Category: News

  • နတ်ရေကန်တောင်ဗျူဟာစခန်းကို လေယာဉ်ပေါ်ကလာချပေးတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေအချို့ AA သိမ်းဆည်းရမိ

    နတ်ရေကန်တောင်ဗျူဟာစခန်းကို လေယာဉ်ပေါ်ကလာချပေးတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေအချို့ AA သိမ်းဆည်းရမိ

    ဝိုင်းရံပိတ်ဆို့ခံနေရတဲ့ နတ်ရေကန်တောင်ဗျူဟာစခန်းကို လေယာဉ်ပေါ်ကလာချပေးတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေအချို့ AA သိမ်းဆည်းရမိ

    ဝိုင်းရံ ပိတ်ဆို့ခံထားရသည့်အတွက် လက်နက်ခဲယမ်း၊ ရိက္ခာများပြတ်တောက်နေသော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒန်းမြို့အပိုင်အမ်း-ပဒန်း ရိုးတောင်ကျော်လမ်းရှိ နတ်ရေကန်လေကြောင်းရန် ဗျူဟာကုန်းကို လေယာဉ်မှ လေထီးဖြင့် လာချပေးနေရရာ ထိုအထဲက လက်နက်ခဲယမ်းများနှင့် ရိက္ခာထုပ်တချို့ကို အာရက္ခတပ်တော် (AA) မှသိမ်းဆည်းရမိကြောင်းသတင်းရရှိသည်။

    ဒေသခံမြေပြင်သတင်းရင်းမြစ်တစ်ဦးက “ပစ္စည်းတွေမချပေးခင်ဂျက်နဲ့ပတ်ဝန်းကျင်ကို လာပစ်တယ်။ပြီးမှ Y8 လေယာဉ်နဲ့ပစ္စည်းထုပ်တွေကို ချတယ်။တချို့ ပစ္စည်းတွေက သူတို့(စစ်တပ်)ဖက်လည်းကျတယ်။AA ဖက်ကိုလည်းအထုပ်တွေ ကျလာတာတွေရှိတော့သိမ်းဆည်း ရမိထားတွေရှိတယ်”ဟုပြောသည်။

    အင်အားရာနှင့်ချီရှိသည့် လေကြောင်းရန်ကာကွယ်ရေးဗျူဟာကိုအာရက္ခတပ်တော်နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက ဝိုင်းရံ ပိတ်ဆို့ထားသဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပြတ်တောက်နေ၍ ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နံနက်က Y8 လေယာဉ်ဖြင့်လက်နက်ခဲယမ်းနှင့်စားနပ်ရိက္ခာကိုလေထီးဖြင့်လာချပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောဆိုသည်။

    အာရက္ခတပ်တော်နှင့်ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များသည် အမ်း – ပဒါန်းလမ်းပေါ် ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းအတွက်အဓိကကင်းစခန်းကြီးဖြစ်သည့် ပဇီကျေးရွာအနီးရှိဖိုက်တာကုန်းစခန်းကိုအောက်တိုဘာ၁၀ ရက်နေ့ တွင် လက်နက်ခဲယမ်းအများအပြားနှင့် အတူ သိမ်းပိုက်ရရှိခဲ့သည်။

    စက်တင်ဘာလ ၂၈ ရက်ကလည်းက အာရက္ခတပ်တော်နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့သည် နတ်ရေကန်စခန်းနှင့်နှစ်မိုင်ဝန်းကျင်သာကွာဝေးသည့် နတ်ရေကန် – ပဒါန်းလမ်းသစ် ကားလမ်းမပေါ်ရှိစစ်တပ်၏ ထောက်ပို့စခန်းကြီးဖြစ်သော ဂုတ်ကြီး စခန်းကိုသိမ်းပိုက်ရရှိခဲ့သည်။

