Author: Baby Yit Lone

  • သေဒဏ်ကျခံနေရတဲ့သားက အမေတရားထိုင်ဖို့ ပေးလိုက်တဲ့ ဖျာလေးတစ်ချပ်

    သေဒဏ်ကျခံနေရတဲ့သားက အမေတရားထိုင်ဖို့ ပေးလိုက်တဲ့ ဖျာလေးတစ်ချပ်

    မေတ္တာနဲ့ရက်လုပ်ထားတဲ့ ဖျာလေးတစ်ချပ်နဲ့ အမေ့ရဲ့မျှော်လင့်ချက်

    ​”အမေ တရားထိုင်ရင် သုံးဖို့… အမေ မေတ္တာပို့ အမျှဝေရင် ထိုင်ဖို့…”

    ​အသက် (၃၀) ကျော် သေဒဏ်ကျခံထားရတဲ့ သားဖြစ်သူက ထောင်ထဲကနေ သူကိုယ်တိုင် လက်နဲ့ယှက်လုပ်ပြီး ပေးလိုက်တဲ့ Handmade ကော်ဖီမစ်ဖျာလေး။

    ဒီဖျာလေးပေါ်မှာ အမေထိုင်ပြီး ဆုတောင်းပေးတိုင်း သားဖြစ်သူရဲ့ မေတ္တာတွေကို အမေ ခံစားနေရမှာပါ။

    ​နိုင်ကျဉ်းမိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒီအမေကြီးဟာ အပြင်လောကမှာ ဈေးရောင်းရင်း ပင်ပင်ပန်းပန်း ရုန်းကန်နေရသူပါ။

    အမေကြီး အားမရှိလို့ ဆေးထိုးပေးဖို့ တောင်းဆိုလာတဲ့အခါတိုင်းလည်း အနီးကပ်စောင့်ရှောက်ပြီး ဆရာဝန်နဲ့တိုင်ပင်ကာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို အကောင်းဆုံး ကူညီပေးလျက်ရှိပါတယ်။

    ​ကျွန်တော်တို့ဟာ ဘေးကင်းလုံခြုံတဲ့ ပရဟိတမျိုးကိုပဲ ရွေးချယ်လုပ်ကိုင်နေတာမဟုတ်ဘဲ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်းနေရတဲ့ နိုင်ကျဉ်းမိသားစုဝင်တွေနဲ့အတူ ထပ်တူနီးပါး ရုန်းကန်ရှင်သန်နေကြတာပါ။

    အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ သူတို့ရဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေဖို့ အမြဲတမ်း အချိန်ပေး ဝန်းရံပေးနေပါတယ်။

    ​”ဒီအမေနဲ့ ဒီသား အမြန်ဆုံး ပြန်ဆုံနိုင်ပါစေ”

    ​ဈေးရောင်းရင်း ကြံ့ကြံ့ခံ ရုန်းကန်နေရတဲ့ အမေကြီးလည်း သက်ရှည်ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း… တတ်နိုင်တဲ့ဘက်က ဆက်လက်ကူညီ ဝန်းရံသွားပါ့မယ်။

    ​Eat My Heart

  • မေလ ၁၁ ရက် မှ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်မည့် လေပွေလှိုင်း၏ အားပိုင်းကောင်းနိုင်သည့်အခြေအနေ

    မေလ ၁၁ ရက် မှ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်မည့် လေပွေလှိုင်း၏ အားပိုင်းကောင်းနိုင်သည့်အခြေအနေ

    “မေလ ၁၁ ရက် မှ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်မည့် လေပွေလှိုင်း၏ အားပိုင်းကောင်းနိုင်သည့်အခြေအနေနှင့် ရွေ့လျားနိုင်သည့်အခြေအနေတို့ကို ကြိုတင်ခန့်မှန်းရေး model များဖြစ်သည့် (ECMWF, GFS နှင့် ICON) တို့၏ ခန့်မှန်းချက်အရ သုံးသပ်ခြင်း”

    (မေလ ၈ ရက် နံနက် ၀၀၂၀ နာရီ)

    WINDY မှ ရရှိသော မေလ ၁၁ ရက်နှင့် ၁၄ ရက်နေ့များအတွက် Model သုံးခု (ECMWF, GFS, ICON) ၏ 850 hPa (အမြင့်ပေ ၅၀၀၀ ခန့်) လေတိုက်နှုန်းနှင့် လမ်းကြောင်းဆိုင်ရာ ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ လေထုဖြစ်စဉ်များကို အောက်ပါအတိုင်း ခွဲခြမ်းစိတ်ဖြာသုံးသပ်၍ တင်ပြပေးလိုက်ပါတယ် –

    ၁။ အထက်လေပွေလှိုင်း (UACC) ဖြစ်ပေါ်မှုနှင့် ရွေ့လျားမှု ဆန်းစစ်ချက်

    မေလ ၁၁ ရက်နေ့တွင် အစပျိုးလာသော အထက်လေပွေလှိုင်းသည် မေလ ၁၄ ရက်နေ့သို့ ရောက်သောအခါ Model များအလိုက် အောက်ပါအတိုင်း သိသာစွာ ကွဲပြားလာသည်ကို တွေ့ရပါတယ်။

    🔸 ECMWF Model –

    • အင်အား – မေလ ၁၄ ရက်တွင် ဗဟိုချက်လေဖိအား 1003 hPa ဝန်းကျင်ရှိသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း (Well-marked LPA) အဖြစ် ပြသနေပါတယ်။

    • လမ်းကြောင်း – အိန္ဒိယနိုင်ငံ၊ အရှေ့တောင်ဘက်ကမ်းခြေ (သီရိလင်္ကာမြောက်ဘက်) နှင့် ပိုမိုနီးကပ်စွာ တည်ရှိနေပြီး အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားမည့် အသွင်ရှိပါတယ်။

    🔸 GFS Model (အန္တရာယ်အရှိဆုံး ခန့်မှန်းချက်) –

    • အင်အား – မေလ ၁၄ ရက်တွင် ဗဟိုချက်လေဖိအား 1000 hPa သို့ ကျဆင်းလာပြီး မုန်တိုင်းငယ် (Depression) အဆင့်သို့ ကူးပြောင်းရန် အလားအလာ အရှိဆုံး ပြသနေပါတယ်။

    • လမ်းကြောင်း – ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း (Central Bay) သို့ ရောက်ရှိနေပြီး မြောက်ဘက်/မြောက်-အရှေ့မြောက်ဘက် (မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက်) သို့ ဦးတည်နေသောကြောင့် သတိထားရမည့် လမ်းကြောင်းဖြစ်ပါတယ်။

    🔸 ICON Model –

    • အင်အား – မေလ ၁၄ ရက်တွင်လည်း အားပျော့သော လေဝဲအဖြစ်သာ ရှိနေသေးပြီး အီကွေတာအနီးတွင်သာ ကြန့်ကြာနေပါတယ်။

    • လမ်းကြောင်း – ရွေ့လျားမှု နှေးကွေးပြီး အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းဘက်သို့ ပိုမိုနီးကပ်နေပါတယ်။

    ၂။ အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်မည့် အခြေအနေ သုံးသပ်ချက် –

    🔸 မေလ ၁၄ ရက်နေ့ ခန့်မှန်းချက်ပုံများအရ မုတ်သုံလေ စတင်ဝင်ရောက်မှု (Monsoon Onset) နှင့် ပတ်သက်၍ အလွန်ခိုင်မာသော လက္ခဏာများကို Model သုံးခုစလုံးတွင် တူညီစွာ တွေ့မြင်ရပါတယ်။

    ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် –

    🔸 မေလ ၁၄ ရက်နေ့တွင် အနောက်တောင်ဘက်မှ တိုက်ခတ်လာသော အားကောင်းသည့် လေစီးကြောင်းများ (Cross-equatorial flow) သည် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းမိုးထားပြီဖြစ်ကြောင်း 850 hPa Wind Map များတွင် ရှင်းလင်းစွာ တွေ့ရပါတယ်။

    🔸 မြန်မာနိုင်ငံသို့ သက်ရောက်မှု –

    • မေလ ၁၄ ရက်နေ့ဝန်းကျင် – မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း (တနင်္သာရီတိုင်း) နှင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ စတင်ထိတွေ့ ဝင်ရောက်လာမည့် အနေအထား ဖြစ်ပါတယ်။

    • မိုးရွာသွန်းမှု – လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေဆွဲသွင်းမှုကြောင့် မေလ ဒုတိယပတ်ကုန်တွင် မြန်မာနိုင်ငံတောင်ပိုင်း၊ ကမ်းရိုးတန်းဒေသများနှင့် အလယ်ပိုင်းဒေသအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။

