Category: News

  • DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်

    DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်

    ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေသည့် DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်

    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာတွင် ပူးပေါင်းပါဝင်နေသည့် DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ထွန်းရီမှာ ဒဏ်ရာအပြင်း အထန် ရရှိသွားသော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အဆိုပါ ပစ်ခတ်မှုအတွင်း ထွန်းရီကိုင်ဆောင်သော သေနတ်တစ်လက်နှင့် ခဲယမ်းမီးကျောက်အချို့ကို သိမ်းဆည်းရမိခဲ့သည်။ ပြီးခဲ့သည့် မတ်လအတွင်းက ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ ခမရ ၃၄၃ တပ်ရင်းရှေ့ရှိ ထွန်းရီ၏ နေအိမ်အား ရေးဘီလူးတပ်ရင်းမှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

    ထိုသို့ ဝင်ရောက်ရှင်းလင်းချိန်တွင် ထွန်းရီမှာ ၎င်း၏ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌ လက်ဖက်ရည်သောက်နေစဉ် ဖြစ်ပြီး ရေးဘီလူးတပ်ရင်းက ကျားပါးစပ်အတွင်း ဝင်နှိုက်သည့်ပုံစံမျိုးဖြင့် နေအိမ်အတွင်းအထိ ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ ပစ်ခတ်မှုကြောင့် ထွန်းရီတွင် သေနတ်ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သလို ၎င်း၏ နေအိမ်အတွင်းမှ သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရှိရသည်။

    ရေးဘီလူးတပ်ရင်း တာဝန်ရှိသူ၏ ပြောပြချက်အရ ထွန်းရီသည် စစ်ကောင်စီတပ်နှင့် အပြည့်အဝ ပူးပေါင်းနေသူတစ်ဦးဖြစ်ပြီး ရေးမြို့နယ်အတွင်းရှိ ၅၈၆ တပ်ရင်းအနီးနှင့် နှင်းစုံကျေးရွာတံတားတို့တွင် ကိုယ်ပိုင်ဂိတ်များဖွင့်လှစ်၍ လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့များအား စစ်ကြောင်းထိုးသည့်အခါတွင်လည်း နယ်မြေနှင့် လမ်းကြောင်း ကျွမ်းကျင်သည့်အတွက် အနီးကပ်ကူညီပေးနေသူ ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ရေးမြို့နယ်တွင် DKBA ​ခေါင်းဆောင်ထွန်းရီတဲ့သူက စကမ ပူးပေါင်းကောင်ပါ။ ရေးမြို့နယ်၅၈၆တပ်နားမှာလည်း ကိုယ်ပိုင်ဂိတ်လုပ်ထားတယ်။ နှင်းစုံကျေးရွာတံတားမှာလည်း ကိုယ်ပိုင်ဂိတ်လုပ်ထားတယ်။ တော်လှန်ရေးတပ်တွေကိုစကမဘက်ကစစ်ကြောင်းထိုးလာချိန် ဒီကောင်တွေကအပြည့်ဝအကူညီပေးတယ်။ ဒီကောင်တွေကလမ်းကျွမ်းတယ်။ နယ်မြေရင်းနှီးတယ်။ စကမ နဲ့အတူတကွနေလိုက်လို့ချတာပါ။ ကျွန်တော်တို့ သူအိမ်ထဲကနေ သေနတ် ၁လက်၊ လက်ပစ်ဗုံး ၂လုံး၊ ခဲယမ်းများသိမ်းဆည်းရမိခဲ့ပါတယ်”ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ စစ်ဆင်ရေးကို ရေးဘီလူးတပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

  • ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ထပ်လျော့

    ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ထပ်လျော့

    အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ထုတ်ပြန်ကြေညာသည့် လွတ်ငြိမ်းသက်သာအမိန့်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ်၂၂ နှစ် ၆ လ ကျခံရန် ကျန်ရှိနေရာမှ ၃ နှစ်ကျော် ထပ်မံ လျော့နည်းခဲ့သဖြင့် လက်ကျန် ထောင်ဒဏ်မှာ ၁၈ နှစ် ၉ လသာ ကျန်ရှိတော့ကြောင်း သိရသည်။

    ယနေ့ ကျရောက်သည့် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် ဧပြီ ၃၀ ရက် မတိုင်မီ ကျူးလွန်ခဲ့သည့်ပြစ်မှု တရပ်ရပ်နှင့် စပ်လျဉ်းပြီး ပြစ်ဒဏ်ချခံရကာ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူများ၏ ကျန်ရှိသော ပြစ်ဒဏ်များထဲမှ ခြောက်ပုံ တပုံအား လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

    မည်သည့် ခြွင်းချက်မှ မပါရှိသည့် ထိုလွတ်ငြိမ်းသက်သာမိန့်အရ လက်ကျန်ထောင်ဒဏ် ၂၂ နှစ် ၆ လ ကျန်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခြောက်ပုံ တပုံဖြစ်သော ထောင်ဒဏ် ၃ နှစ် ၉ လ လျှော့ပေါ့ခွင့်ရမည်ဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ် အာဏာသိမ်းသော ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရကာ စစ်အုပ်စု စွပ်စွဲသည့်အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ် ၃၅ နှစ်အထိ ချမှတ်ခံခဲ့ရသူဖြစ်သည်။

    ၎င်းထောင်ဒဏ်များထဲမှ ယခင်က အမှုများ ပယ်ဖျက်ကာ ထောင်ဒဏ် ၈ နှစ်အား လွတ်ငြိမ်းပေးထားသည့်အပြင် ပြီးခဲ့သော ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်) အထိမ်းအမှတ်အနေဖြင့် လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင်လည်း လက်ကျန်ထောင်ဒဏ်များထဲမှ ခြောက်ပုံတပုံဖြစ်သော ထောင်ဒဏ် ၄ နှစ် ၆ လ လျော့ပေါ့ ခွင့်ရခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခြွင်းချက် မပါသည့် လွတ်ငြိမ်းသက်သာခွင့်အမိန့်များအရ ထောင်ဒဏ် လျော့ကျ လာသော်လည်း အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ၎င်း၏ကျန်းမာရေးအခြေအနေနှင့် မည်သည့်နေရာတွင် အကျဉ်းချထားသည်ကိုပင် ထုတ်ဖော်ကြေညာခြင်းမရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြရန် လူထုကတောင်းဆိုလှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။

    ထို့ပြင် အကျဉ်းသား/သူ ၁၅၀၈ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးတို့ကိုလည်း “ နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်းလည်း ယနေ့ ကြေညာခဲ့သည်။

  • မန္တလေး ဘုရားကြီးဖက်က ငတက်ပြား မျောက်အဖွဲ့

    မန္တလေး ဘုရားကြီးဖက်က ငတက်ပြား မျောက်အဖွဲ့

    မန္တလေး ဘုရားကြီးဖက်က ငတက်ပြား မျောက်အဖွဲ့ကိုတော့ ဘယ်သူမှ မနိုင်တော့တဲ့ အခြေအနေ ဖြစ်နေပါပြီ။

    အရေအတွက် ၆ ကောင်ကနေ ၁၀ ကောင်အထိ ရှိနိုင်တဲ့ ငတက်ပြား မျောက်အဖွဲ့ဟာ တိုက်အမြင့်တွေပေါ်ကို တက်ပြီး ဖုန်းနဲ့ အဖိုးတန် ပစ္စည်းတွေ ယူဆောင်နေကြတယ်လို့ မန္တလေးနေ ပြည်သူတွေက ပြောပါတယ်။

    ”အစာငတ်လို့ ပြောင်းလာတဲ့ မျောက်တွေဆို ထမင်းအိုး ဟင်းအိုးနဲ့ စားစရာတွေပဲ ယူစားမှာပေါ့။ အခုဟာက ဖုန်းနဲ့ ပိုက်ဆံအိတ်တွေ ယူတာ မျက်မြင်ပဲ။ အဲဒီတော့ တစုံတယောက်က မျောက်တွေကို ခိုင်းနေတာ ဖြစ်လောက်တယ်။ အခုက ဘယ်နေ့ ဘယ်လို ရောက်လာမလဲ လန့်နေရတယ်” လို့ မန္တလေးသား တဦးက ပြောပါတယ်။

    ယခုလို တောရိုင်းတိရစ္ဆာန် စာရင်းဝင်တဲ့ မျောက်တွေ အုပ်စုလိုက် လူနေရပ်ကွက် ဧရိယာအတွင်း ဝင်ရောက်လာတာဟာ ကူးစက်ရောဂါတွေ ပျံ့နှံ့နိုင်တဲ့ အန္တရာယ် ရှိတယ်လို့လည်း ပညာရှင်တချို့က ထောက်ပြထားပါတယ်။

    ယခုဖြစ်ရပ်မှာ တာဝန်ရှိတဲ့ မန္တလေးစည်ပင်ကတော့ စျေးကောက် ကောက်ဖို့နဲ့ ဆိုင်ကယ်ရပ်ခ ကောက်ဖို့လောက်ပဲ အာရုံစိုက်နေပြီး ငတက်ပြားမျောက်အဖွဲ့ကို သူတို့နဲ့ လုံးဝ မဆိုင်ဘူးလို့ သဘောထားကာ မသိချင်ယောင်ဆောင် နေကြပါတယ်။

    မန္တလေး ပြည်သူတွေကတော့ ငတက်ပြား မျောက်အဖွဲ့ကို ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

    ပြည်သူများ အနေနဲ့ နေအိမ် ပြတင်းပေါက်များနဲ့ တံခါးများကို သေချာအောင် ပိတ်ထားသင့်ကြောင်း၊ လစ်လပ်နေတဲ့ အပေါက်များကိုလည်း ပိတ်ထားသင့်ကြောင်း အသိပေးလိုက်ရပါတယ်။

    “မန္တလေးမှာ မျောက်တွေနဲ့ ခိုးခိုင်းနေပြီ! ဖုန်းနဲ့ ရွှေထည်တွေ အထူးသတိထား”

    မန္တလေးမြို့သူ မြို့သားများနဲ့ ခရီးသွားပြည်သူများ သတိထားကြဖို့ တိုက်တွန်းချင်ပါတယ်။

    အခုနောက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေအရ မန္တလေးမြို့ပေါ်မှာ မျောက်တွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး ဖုန်းလုခိုင်းတာ၊ နေအိမ်တွေထဲအထိ ဝင်ရောက်ပြီး ရွှေထည်နဲ့ ငွေကြေးတွေကို ခိုးယူခိုင်းတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

    ဒါဟာ နည်းလမ်းအသစ်နဲ့ ဒုစရိုက်မှု ကျူးလွန်နေတာဖြစ်တဲ့အတွက် မိမိတို့ရဲ့ အဖိုးတန်ပစ္စည်းတွေကို သေချာဂရုစိုက်ကြဖို့နဲ့ နေအိမ်တံခါးတွေကိုလည်း လုံခြုံအောင် ပိတ်ထားကြဖို့ အသိပေးလိုက်ရပါတယ်။

    မြင်တွေ့ရတဲ့ ရုပ်သံဖိုင်တွေအရ မျောက်တွေဟာ လူတွေမရိပ်မိအောင် ကျွမ်းကျင်စွာ လုပ်ဆောင်တတ်ကြတာမို့ အထူးသတိပြုကြပါဦးခင်ဗျာ။

  • ရန်ကုန်လေဆိပ်တွင် VIP Pass ဖြင့် ထွက်ခွာရန် လူ ၁ ဦးလျှင် သိန်း ၁၀၀ အထိ စျေးပေါက်

    ရန်ကုန်လေဆိပ်တွင် VIP Pass ဖြင့် ထွက်ခွာရန် လူ ၁ ဦးလျှင် သိန်း ၁၀၀ အထိ စျေးပေါက်

    စစ်တပ်က ပြည်ပ ထွက်ခွာခွင့်များ တင်းကျပ်လာသည်နှင့်အမျှ ရန်ကုန်လေဆိပ်တွင် VIP Pass ဖြင့် ထွက်ခွာရန် လူ ၁ ဦးလျှင် သိန်း ၁၀၀ အထိ စျေးပေါက်bနေပြီး စရဖ၊ စသုံးလုံး၊ လ၀က နှင့် လေဆိပ်ရဲများ နေ့စဉ် ဝင်ငွေ ထောင်ချီ တရားမဝင် ရရှိနေ

