Category: News

  • အီရန်ဒုံးကျည်နှင့်ဒရုန်းများကို အမေရိကန်ပစ်ချ၊ သင်္ဘော ၆ စီးကို ဖျက်ဆီး

    အီရန်ဒုံးကျည်နှင့်ဒရုန်းများကို အမေရိကန်ပစ်ချ၊ သင်္ဘော ၆ စီးကို ဖျက်ဆီး

    အမေရိကန်ရေတပ်နှင့်ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုပစ်ခတ်ခဲ့သည့် အီရန်တို့၏ ဒုံးကျည်နှင့်ဒရုန်း များကို အမေရိကန်ကပစ်ချခဲ့ကြောင်းနှင့် တီဟီရန်၏ရေယာဉ်ငယ် ခြောက်စင်းကိုလည်းဖျက်ဆီးခဲ့သည်ဟု ထိပ်တန်းရေကြောင်းဗိုလ်ချုပ်ကြီးက တနင်္လာနေ့ကပြောသည်။

    ကူးသန်းရောင်းဝယ်ရေးသင်္ဘောများ ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းသွားလာနိင်ရေးကူညီဆောင်ရွက် ပေးမည့် သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့ကကြေညာထားသော ‘Project Freedom’ ဟုခေါ်ဆိုသည့် အမေရိကန်၏ကြိုးပမ်းမှုကိုပြုလုပ်စဉ် ထိုတိုက်ခိုက်မှုများပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

    “ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုခြိမ်းခြောက်လာသည့် အီရန်ရေယာဉ်ငယ် ခြောက်စင်းကို” အမေရိကန် အပါချီ (Apache) နှင့် ဆီးဟော့ (Seahawk) ရဟတ်ယာဉ်များကပစ်ခတ်ခဲ့သည်ဟု အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) ၏အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူးပါး (Brad Cooper) က သတင်း ထောက်များကိုပြောခဲ့သည်။

    အမေရိကန်တပ်ဖွဲ့များသည် “ကျွန်ုပ်တို့သင်္ဘောများနှင့်ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုချိန်ရွယ်ပစ်ခတ် ခဲ့သည့် ဒုံးကျည်နှင့်ဒရုန်းအားလုံး” ကို “ထိရောက်စွာတိုက်ခိုက်” ခဲ့သည်ဟု ကူးပါး ကပြောသည်။

    ခရုစ်ဒုံးကျည်အချို့မှာ အမေရိကန်ရေတပ်သင်္ဘောများကိုချိန်ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အများစုခရုစ်ဒုံးကျည် များနှင့် ဒရုန်းအများအပြားမှာ ကူးသန်းရောင်းယ်ရေးသင်္ဘောများကိုပစ်ခတ်ခဲ့ခြင်းဖြစ်သည် ဟု သူကဆက် ပြောသည်။

    “ကျွန်တော်တို့ကိုပစ်ခတ်တာတွေကိုကာကွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တသမတ်တည်းရှိတဲ့ သန္နိဋ္ဌာန်နဲ့ ကူးသန်းရောင်းဝယ်ရေးသင်္ဘောတွေကိုလည်းကာကွယ်ပေးခဲ့ပါတယ်” ဟု ကူးပါးကပြောခဲ့သည်။

    ထရမ့်ကလည်း သူ့ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်သည့် Truth တွင် ထိမှန်ခဲ့သောအီရန်ရေယာဉ်ငယ်အရေ အတွက်မှာ ခြောက်စင်းဟုပြောထားပြီး တောင်ကိုရီးယားသင်္ဘောတစင်းထိမှန်ခဲ့သည်မှလွဲ၍ “ခုအချိန်မှာတော့ ရေလက်ကြားကိုဖြတ်ကျော်စဉ် ဘာပျက်စီးမှုမှမရှိပါဘူး” ဟု ပြောခဲ့ပြီး နောက်ထပ်အသေးစိတ်ကိုထပ်မံပြော ဆိုခြင်းမရှိခဲ့ပါ။

    ထိုအတောအတွင်း အီရန်နိုင်ငံပိုင်ရုပ်သံကမူအကြီးတန်းစစ်ဘက်အရာရှိတဦးကို ကိုးကားပြီး “အမေရိကန်က ပြောဆိုသည့် အီရန်စစ်ရေယာဉ်များနစ်မြုပ်သွားခဲ့သည်ဆိုသည့်သတင်းမှာ သတင်းမှားသာဖြစ်သည်” ဟု ထုတ်လွှင့်သွားခဲ့သည်။

    ကာကွယ်ရေး ‘ထီးရိပ်’

    အမေရိကန်နှင့်အစ္စရေးတို့က အီရန်နိုင်ငံကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စလမ်မစ်သမ္မတနိုင်ငံကလည်း ရေနံနှင့်ဓာတ်ငွေ့ဖြတ်သန်းရာအဓိကလမ်းကြောင်း တခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကိုပိတ်ထားခဲ့သည်။ ထို့နောက်အမေရိကန်တပ်ဖွဲ့များကလည်း အီရန်ဆိပ်ကမ်းများကို ပြန်လည်ပိတ်ဆို့ထားခဲ့သည်။

    အီရန်ရေတပ်က ခရုစ်ဒုံးကျည်များ၊ ဒုံးများ၊ တိုက်ခိုက်ရေးဒရုန်းများ ကို ရေလက်ကြားအတွင်းဖြတ်သန်းနေ သည့် အမေရိကန်ဖျက်သင်္ဘောများအနီးပစ်ခတ်ခဲ့ပြီး ထိုပစ်ခတ်မှုများမှာ “သတိပေးပစ်ခတ်မှုများဖြစ်သည်” ဟု အီရန်ရုပ်သံက တနင်္လာနေ့အစောပိုင်းကပြောကြားခဲ့သည်။

    အမေရိကန် ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘော နှစ်စင်းသည် ရေလက်ကြားကိုဖြတ်သန်းသွားခဲ့ပြီးဖြစ်ကာ ‘Project Freedom’ စစ်ဆင်ရေး၏အစိတ်အပိုင်းတရပ်အဖြစ် ပင်လယ်ကွေ့အတွင်းရောက်ရှိသွားခဲ့ပြီဟု CENTCOM ကပြောခဲ့သည်။ ထိုအတောအတွင်း အမေရိကန်အလံတင် ကုန်သွယ်ရေကြောင်းသင်္ဘော နှစ်စင်း ကလည်း ဆန့်ကျင်ဘက်လမ်းကြောင်းအတိုင်း “လုံခြုံစွာသူတို့လမ်းကြောင်းအတိုင်းခရီးဆက်ခဲ့သည်” ဟု ပြောထားသည်။

    အမေရိကန်ရေတပ်သည် သင်္ဘောများကို ရေလက်ကြားတွင်း တိုက်ရိုက်စောင့်ရှောက်ခေါ်ဆောင်နေခြင်း မဟုတ်ဟု ကူးပါး ကပြောသည်။ သို့သော် “သင်္ဘောများ၊ ရဟတ်ယာဉ်များ၊ လေယာဉ်များ၊ ဝေဟင်ကြိုတင် သတိပေးလေယာဉ်များ၊ အီလက်ထရွန်းနစ်စစ်ဆင်ရေးလေယာဉ်များ ဖြင့် အလွှာလိုက်ဖွဲ့စည်းကာ” “ပုံမှန် စောင့်ရှောက်ခေါ်ဆောင်သည်ထက်သာလွန်သည့်ပိုမိုကျယ်ပြန့်သောအကာအကွယ်ကိုပေးအပ်ခဲ့ခြင်းဖြစ် သည်” ဟု သူကပြောသည်။

