ရန်ကုန်မြို့လယ်ကောင်မှာ ဘဏ်ဓားပြတိုက်ခံရပြန်
သေနတ်၊ ဓါး ကိုင်ဆောင်ထားတဲ့ ဓားပြတွေကို ပြည်သူများက ဝိုင်းဖမ်းပေးပြီး ရဲလက်အပ်ရ
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ UAB ဘဏ်ခွဲတွင် သေနတ်နှင့် ဓား ကိုင်ဆောင်ကာ ဝင်ရောက်လုယက်သည့် ဓားပြအဖွဲ့အား အနီးဝန်းကျင်ရှိ ပြည်သူများက ရဲဝံ့စွာ ဝိုင်းဝန်းဖမ်းဆီးခဲ့သဖြင့် ဓားပြတစ်ဦးကို ငွေကျပ် သိန်း ၆၅၀ နှင့်အတူ လက်ဝယ်ဖမ်းဆီးရမိ။
စစ်အုပ်စု လက်ထက် တရားဥပဒေ စိုးမိုးရေး ပျက်စီးယိုယွင်းနေသဖြင့် မြို့ကြီးများ၌ ဘဏ်ဓားပြတိုက်မှုများ အပါအဝင် ရာဇဝတ်မှုများ မကြာမီခဏ ပေါ်ပေါ်ထင်ထင် ဖြစ်ပွားနေ
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ UAB ဘဏ်ခွဲတွင် စက်တင်ဘာ ၂၂ ရက် နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်က သေနတ်နှင့် ဓား ကိုင်ဆောင်ကာ ဝင်ရောက်လုယက်သည့် ဓားပြအဖွဲ့အား အနီးဝန်းကျင်ရှိ ပြည်သူများက ရဲဝံ့စွာ ဝိုင်းဝန်းဖမ်းဆီးခဲ့မှုကြောင့် ဓားပြတစ်ဦးအား ငွေကျပ် သိန်း ၆၅၀ နှင့်အတူ လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အသားလှီးဓား ကိုင်ဆောင်ထားသူတစ်ဦးနှင့် သေနတ်နှင့် အထုတ်တစ်ထုတ် ကိုင်ဆောင်ထားသူတစ်ဦး စုစုပေါင်း ၂ ဦး ဘဏ်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
၎င်းတို့က မအော်ရန်နှင့် အော်ပါက လက်ထဲမှ အထုတ်အား ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ကာ အဆိုပါ အထုတ်အား ကောင်တာစားပွဲပေါ်သို့ တင်ထားခဲ့သည်။
ထို့နောက် အသားလှီးဓား ကိုင်ဆောင်ထားသူက ဘဏ်အတွင်း ကြမ်းပြင်ပေါ်တွင် ပုံထားသော ငွေကျပ် သိန်း ၆၅၀ အား အသင့်ပါလာသည့် ဆာလာအိတ်အတွင်း ထည့်သွင်းယူဆောင်ကာ ပြန်လည်ထွက်ပြေးရန် ကြိုးပမ်းခဲ့သည်။
ထိုသို့ လုယက်ထွက်ပြေးစဉ် ဘဏ်ဝန်ထမ်းများ၏ အော်ဟစ်အကူအညီတောင်းခံမှုကြောင့် အနီးဝန်းကျင်ရှိ ပြည်သူများက သေနတ်နှင့် ဓား ကိုင်ဆောင်ထားသည့် ဓားပြများကို မကြောက်မရွံ့ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။
အဆိုပါ ပြည်သူများ၏ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ငွေထုတ်ယူထွက်ပြေးသည့် အသားလှီးဓားကိုင်ဆောင်သူ စည်သူစိုး (ခ) ရှောင်ကျဲ (၂၉) နှစ် အား လုယက်ခံရသည့် ငွေကြေးများအားလုံးနှင့်အတူ မိမိရရ ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
တရားခံအား ဖမ်းဆီးရမိပြီးနောက် တာဝန်ရှိသူများက စစ်ဆေးမှသာ ဓားပြများ ကိုင်ဆောင်လာသည့် သေနတ်မှာ သေနတ်အတုဖြစ်ကြောင်းနှင့် ကောင်တာပေါ် ထားခဲ့သည့် အထုတ်အတွင်း၌ တိတ်ပတ်ထားသော ဓာတ်ခဲများသာ ပါဝင်ကြောင်း သိရှိခဲ့ရသည်။
စစ်အာဏာရှင်စနစ်အောက်တွင် တိုင်းပြည်၏ စီးပွားရေး ကျဆင်းလာမှုနှင့်အတူ တရားဥပဒေ စိုးမိုးရေး ပျက်စီးကာ ဒုစရိုက်မှုများ သောင်းကျန်းနေသော်လည်း ပြည်သူများ၏ တာဝန်သိစွာ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် တရားခံတစ်ဦးကို သိန်း ၆၅၀ နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသူ သူထက်အောင် ဆိုသူအား ဗိုလ်တထောင်မြို့မရဲစခန်း၌ (ပ)၆၂၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်ကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။



Leave a Reply