    နိဂုံးချုပ် သုံးသပ်ချက်

    🔸 မေလ ၁၄ ရက်နေ့သည် ဤလေထုဖြစ်စဉ်၏ အလှည့်အပြောင်းကာလ (Critical Period) ဖြစ်လာပါမယ်။

    🔸 GFS ပြသနေသည့် လမ်းကြောင်းအတိုင်းသာ အလယ်ပိုင်းသို့ ရောက်ရှိလာပါက မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စိုးရိမ်ရနိုင်သော်လည်း၊

    🔸 ECMWF နှင့် ICON တို့ကဲ့သို့ အနောက်ဘက်တွင်သာ ရှိနေပါက မုတ်သုံလေ၏အရှိန်ကြောင့် မိုးများမည့် အခြေအနေကိုသာ အဓိကရင်ဆိုင်ရပါလိမ့်မယ်။

    ယခုလက်ရှိ အခြေအနေခန့်မှန်းချက်အရ

    ⚠️ မေလ ၁၄ ရက်နေ့တွင် မုတ်သုံလေ စတင်ဝင်ရောက်လာမည်မှာ သေချာသလောက်ရှိနေသဖြင့် “ကမ်းရိုးတန်းဒေသရှိ လယ်သမားများ” နှင့် “ရေလုပ်သားများ” အနေဖြင့် မိုးသက်လေပြင်း အန္တရာယ်ကို ကြိုတင်သတိပြုနိုင်ရန် ပြင်ဆင်ထားသင့်ပါတယ်။

    မေ ၉ ရက် ၁၀ ရက်ဆိုရင် မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ မိုးစရွာတော့မှာပါ –

    ဆရာ ဦးဝင်းနိုင်

  • မင်းအောင်လှိုင် ရုရှားနိုင်ငံ၏ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လိုသော်လည်း ရုရှားက မဖိတ်

    မင်းအောင်လှိုင် ရုရှားနိုင်ငံ၏ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လိုသော်လည်း ရုရှားက မဖိတ်

    အကြမ်းဖက် မင်းအောင်လှိုင်က မတရားလုယူထားတဲ့ နိုင်ငံတော်သမ္မတရာထူး နဲ့ ရုရှားနိုင်ငံ၏ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လိုသော်လည်း ရုရှားက မဖိတ်

    မင်းအောင်လှိုင်က သူ့ကို ဖိတ်ကြားမှု ရှိ၊ မရှိ ရုရှားအစိုးရထံသို့ တရားဝင် မေးမြန်းစုံစမ်းခဲ့

    အကြမ်းဖက် မင်းအောင်လှိုင်က သူ့ကိုယ်သူ ခန့်အပ်ပြီး မတရားလုယူထားတဲ့ နိုင်ငံတော်သမ္မတ ရာထူးနဲ့ ရုရှားနိုင်ငံမှာ ပြုလုပ်တဲ့ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနား တက်ရောက်လိုပေမယ့်လည်း ဒီနှစ်မှာတော့ ရုရှားက မြန်မာစစ်ခေါင်း ဆောင်ကို ဖိတ်ကြားမှု မရှိဘူးလို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။

    မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှားနိုင်ငံရဲ့ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားပြုလုပ်မှာဖြစ်ပြီး ဒီနှစ်မှာတော့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုခဲ့ပါဘူး။

    မော်စကိုစစ်ရေးပြအခမ်းအနားသို့ ရုရှားက ဘီလာရုစ်၊ စလိုဗက်ကီးယား၊ လာအိုနဲ့ မလေးရှားဘုရင်တို့ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့တာ မရှိပါဘူး။

    ဒါပေမယ့်လည်း အကြမ်းဖက် မင်းအောင်လှိုင်က သူ့ကို အခမ်းအနားမှာ ဖိတ်ကြားမှု ရှိ၊ မရှိ ရုရှားအစိုးရထံသို့ တရားဝင် မေးမြန်းစုံစမ်းခဲ့တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။

    “ဒီနှစ်ရုရှားက ၈၁ နှစ်မြောက် ရင်ပြင်နီအောင်ပွဲနေ့ မြန်မာနိုင်ငံကို ဖိတ်ကြားမှု ရှိ၊ မရှိ စုံစမ်းမေးမြန်းတယ်။ ရုရှားဘက်က ဖိတ်ကြားတာမရှိဘူး။ အခြားနိုင်ငံတွေကို ဖိတ်ပေမယ့် မြန်မာနိုင်ငံတော့ မပါဝင်ဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။

    ရုရှားက ဖိတ်ကြားတဲ့ သူတွေထဲမှာ လာအိုနိုင်ငံ သမ္မတ၊ မလေးရှားနိုင်ငံ ဘုရင် Sultan Ibrahim၊ စလိုဗက်ကီးယားနိုင်ငံ ဝန်ကြီး ချုပ် Robert Fico၊ ဘီလာရုစ်သမ္မတ လူကာရှန်ကို Alexander Lukashenko၊ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားနိုင်ငံထဲက ကိုယ်စားလှယ်အဖွဲ့တွေ ပါဝင်တက်ရောက်ကြမှာဖြစ်ပါတယ်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမရှိပေမယ့်လည်း ရုရှားမှာရှိတဲ့ မြန်မာသံရုံးနဲ့ စစ်သံရုံးကတော့ အခမ်းအနားကို တက်ရောက်မှာဖြစ်ပြီး ရင်ပြင်နီနေ့ စစ်ရေးပြချီတက်မှု၊ လေကြောင်းကနေ ရုရှားသမ္မတကို ပျံသန်းအလေးပြုမှုနဲ့ သမ္မတပူတင်ရဲ့ မိန့်ခွန်း ပြေကြားခြင်း အစီအစဉ်တွေ ပါဝင်မှာ ဖြစ်တယ်လို့ ရုရှားအစိုးရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

    ၂၀၂၅ ခုနှစ် မတ်လအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ မင်းအောင်လှိုင်က ရုရှား ခေါင်းဆောင်ပူတင်နဲ့ တွေ့ဆုံခဲ့စဉ် ရုရှားသမ္မတ ပူတင်ကို မြတ်စွာဘုရား၏ ဗျာဒိတ်တော်လာ ကြွက်မင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    ဗုဒ္ဓသာသနာ နှစ် ၂၀၀၀ ကျော်တဲ့အခါ ရုရှားခေါင်းဆောင်ဟာ လက်နက်အတတ်ပညာမှာ တဖတ်ကမ်းခတ်တတ်ပြီးတော့မှ အတုမရှိတဲ့ လက်နက်၀ိဇ္ဇာ ဧက ရာဇ် တပါးဖြစ်လာကာ မြန်မာဘုရင်တွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ မဟာမိတ်ဆွေတွေ ဖြစ်လာလိမ့်မယ်လို့ ဗျာဒိတ်ရှိတယ်လို့ဆိုကာ ရုရှားသမ္မတ ပူတင်ကို မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုခဲ့ပါတယ်။

  • ၁၁၀၀၀ ကာရက်ရှိ ပတ္တမြားကြီးကို စစ်ကော်မရှင် ရှာဖွေတွေ့ရှိ

    ၁၁၀၀၀ ကာရက်ရှိ ပတ္တမြားကြီးကို စစ်ကော်မရှင် ရှာဖွေတွေ့ရှိ

    မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ရတနာမြေမှ အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်) ရှိသည့် အလွန်ရှားပါးပြီး တန်ဖိုးဖြတ်ရန် ခက်ခဲသော ပတ္တမြားကြီးတစ်ပွင့်ကို စစ်ကော်မရှင်က ရရှိခဲ့ကြောင်း မေ ၇ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

    အဆိုပါ ရတနာကြီးအား အတုအယောင်သမ္မတ မင်းအောင်လှိုင်ကိုယ်တိုင် နေပြည်တော်၌ ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်အတွက် နိမိတ်ကောင်းတစ်ခုအဖြစ် ပုံဖော်ရန် ကြိုးပမ်းလျက်ရှိသည်။

    မိုးကုတ်မြို့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းက TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသော်လည်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကော်မရှင်က တရုတ်အကူအညီဖြင့် ပြန်လည်ရယူပြီးနောက် ယခုကဲ့သို့ ပတ္တမြားကြီးကို ထုတ်ပြခဲ့ခြင်းလည်းဖြစ်သည်။

    “တကယ်တော့ အခုလို အရည်အသွေးမြင့် ပတ္တမြားကြီး ထွက်လာတာကို ကြည့်ရင် အရင်က စစ်တပ်လော်ဘီတွေ ပြောခဲ့တဲ့စကားတွေဟာ ဘယ်လောက်အခြေအမြစ်မရှိဘူးလဲဆိုတာ အထင်အရှားပါပဲ။ မိုးကုတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတုန်းက သယံဇာတတွေကို အလွန်အကျွံတူးပြီး ဖျက်ဆီးနေပါတယ်ဆိုပြီး သူတို့တွေ ပွက်လောရိုက်အောင် ဝါဒဖြန့်ခဲ့ကြတာလေ။

