Author: Baby Yit Lone

  • OSC ဆေးရုံ ဝန်ခံပြီ…

    OSC ဆေးရုံ ဝန်ခံပြီ…

    အခုပဲ တရားဝင်တောင်းပန်ပီ

    ဆေးရုံရောက်ပြီး ၃ နာရီနီးပါး စောင့်ဆိုင်းခဲ့ရပေမဲ့ နာမည်စာရင်းမရှိလို့ဆိုပြီး ဓာတ်မှန် (Doppler Ultrasound) ရိုက်ခွင့်မရခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး OSC ဆေးရုံ ဘက်က အမှားကို ဝန်ခံကာ တရားဝင် ပြန်လည်တောင်းပန်လိုက်ပြီ ဖြစ်ပါတယ်။

    ဘာတွေဖြစ်ခဲ့တာလဲ?

    ပြီးခဲ့တဲ့ ဧပြီလ (၂၄) ရက်နေ့က လူနာတစ်ဦးဟာ ဆေးရုံရဲ့ ဝန်ဆောင်မှု အားနည်းချက်ကြောင့် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပေမဲ့ ကုသမှုမရရှိဘဲ အဆင်မပြေမှုတွေ ကြုံတွေ့ခဲ့ရတာပါ။

    ဒီဖြစ်စဉ်ကို ကာယကံရှင်က လူမှုကွန်ရက်ပေါ်မှာ ဝေမျှခဲ့ရာကနေ အများက စိတ်ဝင်စားခဲ့ကြပါတယ်။

    ဆေးရုံရဲ့ တုံ့ပြန်မှု

    ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က ချက်ချင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    စနစ်ပိုင်းဆိုင်ရာ အားနည်းချက် နှင့် ဝန်ထမ်းများအကြား ချိတ်ဆက်မှု လွဲချော်ခြင်း များ ရှိနေကြောင်း ဝန်ခံခဲ့ပါတယ်။

    ကာယကံရှင် လူနာနှင့် မိသားစုကို အလေးအနက် တောင်းပန်ခဲ့သလို၊ တာဝန်ရှိသူတွေကိုလည်း ချက်ချင်း အရေးယူ ဆောင်ရွက်နေပြီလို့ ထုတ်ပြန်ထားပါတယ်။

    ကာယကံရှင်ရဲ့ သဘောထား

    ဆေးရုံဘက်က တာဝန်ရှိသူများ ကိုယ်တိုင် ဖုန်းဆက်ပြီး တောင်းပန်ခဲ့တဲ့အတွက် ကျေနပ်မှုရှိကြောင်းနဲ့ နောင်နောင်မှာ ဒီထက်ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ပါစေလို့ ကာယကံရှင်က ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

    ဝန်ဆောင်မှုအမှားကို ဖုံးကွယ်မထားဘဲ ပွင့်လင်းမြင်သာစွာ တောင်းပန်ခဲ့တဲ့ ဆေးရုံရဲ့ လုပ်ဆောင်ချက်အပေါ် အများက စောင့်ကြည့်အကဲခတ်နေကြပါတယ်။

  • ဒါမျိုးတွေကို  ထိထိရောက်ရောက် ကိုင်တွယ်သင့်ပြီ

    ဒါမျိုးတွေကို ထိထိရောက်ရောက် ကိုင်တွယ်သင့်ပြီ

    ဗီဒီယိုဖိုင်ကိစ္စမှ သံဃာတု၊ သီလရှင်တု ၄ ဦးအား လူဝတ်လဲ၍ ဥပဒေအရ အရေးယူဆောင်ရွက်နေ



    ‎အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသော ပုသိမ်-ငွေဆောင်ကားလမ်းဘေး သရုပ်ပျက်ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူ ၄ ဦးအား သက်ဆိုင်ရာမှဖမ်းဆီးကာ သာသနာရေးဆိုင်ရာဥပဒေများ၊ နယ်မြေခံဥပဒေများအရထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

    ‎ပုသိမ်-ငွေဆောင်ကားလမ်းပေါ်က ရုပ်သံဖိုင်နှင့်ပတ်သက်၍ ယနေ့ (ဧပြီ ၂၆ ရက်) တွင် ရပ်ကျေးသံဃနာယကဆရာတော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်းကာ ငွေဆောင်မြို့၊ မဒေါ့ကုန်းအုပ်စုရှိ အောင်သစ္စာမဏ္ဏိုင်ကျောင်းတိုက်သို့သွားရောက်စစ်ဆေးကြောင်း ကနဦးသိရှိရပါ
    တယ်။

