နန်းမယ်ခုံမြို့နယ်ရှိ လီဝိုးကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၁၀ နှစ် နှင့် ၆ နှစ်အရွယ် ကလေး ၂ ဦး သေဆုံး

နန်းမယ်ခုံမြို့နယ်ရှိ လီဝိုးကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၁၀ နှစ် နှင့် ၆ နှစ်အရွယ် ကလေး ၂ ဦး သေဆုံး

ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်၊ လီဝိုးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်နှင့် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ် ချုပ်ရေးကောင်စီ – IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်အောင်က ပြောကြားသည်။

ယနေ့ ဇွန်လ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် နန်းမယ်ခုံမြို့အနီးရှိ လီဝိုးကျေးရွာ မူကြိုစာသင်ကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသော အသက် ၁၀ နှစ် ဝန်းကျင် အရွယ် မိန်းကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အသက် ၆ နှစ်ဝန်းကျင် ကလေးငယ် ၁ ဦးလည်း ပြင်းထန်ဒဏ်ရာဖြင့် ဆေးကုနေစဉ် ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

“ကလေး ၂ ဦး သေတယ်။ တစ်ဦးက ချက်ချင်းသေတယ်၊ နောက်တစ်ဦးကတော့ ဒဏ်ရာအပြင်း အထန်နဲ့ ဆေးကုသဖို့ချီသွားရင်း လမ်းမှာသေတယ်။ ရွာထဲကို ဒရုန်းတွေဝဲတော့ ဆရာမက ကလေး တွေကို အိမ်ပြန်ခွင့်ပေးလိုက်တာ၊ ရောက်ရောက်ချင်းပဲ လက်နက်ကြီးနဲ့ ထုတော့ ပြောင်းခြံထဲမှာ သွားပုန်းနေရင်းနဲ့ နှစ်ယောက်လုံးထိတယ်လို့တော့ သိရတယ်။ ထိတာက ဒရုန်းဗုံးလို့လည်းပြော တယ်၊ လက်နက်ကြီးနဲ့လည်းပြောတယ်။ သေချာကတော့ ၁၀ နှစ်အရွယ်သမီးလေးတစ်ယောက်နဲ့ ၆ နှစ်အရွယ် သားလေးတစ်ယောက်ဆုံးတာကို အတည်ပြုလို့ရတယ်” ဟု ကရင်နီပြည် ကြားကာလ အုပ် ချုပ်ရေးကောင်စီ – IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်အောင်က ပြောကြားသည်။

အဆိုပါ လီဝိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေး တပ်ဖွဲ့ဝင်များလည်းမရှိ ကြောင်း၊ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့မှ တဆင့် စစ် ကြောင်း ၂ ခုဖြန့်ခွဲကာ နမ်းမယ်ခုံမြို့ဘက်ကို စစ်ကြောင်းထိုးနေပြီး ယင်းစစ်ကြောင်းများမှ ကလေးငယ်များကို ပစ်မှတ်ထားကာ ဒရုန်းဖြင့် ကင်း ထောက်ကာ ဗုံးကျဲ၊ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးတွေစာသင်နေတဲ့အချိန် ဒရုန်းဝဲက ဝဲနေတော့ ဆရာမတွေက အိမ်ပြန်လွှတ်လိုက်တာပါ။ အဲမှာ အိမ်ရောက်တော့ ပထမ ဗုံးတစ်လုံး စချပါပြီ။ ဒုတိယတစ်လုံးကလည်း သိပ်မဝေးဘူးဆိုတော့ ကလေးတွေရဲ့ အဖိုးကလည်း ပုန်းနေဖို့ဆိုပြီး အပင်အောက်ကို ညွှန်ပေးလိုက်တာ၊ အဲဒီအပင်အောက် လည်းရောက်ရော အဲဒီအပင်တည့်တည့်ကို ကြဲချသွားတာပါ” ဟု နန်းမယ်ခုံ အားမန်သစ် ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့မှာလည်း နန်းမယ်ခုံမြို့အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦး ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ ကြောင်း၊ ၂၀၂၆ ခုနှစ်အတွင်း ကရင်နီပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၃၀ ဦး ထက်မနည်းသေဆုံးပြီး ၈၀ ဦး ကျော်ဒဏ်ရာရရှိထားကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ စစ်တမ်းအရ သိရသည်။

ဒီးမော့ဆိုနှင့် စလင်းမြို့နယ်တို့တွင် လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၆ ဦး သေဆုံး

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းနှင့် မကွေးတိုင်း စလင်းမြို့နယ်တို့တွင် စစ်တပ်၏ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် တော်လှန်ရေးတပ်တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့ ည ၁၀ နာရီ ၁၂ မိနစ်ခန့်တွင် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအနီးသို့ နေပြည်တော်လေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်သွားကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC အထွေထွေ အတွင်း ရေးမှူး ၂ ဗညားခွန်အောင်က ပြောကြားသည်။

၎င်းက “မနေ့ညက ကျဲသွားတယ်။ စစ်ရှောင်စခန်းနဲ့နီးတယ်။ ကနဦးကတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ သွားကြည့်နေပါတယ်” ဟုပြောသည်။

အဆိုပါဒေသအတွင်းပင် ယမန်နေ့ မွန်းလွဲပိုင်း နန်းမယ်ခုံမြို့နယ် နမ့်မယ်ခုံမြို့အနီးရှိ လီဝိုးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦး စုစုပေါင်း ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကရင်နီအရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းများအရ ၂၀၂၆ ခုနှစ်အတွင်း ကရင်နီပြည်နယ်၌ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၃၀ ဦးထက်မနည်း သေဆုံးပြီး ၈၀ ဦးကျော် ဒဏ်ရာရရှိထားကြောင်းလည်း သိရသည်။

အလားတူ မကွေးတိုင်း စလင်းမြို့နယ် မြေနီကုန်းအနောက်ဘက် ခြင်ထောင်ကျေးရွာတွင်လည်း ဇွန်လ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒရုန်း ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း ၂ စီးနဲ့ ဗုံးကျဲတာပါ။ ဗုံး ၃ လုံးချသွားတာပါ။ သေဆုံးသွားတဲ့ ၃ ဦးက လူငယ်တွေပါ” ဟု ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က ယခုနှစ်ဆန်းပိုင်းမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပြီး တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *