မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ရတနာမြေမှ အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်) ရှိသည့် အလွန်ရှားပါးပြီး တန်ဖိုးဖြတ်ရန် ခက်ခဲသော ပတ္တမြားကြီးတစ်ပွင့်ကို စစ်ကော်မရှင်က ရရှိခဲ့ကြောင်း မေ ၇ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ရတနာကြီးအား အတုအယောင်သမ္မတ မင်းအောင်လှိုင်ကိုယ်တိုင် နေပြည်တော်၌ ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်အတွက် နိမိတ်ကောင်းတစ်ခုအဖြစ် ပုံဖော်ရန် ကြိုးပမ်းလျက်ရှိသည်။
မိုးကုတ်မြို့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းက TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသော်လည်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကော်မရှင်က တရုတ်အကူအညီဖြင့် ပြန်လည်ရယူပြီးနောက် ယခုကဲ့သို့ ပတ္တမြားကြီးကို ထုတ်ပြခဲ့ခြင်းလည်းဖြစ်သည်။

“တကယ်တော့ အခုလို အရည်အသွေးမြင့် ပတ္တမြားကြီး ထွက်လာတာကို ကြည့်ရင် အရင်က စစ်တပ်လော်ဘီတွေ ပြောခဲ့တဲ့စကားတွေဟာ ဘယ်လောက်အခြေအမြစ်မရှိဘူးလဲဆိုတာ အထင်အရှားပါပဲ။ မိုးကုတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတုန်းက သယံဇာတတွေကို အလွန်အကျွံတူးပြီး ဖျက်ဆီးနေပါတယ်ဆိုပြီး သူတို့တွေ ပွက်လောရိုက်အောင် ဝါဒဖြန့်ခဲ့ကြတာလေ။
ဒါပေမဲ့ အခုတော့ သူတို့စကား သူတို့ပြန်ကိုက်သလို ဖြစ်သွားပြီ။ ဒီလောက်ကြီးမားပြီး တန်ဖိုးရှိတဲ့ ရတနာကြီး ထွက်လာတယ်ဆိုကတည်းက ရတနာမြေရဲ့ သယံဇာတတွေဟာ မြေထုထဲမှာ ခိုင်ခိုင်မာမာ ရှိနေဆဲဆိုတာကို သက်သေပြလိုက်တာပါပဲ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

ကျောက်မျက်ပညာရှင်များ၏ သုံးသပ်ချက်အရ ယခုတွေ့ရှိသည့် ပတ္တမြားကြီးသည် ခရမ်းရောင်သန်းသည့် အနီရောင်ရှိပြီး အလင်းပေါက်အား ကောင်းမွန်သည့်အပြင်၊ ပြုပြင်မွမ်းမံထားခြင်းမရှိသည့် သဘာဝအတိုင်း (Unheated) ဖြစ်ခြင်းကြောင့် ကမ္ဘာ့ရတနာစျေးကွက်တွင် စျေးဖြတ်ရန်ခက်ခဲသည့် ပြတိုက်ဝင်ရတနာ အမျိုးအစားဖြစ်သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသည့် မိုးကုတ်မြို့ခံ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက “ပုံမှန်အားဖြင့် ကရက် ၅၀ ကျော်တဲ့ ပတ္တမြားဆိုရင်တောင် ကမ္ဘာကျော်နေပါပြီ။ အခုက ၁၁၀၀၀ ကရက်ဆိုတော့ ဒါဟာ သမိုင်းဝင်တွေ့ရှိမှုဖြစ်ပြီး တန်ဖိုးအားဖြင့် အတော်ကိုကြီးနိုင်တယ်” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။
သို့သော်လည်း ပြည်သူလူထုအကြားတွင်မူ ဤမျှတန်ဖိုးကြီးမားသည့် ရတနာကြီး ထွက်ရှိလာခြင်းသည် တိုင်းပြည်ဘဏ္ဍာအတွက်လား သို့မဟုတ် စစ်ကော်မရှင်၏ စစ်စရိတ်အတွက်လားဆိုသည့် မေးခွန်းများမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်ရှိသည်။
မင်းအောင်လှိုင်က ဤရတနာကြီးအား နိုင်ငံတော်အတွက် ထူးခြားသည့် နိမိတ်ကောင်းတစ်ခုအဖြစ် အမွှမ်းတင်ပြောဆိုနေခြင်းမှာ စစ်ရေးအရ ရှုံးနိမိတ်များကို ဖုံးကွယ်လိုသည့် ဝါဒဖြန့်ဗျူဟာတစ်ခုသာဖြစ်ကြောင်း နိုင်ငံရေးဝေဖန်သူများက သုံးသပ်ကြသည်။

မိုးကုတ်ဒေသခံများ၏ အဆိုအရ စစ်ကော်မရှင်က မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကို ၎င်းတို့နှင့် နီးစပ်သည့် ကုမ္ပဏီကြီးများကသာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရနေပြီး၊ ဒေသခံ လက်လုပ်လက်စားများမှာမူ သယံဇာတ၏ အကျိုးအမြတ်ကို ခံစားခွင့်မရဘဲ ဘေးဖယ်ခံထားရကြောင်း သိရသည်။
သတင်းထုတ်ပြန်ချက်များတွင် ဤပတ္တမြားကြီးသည် ၁၉၉၀ ပြည့်နှစ်က ‘နဝတ ပတ္တမြား’ နှင့် ၂၀၂၂ ခုနှစ်က ‘နစက ပတ္တမြား’ တို့ထက်ပင် အရည်အသွေး ပိုမိုသာလွန်ကြောင်း ဖော်ပြထားသည်။ သို့သော် အဆိုပါ ယခင်ရတနာများ၏ နောက်ဆုံးအခြေအနေနှင့် ပိုင်ဆိုင်မှုပိုင်းမှာ ပွင့်လင်းမြင်သာမှု မရှိလှပေ။

















