Author: Baby Yit Lone

  • စစ်တပ် ဝါဒဖြန့်ချိရေးယန္တရားထဲက အသုံးချခံ ဇာတ်သဘင်

    စစ်တပ် ဝါဒဖြန့်ချိရေးယန္တရားထဲက အသုံးချခံ ဇာတ်သဘင်

    ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ၅ နှစ်ကျော် ရပ်နားခဲ့သည့် ဇာတ်သဘင် ဖျော်ဖြေရေးတို့ ယခုအခါ ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးအချို့တွင် ပွဲလမ်းသဘင်များ ခြိမ့်ခြိမ့်သဲ ကျင်းပကာ ပြန်လည် အသက်ဝင်လာသည်ကို တွေ့ရ၏။

    မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဇာတ်မင်းသား ဖိုးချစ်ကိုယ်တိုင် “ပြန်လည်နိုးထ သဘင်ည” ဆိုကာ ရွေးကောက်ပွဲ ဒုတိယပိုင်းပြုလုပ်သည့် ဇန်နဝါရီ ၁၁ ရက်က မန္တလေးအမျိုးသား ကဇာတ်ရုံဝင်းအတွင်း ယာယီ ဇာတ်ရုံဆောက်ပြီး ကပြ ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။

    ဇာတ်မင်းသား ဖိုးချစ်က စစ်အာဏာသိမ်းမှုအစောပိုင်း လူထုဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သလို သဘင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် စစ်တပ်၏ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လည် လွတ်မြောက်ချိန် သဘင်အစည်းအရုံး ဥက္ကဋ္ဌတာဝန် ပြန်လည် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

    ၁၂ ရာသီပွဲတော်များဖြင့် ပျော်မွေ့လေ့ရှိသည့် မြန်မာတို့အဖို့ အပေါ်ယံကြည်လျှင် ဆန်းကြယ်လှသည့် ကိစ္စမဟုတ်သော်လည်း ပြီးခဲ့သည်နှစ် သီတင်းကျွတ်ကစ၍ စစ်ကော်မရှင်က ပျော်ပွဲရွှင်ပွဲများလုပ်ရန် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအား ညွှန်ကြားခဲ့ရာ ကျေးလက်နေ ပြည်သူတို့အကြိုက် သဘင်ဖျော်ဖြေပွဲများ ထိပ်ဆုံးမှ ပါဝင်လာခဲ့ခြင်းက ထူးခြားချက်ဟု ဆိုရမည်။

    ယခုနှစ် ဇန်နဝါရီလအတွင်း မကွေးမြို့၌ ပြုလုပ်သော စမ်းရေမိုးဇာတ်ပွဲ/ Aung Kyaw Tun’s Post

    တနိုင်ငံလုံးနီးပါး စစ်မီးတောက်လောင်နေချိန် ပွဲလမ်းသဘင်များကို ခွင့်ပြုပေးခြင်းသည် “စစ်ဘေးသင့်နိုင်ငံတွင် တညတာ ဖျော်ဖြေပွဲများက ခဏတာ အေးချမ်းမှုကို ဆောင်ကြဉ်းပေးနေ” သည်ဟူသော ခေါင်းစဉ်ဖြင့် ကမာ္ဘကျော် The New York Times သတင်းစာကြီးက လက်ရှိကျင်းပနေသည့် ဇာတ်ပွဲများအကြောင်းကို ဆောင်းပါးတပုဒ် ထုတ်ဖော်ရေးသားခဲ့သည်။

    ဆောင်းပါးရှင်က အက၊ ပြဇာတ်နှင့် တေးဂီတတို့ ပေါင်းစပ်ထားသည့် ထိုဖျော်ဖြေပွဲများသည် စစ်အစိုးရက ၎င်းတို့ အုပ်ချုပ်မှု တရားဝင်ရှိနေသည်ဟု အပေါ်ယံဟန်ပြရန် ကြိုးပမ်းမှု တစိတ်တဒေသအဖြစ် ဖွင့်ဆိုသလို ပြည်ပရောက်သဘင် ပညာရှင်များကလည်း စစ်ရေးနိုင်ငံရေးပဋိပက္ခများ၊ စီးပွားရေး ကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့အပေါ် လူထုအာရုံစိုက်မှု လျော့ကျလာစေရန် ဖျော်ဖြေရေးဘက်သို့ အာရုံလွှဲပေးခြင်းဖြစ်သည်ဟု ဝေဖန်ကြသည်။

    “ပြည်တွင်းမှာ နေထိုင်သူအားလုံးနီးပါးက လူမှုစီးပွားအခက်အခဲတွေနဲ့ ကြုံနေရပြီး နိုင်ငံရေး အခြေအနေအရ မွန်းကြပ်မှု တွေ ရှိနေတာတော့ အမှန်ပဲ။ ဒါကို သိနေတဲ့ အာဏာသိမ်းစစ်အုပ်စုက ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့ ဇာတ်သဘင် လောကကိုအသုံးချပြီး တိုင်းပြည်သာယာဝပြောနေသယောင် ဝါဒဖြန့်ချိဖို့သက်သက် ပုံဖော်နေတာ” ဟု ထိုင်းနိုင်ငံတွင် ခိုလှုံနေရသည့် ဟာသ လူရွှင်တော် အောင်သော်က ပြောသည်။

    “ဘုရားပွဲအစ ဘုရားသုံးဆူ၊ ဘုရားပွဲအဆုံး ဝါခင်းကုန်း” ဆိုသလို မန္တလေးဘုရားပွဲများက သီတင်းကျွတ်မှ တပေါင်းအထိ ဆက်တိုက်ဆိုသလိုရှိနေရာ လက်ရှိ မန္တလေးခွင်သို့ လူငယ်ခြေတက် မင်းသားငယ်လေးများ ဦးဆောင်သည့် စမ်းရေမိုး၊ အောင်ဇမ္ဗူဇာတ်အဖွဲ့ကြီးတို့ အထင်ကရ တန်ခိုးကြီးဘုရား မဟာမုနိရုပ်ရှင်တော်မြတ် ပွဲတော်ကြီး၌ ဝင်ရောက် ကပြခဲ့ကြသည်ကို တွေ့ရသည်။

    လက်ရှိ အောင်မြင်မှုရနေသည့် အောင်ဇမ္ဗူဇာတ်သည် ပဲခူးတိုင်း သဲကုန်းမြို့ အင်းမရွှေကျောင်းဘုရားပွဲ၌ စင်ပေါ်တက်၍ ဆုချီးမြှင့်သော ကလေးငယ်တဦးကို လူရွှင်တော် ဖြိုးဖြိုးက ပွေ့ချီ၍ အများအမြင် မသင့်တော်သည့်အပြုအမူ ပြုလုပ်ခဲ့ သဖြင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ပြင်းထန်စွာ သတိပေးထားသလို စမ်းရေမိုးအဖွဲ့၏ ဇာတ်ဆရာ ကိုအောင်ကျော်ထွန်း ကလည်း ပရိသတ်အား လင်္ကာဒီပအနုပညာ အင်အားစုဖြစ်ပေါ်လာပုံကို ရှင်းပြနေချိန် ပရိသတ်တဦးမှ တော်ပါတော့ဟု အော်ဟစ်ခဲ့၍ ထိုသူကို ရုံဝင်ကြေးငွေ ကျပ်တသောင်း ပြန်ပေးကာ ဇာတ်ရုံအပြင်သို့ မောင်းထုတ်မှုကြောင့် အများဝေဖန်မှု ခံခဲ့ရသည်။

    စမ်းရေမိုး ဇာတ်အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်မှ ၉ ရက် အထိ ၃ ရက် စီစဉ်ထားရာမှ တရက်တိုး၍ လေးညအထိ ကပြခဲ့ သလို အောင်ဇမ္ဗူဇာတ်အဖွဲ့ကလည်း ဘုရားပွဲတော်ကြီးမှတဆင့် မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရား ထမနဲထိုး ပွဲတော်တွင် ဖေဖော်ဝါရီ ၄ ရက်မှ ၈ ရက်အထိ ကပြခဲ့သည်။