    ၎င်းပြင် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းသို့ ပဒါန်းဘက်က စစ်ကူလာနိုင်သည့် လမ်းဟောင်း၊ လမ်းသစ်နှစ်ခုစလုံးကို အာရက္ခတပ်တော်နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက် ပိတ်ဆို့ ထားသဖြင့် အဆိုပါ နတ်ရေကန်တောင်ပေါ်ရှိ လေကြောင်းရန် ကာကွယ်ရေးစခန်းတွင် လက်နက်နှင့် စားနပ်ရိက္ခာများပြတ်တောက်နေသည်ဟု ဆိုသည်။

    “ ဒီ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို ဗျူးဟာမှူးတစ်ဦး ကိုယ်တိုင်ဦစီးပြီးစခန်း ထိုင်နေတာ။ လေကြောင်းရန်ဗျူဟာကိုအခိုင်အမာတည်ဆောက်ထားပြီးတောင်ပတ်လည်မှာတပ်စခန်းအသီးသီက တပ်ဆုတ်လာတဲ့ တပ်ဖွဲ့ဝင်တွေ၊စစ်မှုထမ်းတပ်သားသစ်တွေနဲ့ အင်အား ဖြည့်တင်းပြီး သေသေချာချာခံစစ်လုပ်ထားတာ။အင်အားတော့ လေးငါးရာလောက်ရှိနိုင်တယ်။ ဒါပေမယ့် အခုက နတ်ရေကန်နားမှာ နေ့တိုင်းတိုက်ပွဲဖြစ်နေပြီး ရိက္ခာတွေလည်းပြတ်လာတော့ ထွက်ပြေးတာလည်း တော်တော်များနေတယ်။ တပ်ပွဲမှာကျသွားတာတွေလည်း တော်တော်များ နေတယ်။ ဒီလေကြောင်းရန်ကာကွယ်ရေးစခန်းလည်း ဒီအတိုင်းဆို မကြာခင် ကျသွားနိုင်တယ်”ဟု ပြောဆိုသည်.။

    အကြမ်းဖက်လေတပ်ကနေကြောင်းကနေနေ့ရောညပါလာရောက်ဗုံးကြဲတိုက်ခိုက်နေသော်လည်းအာရက္ခတပ်တော်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်ကို မဟန့်တားနိုင်ဘဲ ဖြစ်နေသည်ဟု တစ်ခြား စစ်ရေးသတင်းရင်းမြစ်တစ်ခုကလည်းပြောဆိုသည်။

    “Y12၊ ဂျက်ဖိုက်တာ၊ Y8 တို့ကအဆက်မပြတ်လာပစ်တယ်။အဓိကနတ်ရေကန် ဗျူဟာကုန်းက ပိတ်မိနေတာကိုသိနေလို့အယင်ထက်လာပစ်နေတာပါ။ဒါပေမယ့် တောတောင်ထူထပ်ပြီး တောင်တွေက မတ်စောက်တဲ့အတွက် လေကြောင်းကနေ လာပစ်တာလည်း ထင်သလောက် ထိရောက်မှုမရှိပါဘူး”ဟုပြောသည်။

    စစ်တပ်၏ ကာကင်းကုန်းများနှင့်ရိက္ခာသယ်ယူရေးလမ်းကြောင်းများကို တော်လှန်ရေးတပ်များကဖြတ်တောက်ပိတ်ဆို့ထားပြီး ကပစ၁၄၊ဇင်ပြွန်း၊ဆုန်ကုန်းတို့မှတတ်လာသော စစ်ကူ​စစ်ကြောင်းများသည်လည်းအကျအဆုံးများနှင့် ထွက်ပြေးမှုများနေသဖြင့် ရှေ့မတိုးနိုင်ဘဲနောက်သို့သာဆုတ်နေရသည်ဟုသိရသည်။

  • “မဲစာရင်း မှားယွင်းမှုကို  လာရောက်ဖြေရှင်းတဲ့ ပြည်သူများကို မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူးက  ခွေးနဲ့ခိုင်းနှိုင်း ပြောဆိုခဲ့”

    “မဲစာရင်း မှားယွင်းမှုကို လာရောက်ဖြေရှင်းတဲ့ ပြည်သူများကို မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူးက ခွေးနဲ့ခိုင်းနှိုင်း ပြောဆိုခဲ့”

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှ ပြည်သူများဟာ စစ်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှာ ထပ်မံပါဝင်နေတဲ့အတွက် ဖြေရှင်းရန် လာရောက်ခဲ့ချိန်မှာ မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အချင်းများခဲ့ကြပါတယ်။

    အဆိုပါ မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူများကို ခွေးနဲ့နှိုင်းခိုင်း ပြောဆိုခဲ့ခြင်းကြောင့် ပြည်သူများနဲ့ အချင်းများခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

    ရုပ်သံ – လူမှုကွန်ရက်

  • ချောင်းဦး ရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်အုပ်စုတပ်သားတချို့ သေဆုံး

    ချောင်းဦး ရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်အုပ်စုတပ်သားတချို့ သေဆုံး

    ချောင်းဦး ရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်အုပ်စုတပ်သားတချို့ သေဆုံး

    စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က စစ်အုပ်စုတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ မြို့မရဲစခန်းကို အောက်တိုဘာလ ၁၀ ရက်မှာ တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီးဒရုန်းတွေ ပစ်ချတိုက်ခိုက်ခဲ့တာလို့ Chaung U People’Defence Force အဖွဲ့ကထုတ်ပြန်ပါတယ်။

    ၆၀- မမ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ရာမှာ ရဲစခန်းအတွင်းက ပစ္စည်းသိုလှောင်ထားတဲ့ ဂိုထောင်ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ဗုံးသီးကျရောက် ပေါက်ကွဲတာကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ၊ တစ်ဦးဒဏ်ရာရခဲ့ပြီး သေဆုံးသွားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

    ဒီတိုက်ခိုက်မှုကို Chaung U People’Defence Forceနဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    မနေ့က ညပိုင်းမှာပဲ ချောင်းဦးမြို့ပေါ် ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေ ပြန်လည်ပစ်ခတ်တာကြောင့် ငလုံးတင်ရွာက ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးကာ ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်ကလည်း ချောင်းဦးနယ်၊ ဘုံတိုရွာစာသင်ကျောင်းမှာ ကျင်းပခဲ့တဲ့ သီတင်းကျွတ်လပြည့်ည စစ်အာဏာရှင် ဆန့်ကျင်ရေးဆီမီးသပိတ် လှုပ်ရှားမှုကို စစ်အုပ်စုကလေကြောင်းပစ်ခတ်ခဲ့တာကြောင့် လူ ၂၄ ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

    ဒဏ်ရာရရှိသူတွေကိုလည်း ဆေးကုသလို့မရအောင် မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ဆေးဝါးသယ်ယူခွင့်တွေကို တင်းကြပ်ဖြတ်တောက်ကာ စစ်အုပ်စုအထိုင်စခန်းတွေကနေ လက်နက်ကြီးတွေပါ ဆက်တိုက်ပစ်ခတ်နေတာ ဖြစ်ပါတယ်။

    Photo: မြိုင်နယ်က လင်းကတော့ရဲစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့စဉ်

  • ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်း အပါအဝင် ၃ ဦးကို Fujian ပြည်နယ်တွင် လူသတ်မှု အပါအဝင် ရာဇဝတ်ပုဒ်မများစွာဖြင့် ထပ်မံ တရားစွဲ

    ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်း အပါအဝင် ၃ ဦးကို Fujian ပြည်နယ်တွင် လူသတ်မှု အပါအဝင် ရာဇဝတ်ပုဒ်မများစွာဖြင့် ထပ်မံ တရားစွဲ

    တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်းကျားဖြန့် လိမ်လည်မှုအတွက် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်း အပါအဝင် ၃ ဦးကို Fujian ပြည်နယ်တွင် လူသတ်မှု အပါအဝင် ရာဇဝတ်ပုဒ်မများစွာဖြင့် ထပ်မံ တရားစွဲ

    တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်သော အွန်လိုင်းကျားဖြန့် လိမ်လည်မှုအတွက် ကိုးကန့်ပည်သူ့စစ်ခေါင်းဆောင် ဝေဆန်း အပါအဝင် ၃ ဦးကို Fujian ပြည်နယ်၊ Quanzhou မြို့ တွင် လူသတ်မှုအပါအဝင် ရာဇဝတ်ပုဒ်မများစွာဖြင့် ထပ်မံ တရားစွဲလိုက်ကြောင်း သိရှိရသည်။

    မြန်မာနိုင်ငံမြောက်ပိုင်းဒေသဖြစ်သော ကိုးကန့်ကို အခြေပြု၍ ကျားဖြန့်ဂိုဏ်းများ ထူထောင်၍ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်ခြင်း၊ ရာဇ၀တ်မှုများ လုပ်ဆောင်ရန် လက်နက်ကိုင်တပ်ဖွဲ့များကို အသုံးချခဲခြင်းတို့အတွက် ဝေဆန်း အပါအဝင် ၃ ဦးကို တရားစွဲလိုက်ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ယမန်နေ့က ထုတ်ပြန်ကြေညာသည်။

    Fujian ပြည်နယ်၊ Quanzhou မြို့ တရားရုံးတွင် တရားစွဲဆိုရာတွင် အသုံးပြုသည့် ပုဒ်မများမှာ လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ စီစဉ်မှုနှင့် ငွေညှစ်မှုတို့ ပါဝင်သည်ဟု အစိုးရရှေ့နေများက ပြောကြားသည်။ တရားစွဲခံလိုက်ရသော ဝေဆန်း (ခ) ဝေဝှိုင်ရန် Wei Huairenမှာ စစ်တပ်လက်အောက်ခံ ကိုးကန့် နယ်ခြားစောင့်တပ်ရင်း (၁၀၀၆) ဥက္ကဋ္ဌဖြစ်သည်။

    စက်တင်ဘာလ ၂၉ ရက်နေ့ Zhejiang ပြည်နယ်ရှိ တရာရုံးက ကိုးကန့်ဒေသမှ မြီရှောက်ချန်း၏ မိသားစုဝင်များကို ပထမဆုံးအကြိမ် အဖြစ် စီရင်ချက်များ ချမှတ်ခဲ့ပြီး မြီရှောက်ချန်း၏ သားဖြစ်သူ Ming Guoping (Mg Myin Shaut Phyin)၊ မြေးမလေး Ming Zhenzhen(သီရိမောင်)၊ ဝေကော်ချန်း Zhou Weichang ၊ ဝူဟုန်မင် Wu Hongming ၊ ဝူစိန်လုံ Wu Senlong ၊ ဖုယွီပင်း Fu Yubin အပါအဝင် ၁၁ ဦး တို့ကို သေဒဏ်ချမှတ်ခဲ့သည်။

    ရန်ကျိန့်ရှီ Yang Zhengxi၊ ဖုချိန်ဇစ် Fu Chengzhi အပါအဝင် ၅ ဦးကို ဆိုင်းငံ့ ၂ နှစ် သေဒဏ် ချမှတ်လိုက်ကြောင်း၊ လော်ကျန်းကျမ်း Luo Jianzhang ၊ ချိုးဇစ် Qiu Zhi အပါအဝင် ၁၁ ဦးကို ထောင်ဒဏ်တသက် ချမှတ်လိုက်ကြောင်း၊ ပိဟွေ့ကျွင်း Bi Huijun ၊ ကျန်းကျိ Jiang Ji အပါအဝင် ၁၂ ဦးကို ထောင်ဒဏ် ၅ နှစ်မှ ၂၄ နှစ်အထိ သတ်မှတ်ထောင်ဒဏ် အသီးသီးကိုလည်းကောင်း၊ ငွေဒဏ်၊ ပိုင်ဆိုင်မှု ပစ္စည်းများ သိမ်းယူခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း ပြစ်ဒဏ်များကိုလည်း ချမှတ်ခဲ့သည်။