    ‎စစ်ဆေးမှုများအရ ဖြစ်စဉ်တွင်ပါဝင်သူများဖြစ်သည့် ဥူးခေမာဝံသ၊ ဥူးရေဝတ၊ နန္ဒမာလာ (သီလရှင်)၊ မမာလာဝံသ (သီလရှင်) ‎အဆိုပါ ၄ ဦးကို ဓမ္မဝါဒဖြစ်သော သာသနာတော်ကို ညှိုးနွမ်းစေသော အပြုအမူများလုပ်ဆောင်မှုများကြောင့် သိက္ခာချလူဝတ်လဲခြင်းများပြုလုပ်ခဲ့ပြီးနောက် ဥပဒေအရဆက်လက်အရေးယူနိုင်ရန် သလပ်ခွာနယ်မြေရဲစခန်းတွင် ခေတ္တထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်း သိရပါတယ်။

    ‎တာဝန်ရှိသူများ၏စုံစမ်းစစ်ဆေးချက်အရ ၎င်းတို့နေထိုင်ရာနေရာသည် တရားဝင်သာသနာ့နယ်မြေမဟုတ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ပုသိမ်-ငွေဆောင်လမ်း ၁၆/၀ မိုင်ရှိ (၀.၂၄) ဧကခန့်၊ သလပ်ခွာသစ်တောကြိုးဝိုင်း၊ အကွက်အမှတ် (၂၇)အတွင်းကျရောက်နေသည်။ ၂၀၀၁ ခုနှစ်ခန့်မှစတင်၍ တရားဝင်တင်ပြထားခြင်းမရှိဘဲ တောရကျောင်းသဏ္ဍာန်ဆောက်လုပ်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ သာသနာတော်ညှိုးနွမ်းစေတဲ့အပြင် သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်နေထိုင်မှုတွေနဲ့ပါ ငြိစွန်းနေတဲ့အတွက် အခုလိုထိထိရောက်ရောက်အရေးယူရတာဖြစ်ပါတယ်” ဟု ဒေသခံများက ပြောပါတယ်။



    ‎ဖြစ်စဥ်နှင့်ပတ်သတ်၍ ဥူးခေမာဝံသ (ခ) ဦးတင်ထွန်းဦး၊ ဒေါ်အေးအေးခိုင်၊ ဥူးရေဝတ နှင့် ဒေါ်မြင့်မြင့်အေး တို့ ၄ ဦးအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးအတွက်လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။

  • မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ

    မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ

    🌧 မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ

    ဧပြီလကုန်ကနေ မေလဆန်းအထိ မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ ဆက်တိုက်ရှိလာတော့မှာ ဖြစ်ပါတယ်။

    မိုးမျှော်နေတဲ့သူတွေနဲ့ စိုက်ခင်းရေသွင်းရမယ့်သူတွေအတွက် ဝမ်းသာစရာသတင်းပဲဖြစ်ပါတယ်။

    📍 ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း

    ကာလ: ဧပြီလ (၂၆) ရက်မှ မေလ (၉) ရက်နေ့အထိ။

    အခြေအနေ: နေ့စဉ်ရက်ဆက် မိုးရွာသွန်းပါမယ်။

    နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အတွက် မိုးတွင်းရောက်ပြီလို့တောင် ပြောလို့ရတဲ့ အခြေအနေပါ။

    ပြင်ဆင်ရန်: မိုးရေထိလို့မရတဲ့ လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးလိုက်ပါတယ်။

    📍 တနင်္သာရီတိုင်းနှင့် အောက်ပိုင်းဒေသများ

    ဧပြီ (၂၈-၂၉): ကရသူရိနှင့် ခမောက်ကြီးဒေသတစ်ဝိုက် မိုးအနည်းငယ်ရွာပါမယ်။

    မေ (၁-၃): တနင်္သာရီတိုင်းတစ်တိုင်းလုံး မိုးရွာပါမယ်။

    အထူးသဖြင့် မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းခရိုင် တို့မှာ နေရာကွက် မိုးများနိုင်ပါတယ်။

    📍 အခြားဒေသများ

    မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးရိုးမ အရှေ့ဘက်ခြမ်းဒေသတွေမှာလည်း မိုးရွာသွန်းဖို့ အလားအလာရှိပါတယ်။

    💡 စိုက်ပျိုးရေးသမားများအတွက်: မိုးရွာလာတဲ့အတွက် စိုက်ခင်းရေလောင်းဖို့ စက်သုံးဆီဖိုး သက်သာသွားမှာဖြစ်လို့ ဝမ်းသာစရာပါ။

    အချိန်နဲ့တပြေးညီ မိုးလေဝသခန့်မှန်းချက်တွေ သိရဖို့ စောင့်ကြည့်ပေးကြပါဦး။

    အားလုံးပဲ မိုးဘေးကင်းဝေးပြီး စိုက်ပျိုးသီးနှံများ အောင်မြင်ကြပါစေ။ ❤️

  • နေပြည်တော်စစ်ရုံးနှင့် နီးကပ်သည့် စခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်အရာရှိအချို့ ခေါ်ယူစစ်ဆေးခံရ

