ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကျော နံပါတ် ၈၁ ပါ အင်္ကျီဝတ်သူ ဖမ်းဆီးခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ အသက် ၈၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်၊ အင်္ကျီအနီဝတ်တာနဲ့ လှုပ်ရှားမှု တွေမှာ ပါဝင်သူတချို့ကို စစ်အာဏာရှင်တပ်က စစ်ဆေး ဖမ်းဆီးနေပါတယ်။

ရန်ကုန်မြို့မှာတော့ ပန်းအရောင်းဆိုင်တွေ၊ ဘတ်စ်ကားမှတ်တိုင်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ စစ်အာဏာရှင်တပ်သား၊ ရဲ နဲ့ အရပ်ဝတ်လုံခြုံရေးတွေ တင်းကျပ်နေပြီး မန္တလေးမြို့မှာ နံပါတ် ၈၁ ပါတဲ့ အင်္ကျီဝတ်ဆင်ထားသူနဲ့ အရပ်သား တယောက် ဖမ်းဆီးခံရပါတယ်။

ရန်ကုန်မြို့ပေါ်မှာ ပုံမှန်နေ့တွေထက် အစစ်ဆေးနဲ့ လုံခြုံရေး တင်းကျပ်ထားပြီး မွေးနေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့တဲ့နေရာတွေကို စစ်ဆေးခဲ့တယ်လို့ ရန်ကုန် မြေပြင်ကင်းထောက်အဖွဲ့ တချို့က ပြောပါတယ်။

ရန်ကုန်ကင်းထောက်အဖွဲ့ တာဝန်ရှိသူတယောက်က “အရင် ပုံမှန်နေ့တွေထက် ဒီနေ့မနက်မှာ စစ်သား၊ ရဲ၊ ပျူအဖွဲ့၊ အုပ်ကြီး အဖွဲ့တွေ လှုပ်ရှားနေကြပါတယ်ဗျ။ လမ်းဆုံလမ်းခွတွေ၊ ကုန်းကျော် တံတားတွေနဲ့ ဆန္ဒပြနိုင်တယ်လို့ ယူဆတဲ့နေရာတွေမှာ နေရာယူထားခဲ့ ကြတယ်။ လှည့်ကင်းတွေ လည်း များပါတယ်။ ဗဟန်းဘက်ဆို အင်္ကျီအနီဝတ်ထားတဲ့ သူတွေကို ခေါ်စစ်တာ လုပ်ခဲ့တယ်။ မနက်အစောပိုင်းက သပိတ်လှုပ်ရှားမှု တချို့လည်း လုပ်ထားခဲ့ကြတော့ ပိုသတိထား စောင့်ကြည့် နေကြပါတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်သားတွေနဲ့ လုံခြုံရေးအဖွဲ့တွေက လှိုင်သာယာ၊ သင်္ဃန်းကျွန်း၊ စမ်းချောင်း၊ ဗဟန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့မြို့နယ်တွေမှာလည်း လုံခြုံရေးတင်းကျပ်ပြီး ရပ်ကွက် အတွင်းပိုင်းတွေအထိ ကင်းလှည့်တာတွေလုပ်နေတယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်မှာ လူထုခေါင်းဆောင်မွေးနေ့ လှုပ်ရှားမှုပါဝင်သူတွေ ဖမ်းဆီးခံရမှုအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးပေမဲ့ မသင်္ကာလို့ ခေါ်စစ်ဆေးခံရသူတွေတော့ များတယ်လို့ မြို့ခံက ပြောပါတယ်။

လုံခြုံရေးတင်းကျပ်ထားတဲ့ မန္တလေးမြို့မှာလည်း စစ်အာဏာရှင်တပ်သားတွေဟာ အရင်ကထက် လုံခြုံရေး အင်အား အများအပြားနဲ့ မြို့တွင်း လှည့်လည်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

မန္တလေးမြို့ခံတယောက်က “မန္တလေးမှာလည်း မြို့တွင်းထဲ ခါတိုင်းနေ့တွေထက် လုံခြုံရေးတော့ ပိုကျပ်တယ်။ လှည့်ကင်း များတယ်။ ဖမ်းခံရသူ ၂ ယောက်ရဲ့ ပုံတွေတော့ သူတို့တင်ထားတာ တွေ့တယ်။ တယောက်က အင်္ကျီနောက်ကျောမှာ နံပါတ် ၈၁ ပါလို့ ဖမ်းသွားတာ”လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက နှစ်စဉ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ်နိုင်ငံတဝန်းမှာ လှုပ်ရှားမှုမျိုးစုံ ပြုလုပ်ခဲ့ကြပြီး စစ်အာဏာရှင်တပ်သားတွေက ပန်းပန်လို့ ဖမ်းတာ၊ နှင်းဆီပန်းရောင်းလို့ ဖမ်းတာနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မွေးနေ့ ဆုတောင်းခဲ့ကြသူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ဒေသတွေမှာတော့ လူထု ခေါင်းဆောင် မွေးနေ့ အထိမ်းအမှတ်အဖြစ် လမ်းလျှောက် ချီတက်တာ၊ ဆုတောင်းပွဲ၊ မွေးနေ့ပွဲလုပ်တာ၊ ကဗျာရွတ်တာတွေ လုပ်ဆောင်နေကြပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *