတခုမှ တရုတ်ပြည်ဘက်သို့ သယ်ယူပို့ဆောင်နေကြစဉ်/Global Witness နေပြည်တော်ဖိုရမ်မှာ စစ်တပ် ပြန်ကြားရေးဝန်ကြီးဌာနကဖွဲ့တဲ့ Myanmar Narrative Think Tank မှာပါတဲ့သူကပါ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အနေနဲ့ ပါသူကပါ၊ ဘဏ်ဒါရိုက်တာဖြစ်သူဖြစ်နဲ့ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံသား တယောက်ဆိုရင် အာဏာစသိမ်းကတည်းက မင်းအောင်လှိုင်ရဲ့ အကြံပေးလုပ်နေတာပါ။ VOA သတင်းဌာနက လူမှုရေးကိစ္စနဲ့ အရေးယူခံလိုက်ရတဲ့ အမေရိကန်နိုင်ငံသား တယောက်လည်း ဒီပွဲမှာ လာပူးပေါင်းတာ တွေ့ရပါတယ်။
ကဲ … စဉ်းစားကြည့်၊ ဗမာပြည်သားတွေဖြစ်ကြပေမဲ့ အခုတော့ အမေရိကန်နိုင်ငံသားတွေ၊ ဒေါက်တာဘွဲ့ရတွေတောင် ပါသေးတယ်။ ဒီလူတွေဟာ ဦးသိန်းစိန်ရဲ့ MPC ခေတ်ကတည်းက မြန်မာပြည် လာလုပ်နေကြသူတွေပါ။
ပထမတချက်အနေနဲ့ လစာအရပြောရင် အမေရိကန်မှာ တလ ဒေါ်လာ သောင်းဂဏန်းရနိုင်တဲ့သူတွေ မြန်မာပြည်မှာ ဘာလို့ လာလုပ်ကြသလဲ။ နောက်တချက် ပြောချင်တာက ဒီလို ဒေါက်တာဘွဲ့ရတဲ့သူတွေရော၊ ဒေါက်တာဘွဲ့ မရလည်း အနောက်တိုင်းပညာတတ်တဲ့သူတွေ ဘာကြောင့် စစ်တပ်လုပ်သမျှ ထောက်ခံနေတယ်ထင်ပါသလဲ။ ဘာကြောင့် ဘာမှ လစာမများတဲ့ မြန်မာပြည်လစာနဲ့ အလုပ်လုပ်နေတယ်လို့ ထင်ပါသလဲ။ သူတို့မှာ တခြားရည်ရွယ်ချက်တခုခုရှိမယ်လို့ မထင်ကြဘူးလား။
အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA)၊ အစ္စရေး ထောက်လှမ်းရေးအဖွဲ့ မော့ဆက်တို့ဆိုတာ အတွေ့အကြုံကောင်းတွေရှိကြတဲ့ အဖွဲ့အစည်းတွေ။ မော့ဆက်ဆိုရင် အာရပ်နိုင်ငံတွေရဲ့ အစိုးရအဖွဲ့ဝန်ကြီးအဆင့်ထိ သူ့အေးဂျင့်ကို ထည့်နိုင်တာလေ။ စဉ်းစားကြည့်ပေါ့။
မြန်မာပြည်လို တိုင်းပြည်တခုမှာ CIA က အဖြူတယောက်ကို ထိုးထည့်ထားလို့ ဘယ်ရပါ့မလဲ။ အားလုံး အာရုံစိုက်တာခံရပြီး ဘာမှလုပ်လို့ မရဘူး။ မြန်မာပြည်သားထဲက အမေရိကန်နိုင်ငံသား ခံယူထားတဲ့သူကို CIA အဖြစ် လေ့ကျင့်တာ၊ အေးဂျင့်အဖြစ် ဒါမှမဟုတ် သတင်းပေးအဖြစ် မွေးတာပိုကောင်းမှာပေါ့။ အဲလို မထင်ဘူးလား။