    စမ်းရေမိုး ဇာတ်မင်းသားနှင့်အဖွဲ့ ကပြဖျော်ဖြေမှု

    “မန္တလေးမှာ ဇာတ်ကြီးတန်းတွေ ကတဲ့ပွဲဆိုရင် ဝါခေါင်နဲ့ သီတင်းကျွတ်လတွေမှာလုပ်တဲ့ ကျောက်တော်ကြီးပွဲ၊ ရတနာ့ဂူပွဲ လောက်ပဲ ရှိတာ။ အဲဒီနောက်ပိုင်းလည်း ရပ်ကွက်ဘုရားပွဲတွေ ဆက်တိုက်ရှိနေတာဆိုတော့ ပွဲလမ်းမပြတ်တဲ့ မြို့လို့ ပြောရ မှာပေါ့။ အခုက ဘုရားကြီးပွဲလပေါ့။ အရင်ဆို ကိုယ့်မြို့ခံဇာတ်တွေပဲ အနည်းဆုံး ၄ ဖွဲ့ လောက် ပါခဲ့တာ။ အာဏာသိမ်းပြီးနောက် ပွဲတွေပြန်ထည့်လာတော့မှ ရုံဇာတ်တွေ ဝင်လာတာ။ ကုသိုလ်တော်ပွဲဆိုရင် တခါမှ မကြားဖူးတဲ့ ထမနဲထိုးပွဲတော်တဲ့။ ပွဲဖြစ်ချင်လို့ ခေါင်းစဉ်တပ် လုပ်တာ” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

    မန္တလေးအာဏာပိုင်တို့သည် ရာအိမ်မှူး အာမခံလျှင် ပွဲတော်ဖြစ်မြောက်ရေး ခွင့်ပေးထားရာ ဇာတ်၊ အငြိမ့်ဖျော်ဖြေမှု ထည့်သွင်းခွင့် ပွဲမိန့်ပေးထားသဖြင့် ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်ဘုရားပွဲများ၌ပင် ဇာတ်သဘင်များ ထည့်သွင်းလာကြကြောင်း သိရသည်။

    မန္တလေးတွင် မြို့ခံ ဇာတ်အဖွဲ့ ၅၀ ကျော်ရှိပြီး တချို့မှာ ပြန်လည်ကပြနေကြသည်။ အငြိမ့်အဖွဲ့များမှာ ကိုဗစ် ကာလမတိုင်မီကတည်းက ၃ ဖွဲ့သာ ကျန်တော့ရာ ပြန်စနိုင်ခြင်းမရှိသေးဘဲ ခါးပြတ်အငြိမ့်ဟု ဆိုရမည့် တီးဝိုင်း၊ ဆိုင်းအဖွဲ့များနှင့် တွဲ၍ အငြိမ့်ခန်း အနည်းငယ်ကိုသာ ထည့်သွင်း ကပြနိုင်သည်ကို တွေ့ရသည်။

    အနုပညာသည် ပြည်သူ့အတွက်ဆိုသော်လည်း ယခုကမူ အာဏာရှင်များ၏ အသုံးချခံ ဝါဒဖြန့်ချိရေး ယန္တရားတခု ဖြစ်နေ သည်ဟု တချိန်က ဇာတ်သဘင်လောကတွင် ကျော်ကြားခဲ့သည့် ဇာတ်မင်းသားကြီး ဦးမိုးမင်းက ဧရာဝတီကို ပြောသည်။

    “တိုင်းပြည်တခု ငြိမ်းချမ်းရေးကို ဇာတ်ခုံပေါ်က မီးရောင်စုံတွေနဲ့ တိုင်းတာလို့ ရသလား၊ စစ်မီးတွေ တောက်လောင်နေတဲ့ တကယ့်အရှိတရားကို ဖျော်ဖြေရေး အကာအကွယ်တွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေတာဟာ အနုပညာလား၊ ဒါမှမဟုတ် စနစ်တကျ ရေးဆွဲထားတဲ့ ဝါဒဖြန့်ချိရေး ယန္တရားတခုလား ဆိုတာ ဆန်းစစ်ဖို့ အချိန်တန်ပါပြီ” ဟု သူက ဆိုသည်။

    ဇာတ်မင်းသားကြီး ဦးမိုးမင်းသည် ဖခင်ဖြစ်သူ စိန်မာဒင်လက်ထက်မှ ညီအစ်ကိုများဖြစ်သည့် မိုးမင်း၊ မိုးဝင်း၊ မြေးများ ဖြစ်သည့် ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်းအထိ မျိုးဆက် ၃ ဆက်တိုင် အောင်မြင်မှုများ ရရှိခဲ့သော်လည်း မဟာရန်ကုန်စံပြသဘင်ကို အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်အတွင်း အပြီးတိုင် ရပ်နားခဲ့ပြီး လက်ရှိ အမေရိကန် ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်။

    သို့သော် မြန်မာပြည်သူများ၏ လူနေမှုဘဝက လွန်ခဲ့သောငါးနှစ် စစ်တပ်အာဏာသိမ်းချိန်မှစ၍ ပျက်စီးနိမ့်ကျခဲ့ရသလို ကိုဗစ်ကာလမှစ၍ ပွဲလမ်းသဘင်များ ကန့်သတ်ထားသဖြင့် ဇာတ်သဘင် အနုပညာရှင်များလည်း အလုပ်အကိုင် ဆုံးရှုံးပြီး ဝင်ငွေမရှိသဖြင့် အချို့ အဖွဲ့ဖျက်သိမ်းရသည့်အခြေအနေထိ ရောက်ခဲ့ကြသည်။

    ထို့ကြောင့် ယခု ဇာတ်ပွဲများ ပြန်လည်ခွင့်ပြုခြင်းသည် သဘင်လောကသားများ၏ အသက်မွေးဝမ်းကျောင်း ရှင်သန် လာစေရန် အခွင့်အလမ်းဖြစ်စေသည်ဟု လက်ရှိကပြ ဖျော်ဖြေနေသည့် ဇာတ်အဖွဲ့တခုမှ မန်နေဂျာက ပြောသည်။

    ၂၀၂၅ ဒီဇင်ဘာအတွင်းက လှိုင်မြို့နယ်တွင် ပြုလုပ်သည့်ပွဲ၌ တွေ့ရသော အောင်ဇဗ္ဗူ/ အောင်ဇဗ္ဗူ

    ယင်းသို့ ဇာတ်သဘင်ပွဲများ ပြန်လည် တခေတ်ဆန်းသစ်လာချိန်တွင် စမ်းရေမိုး၊ အောင်ဇမ္ဗူစသည့် မင်းသားငယ်လေးများ မှာလည်း အမျိုးသမီးကြီးငယ်တို့ကြား ထင်ပေါ်ကျော်ကြားလာခဲ့သည်။

    စမ်းရေမိုးဇာတ်ဆရာမှာ လင်္ကာဒီပအနုပညာအင်အားစု၏ ပဲ့ကိုင်ရှင် ဆီလီကွန် ရုပ်တုပညာရှင် ကိုအောင်ကျော်ထွန်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်တွင်လည်း အားကြိုးမာန်တက် ပါဝင်ခဲ့သူဖြစ်သည်။

    “ကျနော်ဇာတ်ထောင်တဲ့အချိန်တုန်းက တော်တော်မိုက်ရူးရဲဆန်တဲ့သူလို့ အပြစ်ပြောသလို တော်တော် အနုပညာကို ချစ်တဲ့သူလို့လည်း ပြောကြတယ်၊ ဒီကာလကြီးမှာ သူများဇာတ်တွေ နားပါပြီလို့ တဖွဲ့ပြီးတဖွဲ့ ပြောနေချိန်မှာ ဇာတ်အသစ်ကို မင်းသားသစ်တယောက်နဲ့ ထထောင်လို့ အဲဒီလို ပြောတာ ရင်ဆိုင်ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးကောင်းဖို့ ဖြစ်လာတာပါ” ဟု ကိုအောင်ကျော်ထွန်းက ပြည်တွင်းမီဒီယာတချို့ကို ဖြေကြားထားသည်။

    လက်ရှိဇာတ်ပွဲများကို စစ်တပ်ထိန်းချုပ်မှုအောက်ရှိ မြို့နယ်များ၌သာ ကျင်းပနေခြင်းဖြစ်ပြီး ဇာတ်အဖွဲ့အများစုသည် လာမည့် ဧပြီလကုန်အထိ ပွဲနားရက်မရှိဟု ဆိုသည်။

    ထိုသို့ စစ်ကော်မရှင်၏ ပြည်တွင်းတွင် ဇာတ်ပွဲများ၌ လူစုလူဝေးဖြင့်ပျော်ရွှင်နေကြပုံများကို လူမှုကွန်ရက်များမှတဆင့် မြင်တွေ့ရခြင်းဖြင့် တော်လှန်ရေးဒေသများမှ ပြည်သူများ စိတ်ဓာတ်ကျဆင်းပြီး တော်လှန်ရေးစိတ်ဓာတ် လျော့ကျလာစေရန် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်တဦး ဆိုသည်။

    ၎င်းက “စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ သေဆုံးနေရတုန်းမှာ ပွဲလမ်းသဘင်တွေက ပုံမှန်ဖြစ်နေပြီဆိုတဲ့ အထောက်အထား မဟုတ်ဘဲ ပုံမှန်မဖြစ်သေးဘူးဆိုတဲ့ သက်သေပဲ ဖြစ်ပါတယ်၊ လူထုကို စစ်ကော်မရှင်က ခွင့်ပြုပေးထားတဲ့ အသက်ရှုခွင့်အတုပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

    အောင်ဇမ္ဗူဇာတ်ပွဲဆိုလျှင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာပစေတီတော် (၇ ဆူဘုရားပွဲ) မှ စတင်ပြီး ပွဲကခဲ့သလို လက်ရှိပွဲများ ဆက်တိုက်ရှိရာ ဆယ်ကျော်သက် အမျိုးသမီးငယ်များသာမက အမျိုးသမီးကြီးများကပါ သဲသဲလှုပ် အားပေးနေရာ ပွဲမကမီ တလအလိုမှာပင် လက်မှတ်များ ရောင်းကုန်နေပြီဟု ဆိုသည်။

    “ဇာတ်မင်းသားတွေ တည တည သိန်းရာချီ ဆုချနေတာတွေကို မြင်ရတော့ တော်တော်ကြီး ခံစားရပြီး စိတ်မကောင်းလည်း ဖြစ်မိတယ်၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းထိုးပြီး ရွာတွေ မီးရှို့ဖျက်ဆီးခံရလို့ နေစရာမဲ့ စားဖို့ ခက်ခဲနေရှာတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုသာ ဖြည့်ဆည်းပေးရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ အတွေးတွေနဲ့ ပေါ့ဗျာ” ဟု စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှ စစ်ရှောင်အရေးကူညီနေသူတဦးက ဆိုသည်။

    ယမန်နှစ် စက်တင်ဘာလတွင် ၂၀၂၅- မင်္ဂလာအခမ်းအနားဝတ်စုံပြပွဲ၌ တွေ့ရစဉ်/ အောင်ဇဗ္ဗူ

    ဇာတ်ပွဲရုံဝင်ခမှာ ကျပ်တသောင်းခွဲ သတ်မှတ်ထားပြီး ဖျာထိုင်ခုံလက်မှတ်များမှာ အနည်းဆုံးကျပ် ၃ သောင်းမှ ၇ သောင်း ခန့်အထိ ရှိသောကြောင့် တညတာ ပွဲကြည့်ရန် လူတဦးလျှင် အနည်းဆုံး ၅ သောင်းခန့် ကုန်မည်ဖြစ်ပြီး လက်ရှိတွင် အခြေခံ လူတန်းစား အလုပ်သမားတယောက်၏ တရက် လုပ်ခမှာ ကျပ်နှစ်သောင်းခန့်သာ ရရှိသော်လည်း ဇာတ်ပွဲကြည့်ရန် အလုအယက် ဝယ်ယူနေကြကြောင်း မန္တလေးမြို့ခံများက ဆိုသည်။

    ထိုသို့ ပျော်ပွဲရွှင်ပွဲများ၏ နောက်ကွယ်တွင် စီပွားရေးအမြတ်ထုတ်မှုများလည်း ပါဝင်နေရာ ဖျော်ဖြေပွဲများကို အကြောင်းပြုပြီး လောင်းကစားဝိုင်းနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ ခွင့်ပြုပေးပြီး ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် အာရုံလွှဲရန် စစ်တပ်က ကြိုးစားနေသည်။

    “ဖျော်ဖြေရေးတွေနဲ့ စနစ်တကျ အာရုံလွှဲတာ၊ အနုပညာနဲ့ မှိုင်းတိုက်တာမျိုးပေါ့၊ ဇာတ်ပွဲတွေ ပွဲလမ်းသဘင်တွေနဲ့ လူထုကို အာရုံပြောင်းစေပြီး တကယ့်အရေးကြီးတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကို မေ့လျော့နေအောင် တကယ့် အရှိတရားကို ဖုံးကွယ်ထားတဲ့ ပုံရိပ်တုဆိုတာကို ကမ္ဘာကလည်း သိကြပါတယ်” ဟု ဇာတ်မင်းသားကြီး ဦးမိုးမင်းက ပြောသည်။

    ယင်းသို့ ပွဲလမ်းသဘင်များ ပြုလုပ်နေချိန်တွင် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှု (သို့မဟုတ်) စစ်ကော်မရှင် ကိုယ်တိုင် ဖန်တီးသော ဗုံးပေါက်ကွဲမှု အန္တရာယ်ရှိလာနိုင်ကြောင်း၊ ပေါက်ကွဲမှုများနှင့် လူထိခိုက်သေဆုံးမှုများ ရှိလာပါက တော်လှန်ရေးအဖွဲ့များအပေါ် လူထု အထင်မြင်လွဲမှားစေရန် လုပ်ဆောင်လာနိုင်ကြောင်း ပြည်ပရောက် သဘင်ပညာရှင်များ နှင့် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

    ဇာတ်သဘင်ဟူသည် ယခင်က စင်မြင့်ပေါ်မှနေ၍ အနုပညာလက်နက်ဖြင့် လူထုအသံကိုယ်စားပြုဖော်ပြခဲ့ရာမှ ယခုအခါ စစ်အာဏာရှင်၏ လက်ပါးစေဖြစ်လာပြီလားဟု သဘင်ချစ်သူတို့က မေးခွန်းထုတ်နေကြသည်။

    “အနုပညာရှင်တယောက်ရဲ့တာဝန်က လက်နက်ကိုင်ဖို့ မလိုပါဘူး၊ တိုက်ပွဲတွေထဲ ပါဝင်စရာ မလိုပါဘူး၊ ဖိနှိပ်ရက်စက်မှု တွေကို အားမပေးဖို့ဘဲ လိုတာ၊ ငြိမ်သက်နေခြင်းက တခါတရံ ကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ၊ အနုပညာဟာ လူထုအတွက်ပါ၊ အာဏာရှင်ကို အားဖြည့်ပေးဖို့ မဟုတ်ပါဘူး” ဟု ဇာတ်မင်းသားကြီး ဦးမိုးမင်းက ပြောသည်။

  • ဗိုလ်နဂါးရဲ့ လိင်ကျွန်ငရဲခန်းကို ရက် ၆၀ ဖြတ်သန်းခဲ့ရသည့် အမျိုးသမီးငယ် ၂ ဦး

    ဗိုလ်နဂါးရဲ့ လိင်ကျွန်ငရဲခန်းကို ရက် ၆၀ ဖြတ်သန်းခဲ့ရသည့် အမျိုးသမီးငယ် ၂ ဦး

    “ရော့ . . . အဲဒီမှာ ပေါက်ပြားတွေကို ကိုင်၊ နင်တို့ သေတွင်းကို နင်တို့ တူးကြ”

    ဗိုလ်နဂါးက အမိန့်ပေးလိုက်သည်နှင့် ပေါက်ပြား၊ ပေါက်တူးများက အသက် ၁၆ နှစ်သာ ရှိသေးသော သမီးငယ် မဝါဝါ (အမည်လွှဲ)ကို ရင်ခွင်တွင်းထည့်ပွေ့ထားသည့် မိခင်ရှေ့သို့ အရှိန်နှင့် ပြုတ်ကျလာသည်။

    BNRA လက်နက်တိုက် ပေါက်ကွဲမှုတွင် သံသယရှိသဖြင့် စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်မှာ ဗိုလ်နဂါးက ပုလဲမြို့နယ်()ရွာမှ အသက် ၁၇ နှစ်အရွယ် မဇာဇာ(အမည်လွှဲ)၊ အသက် ၁၆ နှစ်အရွယ် မဝါဝါ(အမည်လွှဲ) အပါအဝင် မိသားစုဝင် ၆ ဦးကို ပွိုင့်ကုန်းစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်သည်။

    ရက် ၂၀ ခန့် ဖမ်းဆီးချုပ်နှောင်စစ်ဆေးခံရပြီးနောက် အပြစ်မရှိသဖြင့် ပြန်လွှတ်ပေးဖို့ မိသားစုဝင် ၆ ဦးစလုံးက ဗိုလ်နဂါးကို တောင်းပန်ကြသည်။ ဗိုလ်နဂါးက ပြန်လွှတ်ပေးမည်။ သို့သော် ဝါဝါ နှင့် ဇာဇာ ကို စခန်းမှာ ထမင်းချက်ဖို့ ထားခဲ့ရန် ပြောသည်။

