Author: Baby Yit Lone

  • ရန်ကုန်-မန္တလေးအမြန်လမ်းမှာ Express ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့

    ရန်ကုန်-မန္တလေးအမြန်လမ်းမှာ Express ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့

    ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဥ် ၁ စီး အင်ဂျင်ခန်းကနေ စတင်ကာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    ဇန်နဝါရီလ ၂၇ ရက် ဒီကနေ့ မနက်အစောပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၄၆/၅) အနီးမှာ “ဒို့ညီနောင်” ခရီးသည်တင် ယာဉ်ဟာ အင်ဂျင် အနောက်ခန်းကနေ စတင်ပြီး အပူရှိန်လွန်ကဲရာက မီးလောင်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    “အင်ဂျင်အပူလွန်ပြီး လောင်တာလို့ ပြောတယ်၊ ဝါယာရှော့တွေ ဖြစ်ပြီး ကားအတွင်းခန်းတွေထဲထိ မီးကူးသွားတာ” လို့ ကားသမားတစ်ဦးက ပြောပါတယ်။

    အဆိုပါ ယာဉ်မီးလောင်ကျွမ်းမှုဟာ နာရီဝက်ခန့် ကြာမြင်ခဲ့တယ်လို့ သိရပြီး ကားပေါ်ပါလာသူတွေ ဘေးကင်းခဲ့သလို ကားအောက်ခန်းထဲက ကုန်ပစ္စည်းတချို့ကိုလည်း ထုတ်ယူနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

    “လူတွေ ထိခိုက်တာ မရှိပါဘူး၊ ကားအောက်ခန်းက ကုန်တွေတချို့ကို သယ်ထုတ်နိုင်ခဲ့တယ်၊ ကားတော့ ပျက်စီးသွားပါတယ်” လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

    လတ်တလောမှာ မကြာခဏ ဆိုသလို ခရီးသည်တင်ကားတွေနဲ့ အိမ်စီးကားတွေ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အများစုက ဆီယိုစိမ့်တာ၊ အင်ဂျင်အပူ လွန်ကဲတာတွေနဲ့ ဝါယာရှော့ ဖြစ်တာတွေကြောင့် မီးလောင်တာတွေ အဖြစ်များတယ်လို့ သိရပါတယ်။

  • ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် တိုက်ပွဲပြင်းထန်နေ

    ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် တိုက်ပွဲပြင်းထန်နေ

    ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် တိုက်ပွဲပြင်းထန်နေပြီးစစ်ကော်မရှင်က အပြင်းအထန်ခုခံကာကွယ်နေ

    ရခိုင်ကမ်းရိုးတန်းတွင် အကြီးမားဆုံး ရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူအခြေစိုက် ဓည၀တီ ရေတပ်ဌာနချုပ်အနီးတွင်အာရက္ခတပ်တော်(AA)နှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး စစ်ကော်မရှင်က ကြည်း၊ ရေ၊လေ အသုံးပြုကာ အဆိုပါ ရေတပ်ဌာနချုပ်အထိ တိုက်ပွဲများမရောက်လာရန်အတွက် အပြင်းအထန် ခုခံကာကွယ်နေသည်ဟု သတင်းရရှိသည်။

    စစ်ရေးသတင်းရင်းမြစ်တစ်ဦးက” သူထိုး၊ကိုယ်ထိုးဖြစ်နေတာ။တိုက်ပွဲပြင်းနေတယ်။ဒရုန်း၊စက်သေနတ်သံတွေကတော့ အခုထိပစ်တုန်း။ မြေပြင်အခြေအနေ ဘယ်သူသာလည်းတော့မသိရသေးဘူး ” ဟု ပြောသည်။

    လက်ရှိတိုက်ပွဲများမှ ပစ်ခတ်သံများကို ဓည၀တီရေတပ်စခန်းဘက်က အပြင်းအထန် ကြားနေရသော်လည်း AA က ဓည၀တီရေတပ်ဌာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင် နေပြီလားဆိုသည်ကိုတော့ အတိအကျမပြောနိုင်သေးဟု ၎င်းက ပြောသည်။