    ဤကြိုးပမ်းမှုတွင် အမေရိကန်တပ်ဖွဲ့များသည် ရေကြောင်းလမ်းကိုရှင်းလင်းရန် “အလွန်သိမ်မွေ့လှပသည့် နည်းပညာ” ကို “လွန်ခဲ့သောသီတင်းပတ်များကတည်းက” အသုံးပြုခဲ့ပြီးနောက် “သင်္ဘောများအပေါ် အကာ အကွယ်ထီးရိပ်ကိုမိုးပေးထားခဲ့သည်” ဟု သူကပြောသွားသည်။

    ဒါဟာ “အဆုံးစွန်အားဖြင့် နှစ်လမ်းသွားလမ်းကြောင်းပါ” ဒါပေမယ့် “အရေးအကြီးဆုံးအချက်က ရေတိုမှာ သင်္ဘောတွေအပြင်ရောက်ဖို့ပဲ” ဟု ကူးပါးကဆက်လက်ပြောကြားခဲ့သည်။

    ရေကြောင်းထောက်လှမ်းရေးလုပ်ငန်း AXSMarine ၏ ဒေတာအချက်အလက်များအရ ဧပြီလ ၂၉ ရက်တွင် ပင်လယ်အော်အတွင်းရှိနေဆဲဖြစ်သော ကူးသန်းရောင်းဝယ်ရေးသင်္ဘောများမှာအစီးရေ ၉၀၀ ကျော်ရှိသည် ဟု ဆိုသည်။

  • မြန်မာအမျိုးသမီးတစ်ဦး ဆင်နင်းသတ်ခံရ

    မြန်မာအမျိုးသမီးတစ်ဦး ဆင်နင်းသတ်ခံရ

    မြန်မာအမျိုးသမီးတစ်ဦး ဆင်နင်းသတ်ခံရလို့ အူတွေထွက် ခေါင်းတွေကြေကာ ဆုံးသွား

    မြို့နေရာက ကျန်ထပူလီမြို့မှာ ယမန်နေ့ (မေ ၅ ရက်) ည ၇ နာရီလောက်က ဖြစ်သွားခဲ့တာပါ။

    အသက် ၄၀ အရွယ်ရှိ မနုဆိုတဲ့ အမကြီးဟာ ခြံအလုပ်သမားတစ်ဦး ဖြစ်ပြီး ခြံထဲမှာပဲ နေထိုင်ပါတယ်။

    ဒူးရင်း၊ လန်းရိုင်ပင်တွေ ခြံမှာစိုက်ထားပြီး မနုက ဝက်တွေကို ကြည့်ရတဲ့ အလုပ်လုပ်ရတယ်။

    မနုနေတဲ့ တောင်ယာအိမ်ခြံဟာ တောနဲ့နီးပြီး နှစ်စဉ်နှစ်တိုင်း တောဆင်တွေက တောင်ပေါ်ကနေ ဆင်းလာကာ အသီးတွေ လာရှာစားလေ့ ရှိပါတယ်။

    ည ၇ နာရီလောက်မှာ မနုဟာ တောဆင်ရဲ့ နင်းသတ်သွားတာကို ခံရပြီး သူမနေထိုင်ရာ တဲထဲမှာပဲ ဆုံးပါးသွားရပါတယ်။

    တာဝန်ရှိသူတွေ စစ်ဆေး ပြောပြချက်အရ မနု ဆင်းနင်းသတ်ခံရတာနဲ့ ပတ်သက်ပြီး ညဘက်အပြင် မထွက်ရ အမိန့်ထုတ်ထားလိုက်ပါပြီ။

    တကယ်လို့ ဆင်တွေကို တွေ့ခဲ့ရင်လဲ ဆူညံသံတွေ မလုပ်ကြဖို့၊ တာဝန်ရှိသူတွေကို ချက်ခြင်း အကြောင်းကြားဖို့ မှာထားကြတယ်။