    “ခလေးတွေ နှစ်ယောက်ကို ထမင်းချက်လိုက်ခဲ့တဲ့၊ ကျမ သမီးလေးတွေ ခံထားရတာလေ၊ သူတို့လုပ်ရပ်က ဘယ်လိုတုန်းဆိုတာ ကျမ သိတယ်၊ ကျမ အနေနဲ့ တွက်ကြည့်လိုက်ပါဦး၊ ဘယ်လိုစိတ်နဲ့ မိခင်တယောက်အနေနဲ့ ကျမက ထည့်ရပါ့မလဲ၊

    သူတို့ရဲ့ စိတ်နေသဘောထားကို ကိုယ်ခံထားရပြီးမှတော့ ကျမ သိတယ်လေ၊ ဘယ်လို ယုံကြည်မှုမျိုးနဲ့ သူတို့လက်ထဲကို ကျမ သမီးလေးနဲ့ ကျမ တူမလေးကို ထည့်ရက်မှာလဲ၊ ကျမ သမီးကို မထည့်နိုင်ဘူး၊ ခွဲလည်း မခွဲနိုင်ဘူး”

    အသက် ၁၆ နှစ်အရွယ် မဝါဝါ ၏ မိခင်က သမီးဖြစ်သူကို တင်းကြပ်နေအောင်ဖက်ထားပြီး ဗိုလ်နဂါး၏ တောင်းဆိုမှုကို ငြင်းဆိုလိုက်သည်။

    “သွား၊ အဲဒီသားအမိနှစ်ယောက်ကို ဆွဲထုတ်၊ သူတို့ သေတွင်းကို သူတို့ တူးပလေ့စေ၊ သူတို့ နှစ်ယောက်ကို သေတွင်းတူးခိုင်းပြီးတော့ သူတို့ကို မြှုပ်ပစ်လိုက်”

    ဗိုလ်နဂါးက ရဲဘော်တွေကို ထပ်မံအမိန့်ပေးသည့်အခါ ဝါဝါ နှင့် ဇာဇာ သမီးငယ်နှစ်ဦးစလုံးမှာ မိဘတွေကို အသက်အန္တရာယ်ကျရောက်မည့်ဘေးကို ကြောက်လန့်သဖြင့် ဗိုလ်နဂါးကို ရှိခိုးတောင်းပန်ပြီး ရှိုက်ကြီးတငင်ငိုကြွေးကာ ဗိုလ်နဂါး ခေါ်ဆောင်ရာသို့ လိုက်ပါသွားခဲ့ရသည်။

    🔹လွန်ခဲ့သည့် ရက် ၂၀

    BNRA တပ်ဖွဲ့ဝင်အချို့ ကားအနက် တစင်းဖြင့် ရောက်လာပြီး မိသားစုဝင်အားလုံးကို စစ်ဆေးမေးမြန်းရန်ရှိသည်ဟု ဆိုကာ စခန်းတခုသို့ ညနေ ၆ နာရီ ဝန်းကျင်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်။

    ကျန်မိသားစုဝင်များအနက်မှ မဝါဝါကို သီးခြား ခေါ်ထုတ်၍ ဗိုလ်နဂါးက လက်ပြန်ကြိုးနှစ်ထပ်တုပ်ကာ မျက်နှာကိုလည်း ပဝါနှစ်ထပ်စည်းသည်။ ပြီးလျှင် မုန့်များကို အတင်းခွံ့ကာ ပဲနို့ကိုလည်း အတင်းတိုက်သည်။

    “သမီးကို သူနဲ့ အတူ မအိပ်ဘူးဆိုရင် လွှတ်မပေးဘူး၊ နင့် မိဘတွေကိုလည်း မလွှတ်ပေးဘူး၊ အဲလိုမျိုးမှ မလုပ်ဘူးဆိုလို့ရှိရင် နင်တို့ အကုန်လုံးကို အမဲဝိုင်းဖြတ်မှာတဲ့” ဟု သမီးငယ် မဝါဝါက ပြောသည်။

    ည ၈ နာရီထိုးသည်အထိ သမီးငယ် ပြန်မရောက်လာသဖြင့် မိခင်ဖြစ်သူက BNRA ရုံးတာဝန်ခံတဦးကို မေးမြန်းရာမှ နာရီပိုင်းအတွင်း မဝါဝါ မှာ မိခင်ဆီသို့ ငိုယိုပြီး ပြန်ရောက်လာသည်။

    “သမီးက အန်တာတွေရော ငိုတာတွေရောဆိုတော့ သမီး ဘာဖြစ်တာလဲပေါ့၊ သမီးက တော်တော်နဲ့ ပြန်မပြောဘူး၊ ကျမ သမီးလေးကို လက်ကို ကြိုးတုပ်ထားတဲ့ ဒဏ်ရာက တော်တော်နဲ့ မပျောက်ဘူး၊ တကယ်လို့ ကျမတို့က လုပ်ခဲ့လို့ အပြစ်ရှိလို့ရှိရင် သတ်ပစ်လိုက် အဲဒီညကတည်းက အပိုင်းပိုင်း ခုတ်ပစ်လိုက် ကျမတို့ ခံနိုင်တယ်၊ အခု အပြစ်မရှိဘဲနဲ့ ကျမ သမီးလေး အသက်မပြည့်သေးဘဲ မုဒိန်းအကျင့်ခံရတာ တွက်ကြည့်လိုက်စမ်းပါဦး ကျမ မိခင်တယောက်အနေနဲ့ ဘယ်လိုခံစားရမလဲဆိုတာ”ဟု ဆိုရင်း မဝါဝါ ရဲ့ မိခင်မှာ ချုံးပွဲချ ငိုပါတော့သည်။

    လက်နက်တိုက်ပေါက်ကွဲသည့်ကိစ္စနှင့် မသက်ဆိုင်ကြောင်း စစ်ဆေးသိရှိသော်လည်း မဝါဝါက ဗိုလ်နဂါး မုဒိန်းကျင့်သည့်ကိစ္စကို ပြန်ပြောသဖြင့် မိသားစုဝင်များကို ပြန်မလွှတ်ဘဲ ဆက်လက်ချုပ်ထားခဲ့သည်။

    ရက် ၂၀ မြောက်နေ့တွင် အချုပ်ခန်းမှ အပြင်သို့ထုတ်ပြီး ပေါက်ပြား၊ ပေါက်တူးများ ပစ်ချကာ ခြိမ်းခြောက်အကြပ်ကိုင်၍ ဗိုလ်နဂါးက သမီးငယ်နှစ်ဦးကို စခန်းသို့ ခေါ်ဆောင်ပြီး ကျန်မိသားစုဝင်များကို ပြန်လွှတ်ပေးခဲ့သည်။

    🔹ငရဲခန်း ရက် ၆၀

    ဝါဝါ နှင့် ဇာဇာ သမီးငယ် နှစ်ဦးမှာ ဗိုလ်နဂါးစခန်းသို့ ရောက်သည်နှင့် နေရာခွဲထားခံရသည်။ ဗိုလ်နဂါး၏ အနီရောင်ဆေးခြယ်ထားသော နှစ်ထပ်ရှိသည့် အခန်းငယ်လေး၏ မလှမ်းမကမ်းအဆောင်တွင် ဇာဇာကို ထားသည်။

    “ဇာဇာ အကို့ကို လာနင်းပေးဦး ဆိုပြီး မနက် ၃ နာရီထိုးကြီးလည်း လာနှိုးခေါ်တယ်၊ တရက် မလိုက်ချင်လို့ မျက်နှာသစ်တဲ့ကန်နား သွားရှောင်နေလည်း အနောက်ကနေ လိုက်ခေါ်တယ်၊ အဲဒါ မိုးရေကြီးထဲ ဝါဝါ ရှိတဲ့ အဆောင်ကို မီးမပါဘဲ ပြေး၊ ခလုတ်တွေလည်း တိုက်၊

    အနွေးထည်ဝတ်ပြီး အိမ်သာထဲပုန်းနေရတယ်၊ သူခေါ်လောက်မယ့် ညတွေဆိုရင် အိမ်သာထဲ သွားထိုင်နေရတာ၊ တော်တော်နဲ့ မထွက်ရဲဘူး၊ နေ့ခင်းကြီးလည်း ရေချိုးဖို့သွားတာမျိုးဆိုရင် မြင်လို့ရှိရင် သူက လှမ်းခေါ်တာ၊ နေ့ခင်းတွေလည်း ခေါ်အိပ်တယ်” ဟု မဇာဇာက ပြောသည်။