    စက်သေနတ်ပစ်ခတ်သံများ၊ လက်နက်ကြီးပစ်ခတ်သံများကို ယခင်နေ့များကထက် ပိုမို ပြင်းပြင်းထန်ထန်ကြားရပြီးလေယာဉ်များမှလည်းဗုံးချသံ၊ နေဗီများက ပစ်ခတ်သံများကြောင့် ဒေသအတွင်းရှိ ပြည်သူများအနေဖြင့် အထူးထိတ်လန့် စိုးရိမ်နေရသည်ဟုဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    ” ဇန်နဝါရီ ၂၆ ရက်နေ့မှ ဇန်နဝါရီ ၂၇ နေ့ နေ့လယ်အထိ မနေ့ညကတစ်ညလုံးကြားရတယ်။ရေတပ်ရှိတဲ့ သစ်ပုတ်တောင်ဖက်က ကြားရတာ။ဒီနေ့လည်း တမနက်လုံး ပစ်သံကြား‌နေရတယ်။အခုလည်းပစ်တုန်း။ နေဗီကနေလည်း တစ်ခါပစ်ရင် သုံးလေးလုံးထွက်သလိုမျိုးပစ်သံတွေကို ဆက်တိုက်ကြားရတယ်” ဟု ပြောသည်။

    နေရာအများအပြားမှပစ်ခတ်သံများကို ကြားနေရပြီး စိုင်ခြုံဒွိန်ဘက် ရေပြင်တွင် ရပ်နားထားသည့် နေဗီမှလည်းလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်လျက်ရှိသည်ဟု ကျောက်ဖြူ စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။

    “ ဓညဝတီရေတပ်ဌာနချုပ်ပတ်ဝန်းကျင်အနီးထိ တိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲပြင်းနေတယ်။ဓညဝတီရေတပ်ဌာနချုပ်ပတ်ဝန်းကျင်အနီးအပြင် ဒိုးမတောင်၊ကုလာဘာနဲ့သိုင်းချောင်းပတ်ဝန်းကျင်တို့ကလည်းသေနတ်ပစ်ခတ်သံတွေကို အပြင်းအထန်ကြားရတယ်။ ထိတွေ့ တိုက်ပွဲပြင်းလျက်ရှိနေပါတယ်”ဟု ပြောသည်။

    စစ်ကော်မရှင်၏အဓိက စစ်စခန်းကြီးများ တည်ရှိရာ နေရာအနီးဝန်းကျင်ထိ တိုက်ပွဲများပြင်းနေသည့်အတွက်အကြမ်းဖက် မြန်မာလေတပ်ကလည်း တိုက်ပွဲနှင့် မသက်ဆိုင်သည့် လူနေကျေးရွာများကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသည်ဟု ဆိုသည်။

    ဒေသခံတစ်ဦးက “ ကုလာဘာတဖက်ကမ်းရှိ ဝါးတောကျေးရွာအပါအဝင် သစ်ပုတ်တောင်တိုက်နယ်၊ဇင်ချောင်းတိုက်နယ်မှ ကျေးရွာတချို့ကို ဒီကနေ့မှာ နေဗီ ၊ ဒရုန်း၊ Y-12တွေနဲ့ ဗုံးကြဲတိုက်ခိုက်လျက်ရှိနေပါတယ်။စစ်ဘေးရှောင်ရှိတဲ့နေရာတွေရွာတွေဖက်ကိုနေဗီကနေပစ်တာတွေ ဒရုန်းနဲ့ပစ် တာ တွေလုပ်နေတယ်အခု။ ဝါးတောဖက်ကိုလည်း Y-12နဲ့ကြဲနေတယ်။ပစ်‌ နေတုန်းမို့ အထိခိုက်မသိရသေးဘူး” ဟု ပြောသည်။

    ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများရှိသည့်နေရာများကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းဗုံးများဖြင့်တိုက်ခိုက်ခြင်းတို့အားဆက်တိုက်ပြုလုပ်ပြီး ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်းအရပ်သားပြည်သူ လေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်ဟုအာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားသည်။

  • မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း ‘ဆန်ပြုတ်သောက်ရန်’ နေပြည်တော်သို့ ခေါ်ယူခံရ

    မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း ‘ဆန်ပြုတ်သောက်ရန်’ နေပြည်တော်သို့ ခေါ်ယူခံရ

    ဗန်းမော်တွင် စစ်ရှုံးနိမ့်မှုများကြောင့် မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း ‘ဆန်ပြုတ်သောက်ရန်’ နေပြည်တော်သို့ ခေါ်ယူခံရ

    ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်အရှိန်ကြောင့် စစ်ကော်မရှင် တပ်များ အရေးနိမ့်နေပြီး တပ်စခန်းများ ဆက်တိုက်လက်လွှတ်နေရသည့်အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့အဝင်ရှိ အရေးပါသော ထောက်ပို့တပ် (ထပရ – ၉၃၃) ၏ ခြေကုတ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် KIA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်တပ်များ တပ်ဆုတ် ထွက်ပြေးရမှုများ ပိုမိုများပြားလာခြင်း ဖြစ်သည်။ ယခုအခါ ဗန်းမော်နည်းပညာတက္ကသိုလ်၊ ထပရ-၉၃၃ နှင့် စစ်လက်နက်ပစ္စည်းတပ် စစန-၆၄၁ စခန်းများကို KIA က သိမ်းပိုက်ထားပြီး ဖြစ်သည်။