    နေပြည်တော်စစ်ရုံးနှင့် နီးကပ်သည့် စခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်အရာရှိအချို့ ခေါ်ယူစစ်ဆေးခံရ

    ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရွေးတုစစ်အုပ်စု၏ စစ်ရုံးချုပ်များ အခြေစိုက်ရာ နေပြည်တော်နယ်မြေအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်လာမှုနှင့် ပတ်သက်၍ တာဝန်ပျက်ကွက်ခဲ့သည့် စစ်အရာရှိအချို့ကို ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

    ခမရ ၄၁၃၊ ၄၁၄ တို့မှ အရာရှိများနှင့် ဒုစစ်ဆင်ရေးကွပ်ကဲရေးမှူး (ဒုစကခမှူး)တို့ကို ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

    “စစ်ရုံးချုပ်တွေရှိတဲ့ ခြောက်လုံးတန်းနဲ့တောင် မိုင်အနည်းငယ်ပဲ ကွာတော့တဲ့နေရာမှာ တိုက်ခိုက်ခံရတာ ဆိုတော့ အရာရှိတွေကို ခေါ်စစ်နေတာ။ စကခ-၆ က တာဝန်ရှိတဲ့သူတွေကိုလည်း ခေါ်မေးနေတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

    ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာရွာသစ်ရှိ အင်အား ၄၀ ခန့်ရှိသော စစ်တပ်စခန်းကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရွေးတုစစ်အုပ်စုဘက်မှ ဗိုလ်မှူးထွန်းထွန်းလင်း အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

    အဆိုပါ တိုက်ပွဲအတွင်း စခန်းတာဝန်ခံ ဒုဗိုလ်မှူးကြီး သန်းညိမ်း အပါအဝင် ကျန်ရှိသည့် တပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့သဖြင့် MA သေနတ် လေး လက်နှင့် ခဲယမ်းများကို တော်လှန်ရေး တပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်။

    တိုက်ခိုက်ခံရသည့် စစ်စခန်းသည် ရွေးတုအစိုးရ၏ စစ်ရုံးစိုက်ရာ နေရာများနှင့် ၁၀ မိုင်မှ ၁၅ မိုင်ခန့်သာ ကွာဝေးသည့်အတွက် ယခုအခါ နေပြည်တော်အတွင်း လုံခြုံရေးများ တိုးမြှင့်ချထားပြီး စစ်ဆေးရေး တင်းကြပ်ထားကြောင်း သိရသည်။

  • စစ်တပ်ကို မထောက်ခံသည့် အကယ်ဒမီ သက်မွန်မြင့်၏ အလျှံပယ် ရုပ်ရှင်အား သပိတ်မှောက်ရန် လော်ဘီများ လှုံ့ဆော်နေ

    စစ်တပ်ကို မထောက်ခံသည့် အကယ်ဒမီ သက်မွန်မြင့်၏ အလျှံပယ် ရုပ်ရှင်အား သပိတ်မှောက်ရန် လော်ဘီများ လှုံ့ဆော်နေ

    မြန်မာ့ရုပ်ရှင်လောကတွင် ပရိသတ်ချစ်ခင်မှု အခိုင်အမာရရှိထားသည့် အကယ်ဒမီ သက်မွန်မြင့် ပါဝင်သရုပ်ဆောင်ထားသော အလျှံပယ် ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသလျက်ရှိပြီး ယင်းဇာတ်ကားကို သွားရောက်ကြည့်ရှု့ခြင်းမပြုလုပ်ရန် စစ်တပ်လော်ဘီများက လှုံ့ဆော်လျက်ရှိသည်။

    အဆိုပါ အလျှံပယ် ရုပ်ရှင်သည် စစ်တပ် အာဏာမသိမ်းမီ ကာလကတည်းကပင် အနုပညာရှင်များစွာ စုပေါင်းအားစိုက်ကာ အပြီးသတ်ရိုက်ကူးထားသည့် လက်ရာတစ်ခု ဖြစ်သည်။

    သို့သော်လည်း လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ မင်းသမီး သက်မွန်မြင့်အပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်မှုများနှင့် ရုပ်ရှင်ကို သပိတ်မှောက်ရန် လှုံ့ဆော်မှုအချို့ ပေါ်ပေါက်နေသည်ကို တွေ့ရှိရသည်။

