အလုပ်ရမယ်ဆိုပြီး ၇ ရက်တိုင် အခန်းပိတ် ကျင့်ခံခဲ့ရတဲ့ မွန်မလေး

အလုပ်ရမယ်ဆိုပြီး လိမ်ခေါ်ကာ (၇) ရက်တိုင်တိုင် အခန်းပိတ် မုဒိမ်းကျင့်ခံရတယ်လို့ ဆိုတဲ့ မွန်အမျိုးသမီးလေး

နခွန်ပထုံခရိုင်က ထောင်းထီခါယု တပ်စခန်းထဲကို ဇူလိုင် ၁၂ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်က အမျိုးသမီးတစ်ဦး ဆိုင်ကယ်နဲ့ အလန့်တကြား ဝင်ရောက်လာခဲ့ပါတယ်။

သူမဟာ ထိုင်းစကား မပြောတတ်ဘဲ တာဝန်ကျ စစ်သားတွေကို လက်နှစ်ဖက်ဆန့်တန်းပြီး လက်ထိပ်ခတ်ပေးဖို့ အချက်ပြရင်း အကူအညီ တောင်းခံခဲ့တာပါ။

စစ်တပ်တာဝန်ရှိသူတွေက သူမကို လုံခြုံတဲ့နေရာမှာ ခေါ်ထားပြီး စကားပြန်အကူအညီနဲ့ မေးမြန်းခဲ့ရာ…

သူမဟာ အသက် ၂၆ နှစ်အရွယ် “အသဇ” ဆိုတဲ့ မွန်အမျိုးသမီး ဖြစ်တယ်လို့ သိရပါတယ်။

သူမရဲ့ ထွက်ဆိုချက်အရ Facebook ကနေတစ်ဆင့် မြန်မာအမျိုးသားတစ်ဦးနဲ့ သိကျွမ်းခဲ့ပြီး…

နခွန်ပထုံခရိုင်မှာ အလုပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကန်ချနဘူရီခရိုင် ဘုရားသုံးဆူနယ်စပ်ကနေ ပွဲစားတစ်ဦးက လာရောက်ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နခွန်ပထုံကို ရောက်လာပြီးနောက်မှာတော့ အလုပ်မရတဲ့အပြင်…

အဆိုပါ မြန်မာအမျိုးသားက သူမကို ၇ ရက်ကျော်ကြာ အခန်းထဲမှာ ပိတ်လှောင်ထားပြီး မုဒိမ်းကျင့်ခဲ့သလို…

သူ့ရဲ့ ဇနီးအဖြစ် နေထိုင်ဖို့လည်း အတင်းအကျပ် ဖိအားပေးခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မှာတော့ ကမ်ဖဲန်ဆဲန် မြို့နယ်ရှိ စက်ရုံတစ်ခုမှာ သံလုပ်ငန်း လုပ်ကိုင်နေတဲ့ အဲဒီအမျိုးသားဟာ အရက်မူးပြီး အိပ်ပျော်သွားခဲ့ပါတယ်။

အဲဒီအချိန်ကို အခွင့်ကောင်းယူပြီး “အသဇ” က အမျိုးသားရဲ့ ဖုန်းနဲ့ Honda ဆိုင်ကယ်ကို ယူကာ ထွက်ပြေးခဲ့ပါတယ်။

လမ်းကြောင်းကို မသိတဲ့အတွက် ဆီဖိုး ဘတ် ၃၀ ပဲ ဖြည့်ပြီး ရှေ့တည့်တည့်ကို ဆက်မောင်းလာရင်း…

စစ်တပ်စခန်းကို တွေ့တဲ့အခါ လုံခြုံမယ်လို့ ယုံကြည်ပြီး ဝင်ရောက် အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ နခွန်ပထုံမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး…

စစ်ဆေးကြည့်ရာမှာ သူမ စီးလာတဲ့ ဆိုင်ကယ်ဟာ အဲဒီနေ့ နေ့လယ်ပိုင်းကတည်းက ကမ်ဖဲန်ဆဲန် ရဲစခန်းမှာ ပျောက်ဆုံးကြောင်း တိုင်ကြားထားတဲ့ ဆိုင်ကယ်ဖြစ်ပြီး…

တိုင်ကြားခဲ့သူဟာ “အသဇ” စွပ်စွဲထားတဲ့ မြန်မာအမျိုးသားပဲ ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ဆိုင်ကယ်ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားပြီး “အသဇ”ကို ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်အောက်မှာ ထားရှိပေးထားပါတယ်။

ဒါ့အပြင် တရားမဝင် ပိတ်လှောင်ထားမှုနဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ဆက်လက်စစ်ဆေးနေပြီး…

စွပ်စွဲခံထားရသူရဲ့ ထွက်ဆိုချက်နဲ့ သက်သေအထောက်အထားတွေကိုလည်း စုဆောင်းနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

နစ်နာသူအမျိုးသမီးအတွက် “အသဇ” အမည်ဖြင့်သာ ဖော်ပြထားပါသည်


Comments

Leave a Reply

Your email address will not be published. Required fields are marked *