    စစ်ဘက်သတင်းရင်းမြစ်များ၏ အဆိုအရ ဗန်းမော်စစ်ရေး ရှုံးနိမ့်မှုများအတွက် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းတွင် တာဝန်ရှိသည်ဟုဆိုကာ နေပြည်တော်သို့ ခေါ်ယူပြီး ပြင်းထန်စွာ ကြိမ်းမောင်းစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

    အဆိုပါအခြေအနေနှင့်ပတ်သက်၍ CDM ဗိုလ်ကြီးဇင်ယော်က “ဗန်းမော်တိုက်ပွဲရလဒ်များကြောင့် မပခ ဒုတိုင်းမှူး နေပြည်တော်သို့ ဆန်ပြုတ်သောက်ရန် ရောက်ရှိနေပြီ” ဟုဆိုသည်။

    လက်ရှိတွင် ဗန်းမော်မြို့အတွင်းရှိ စစ်ကော်မရှင်၏ စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၁၁၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ခလရ-၄၇ တပ်ရင်းများသည် KIA ၏ ထိုးစစ်ကို ရင်ဆိုင်နေရသည်။

    စစ်ကော်မရှင်သည် KIA ၏ ထိုးစစ်အရှိန်ကို ရပ်တန့်နိုင်ရန် အတွက် Yak-130 တိုက်လေယာဉ်များ၊ ဒရုန်းများကို အသုံးပြုကာ လေကြောင်းပစ်ကူဖြင့်သာ ခုခံနေရပြီး မြေပြင်ထောက်ပို့လမ်းကြောင်း များအားလုံး KIA ဘက်က ဖြတ်တောက်ထားကြောင်း သိရသည်။

    ဗန်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ နှင့် တပ်မ (၈၈) တို့မှ တပ်မမှူး နှစ်ဦးအပြင် နည်းဗျူဟာမှူး ခြောက်ဦးအထိ အင်အားသုံး ကွပ်ကဲနေသော်လည်း မြေပြင် စစ်ရေးအရ KIA က အသာစီးရယူထားကြောင်း သိရသည်။

    ပုံစာ-မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း

  • ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

    ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

    ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

    ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော ရုရှားဘလော့ဂါ ဂျော်ဂျီယာဒီဇူကိုအက်ဗ်ကို ထိုင်းအာဏာပိုင်များက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်လာကာ ထိုထောင်ဒဏ်တွင် ထိုင်းထောင်အတွင်း တစ်နှစ်သာ နေရပြီးနောက် ရုရှားသို့ ပြန်ပို့ပြီး ထိုင်းနိုင်ငံသို့ နောက်တစ်ကြိမ် ၉၉ နှစ်ကြာ ဝင်ခွင့်ပိတ်သည့် ပြစ်ဒဏ် ချထားကြောင်း သိရသည်။

    အသက် ၂၃ နှစ်သာရှိသေးသော ဂျော်ဂျီယာသည် ဘားဆိုင်မှ ၄၂ နှစ်အရွယ် ထိုင်းအမျိုးသမီးအား စတာလင်ပေါင် ၂၃ ပေါင်နှင့် ညီမျှသည့် ဘတ် ၁၀၀၀ ပေးကာ ဗီဒီယိုကို ၎င်း၏ အင်စတာဂရမ်၊ ယူကျုချန်နယ်များ တွင် တင်မည်ဟု စည်းရုံးကာ လမ်းပေါ် လူမြင်မကောင်းအောင် လိင်ဆက်ဆံနေသည်ကို နောက်ကားတစ်စီးဖြင့် ကပ်လိုက်ကာ ဗီဒီယိုရိုက်ခဲ့ခြင်း ဖြစ်သည်။

    ထိုဖြစ်စဉ်အား ရပ်ကွက်နေသူများက ဒေါသပေါက်ကွဲပြီး တိုင်ကြားခြင်းကြောင့် ရဲတပ်ဖွဲ့က ချက်ချင်း လိုက်ဖမ်းရာ သု၀ဏ္ဏဘူမိလေဆိပ်မှ ထွက်ပြေးရန် စီစဉ်နေသည့် ဂျော်ဂျီယာကို ယင်းနေ့မှာပင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