    လက်ရှိ မနုဆုံးပြီး နောက်ပိုင်း ၂၄ နာရီ လုံခြုံရေး အစောင့်တွေ ထားလိုက်ပြီလို့ သိရပါတယ်။

    သူများနိုင်ငံမှာ ပိုက်ဆံရှာရတာ မလွယ်ပါဘူးနော်။

    အေးချမ်းတဲ့ တောင်ယာမှာ အလုပ်ရတော့လဲ ဆင်းနင်းလို့ သေရတယ်။

    အမ မနု ကောင်းမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်။

    Source: ข่าวสด TV

  • မြန်မာအလုပ်သမားများ အိမ်ပြန်လာရာတွင် ခွင့်ပြန် အလုပ်သမားဖြစ်ကြောင်း သေချာစေရန် စိစစ်နေ

    မြန်မာအလုပ်သမားများ အိမ်ပြန်လာရာတွင် ခွင့်ပြန် အလုပ်သမားဖြစ်ကြောင်း သေချာစေရန် စိစစ်နေ

    ပြည်ပရောက် မြန်မာအလုပ်သမားများ အိမ်ပြန်လာရာတွင် ခွင့်ပြန် အလုပ်သမားဖြစ်ကြောင်း သေချာစေရန် စိစစ်နေဟု စစ်တပ်က ကြေညာပြန်

    ပြည်ပမှ ခွင့်ဖြင့် ပြန်လာပြီး ပြန်လည်ထွက်ခွင့်မရသော မြန်မာအလုပ်သမားအရေအတွက် ၁၀၀၀ နီးပါးရှိလာ

    ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ (Passport for Job) ကိုင်ဆောင်ထားသော မြန်မာလုပ်သားများ နေရပ်ပြန်လာရာတွင် “ခွင့်ပြန်အလုပ်သမား” အစစ်အမှန်ဖြစ်ကြောင်း သေချာစေရန်

    စိစစ်မှုများ ပြုလုပ်နေကြောင်း စစ်တပ်လက် အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့ မေလ ၄ ရက်နေ့ တွင် ထုတ်ပြန်ကြေညာသည်။

    ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံပြန်လာမည့် အလုပ်သမားများသည် ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်၍ အလုပ်ရှင်ထံမှ ခွင့်စာ (Letter of Permission for Leave) အပြင်

    သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး သို့မဟုတ် ကောင်စစ်ဝန်ချုပ်ရုံးများမှ မှန်ကန်ကြောင်း စိစစ်ထောက်ခံချက်ကို ရယူရမည်ဖြစ်ကြောင်း၊

    ၎င်းအပြင် သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ သက် ဆိုင်ရာမှ ထုတ်ပေးသော ထောက်ခံချက်များကို ပူးတွဲ၍ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားရမည်ဖြစ်ကြောင်း စစ်တပ်က ဆိုသည်။

    ပြည်ပနိုင်ငံအများစုတွင် မီးဖွားခွင့်၊ မိသားစုစောင့်ရှောက်ခွင့်နှင့် နာမကျန်းခွင့်မှအပ နှစ်ပတ်လည်ခွင့် အပါအဝင် သာမန်ခွင့်များကို အများဆုံး ၁ လသာ ခွင့်ပြုထားသည်ဟု သိရှိရသဖြင့်

    အမှန်တကယ် ခွင့်ပြန်လာသူဖြစ်ကြောင်း သေချာစေရန် စိစစ်ရခြင်းဖြစ်ကြောင်း စစ်တပ်က ပြောဆိုသည်။

    ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အလုပ်သမားများအနက် ခွင့်ကာလ ၁ လထက်ကျော်လွန်သူများနှင့် OWIC (Overseas Worker Identification Card) တွင် ဖော်ပြထားသော နိုင်ငံ သို့မဟုတ် လုပ်ငန်းခွင် ကွဲလွဲသူများသည်