    ဒါပေမဲ့ အခုတော့ သူတို့စကား သူတို့ပြန်ကိုက်သလို ဖြစ်သွားပြီ။ ဒီလောက်ကြီးမားပြီး တန်ဖိုးရှိတဲ့ ရတနာကြီး ထွက်လာတယ်ဆိုကတည်းက ရတနာမြေရဲ့ သယံဇာတတွေဟာ မြေထုထဲမှာ ခိုင်ခိုင်မာမာ ရှိနေဆဲဆိုတာကို သက်သေပြလိုက်တာပါပဲ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

    ကျောက်မျက်ပညာရှင်များ၏ သုံးသပ်ချက်အရ ယခုတွေ့ရှိသည့် ပတ္တမြားကြီးသည် ခရမ်းရောင်သန်းသည့် အနီရောင်ရှိပြီး အလင်းပေါက်အား ကောင်းမွန်သည့်အပြင်၊ ပြုပြင်မွမ်းမံထားခြင်းမရှိသည့် သဘာဝအတိုင်း (Unheated) ဖြစ်ခြင်းကြောင့် ကမ္ဘာ့ရတနာစျေးကွက်တွင် စျေးဖြတ်ရန်ခက်ခဲသည့် ပြတိုက်ဝင်ရတနာ အမျိုးအစားဖြစ်သည်ဟု ဆိုသည်။

    ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသည့် မိုးကုတ်မြို့ခံ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက “ပုံမှန်အားဖြင့် ကရက် ၅၀ ကျော်တဲ့ ပတ္တမြားဆိုရင်တောင် ကမ္ဘာကျော်နေပါပြီ။ အခုက ၁၁၀၀၀ ကရက်ဆိုတော့ ဒါဟာ သမိုင်းဝင်တွေ့ရှိမှုဖြစ်ပြီး တန်ဖိုးအားဖြင့် အတော်ကိုကြီးနိုင်တယ်” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

    သို့သော်လည်း ပြည်သူလူထုအကြားတွင်မူ ဤမျှတန်ဖိုးကြီးမားသည့် ရတနာကြီး ထွက်ရှိလာခြင်းသည် တိုင်းပြည်ဘဏ္ဍာအတွက်လား သို့မဟုတ် စစ်ကော်မရှင်၏ စစ်စရိတ်အတွက်လားဆိုသည့် မေးခွန်းများမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်ရှိသည်။

    မင်းအောင်လှိုင်က ဤရတနာကြီးအား နိုင်ငံတော်အတွက် ထူးခြားသည့် နိမိတ်ကောင်းတစ်ခုအဖြစ် အမွှမ်းတင်ပြောဆိုနေခြင်းမှာ စစ်ရေးအရ ရှုံးနိမိတ်များကို ဖုံးကွယ်လိုသည့် ဝါဒဖြန့်ဗျူဟာတစ်ခုသာဖြစ်ကြောင်း နိုင်ငံရေးဝေဖန်သူများက သုံးသပ်ကြသည်။

    မိုးကုတ်ဒေသခံများ၏ အဆိုအရ စစ်ကော်မရှင်က မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကို ၎င်းတို့နှင့် နီးစပ်သည့် ကုမ္ပဏီကြီးများကသာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရနေပြီး၊ ဒေသခံ လက်လုပ်လက်စားများမှာမူ သယံဇာတ၏ အကျိုးအမြတ်ကို ခံစားခွင့်မရဘဲ ဘေးဖယ်ခံထားရကြောင်း သိရသည်။

    သတင်းထုတ်ပြန်ချက်များတွင် ဤပတ္တမြားကြီးသည် ၁၉၉၀ ပြည့်နှစ်က ‘နဝတ ပတ္တမြား’ နှင့် ၂၀၂၂ ခုနှစ်က ‘နစက ပတ္တမြား’ တို့ထက်ပင် အရည်အသွေး ပိုမိုသာလွန်ကြောင်း ဖော်ပြထားသည်။ သို့သော် အဆိုပါ ယခင်ရတနာများ၏ နောက်ဆုံးအခြေအနေနှင့် ပိုင်ဆိုင်မှုပိုင်းမှာ ပွင့်လင်းမြင်သာမှု မရှိလှပေ။