    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပသို့ ထွက်ခွာမည့် ခရီးသည်များထံမှ “VIP Pass” အမည်ခံ၍ လမ်းကြောင်းရှင်းခအဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ အထိ အဆမတန် တောင်းခံကာ ဌာနဆိုင်ရာပေါင်းစုံမှ စနစ်တကျ အဂတိလိုက်စားမှုများ ပြုလုပ်နေကြောင်း ပြည်ပသို့ ထွက်ခွာခွင့်ရရန် ကြိုးစားလုပ်ဆောင်ခဲ့သူများနှင့် လေဆိပ်သတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။

    ရန်ကုန်လေဆိပ်ရှိ လေဆိပ်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး (လ၀က)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) နှင့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ဝန်ထမ်းများက ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် ပွဲစားများနှင့် အချိတ်အဆက်ပြုလုပ်ကာ တရားမဝင် ဝင်ငွေများ ရှာဖွေနေကြသည်။ ၎င်းတို့သည် တရားဝင် ထွက်ခွာခွင့်လမ်းကြောင်းများကို ပိတ်ပင်ထားသယောင် ဖန်တီးကာ အဂတိလိုက်စားရန် လမ်းစရှာဖွေနေကြခြင်း ဖြစ်သည်။

    ပြည်ပသို့ ထွက်ခွာလိုသူများအတွက် လမ်းကြောင်းရှင်းခအဖြစ် အနည်းဆုံး ကျပ်သိန်း ၃၀ မှ ၆၀ အထိ ပေးဆောင်နေရပြီး အခြေအနေပေါ်မူတည်ကာ ကျပ်သိန်း ၁၀၀ အထိ စျေးပေါက်နေသည်။

    အထူးသဖြင့် လတ်တလော စစ်တပ်က ပိတ်ပင်ထားသော အရှေ့အလယ်ပိုင်းဖြစ်သည့် ဒူဘိုင်းနှင့် အိုမန်သို့ သွားရောက်မည့်သူများ၊ ဂျပန်နှင့်ကိုရီးယားသို့ သွားမည့်သူများကို ပုံစံမျိုးစုံဖြင့် ထွက်ခွာခွင့်ပြုကာ လမ်းကြောင်းရှင်းပေးနေခြင်းဖြစ်သည်။ လေဆိပ်မှ VIP Pass ဖြင့် ထွက်ခွာလိုသူများသည် အထောက်အထား မစုံလင်သူများပင်လျှင် ပွဲစားနှင့် ဝန်ထမ်းများ၏ အချိတ်အဆက်ဖြင့် ငွေပေးပါက လုံခြုံစွာ ထွက်ခွာနိုင်ရန် စီစဉ်ပေးနေသည်။

    ” PJ နဲ့ အလုပ်သွားလုပ်မယ့်သူတွေကို လေဆိပ်မှာ အရမ်းတင်းကျပ်ထားတော့ PV အမျိုးအစားနဲ့ထွထွက်ခွင့်ပေးပြီး ဟိုမှာပြန်ပြီးသက်တမ်းတိုးနေတာ။ ပွဲစားတွေနဲ့ လေဆိပ်ဝန်ထမ်းတွေ တိုက်ရိုက်ချိတ်ဆက်ထားတာ။ အခု အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဒူဘိုင်း၊ အိုမန်ကို ပေးမထွက်ဘူး ပိတ်ထားတယ်။ အဲဒါကို ဒူဘိုင်း အိုမန်ဖက်လူပို့တဲ့ ပွဲစားတွေနဲ့ လေဆိပ်ဝန်ထမ်းတွေ ချိတ်ဆက်ပြီး အထောက်အထားမစုံရင်လည်း VIP Pass နဲ့ ပေးထွက်ခွင့်ပြုတာ။ ပြီးရင် ပို့လိုက်တဲ့ လူဦးရေအလိုက် အားလုံးကြားမှာ ရာခိုင်နှုန်းအလိုက် ပိုက်ဆံပြန်ခွဲကြတာ။ သူတို့အဆက်အဆက်နဲ့လာတဲ့သူတွေဆို ဂိတ်တွေမှာကြိုချိတ်ထားကြပြီး လမ်းကြောင်းရှင်းပေးတယ်။ ဆိုလိုတာက သူတို့အချိတ်အဆက်နဲ့လာရင် လုံခြုံတယ်ပေါ့ လေဆိပ်က လှည့်ပြန်စရာမလိုဘူး။ အခု ခွင့်ပြန်တွေကိုလည်း အလုပ်သမားဝန်ကြီးဌာနဘက်က တင်းကျပ်ထားတော့ VIP Pass နဲ့ ထွက်ခွင့် လုပ်ပေးနေကြတာ။ ဝန်ကြီးဌာနက တင်းကျပ်လေ လေဆိပ်မှာ ဂွင်ကြီးပိုဖြစ်လေပဲ” ဟု လေဆိပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    လေဆိပ်မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ တရားမဝင် နေ့စဉ်ဝင်ငွေမှာ ကျပ်သိန်းထောင်ချီ ရှိနေပြီး ၎င်းတို့၏ လက်ဝယ်တွင် ကျပ်ငွေများသာမက နိုင်ငံခြားငွေ ဒေါ်လာများပါ အမြောက်အမြား ရှိနေခြင်းဖြစ်သည်ဟု လေဆိပ်သတင်းရင်းမြစ်များက ဆိုသည်။