    “ဇာဇာ့ကို ခေါ်တဲ့နေ့ သမီးကို မခေါ်ဘူး၊ သမီးကို ခေါ်တဲ့နေ့ ဇာဇာ့ကို မခေါ်ဘူး၊ တလှည့်စီ ခေါ်တာ၊ ဟိုတယောက် မန္တလေးက အစ်မကတော့ အဖမ်းခံထားရတာ သုံးနှစ်လောက်ကြာပြီ၊ သမီးတို့ရောက်တော့ အဲဒီအစ်မကို သိပ်မခေါ်တော့ဘူး၊ သုံးခါလောက်ပဲ အခေါ်ခံရတယ်” ဟု မဝါဝါ က ဆိုသည်။

    တယောက်တလှည့် တရက်စီ နေ့စဉ် ဗိုလ်နဂါးက အလိုရှိသည့်အတိုင်း လိင်ကျွန်လို ပြုကျင့်ခြင်းကို သမီးငယ်နှစ်ဦးမှာ ခါးစည်းခံခဲ့ကြရသလို ဖမ်းဆီးထားသည့် စစ်သားမယားဆိုသူ ကလေးနှစ်ယောက်အမေ ဖူးမြတ်ကိုလည်း ရံဖန်ရံခါ ခေါ်ယူ၍ ဗိုလ်နဂါးက ဆက်ဆံလေ့ရှိသည်ကိုလည်း တွေ့ခဲ့ရသည်ဟု ဆိုသည်။

    “ရဲဘော်တွေရှေ့ဆိုရင် ဇာဇာရေ လိုက်ခဲ့ဦး အကို့ကို နင်းပေးဦး ဆိုပြီး ခေါ်ခေါ်သွားတာ၊ သမီးနဲ့ကျ အဆောင်ချင်းနီးတော့ ရဲဘော်တွေ အိပ်သွားတဲ့အချိန်ကျရင် ဇာဇာ အကို့ကို လာနင်းပေးပါဦး တံခါးကို ထုတယ်၊ ထုလည်း သမီးက မထွက်ဘူး၊ အဲဒီကျရင် နင် ငါ့အကြောင်း သိချင်တာလား ဆိုပြီး တံခါးကြီး ပစ်ဆောင့်ထိုးချတဲ့အခါ သမီးလည်း ကြောက်ပြီးမှ လိုက်သွားရတာ သူ့အခန်းထဲကို”

    မဇာဇာက ဗိုလ်နဂါး၏ ယုတ်မာမှုကို ပြန်ပြောင်းပြောရင်း မျက်ရည်များ စီးကျလာသည်။

    “အကို့အရွယ်က သမီးတို့ အဖေအရွယ်၊ ဦလေးအရွယ်လောက်ရှိတာ အကို နှမသားချင်းစာနာပါလို့ ၊ အကို့ကိုလည်း ဗိုလ်နဂါးလို့ စသိကတည်းက ဘုရားတဆူလို သမီးတို့က ကိုးကွယ်ခဲ့တာ၊ အသံကြားရုံနဲ့ကို တကယ်ကို လေးစားခဲ့ရတာ အဲဒီလို ပြောတာ တောင်းပန်တာလည်း မရဘူး၊ ဘယ်လိုပြောပြောကို မရဘူး သမီးတို့မှာ ထိုင်ငိုချခဲ့ရတယ်” ဟု မဝါဝါက ပြောသည်။

    တခါတွင် သမီးငယ်ဇာဇာကို ခံပြောရမလားဆိုပြီး ဗိုလ်နဂါးက ဇာဇာ၏ ဆံပင်ကို ဆောင့်ဆွဲ၍ နံရံနှင့် ပစ်တိုက်ကာ အကြမ်းဖက်သဖြင့် တညလုံး ရှိခိုးပြီး ငိုယိုတောင်းပန်ခဲ့ရသည်ဟု ဆိုသည်။

    🔹ရဲဘော်အချို့ ထွက်ပြေးကြ

    ဝါဝါ နှင့် ဇာဇာ တို့မှာ နေ့စဉ် ထမင်းချက်၊ ရေခပ်ပြီးသည်နှင့် စိုက်ခင်းထဲသို့ ဆင်းရပြီး ပေါင်းနှုတ်ရသည်။ အနီးရှိ ချောင်းမှ မြေများကို သယ်ကာ လယ်ကွက်ထဲသို့ ဖြူးရသည်။ ဗိုလ်နဂါးအဝတ်တွေကိုလည်း လျှော်ဖွတ်ရတဲ့အပြင် အလိုရှိတိုင်း ခေါ်ယူပြီး လိင်ကျွန်သဖွယ် စိတ်ရှိတိုင်း မတရားပြုကျင့်တာကို ရက်ပေါင်း ၆၀ ခန့် ကြောက်လန့်စွာ ဖြတ်သန်းခဲ့ကြရသည်။

    “နေ့ခင်းလည်း မနားရဘူး၊ ညဆိုလည်း ၁၁ ၁၂ မအိပ်ရဲဘူး၊ အိမ်သာထဲပဲ ထိုင်နေရတာ၊ သူခေါ်မှာ ကြောက်လို့ သူခေါ်ချင်မိရင် မရဘူး ၊ သမီးတို့မှာ အိပ်ချင်လို့ရှိရင် အိမ်သာထဲ သွားသွားငိုက်ရတာ၊ မီးဖိုချောင်ထဲမှာ ကြွပ်ကြွပ်အိတ်တွေ ခင်းပြီး သမီးတို့မှာ စုအိပ်ရတာ၊ သူက ၃ နာရီခေါ်မယ်ဆိုရင် ၂ နာရီလောက်ထဲက ထပြီး မီးဖိုချောင်ထဲ သုံးယောက် စုအိပ်နေရတယ်၊ သုံးယောက်အတူတူရှိနေရင် ဗိုလ်နဂါးက မခေါ်ရဲဘူး၊ ဒါပေမဲ့ ညမရရင် နေ့ဘက် ရအောင် ခေါ်တာပဲ” ဟု မဇာဇာက ဆိုသည်။

    ကလေးမနှစ်ယောက်လုံး နေ့တိုင်း ငိုငိုနေကြသည်ကို ရဲဘော်တွေက တွေ့ဖန်များလာသောအခါ တချို့ရဲဘော်တွေက ရိပ်မိလာကြသလို ဗိုလ်နဂါး သက်ငယ်မုဒိန်းတင်မက လိင်ကျွန်ပြုနေသည်ကို သိသွားကြသဖြင့် ထွက်ပြေးသွားကြသည့် ရဲဘော်တွေလည်း ရှိသည်ဟု ဆိုသည်။

    ဝါဝါ နှင့် ဇာဇာ တို့ ရောက်ခါစက ဗိုလ်နဂါး အနီးတွင် ကိုယ်ရံတော် ၉ ဦးရှိခဲ့သော်လည်း အသီးသီး ထွက်ပြေးသွားကြရာ ၃ ယောက်ပဲ ကျန်သည်။ မဝါဝါ ၏ အကိုအရင်း ဖြစ်သူ အသည်းအသန်နေမကောင်းဖြစ်သည့်အခါမှ သမီးငယ်နှစ်ဦးကို ဗိုလ်နဂါး ပြန်လွှတ်ပေးခဲ့သည်။

    မဝါဝါ၏ အကို ဆုံးပါးအပြီး တလ ကြာသည့်အခါ BNRA မှ ဗိုလ်နက်ကျော် ဦးဆောင်သော လက်နက်ကိုင် ၇ ဦး ပါရှိသည့် အဖွဲ့က ည ၁၀ နာရီအချိန်တွင် ဝါဝါ နှင့် ဇာဇာ တို့ နေထိုင်ရာ ကျေးရွာသို့ ရောက်ရှိလာပြီး ထပ်မံခေါ်ဆောင် ဖမ်းဆီးရန် ကြိုးပမ်းသဖြင့် ဒေသခံများက ဝိုင်းဝန်းတားဆီးလုယူခဲ့ကြရသည်။