    ခွင့်ကာလ တစ်လကျော်ယူရသည့် အကြောင်းပြချက်နှင့် အထောက် အထားများကို ခိုင်လုံစွာ တင်ပြရမည်ဖြစ်သည်ဟု စစ်တပ်က တင်းကျပ်သော စည်းကမ်းချက်များ ထပ်မံချမှတ်ထားသည်။

    ပြည်ပနိုင်ငံသို့ ပြန်လည် ထွက်ခွာမည့် ခွင့်ပြန်များ၏ အထောက်အထား ပြည့်စုံသော လျှောက်လွှာများကို ရုံးပိတ် ရက်အပါအဝင်

    ရက်သတ္တပတ် တစ်ပတ်အတွင်း ပြည်ပထွက်ခွာခွင့်နှင့် OWIC အသစ်လဲလှယ်နိုင်ရေးတို့ကို အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးသွားမည်ဟု စစ်တပ်ကဆိုသည်။

    သို့သော်လည်း မြေပြင်တွင် ခွင့်ပြန်လာသည့် အလုပ်သမား အများအပြားမှာ ပြန်လည်ထွက်ခွာခွင့် ကန့်သတ်ခံထားရသဖြင့် ၎င်းတို့၏ အလုပ်အကိုင်များ ထိခိုက်မည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြရကြောင်း၊

    ယခုအခါ ပြညတွင်းသို့ ခွင့်ဖြင့် ပြန်လာပြီး ပြည်ပထွက်ခွင့် မရသော မြန်မာအလုပ်သမားအရေအတွက် ၁၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    “အခု ပြည်ပကနေ ခွင့်နဲ့ပြန်လာပြီးတော့ ပြည်ပကို ပြန်ထွက်ခွင့်မရတာ ၁၀၀၀ ကျော်လောက်ရှိနေပြီ။ အဓိက သူတို့က သင်္ကြန်ကာလမှာ မြန်မာနိုင်ငံကို ပြန်လာကြတာ။

    ပြန်လာပြီးတော့ အလုပ်သမားဝန်ကြီးဌာနက ပြောတဲ့ အထောက်အထားအပြည့်အစုံနဲ့ ပြန်ပြီး ထွက်ဖို့ တင်ပြတာ။ အဲဒါကို ထွက်ခွင့် ကျမလာတာ။ ပြည်ပထွက်ခွင့်မရဘဲ ပြည်တွင်းမှာပဲ သောင်တင်ကုန်တာ။

    ဂျပန်၊ ထိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ကိုရီးယား နိုင်ငံအစုံပဲ။ ပြည်ပကို ပြန်မထွက်စေချင်တာလား၊ ဘာလို့ အဲဒီလောက်ကြီး တင်းကျပ်နေရသလဲဆိုတာကို နားမလည်နိုင်တော့တာ” ဟု ရန်ကုန်အခြေစိုက် ဂျပန်နိုင်ငံသို့ သင်တန်သား အလုပ်သမားပို့ဆောင်နေသော ပြည်ပအလုပ်အကိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

  • ဆိုလာပြားပေါ် ငှက်ချေး

    ဆိုလာပြားပေါ် ငှက်ချေး

    ဆိုလာပြားပေါ် ငှက်ချေးက ဘယ်လောက်ထိဒုက္ခပေးလဲဆို ကျွန်တော် ပြောပြမယ်။

    ငှက်ချေးပေနေတဲ့ အောက်က Cell တွေက အရောင်တွေပြောင်းတာကို သတိထားမိတယ်။

    ငှက်‌ချေးရှိနေတဲ့နေရာ ပေနေတဲ့နေရာက solar တွေစပျက်တာကိုသတိထားမိတယ်။ ဒါက လက်တွေ့အတွေ့အကြုံ။

    ငှက်ချေးကြောင့်ပျက်တတာသိပြီးသား ။ ဘာကြောင့် ပျက်တယ်ဆိုတာကိုတော့ မသိခဲ့ဘူး။ ခုတော့ကျွန်တော်သိသွားပါပြီ