အခု ၂၀၂၅ ခုနှစ်ကတည်းက တိုက်ဆိုင်မှုတွေကို ကြည့်လေ။ ဒေါက်တာဘွဲ့ရတဲ့ ဆရာလေးတယောက်က ၂၀၂၁ ခုနှစ်ကတည်းက မင်းအောင်လှိုင် အကြံပေးလုပ်နေပေမဲ့ ကျန်တဲ့သူတွေက ၂၀၂၁ ခုနှစ်က စပြီး ငြိမ်နေကြတာ။ အသံမထွက်၊ ရုပ်လုံး မပြကြဘူး။ ၂၀၂၅ ခုနှစ်ထဲကျမှ Think Tank တို့၊ ဖိုရမ်တို့မှာ အသီးသီးပေါ်လာကြတဲ့အပြင် ဒေါက်တာဘွဲ့ရတယောက်ဆိုရင် ဘဏ်ဒါရိုက်တာ ရာထူးတောင် ဝင်ယူတာတွေ့ရတယ်။
အမှန်က ဒီလောက်ထိဆိုရင်တောင် စိတ်ဝင်စားဖို့ မကောင်းသေးဘူး။ စိတ်ဝင်စားဖို့ကောင်းတာက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကုန်မှာ အမေရိကန်က မြန်မာပြည်ကနေ အများအပြား ထွက်နေပြီး တရုတ်က လက်ဝါးကြီးအုပ်ထားတဲ့ မြေရှားသတ္တုနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက အရေးတယူ စိတ်ဝင်တစားရှိနေတယ်။ အစီရင်ခံစာတွေ နားထောင်နေတယ်ဆိုတဲ့ သတင်းထွက်လာတာပါပဲ။
ပေါက်ဖော်နဲ့ ဘာဘူက စစ်တပ်ကို အိတ်ထဲထည့်ဖို့ ဘယ်လောက်ကြိုးစားပေမဲ့ စစ်တပ်က စစ်ဗိုလ်တွေ ပင်ကိုယ်က အနောက်မျှော်တာ။ သားသမီးတွေကို တရုတ်နဲ့ အိန္ဒိယပို့ စာသင်ခိုင်းတဲ့ စစ်ဗိုလ် မရှိဘူး။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေပို့ပြီး စာသင်ခိုင်းတဲ့ စစ်ဗိုလ်ပဲရှိတယ်။
အမေရိကန်က ဘယ်လောက်ပိတ်ပိတ်၊ သားသမီးတွေကို မှတ်ပုံတင် နာမည်ပြောင်း၊ နိုင်ငံကူးလက်မှတ် အမည်ပါပြောင်းပြီး အနောက်တိုင်းကိုပဲ ပညာရှာဖို့၊ စီးပွားရှာဖို့ ပို့နေကြတာလေ။ အခုလည်းကြည့် အမေရိကန်က သံတမန်ရေးအရ ခွာထားပေမဲ့ ထိပ်သီး စစ်ဗိုလ်ချုပ်တွေဘေးမှာ အမေရိကန်နိုင်ငံသားတွေ ဝိုင်းနေတာ။ ဒီလူတွေ CIA မဖြစ်နိုင်ဘူးလား။
အမေရိကန်က မြေရှားသတ္တု စိတ်ဝင်စားတာနဲ့ တချို့က အမေရိကန်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ဆက်ဆံကူညီမယ်လို့ ထင်နေကြတယ်။ မြေရှားထွက်တဲ့နေရာ တရုတ်နယ်စပ်မှာ KIA သာ အမေရိကန်နဲ့ ဆက်ဆံရင် တရုတ်က တောက်ချလိုက်မှာ။ စစ်ကောင်စီနဲ့ပေါင်းပြီး မြေရှားထွက်တဲ့ နေရာသိမ်းဖို့က ခဏလေးပဲ။ အမေရိကန် ပင်လယ်ကနေ မြန်မာပြည်ဖြတ်ပြီး တရုတ်နယ်စပ်အထိ ဘာအခြေခံမှ မရှိဘူး။
ဒီလို စဉ်းစားကြည့်၊ အမေရိကန်က စစ်ကောင်စီနဲ့ KIA ကို ငြိမ်းချမ်းရေးရအောင်လုပ်၊ မြေရှားသတ္တုကို ရွေးကောက်ပွဲက တက်လာတဲ့ စစ်အစိုးရနဲ့ ပေါင်းပြီး တူးဖော်ထုတ်လုပ်ရင် အမေရိကန်အတွက် ပိုလွယ်တဲ့လမ်းပဲ။ တရုတ်နဲ့ ရင်ဆိုင်ဖို့လည်း လွယ်တယ်။