    တစ်ဖက်တွင်လည်း လေဆိပ်ဝန်ထမ်းများက ပုံမှန်စာရွက်စာတမ်းဖြင့် ပြည်ပသို့ ထွက်ခွာမည့် သာမန်ပြည်သူများကိုမူ အပေါ်စီးမှ ဆက်ဆံခြင်း၊ ရစ်ပတ်ခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေသဖြင့် ပြည်သူများမှာ အဘက်ဘက်မှ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

    စစ်တပ်က ပြည်ပထွက်ခွာခွင့်များ တင်းကျပ်နေရာတွင် စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပရောက် မြန်မာအလုပ်သမားများ ခွင့်ဖြင့် ပြန်လာပြီးနောက် ပြန်လည်ထွက်ခွာမည့်ကိစ္စနှင့် ပတ်သက်၍ ပိုမိုတင်းကျပ်သည့် ညွှန်ကြားချက်ကို ဧပြီ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

    ပြည်ပမှ ခွင့်ဖြင့် ပြန်လာမည့် မြန်မာအလုပ်သမားများသည် မြန်မာနိုင်ငံသို့ မလာရောက်မီ အလုပ်ရှင်ထံမှ ရရှိသည့် ခွင့်စာကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး/ကောင်စစ်ဝန်ရုံးများတွင် ပြသ၍ ထောက်ခံစာ ရယူလာရမည်ဖြစ်ပြီး ခွင့်ပြန်အလုပ်သမားများ၏ ဗီဇာနှင့် အလုပ်အချက်အလက်များ ပြောင်းလဲနေပါက မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် OWIC ကတ်ကို အသစ်ပြန်လည် လျှောက်ထားရမည်။

    ယခုကဲ့သို့ တင်းကျပ်ရခြင်းမှာ အချို့သောအလုပ်သမားသစ်များက “ခွင့်ပြန်အလုပ်သမား” အယောင်ဆောင်၍ ထွက်ခွာရန် ကြိုးစားနေခြင်းကြောင့်ဖြစ်သည်ဟု ဝန်ကြီးဌာနက အကြောင်းပြထားသော်လည်း လေဆိပ်တွင် ဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုများကြောင့် ပြည်သူများအတွက် ပိုမို ဝန်ထုပ်ဝန်ပိုး ဖြစ်စေလျက်ရှိကြောင်း သိရှိရသည်။

  • လူငယ်များကြား Happy Pod မူးယစ်ဆေး ခေတ်စားလာ

    လူငယ်များကြား Happy Pod မူးယစ်ဆေး ခေတ်စားလာ

    တားမြစ်ထားသည့် အီးစီးကရက်အပြင် “ Happy Pod” ဟုခေါ်သော မူးယစ်ဆေးပစ္စည်းများလည်း ရောင်းဝယ်သုံးစွဲမှုယခင်ကထက်ပိုများရှိလာကြောင်း စုံစမ်းသိရသည်။

    မြန်မာနိုင်ငံတွင် အီးစီးကရက် နှင့် ဆက်စပ်ပစ္စည်းများကို တားမြစ်ကုန်စည်အဖြစ် သတ်မှတ်ထားပြီး၊ ရောင်းဝယ်သုံးစွဲလျှင် အရေးယူခံမည် ဖြစ်ကြောင်းကို စစ်ကော်မရှင် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနစ်ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