    “ကျမ သမီးလေးတွေက ရှိခိုပြီး ဆရာရယ် ထမင်းချက်လိုက်ဆိုလည်း လိုက်ပါ့မယ်၊ ကြောက်ကြောက်လန့်လန့်နဲ့ ငိုယိုပြီး လိုက်သွားကြရတာ၊ အဲဒီညတုန်းက ကျမ သမီးလေးနဲ့ ကျမတူမလေးကို ခေါ်သွားတာ အဲဒီဖြစ်ရပ်ကို ကျမ ဘယ်တော့မှ မမေ့ဘူး”မဝါဝါ ၏ မိခင်ဖြစ်သူက စကားဆက်မပြောနိုင်တော့ဘဲ ငိုကြွေးပါတော့သည်။

    အခြား လူသတ်မှု၊ အကြမ်းဖက်မှုတွေ အပြင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်နှစ်ဦးကို မုဒိန်းကျင့်၊ လိင်ကျွန်ပြုခဲ့သည့် ဗိုလ်နဂါးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၀၆ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးရန် ထိန်းသိမ်းဖမ်းဆီးဖို့ ကြိုးပမ်းခဲ့သည်။

    သို့ရာတွင် စစ်တပ်က တော်လှန်ရေးအတွင်း သွေးခွဲသပ်လျှိုရန် မြှုပ်နှံထားသည့် ဗိုလ်နဂါးကို အခြား စစ်တပ်နှင့် ဆက်စပ်ကွန်ရက်များ ပေါ်ပေါက်မည်စိုးသဖြင့် ရဟတ်ယာဉ်နှင့် အရေးပေါ် လာရောက်ကယ်ထုတ်သွားခြင်းကြောင့် ဗိုလ်နဂါးမှာ လွတ်မြောက်သွားခဲ့သည်။

  • ပန်းတောင်း ကပစ-၁၆ သို့ စစ်ကော်မရှင်က အင်အား ၄၀၀ ခန့် ဖြည့်တင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် တောတောင်များ မီးလောင်ကျွမ်း

    ပန်းတောင်း ကပစ-၁၆ သို့ စစ်ကော်မရှင်က အင်အား ၄၀၀ ခန့် ဖြည့်တင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် တောတောင်များ မီးလောင်ကျွမ်း

    ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်အတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ -၁၆ သို့ စစ်ကော်မရှင်က စစ်ယာဉ်တန်း ၂၀ ဖြင့် အင်အား ၄၀၀ ခန့် ဖြည့်တင်းလာကြောင်း သိရသည်။

    ယခုရက်ပိုင်းအတွင်း မသုန်ကျေးရွာဘက်သို့ ရောက်ရှိလာသည့် အဆိုပါ စစ်အင်အားများ သည် ကပစ-၁၆ ကို ကာကွယ်ရန် ပို့ဆောင်ခြင်းဖြစ်ပြီး၊ အနီးဆုံး ခံစစ်စခန်းဖြစ်သည့် ပွိုင့် ၂၈၈ ကျောက်တောင်ကုန်းမှနေ၍ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်လျက်ရှိသည်။

    “ကပစ ၁၆ အနီးဆုံးစခန်းကနေ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်နေတာ။ အနီးနားက အပင်တွေ တောတွေမီးတွေလောင်ပြီး ကောင်းကင်တစ်ခုလုံးပြာမှုန်တွေနဲ့အပြည့်ပဲ”ဟု သတင်းရင်းမြစ်က ပြောသည်။

    မသုန်ကျေးရွာရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၆ နှင့်အနီးဆုံးဖြစ်သည့် ခံစစ်စခန်း ပွိုင့် ၂၈၈ ကျောက်တောင်ကုန်းမှနေ၍ လက်နက်ကြီးများနှင့် နေ့စဉ်ပစ်ခတ်လျက်ရှိသည့်အတွက် အနီးရှိ တောတောင်များ မီးလောင်ကျွမ်းနေကြောင်း သိရသည်။

    ကာကွယ်ရေးစက်ရုံကို AA ထိုးစစ်ရောက်ရှိရန် တပ်စခန်း ၃ ခုသာကျန်ရှိတော့သည့်အတွက် စစ်ကော်မ ရှင်က နယ်မြေပေါင်းစုံမှ ထုတ်နုတ်စစ်အင်အားများပို့ဆောင်နေသည့်အပြင် ဥသျှစ်ပင်ကျေူရွာတစ်ဝိုက်ရှိ တလုပ်ပင်၊ ကျွဲရဲ၊ မြေဝါမှန်ကုန်း၊ လယ်တီ၊ သံလယ်ကြီးစသည့်ကျေးရွာများမှ ဒေသခံများကို စစ်မှု ထမ်းရန် ပေါ်တာဆွဲနေကြောင်း သိရသည်။

    ပွိုင့် ၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော် (AA ) သိမ်းဆည်းလိုက်ပြီးနောက် ရခိုင်ရိုးမအောက်ခြေ သူရဲတန်းကြိုးဝိုင်းအတွင်း နေ့စဉ်နီးပါး တိုက်ပွဲများပြင်းထန်နေသည်။

    ပွိုင့် ၆၆၆ စခန်းကုန်းမှနေ၍ AA တပ်များ နောက်ပြန်ဆုတ်ခဲ့ရပြီး စစ်ကော်မရှင်ဘက်မှ တိုက်စစ်ဆင်နိုင်သွားပါက တောင်ကုတ်လမ်းကြောင်း ပွင့်သွားနိုင်သည့်အတွက် နှစ်ဖက်လုံးအတွက် အရေးပါသည့်စစ်ဒေသဇုန်ဖြစ်နေသည်ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုထားသည်။

    ‎ရေကြည် အမြောက်တပ် ၃၄၄အနီး စစ်ကော်မရှင်နှင့် AAတို့ တိုက်ပွဲပြင်းထန်

    ‎ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်း အမြောက်တပ်အနီး စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် AAတို့ တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။

    ‎အမြောက်တပ် ၃၄၄ရှိရာ မြောက်စမ်းနှင့် သီတာကုန်းပြင်ဒေသတို့တွင် ယခု ဖေဖော်ဝါရီ တတိယပတ်မှစတင်ကာ တိုက်ပွဲများပြန်လည်ပြင်းထန်လာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ‎”မြောက်စမ်းနဲ့ သီတာကုန်းပြင်မှာ တိုက်ပွဲဖြစ်နေတာပါ” ဟု သတင်းရင်းမြစ်က အတည်ပြု ပြောသည်။

    ‎မြောက်စမ်းနှင့် သီတာကုန်းပြင်ဒေသမှာ AAတပ်ဖွဲ့များက ထိုးစစ်ဆင်ခဲ့ပြီး အမြောက်တပ် ၃၄၄ ၏ ဘန်ကာများကို လက်နက်ကြီးများနှင့် ပစ်ခတ်နိုင်သည်အထိ စစ်ဆင်ရေး ကြီးကြီးမားမားပြုလုပ်နိုင်ခဲ့သည့် နေရာဖြစ်သည်။

    ‎ကျုံပျော်မှတပ်ရင်းများနှင့် စစ်မှုထမ်းတပ်သားသစ်များကို စစ်ကော်မရှင်က အင်အားဖြည့်တင်းခဲ့ပြီးနောက် အဆုံးအဖြတ်တိုက်ပွဲမျိုးမရှိတော့ဘဲ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများသာရှိခဲ့သည်။

    ‎ရေကြည်နှင့် လေးမျက်နှာတို့တွင် AAက စစ်စခန်းအများစုကို ၂၀၂၅ခု အစောပိုင်းအတွင်းက သိမ်းယူနိုင်ခဲ့သော်လည်း စစ်ကော်မရှင်က မူလခြေကုတ်စခန်းအချို့ကို ပြန်လည်ထိန်းချုပ်လာကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

    ‎စစ်ကော်မရှင်က သာပေါင်းမှတဆင့် ဂွကိုစစ်အင်အားအလုံးအရင်းနှင့် ပြန်လည် သိမ်းယူမည်ဖြစ်ကြောင်း စစ်တပ်ထောက်ခံသူများက ဝါဒဖြန့်မှုများပြုလုပ်လာသည်။

    ‎သို့သော် သာပေါင်း- သဲဖြူ- မကျည်းဇင်လမ်းရှိ စစ်ကော်မရှင် စခန်း ၃ခုအထိ AAက သိမ်းပိုက်သွားသည့်အတွက် စစ်ကော်မရှင်၏ တပ်ရင်းမှူးနှင့် ဗျူဟာမှူးကို ပြန်လည်ဖမ်းဆီးသည်အထိဖြစ်ခဲ့သည်။

    ‎နတ်ရေကန်အနီးတိုက်ပွဲပြန်ဖြစ်နေပြီး စစ်ကော်မရှင်က စစ်ကူနှင့် ခဲယမ်းများပို့ဆောင်ကာ လက်နက်ကြီးများဖြင့် ပစ်ကူနေ

    ‎မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်တွင် စစ်ကော်မရှင်နှင့် AAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်၏ အမြောက်တပ်များမှ ပစ်ကူပေးနေကြောင်း သိရသည်။

    ‎ဆုံကုန်းအခြေစိုက် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ ၉၀၅ နှင့် အမြောက်တပ် အမတ ၄၀၉မှ နတ်ရေကန်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ‎”နတ်ရေကန် ကမ္ဘာလုံးစခန်းဘက် တိုက်ပွဲပြန်ရှိနေပုံရတယ်။ အမြောက်တပ်က ဆက်တိုက်ပစ်နေတယ်။ ပြီးတော့ ဒရုန်းတွေလည်းတက်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    ‎ပဒါန်းဘက်မှ စစ်ကော်မရှင်၏ အင်အားအပြည့်ပါ ကားသုံးစီး မစခ ၉၀၅အတွင်းဝင်ရောက်လာပြီး ယမန်နေ့ ဖေဖော်ဝါရီ ၁၇ရက် နေ့လယ်ပိုင်းတွင် ဇင်ပြွန်းရွာမှတဆင့် ရိုးပေါ်ကို ဆက်လက်တက်သွားကြောင်း သိရသည်။

    ‎စစ်ကော်မရှင်က အရပ်သုံးယာဉ်သုံး၍ ခဲယမ်းများတင်ဆောင်လာသည့် ကားတစ်စီးမှာလည်း စာတက်တူမှ လမ်းဟောင်းအတိုင်း နတ်ရေကန်ကို ပိုဆောင်နေခြင်းဖြစ်သည်။

    ‎တိုက်ပွဲမဖြစ်ပွားမီ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်းက မစခ ၉၀၅မှ ဒရုန်းများဖြင့် လမ်းသစ်၊ လမ်းဟောင်း နှစ်လမ်းလုံးကို ကင်းထောက်မှုများရှိခဲ့ပြီး စစ်ကူများကို အမြောက်တပ်အတွင်း စုစည်းနေကြောင်း သိရသည်။

  • ဗိုလ်နဂါးအဖွဲ့ကို အမှု ၁၀ မှုကျော်အတွက် ဖမ်းဆီးနိုင်ရေး ဝင်ရောက်စီးနင်းခြင်းဖြစ်ဟု NUG ပြော

    ဗိုလ်နဂါးအဖွဲ့ကို အမှု ၁၀ မှုကျော်အတွက် ဖမ်းဆီးနိုင်ရေး ဝင်ရောက်စီးနင်းခြင်းဖြစ်ဟု NUG ပြော

    မုဒိမ်းမှု၊ လူသတ်မှုများဖြင့် အမှုဖွင့်ခံထားရသော BNRA အဖွဲ့ ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးက စစ်တပ်နှင့်ပူးပေါင်း

    BNRA အဖွဲ့ ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးက အလင်းဝင်ရောက်လာကြောင်း အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

    ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးသည် ၎င်း၏ မိသားစုဝင်များနှင့် တပ်မတော် လုံခြုံရေးစခန်းမှ တစ်ဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    နဂါးသည် ယနေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပုလဲမြို့နယ် အတွင်းရှိ စစ်စခန်းတစ်ခုထံကို ဆက်သွယ်၍ လက်နက်မျိုးစုံ ၆ လက်နှင့် ဆက်စပ်ပစ္စည်းများ ယူဆောင်လာ၍ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

    စစ်တပ်ထံသို့ အလင်းဝင်သွားသော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ထင်လင်း(ခ) ဗိုလ်နဂါး အပါအဝင် တပ်ဖွဲ့ဝင်များ၏ ရာဇဝတ်ပြစ်မှုကျူးလွန်မှုများနှင့် ပတ်သက်သည့် တိုင်တန်းချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ယနေ့ ထုတ်ပြန် အသိပေးသည်။

    ဗိုလ်နဂါး ကျူးလွန်သည့် ပြစ်မှု တိုင်တန်းချက်များတွင် မုဒိန်းကျင့်ရန် ကြံစည်သည်ဟု စွပ်စွဲပြီး လူသတ် ၊ အလောင်းဖျောက်သည့်အမှု (ပထမသတင်းပေးတိုင်တန်းချက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃ တပ်ဖွဲ့ဝင် မင်းထက်နိုင်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု (ပထမ သတင်းပေးတိုင်တန်းချက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ)၊ ပကဖ ရဲဘော် ၁၀ ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့်နှိပ်စက်ခြင်း (ယင်းမာပင် ပလဖ စခန်း (ပ) ၈၉/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၅၃၅ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိ၊ အမျိုးသမီးငယ် ၂ ဦးကို သက်ငယ်မုဒိန်းမှု ကျူးလွန်ခြင်း (ပုလဲ ပလဖ စခန်း (ပ) ၃/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၀၆ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိ)၊ ဥယျာဉ်နယ်မြေတွင် ဆင်မ ပိုးအိစံ အား သတ်ဖြတ်ခုတ်ထစ် မီးရှို့မှု (ယင်းမာပင် ပလဖ စခန်း (ပ) ၁၄/၂၆ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိ)၊

    NUG ဂိတ်စခန်းအား စီးနင်းပြီး တာဝန်ရှိသူများကို ရိုက်နှက်ဖမ်းဆီးမှု ၊ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှု (ပုလဲ ပလဖ စခန်း (ပ) ၄/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိ)၊ုယင်းမာပင်ခရိုင် တပ်ရင်း ၄ မှ PDF ရဲဘော် ဂတုံးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု (ပထမ သတင်းပေး တိုင်တန်းချက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ) တို့ဖြစ်ကြောင်း သိရှိရသည်။

    ဗိုလ်နဂါး နှင့် BNRA တပ်ဖွဲ့ဝင်များ ကျူးလွန်ခဲ့သည့် ရာဇဝတ်ပြစ်မှုများ အတွက် သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့က ရဲလုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုဖွင့်ဆောင်ရွက်ရာ ကျူးလွန်သူများကို စစ် ဆေးနိုင်ရေးအတွက် လွှဲပြောင်းအပ်နှံပေးရန် အကြောင်းကြားခဲ့ သော်လည်း ကျူးလွန်သူများကို လွှဲပြောင်းပေးအပ်ခြင်း မရှိခဲ့ကြောင်း ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အသိပေးသည်။

    ဖေဖော်ဝါရီ ၁၇ ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့်ကာကွယ်ရေးဝန်ကြီးဌာန၏ အကူအညီဖြင့် ရာဇဝတ်ပြစ်မှု ကျူးလွန်ကြောင်း တိုင်ကြားခံရသူတွေကို စုံစမ်းစစ်ဆေးနိုင်ရေး ဖမ်းဆီးထိန်းသိမ်းနိုင်ရန် ဆောင်ရွက် ရာ BNRA တပ်ဖွဲ့ဝင်အချို့က အသာတကြည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ပြန်လည်ခုခံသည့် အတွက် ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိမှာတော့ BNRA တပ်ဖွဲ့ဝင်အချို့ကို လက်နက်များနှင့် အတူ ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရှိရသည်။

    ယင်းအပြင် BNRA တပ်ဖွဲ့ဝင် ၁၅၀ ဦးခန့်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)များထံသို့ ချိတ်ဆက်ပြီး အဖမ်းခံခြင်း၊ လာရောက်ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် လက်နက် အပ်နှံမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

    ဗိုလ်နဂါး ဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) စခန်းအချို့ကို ဝင်ရောက်စီးနင်းရခြင်းသည် လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် ကျူးလွန်ထားသော ရာဇဝတ်မှု ၁၀ မှုကျော်အတွက် တရားခံများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူထံမှ သိရသည်။

    BNRA အဖွဲ့ခေါင်းဆောင် ထင်လင်း(ခ)ဗိုလ်နဂါး ကျုးလွန်ထားသည့်အမှုများနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်ထားမှု အခြေအနေများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်။

    Ministry of Home Affairs and Immigration – Myanmar

  • BNRA အဖွဲ့ဝင် ၁၅၀ ခန့် NUG နဲ့ ပူးပေါင်း၊ ပုလဲနယ်ကို အနီရောင်အဆင့် တပ်လှန့်ထား

    BNRA အဖွဲ့ဝင် ၁၅၀ ခန့် NUG နဲ့ ပူးပေါင်း၊ ပုလဲနယ်ကို အနီရောင်အဆင့် တပ်လှန့်ထား

    NUG ရဲ့ ခြောက်နာရီကျော်ကြာ စီးနင်းတိုက်ခိုက်မှုအတွင်း BNRA ရဲဘော် ၁၀ ဦးကျော် ကျဆုံး