    ယင်းတိုက်ခိုက်မှုများသည် သက်မွန်မြင့်အနေဖြင့် စစ်ကော်မရှင် နှင့် ပတ်သက်သည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များတွင် ပါဝင်တက်ရောက်ခြင်း မရှိဘဲ သီးသန့်ရပ်တည်နေထိုင်နေခြင်းအပေါ် စစ်တပ်လော်ဘီအချို့က မကျေမနပ်ဖြစ်ကာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။

    “မသက်မွန်ဟာ သူ့ရဲ့အနုပညာအလုပ်ကို အကောင်းဆုံး လုပ်ဆောင်ခဲ့သူဖြစ်ပြီး အခုချိန်မှာလည်း မိသားစုနဲ့အတူ ထိုင်းနိုင်ငံမှာ အေးအေးချမ်းချမ်း သီးသန့်နေထိုင်နေတာဖြစ်လို့ နိုင်ငံရေးအမြင်မတူတာနဲ့ပဲ ပုဂ္ဂိုလ်ရေးအရ လိုက်လံတိုက်ခိုက်နေကြတာဟာ မသင့်တော်ဘူး” ဟု သက်မွန်မြင့်၏ ပရိသတ်တစ်ဦးက မှတ်ချက်ပြုသည်။

    အထူးသဖြင့် ဒလန် ဟူသော စကားလုံးနှင့် ပတ်သက်၍ သက်မွန်မြင့်အား စွပ်စွဲတိုက်ခိုက်မှုများ ရှိနေသော်လည်း ၎င်း၏ အမာခံပရိသတ်များကမူ ယင်းမှာ အနုပညာရှင်တစ်ဦးအပေါ် မတရားသည့် တိုက်ခိုက်မှုသာဖြစ်ကြောင်း ရှုမြင်ကြသည်။

    အလျှံပယ် ရုပ်ရှင်သည် ရိုက်ကူးစဉ်ကာလကတည်းက သရုပ်ဆောင်ပိုင်းနှင့် ရိုက်ကူးမှုအပိုင်းတွင် အဆင့်အတန်းမြင့်မားစွာ ဖန်တီးထားသောကြောင့် ပရိသတ်များစွာ စောင့်မျှော်နေကြသည့် ဇာတ်ကားလည်း ဖြစ်သည်။

    အနုပညာရှင်တစ်ဦး၏ ကိုယ်ပိုင်ရပ်တည်ချက်နှင့် ၎င်းဖန်တီးထားသည့် အနုပညာလက်ရာကို ခွဲခြားမြင်တတ်ရန် လိုအပ်ပြီး၊ ရုပ်ရှင်လောက ပြန်လည်ရှင်သန်ရေးအတွက် အရည်အသွေးရှိသော ဇာတ်ကားများကို အားပေးသင့်ကြောင်း ဝေဖန်ရေးသမားအချို့က ဆိုကြသည်။

    ရုပ်ရှင်လေ့လာသူတစ်ဦးက “မသက်မွန်ရဲ့ သရုပ်ဆောင်ချက်တွေကို လွမ်းနေတဲ့ အမာခံပရိသတ်တွေအတွက်ကတော့ ဒီဇာတ်ကားဟာ နှစ်နဲ့ချီပြီး စောင့်ခဲ့ရတဲ့ အနုပညာလက်ရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ အနုပညာဆိုတာ နိုင်ငံရေးအယူဝါဒတွေထက် အများကြီး သာလွန်ပါတယ်။ ဒါကြောင့် အမုန်းတရားတွေကို ဘေးဖယ်ထားပြီး အနုပညာရှင်တစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကိုပဲ တန်ဖိုးထားပြီး ကြည့်ရှုသင့်တယ်”ဟု မှတ်ချက်ပြုသည်။

    အဆိုပါဇာတ်ကားကို ဒါရိုက်တာ စတီးလ် (Steel) က ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပြီး အဓိကသရုပ်ဆောင်များအဖြစ် အကယ်ဒမီ ထွန်းထွန်း၊ အလင်းရောင်၊ ထွန်းကိုကို၊ အကယ်ဒမီ သက်မွန်မြင့်၊ ခိုင်သင်းကြည်၊ အေးမြတ်သူနှင့် မေမြင့်မိုရ် စသည့် ထိပ်တန်းအနုပညာရှင်များစွာ ပါဝင်ထားသည်။

    နိုင်ငံရေးအခြေအနေများကြောင့် အရည်အသွေးရှိသော အနုပညာလက်ရာများကို သပိတ်မှောက်ခြင်းထက်၊ မိမိတို့ချစ်ခင်ရသော မင်းသမီး၏ သရုပ်ဆောင်ချက်များကို ခံစားနိုင်ရန် ရုပ်ရှင်ရုံသို့ သွားရောက်ကြည့်ရှုသင့်သည်ဟု ပရိသတ်အချို့က တိုက်တွန်းထားသည်။