    ၎င်းကို ကွန်ပျူတာအက်ဥပဒေဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ထားရာတွင် ထိုင်းထောင်အတွင်း တစ်နှစ်နေစေပြီးမှ ရုရှားပြန်ပို့ကာ ထိုင်းသို့ တစ်သက်တစ်ကျွန်း ပြန်မဝင်စေရန် အမိန့်ချထားသည်ဟု သတင်းများ ပေါ်ထွက်လာသည်။

    ထိုအမှုတွင် ကင်မရာမင်းကိုလည်း ထောင်ဒဏ်တစ်နှစ်နှင့် ပြည်နှင်ဒဏ်ပေးသလို ရိုက်ကူးခံသည့် ထိုင်းအမျိုးသမီးကိုလည်း ထောင်ဒဏ် ၁၀ လချမှတ်ခဲ့သည်ဟု သိရသည်။

    ထိုအမျိုးသမီးက ဂျော်ဂျီယာ၏ ကမ်းလှမ်းမှုကို ကနဦး ငြင်းဆန်သော်လည်း ကြောက်စရာကောင်းသူဖြစ်ပြီး အမျိုးသမီးများအား အရှက်ခွဲခြင်း၊ ညစ်ညမ်းဗီဒီယိုများ ရိုက်ခြင်းနှင့် ဖိအားပေး ခြိမ်းခြောက်သဖြင့်သာ ဘတ် ၁၀၀၀ တည်းဖြင့် ရိုက်ကူးရန် သဘောတူပေးခဲ့ရသည်ဟု ထွက်ဆိုခဲ့သည်။

    သို့ရာတွင် သေချာကြည့်လျှင် မိမိသည် အတွင်းခံဝတ်ထားပြီး ဗီဒီယိုတွင် လိင်ဆက်ဆံနေသယောင် ဟန်ဆောင် ရိုက်ကူးခြင်းသာဖြစ်ကာ တကယ်တမ်း လိင်ဆက်ဆံခြင်း မပြုခဲ့ဟု ဂျော်ဂျီယာကမူ ငြင်းဆိုထားသည်။

    ကိုကလင်း

    Ref: Thesun

  • အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ဝင်ရောက်လာချိန် အီရန် ခံစစ်ပြင်

    အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ဝင်ရောက်လာချိန် အီရန် ခံစစ်ပြင်

    အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟမ်လင်ကွန်း ဦးဆောင်တဲ့ သင်္ဘောအုပ်စုဟာ အီရန်ကို တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်း ရောက်ရှိလာပါပြီ။

    အမေရိကန်နဲ့ အစ္စရေးတို့ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက တိုက်ခိုက်မှုလိုမျိုး နျူကလီးယား စက်ရုံတွေကို ပစ်မှတ်ထားမှာမဟုတ်ဘဲ အီရန်အစိုးရကို ဖြုတ်ချဖို့ ပူးတွဲတိုက်ခိုက်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

    ပဲ့ထိန်းဒုံးကျည်ပစ် ဖျက်သင်္ဘောတွေဟာ နေရာအတိအကျ မယူရသေးပေမယ့် အီရန်ကို ပစ်ခတ်နိုင်တဲ့ အကွာအဝေးမှာ ရှိနေပါတယ်။

    စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ငွေကြေးဖောင်းပွမှု ၆၀ ရာခိုင်နှုန်းအထိ ရှိလာပြီး ဇန်နဝါရီ ၂၆ ရက်မှာတော့ စတော့ဈေးကွက် စံချိန်တင် ကျဆင်းခဲ့ပါတယ်။

    အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ လာရီဂျာနီက အမေရိကန်ဟာ ပြည်တွင်းစည်းလုံးမှုကို ဖြိုခွဲဖို့ ကြိုးစားနေပြီး “တိုင်းပြည်ကို အရေးပေါ်အခြေအနေအဖြစ် ပုံဖော်တာဟာ စစ်မက်ပြုတာတမျိုးဖြစ်တယ်” လို့ ဝေဖန်ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အက်စမေးလ် ဘာဂါအီ ကလည်း အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နဲ့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။

    ဒါ့အပြင် ဘာဂါအီက “ကျူးကျော်မှုမှန်သမျှကို ပြည့်စုံပြီး နောင်တရစေမဲ့ တုံ့ပြန်မှုမျိုး ပေးသွားမယ်” လို့ သတိပေးထားပါတယ်။

    လူ့အခွင့်အရေးအဖွဲ့ HRANA ရဲ့ ထုတ်ပြန်ချက်အရ ဆန္ဒပြမှုတွေအတွင်း သေဆုံးသူအရေအတွက်ဟာ ၅,၄၁၉ ယောက်အထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။

    Source:Reuters