စစ်တပ်ရဲ့ ထိပ်သီး စစ်ဗိုလ်ချုပ်တွေဘေးမှာ ဝိုင်းနေတဲ့ အမေရိကန်နိုင်ငံသား ခံယူထားသူတွေ၊ ပညာတတ်တွေဟာ လစာကောင်းကောင်း ရနိုင်လျက်နဲ့ စစ်ကောင်စီပေးတဲ့ မဖြစ်စလောက် လစာလေး နည်းနည်းပါးပါးနဲ့ မြန်မာပြည် လာအလုပ်လုပ်ပါ့မလား။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က ငြိမ်းချမ်းရေးဖိုရမ် / GNLM ဒီလောက် ပညာတတ်ကြတဲ့ အမေရိကန်ပြန် ပညာတတ် ရင့်မကြီးတွေက ဘာမဟုတ်တဲ့ စစ်ဗိုလ်တွေ ပြောသမျှကို အလကားလိုက်ပြီး ခေါင်းညိတ်နေကြပါ့မလား။ စစ်တပ်က ဒီလောက် လူတွေဖမ်း ထောင်ထဲထည့်၊ ထောင်ထဲမှာ ရိုက်သတ်၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ ဗုံးကြဲပြီး အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာကို ပညာတွေအများကြီးတတ်ထားတဲ့ အမေရိကန် ပညာတတ်ကြီးတွေ နှုတ်ပိတ်ပြီး ထောက်ခံနေတာ အကြောင်းမဲ့ ဟုတ်ပါ့မလား။ ကဲ … အဲလိုဆိုရင် ဒီလူတွေကို ခင်မမက CIA လို့ ထင်မိတာ လွန်သလား။
သူတို့မှာ ဖော်ပြလို့မရတဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်တွေနဲ့ CIA လို၊ သတင်းပေးလို အလုပ်အကိုင်တွေနဲ့ လျှို့ဝှက်ဝင်ငွေတွေရှိလို့ဆိုတာ မဖြစ်နိုင်ပေဘူးလား။ ပြီးတော့ ၂၀၂၅ ခုနှစ်မှာ ချိန်သားကိုက် အုပ်လိုက်သင်းလိုက် ပေါ်လာကြတာရော မထူးဆန်းဘူးလား။
သူတို့ထွက်လာတာနဲ့ အမေရိကန်က မြေရှားသတ္တု စိတ်ဝင်စားပါတယ်လို့ ပြောလာတာကရော ရိုးရိုးသားသား တိုက်ဆိုင်မှု ဟုတ်ပါမလား။ နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိဘူးလို့ ပြောပြောနေကြတယ် မဟုတ်ပါလား။
CIA တို့၊ မော့ဆက်တို့ လျှော့မတွက်နဲ့။ ပေါက်ဖော်နဲ့ ဘာဘူတို့ ပက်လက်လန်သွားမယ်။ လည်လှပါပြီဆိုတဲ့ စစ်ဗိုလ်တွေလည်း လည်ထွက်သွားလိမ့်မယ်။
ခင်မမ အပေါ်မှာ ပြောထားပြီးသားနော်။ ဘာအတွင်းသတင်း၊ ညာအတွင်းသတင်းမှ သိလို့ပြောနေတာ မဟုတ်ဘူး။ မြင်တွေ့နေတာတွေ၊ အချက်အလက်တွေကို ဆက်စပ်ပြီး ပြောပြတာပါ။
ဘာလဲ … မဖြစ်နိုင်ဘူး ဟုတ်လား၊ ဒီလူတွေဟာ CIA မဟုတ်နိုင်ဘူးဆိုရင် ဒီလူတွေဟာ စစ်တပ်လိမ်သမျှယုံ၊ စစ်တပ်က တရားလက်လွတ် လူသတ်နေတာကို မျက်စေ့မှိတ် ထောက်ခံနေတဲ့ နှစ်ပြားမတန်တဲ့သူတွေ ဖြစ်နေမှာပေါ့။ မဟုတ်ဘူးလား။ စဉ်းစားကြည့်လေ။
ပြောပြန်ရင်လည်း ခင်မမ လွန်ရာကျပါမယ်။
✍ခင်မမ