    စစ်ကိုင်းတိုင်း၊ ယင်းပမာပင်ခရိုင်၊ ပုလဲမြို့နယ် အခြေပြု ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ထင်လင်း (ခ) ဗိုလ်နဂါးဟာ ဖေဖော်ဝါရီ ၁၈ ရက် ဒီကနေ့ ညနေပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်သွားပေမဲ့ သူရဲ့ လက်အောက်ခံ BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့်ကတော့ PDF တပ်ရင်းတွေနဲ့ ပူးပေါင်းလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သတင်း ထုတ်ပြန်ပါတယ်။

    “BNRA တပ်ဖွဲ့ဝင်အချို့ (၁၅၀) ဦးခန့် သည်လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)များထံသို့ ချိတ်ဆက် အဖမ်းခံခြင်း၊ လာရောက် ပူးပေါင်း ဆောင်ရွက်ခြင်း နှင့် လက်နက် အပ်နှံခြင်းများပြုလုပ်လျက် ရှိနေပြီဖြစ်သည်“

    NUG ဘက်က ထုတ်ပြန်ချက်အရ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်အချို့ဟာ လူသတ်မှု၊ မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက်နှိပ်စက်မှု၊ PDF ရဲဘော်တွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှု အပါအဝင် ရာဇဝတ်မှု ခုနှစ်မူ ကျူးလွန်ခဲ့တယ်လို့ အထက်ပါ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    မုဒိမ်းကျင့်ရန် ကြံစည်သည်ဟု စွပ်စွဲကာ လူသတ်ပြီး အလောင်းဖျောက်ခဲ့သည့် အမှု၊ PDF ရဲဘော်တွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ ပကဖ ရဲဘော် ၁၀ ဦးအား ကိုယ်ထိလက်ရောက် နှိပ်စက်မှု၊ အမျိုးသမီးငယ် နှစ်ဦးအပေါ် သက်ငယ်မုဒိမ်းမှုတွေ ပါဝင်တယ်လို့ NUG က ဆိုပါတယ်။

    အမှုတွေကို ယင်းမာပင်ခရိုင်နှင့် ပုလဲမြို့နယ်အတွင်းရှိ NUG ရဲဌာနမှာ အမှုဖွင့် စစ်ဆေးနေပြီး ကျူးလွန်သူတွေကို လွှဲပြောင်းပေးအပ်ဖို့ အကြောင်းကြားခဲ့ပေမဲ့ BNRA ဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဖေဖော်ဝါရီ ၁၇ ရက်မှာ NUG က အထက်ပါအမှုတွေအတွက် စုံစမ်းဖမ်းဆီးဖို့ ဆောင်ရွက်ချိန် BNRA တပ်ဖွဲ့ဝင်တချို့က ခုခံလို့ ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ပြီး၊ လက်ရှိအချိန်အထိ BNRA တပ်ဖွဲ့ဝင် အချို့ကို လက်နက်တွေနဲ့ အတူ ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ NUG က ပြောပါတယ်။

    အဲံဒီလို NUG က တရားခံဖမ်းဖို့အတွက် ဆိုပြီး ဖေဖေါ်ဝါရီ ၁၇ရက် မနက် ၇နာရီဝန်းကျင်ကနေ မွန်းလွဲ ၁နာရီကျော်အချိန်အထိ ခြောက်နာရီကျော်ကြာ BNRA ဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

    အဲ့ဒီ ခြောက်နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း BNRA ရဲဘော် ၁၁ ဦးနဲ့ PDF ရဲဘော် တစ်ဦး ကျဆုံးကာ BNRA ရဲဘော် ရှစ်ဦး ဖမ်းဆီးခံရ၊ ဂိတ်စခန်း သုံးခုနဲ့ လက်နက်ခဲယမ်းတွေကို NUG က သိမ်းယူခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒီကနေ့ ဖေဖေါ်ဝါရီ ၁၈ရက် ညနေပိုင်းမှာတော့ BNRA ခေါင်းဆောင် ဗိုလ်နဂါးဟာ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင် ပူးပေါင်းလာတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

    “တော်လှန်ရေးသမား အမည်ခံ နဂါး (ခ) တီကောင်ဟာ ဒီနေ့ ညနေ ၃ နာရီခန့်မှာ စကစ ထံ အမှောင်ဝင်သွားခဲ့ပါတယ်” လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ပြောပါတယ်။

    ယင်းမာပင်ခရိုင်အတွင်းရှိ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ အသိပေးထားပြီး၊ ယခင်ကလည်း ယင်းမာပင်ခရိုင်အတွင်းရှိ တပ်ရင်းတွေနဲ့ ပကဖ ဂိတ်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှု ခံရခြင်းမှာ နဂါးရဲ့ သတင်းပေးပို့မှုကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ကိုဇော်ထက်က ဆိုပါတယ်။

    လက်ရှိအခြေအနေအရ ပုလဲမြို့နယ်ကို လုံခြုံရေးအရ အနီရောင်အဆင့် သတ်မှတ်ကာ တပ်လှန့်ထားပြီး၊ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက် ထုတ်ပြန်မယ်လို့ NUG က ဆိုပါတယ်။

    ပုလဲနယ်ကို စစ်အုပ်စုက ယခု ညပိုင်း ဗုံးထပ်ကြဲ၊ နှစ်ရက်အတွင်း လေးကြိမ် ဗုံးကြဲ

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အခြေပြု ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ခေါင်းဆောင် ဗိုလ်နဂါး ဒီကနေ့ ညနေပိုင်းအချိန် အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်ပြီးနောက် ညပိုင်းမှာ စစ်အုပ်စုက ပုလဲနယ်ကို ဗုံးပတ်ကြဲခဲ့တယ်လို့ ေးသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဖေဖေါ်ဝါရီ ၁၈ရက် ဒီကနေ့ ည ၈နာရီခွဲဝန်းကျင်အချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ပါရာမော်တာ (Paramotor – စက်တပ်လေထီး) တစ်စီးနဲ့ ပုလဲနယ်ကို စစ်အုပ်စုက ဗုံးကြဲတာလို့ ဆိုပါတယ်။

    “ဆေးရုံကို ဗုံးကြဲသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပြီး ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

    စစ်အုပ်စုဟာ ပုလဲနယ်ကို နှစ်ရက်ဆက် ဗုံးကြဲတာ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ရက် မွန်းလွဲ ၁နာရီခန့်က ပါရာမော်တာ နှစ်စီးနဲ့ တစ်ကြိမ်၊ ည ၁၀နာရီခွဲကျော်အချိန် ဂျိုအိုကော်ပရာ (Gyrocopter)နဲ့ တစ်ကြိမ်၊ ဖေဖေါ်ဝါရီ ၁၈ ရက် ဒီကနေ့ ညနေ ၄နာရီခွဲမှာ ပါရာမော်တာ နှစ်စီးနဲ့ တစ်ကြိမ်၊ ည ၈ခွဲမှာ ပါရာမော်တာ တစ်စီးနဲ့ တစ်ကြိမ်၊ စုစုပေါင်း လေးကြိမ် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

    ပုလဲနယ်ရှိ BNRA ဂိတ်စခန်းတွေကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်၊ သိမ်းယူပြီးချိန်တွေမှာ စစ်အုပ်စုက ဗုံးလာကြဲတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    “ဂိတ်တွေကို စီးနင်းပြီးချိန် ကာကွယ်ရေးတပ်တွေ စိုးမိုးချိန်မှာ ပါရာမော်တာ၊ ဂျိုင်အိုကော်ပရာတွေ လာပြီး လေကြောင်း တိုက်ခိုက်တယ်။ အစကတည်းက စကစ အဆက်အသွယ် လုပ်နေတယ်လို့ ပြောနေကြတာ၊ အခုလို နဂါးအလင်းဝင်သွားတော့ အဖြေက ရှင်းသွားတာပေါ့”

    NUG တပ်တွေက BNRA ဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်၊ ပိတ်ဆို့ထားချိန် BNRA ရဲ့ အဓိက ခေါင်းဆောင်တွေကို ဖမ်းမိတာ၊ အလင်းဝင်တာတွေ ရှိပြီး ဗိုလ်နဂါး ကိုယ်တိုင်လည်း ဒီကနေ့ ညနေပိုင်း အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်ကာ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လာခေါ်ထုတ် သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    Video – ဒေသခံ