    အများစုက ငှက်ချေးပေတာ သစ်ရွက်တင်တာကို မီးထွက်နည်းမယ်လို့ လောက်ဘဲထင်တတ်ကြတယ်။

    တကယ်တော့ ဒါဟာ ဆိုလာပြားကို ဖျက်ဆီးပစ်မယ့် တရားခံ ပါပဲ။

    ​ဘာကြောင့်လဲဆိုတာ နည်းပညာအရ ရှင်းပြရရင် ဆိုလာဆဲလ်ဆိုတာ ဆီလိကွန်နဲ့လုပ်ထားတာ။

    ဆီလီကွန်က semiconductor အလင်းနဲ့ထိ‌တော့ conductor ဖြစ်တယ် အလင်းမရှိရင် conduction စွမ်းရည်ကျသွားပြီး resistance များလာပါတယ်။

    စွမ်းရည်ကျတဲ့ကောင်တွေက resistor လိုဖြစ်သွားတော့ လျှပ်စစ်စီးဖို့ခက် အပူတွေထွက် ပြီးတော့ hot spot တွေဖြစ်လာတော့တာဘဲ။

    ငှက်ချေး ပေတဲ့နေရာတွေမှာ စုပြုံပြီး အပူချိန် အဆမတန် တက်လာပါတယ်။

    အပေါ်မှာပြောထားသလို အလင်းနဲ့မထိတဲ့ Cell က conduction ကျ ပြီး resistance တိုးလာပြီး အဲ့နာမှာ အပူတွေ စထွက်တာပါ။

    အဲဒီကနေတစ်ဆင့် Panel နောက်ကျောတွေလောင်၊ မှန်တွေအက်ပြီး ဆိုလာပြားပါပျက်စီးသွားတာပါ။

    ​ဆိုလာပြားထဲမှာ Bypass Diode လေးတွေ ပါပေမဲ့ ငှက်ချေးလောက် အရိပ်ကျတာကို By pass မလုပ်ပေးပါဘူး။

    ငှက်ချေးက အရိပ်ထက်ပိုဆိုးတယ်။ အဲ့နေရာကရွေ့ကိုမရွေ့ဘူး။

    ငှက်ချေးအစက်ကလေးနေရာက အပူချိန် 100 ကို‌‌ေကျာ် ပြီးတောင်ပူတတ်တယ်ဆိုဘဲ 120 °C ထိပူတယ်တဲ့ ။

    အဲ့ကနေစပြီ Hot spot ဖြစ်ပြီး မီးလောင်တဲ့ထိ အန္တရာယ်ဖြစ်‌ေစနိင်ပါတယ်တဲ့။

    အရိပ်တို့ သစ်ရွက်တို့နဲ့ အမှိုက်တွေများများကျရင် Cell တော်တော်များများ အရိပ်ကျရင်တော့ By pass လုပ်ပေးပါတယ် ။

    အဲ့လိုအရိပ်တွေ အမှိုက်အမြဲတမ်း အရိပ်ကျနေရင် Diode လောင်သွားတတ်ပါတယ်။

    ဆိုလာတပ်ရင် နေရောင်ရဖို့တင် မဟုတ်ဘူး၊ အရိပ်လွတ်ဖို့ပါ သတိထားရပါမယ်။ အရိပ်သေးသေးလေးကအစ ။

    ငှက်ချေးလေးတစ်စက်က တစ်ခြားအရိပ်လို နေရာမရွေ့ဘဲ ကပ်နေတာကြောင့် ဆိုလာပြားကြီးတစ်ချပ်လုံးကို လောင်စေနိုင်လို့ ပုံမှန် သန့်ရှင်းရေးလုပ်ပေးရမယ်။

    Hot spot ကို solar Optimizer နဲ့ 90%ထိကာကွယ်လို့ရပါတယ်တဲ့ ။

  • စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိကြောင်း KNA နှင့် BGF ပြသ

    စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိကြောင်း KNA နှင့် BGF ပြသ

    ကျောင်းပြန်ဖွင့်ရေး ကူညီပြီး စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိကြောင်း KNA နှင့် BGF ပြသ

    စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲကာလအတွင်း ပျက်စီးခဲ့သည့် မြဝတီမြို့အနီး သင်္ဃန်းညီနောင် အထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်လျက်ရှိရာ ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၊ နယ်ခြားစောင့်တပ် (BGF) အမှတ် ၄ တပ်နယ်မှူး ဗိုလ်မှူးချုပ် စောမုတ်သုန်တို့ မြေပြင်ဆင်းပြီး ကူညီပေးခြင်းဖြင့် စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိနေကြောင်း ပြသနေသည်။

    လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ နှင့် ရွှေကုက္ကိုဒေသတို့၌ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များ ပြန်လည်လုပ်ကိုင်မှု များပြားလာသော်လည်း စစ်တပ်မှ ဝင်ရောက်စီးနင်းမှုမရှိသည့်အပြင် KNA နှင့် BGF တို့က ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်းဟု ဒေသခံများက ဆိုသည်။

    မြဝတီမြို့ခံတဦးက “ကျောင်းတွေပျက်စီးတာပြန်ပြင်ဖို့၊ စာရေးခုံတွေ၊ ဆိုလာတွေ တပ်ဆင်ပေးဖို့ စောချစ်သူနဲ့ ဗိုလ်မုတ်သုန်တို့က တာဝန်ယူလုပ်ပေးမယ်လို့ သိရတယ်” ဟု ပြောသည်။

    ၂ နှစ်နီးပါးအကြာ ပိတ်ထားပြီး ချုံနွယ်များနှင့် ပျက်စီးနေသော အဆိုပါအထက်တန်းကျောင်းကို လာမည့်စာသင်နှစ် ကျောင်းဖွင့်ရာသီအမီ ကျောင်းအပ်လက်ခံသွားနိုင်ရန် KNA နှင့် BGF တို့မှ လူအင်အား၊ ငွေအင်အားတို့ဖြင့် ကူညီပေးနေ ခြင်းဟုလည်း ဒေသခံများက ဆိုသည်။

    ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း စစ်တပ်က သင်္ဃန်းညီနောင်နှင့် မြဝတီမြို့အနီးဒေသတို့ကို ပြန်လည်စိုးမိုးထိန်းချုပ်ပြီး နောက် မယ်ထော်သလေးဒေသ၊ မြဝတီနှင့် ရွှေကုက္ကိုတို့ရှိ ကျားဖြန့်ဆိုက်တချို့ကို ဝင်ရောက်စီးနင်းဖျက်ဆီးပြခဲ့သလို KNA တပ်များအား မြို့ပြင်မောင်းထုတ်ခြင်း၊ မြဝတီ၌ ကရင်လက်နက်ကိုင်အဖွဲ့များ လက်နက်ကိုင်ဆောင်မှု ကန့်သတ်တင်းကျပ် ခြင်း စသည်တို့ ပြုလုပ်ခဲ့သော်လည်း စစ်တပ်နှင့် KNA၊ BGF တို့ကြား အကျိုးစီးပွားမပျက် ယခင်အတိုင်း ဆက်ဆံရေး ပုံမှန်ရှိနေသည်ဟု ကရင်လက်နက်အကိုင်အဖွဲ့အစည်းများနှင့် နီးစပ်သည့် မြဝတီမြို့ခံများက ပြောသည်။

    ပုံစာ – သင်္ဃန်းညီနောင် အထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူနှင့် BGF အမှတ် ၄ တပ်နယ်မှူး ဗိုလ်မှူးချုပ် စောမုတ်သုန်တို့ မြေပြင်ဆင်းဆောင်ရွက်နေမှု/ Pyin Nyar Shwe Phuu