    သို့သော် အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် သျှမ်းပြည်အတွင်း အီးစီးကရက်သုံးစွဲမှု လျော့နည်း သွားခြင်းမရှိသည့်အပြင် “Happy Water” နှင့်ဆင်တူ စိတ်ကြွဆေးပစ္စည်းတမျိုးဖြစ်သည့် “Happy Pod”များသည် လူငယ်များကြား တွင်ကျယ်စွာ အသုံးပြုလာကြောင်း အသက် ၂၀ ဝန်းကျင် အရွယ်ရှိ Happy Pod သုံးစွဲဖူးသည့် လူငယ်တစ်ဦးက ပြောသည်။

    “Happy pod က ရိုးရိုး‌သောက်နေကြ အီးစီးကရက်တွေနဲ့တော့မတူဘူး။ ပြင်းလည်းပိုပြင်းတယ် ကွာတယ်။ Happy Pod က စွဲလည်း စွဲတယ်။ တခုကို ၂ သိန်းအထက်ကနေစပြီးရောင်းတာ။ ဈေးလည်း ကြီးတယ်။ ရိုးရိုး အီးစီးကရက်တွေကပုံမှန် ဆိုပေမယ့် ဒီ Happy pod က သောက်လိုက်ရင် Happy Water ထက် နည်းနည်းဆိုးတယ်”ဟု ၎င်းလူငယ်ကဆိုသည်။

    Happy Pod တွင် MDMA (Ecstasy)၊ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပင်နှင့် ကက်တမင်းတို့ ပါဝင်ပြီး အရည်ပုံစံဖြစ်သောကြောင့် အီးစီးကရက်မှတဆင့် လွယ်ကူစွာ ရှူရှိူက်သုံးစွဲနိုင်သော စိတ်ကြွဆေး တစ်မျိုးဖြစ်သည်။

    လက်ရှိ ရှမ်းပြည်တောင်ပိုင်း နှင့် ရှမ်းပြည် အရှေ့ပိုင်းရှိ ဘားများ၊ KTVများနှင့် ကလပ်များတွင် Happy Pod နှင့် Weed Podများကို လူငယ်များအကြား ပုံမှန်သုံးစွဲနေကြပြီး အချို့လူငယ်များသည် အဆိုပါ Happy Pod နှင့် Weed Pod တို့ကို စွဲလမ်းမှုရှိကြောင်း အသက်၂၀ ဝန်းကျင်ရှိ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

    “တာချီလိတ်က KTV မှာအလုပ်လုပ်တဲ့ အသိတစ်ယောက် အဲ့ Happy Podသုံးပြီး စွဲနေတယ်။ မသောက်ရရင် မနေနိုင်သလိုဖြစ်တယ်လို့လည်း သူပြောပြတယ်။ တခြားအီးစီးကရက်တွေ ထပ်တော့ ပိုဖြတ်ရခက်မယ်နဲ့ တူတယ်။”ဟု ၎င်းကပြောသည်။

    ထို့အပြင် Vape နှင့် Pod ကို တားမြစ်ထုတ်ကုန်အဖြစ်သတ်မှတ်ထားသော်လည်း လက်တွေ့တွင် အရေးယူခြင်းမရှိသည့်အပြင် အီးစီးကရက် နှင့် ဆက်စပ်သည့် ပစ္စည်းများကို အွန်လိုင်းမှတဆင့် ဆက်လက် ရောင်းဝယ်နေကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် အသုံးပြုနေသော Vape၊ Pod နှင့် အီးစီးကရက်များသည် တရုတ်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ထုတ်လုပ်သည့် ပစ္စည်းများဖြစ်ပြီး၊ Happ Pod နှင့် Weed Pod များသည် တရုတ်နိုင်ငံမှ ထုတ်ကုန်များဖြစ်ကြောင်း သိရသည်။

    စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်အတွင်းရှိ KTVများ၊ ဘားများနှင့် ကလပ်များတွင် Happy water၊ Ketamine (K)နှင့် Ecstasy (E) စသည့် မူးယစ်ဆေးများ ယခင်ကထက် ပိုရေပန်းစားလာပြီး လွယ်ကူစွာ ဝယ်ယူသုံးစွဲလာကာ မကြာခဏ သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။