    တရုတ်နိုင်ငံ၊ Zhejiang အရှေ့ပိုင်းခရိုင်တွင် ကျားဖြန့် ငွေလိမ်လည်မှု အပါအဝင် ပြစ်မှု ကျူးလွန်သူ တရားခံ ၃၉ ဦးကို စွဲချက် တင်ခဲ့ပြီး ၎င်းတို့အနက် ၁၆ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ၎င်းတို့ကို လူသတ်မှု၊ လိမ်လည်မှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ စနစ်တကျ လောင်းကစားမှုနှင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ အပါအဝင် ပြစ်မှုများဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    တရုတ်နိုင်ငံ နယ်နိမိတ်ပြင်ပ ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော ရာဇ၀တ်မှုများဖြစ်သော်လည်း တရုတ်နိုင်ငံသားများ၏ ကိုယ်ပိုင်အခွင့်အရေးများကို ချိုးဖောက်ခြင်းကြောင့် တရုတ်အာဏာပိုင်များက ယင်းအမှုကို စီရင်ပိုင်ခွင့်ရှိသည်ဟုဆိုကာ တရုတ်အစိုးရက ဖမ်းဆီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှ ကျားဖျန့် အွန်လိုင်းငွေလိမ်လည် ဂိုဏ်း၏ အဓိက တရားခံဖြစ်သောစစ်တပ်က ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ပယ်ဆောက်ချိန် Bai Suocheng၊ ပယ်ရင့်ဆန်း Bai Yingcang (ပယ် ဆောက် ချိန်၏ သား) ၊ဝေဆန်း (ခ) ဝေဝှိုင်ရန် Wei Huairen နယ်ခြားစောင့်တပ်ရင်း (၁၀၀၆) ဥက္ကဌ ၊ လျှိုအားပေါက် (ခ) လျိုကျိန့်ရှန်း Liu Zhengxiang Fully Light ဖူလီလိုက် လုပ်ငန်းစု သူဌေး ၊လျှိုကျိန့် မောက် Liu Zhengmao ၊ ရွှီလောက်ဖား Xu Laofa တို့ကို အခြား အရေးကြီး တရားခံ ၄ ဦး စုစုပေါင်း ၁၀ ဦးတို့ကို နေပြည်တော်လေဆိပ်မှ တစ်ဆင့် တရုတ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

  • ချောင်းဦးမီးထွန်းပွဲဗုံးကြဲမှု၌ ပါဝင်ပတ်သက်သူများ၏သတင်း ပေးပို့ရန် မုံရွာ ပလဖ ဖိတ်ခေါ်

    ချောင်းဦးမီးထွန်းပွဲဗုံးကြဲမှု၌ ပါဝင်ပတ်သက်သူများ၏သတင်း ပေးပို့ရန် မုံရွာ ပလဖ ဖိတ်ခေါ်

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ဘုံတိုကျေးရွာက သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲကို လေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူတွေနဲ့ ဆက်စပ်သူတွေရဲ့ သတင်းအချက်အလက်တွေ ပေးပို့ကြဖို့ People’s Security Force – PSF (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့) က ဖိတ်ခေါ်ထားပါတယ်။

    မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဘုံတိုရွာနားမှာ ဒေသခံပြည်သူတွေစုပေါင်းပြီး လပြည့်ညဆီမီးထွန်းပွဲတော်ပြုလုပ်နေချိန်ကို စစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိ ပါရာမိုတာနဲ့ ရက်ရက်စက်စက် လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ပါရာမိုတာ Pilot မောင်းသူတရားခံနဲ့ ဆက်စပ်တဲ့ စစ်တပ်သတင်းပေးသူတွေကို အပြစ်ပေးစီရင်နိုင်ဖို့ သူတို့တွေရဲ့ သက်ဆိုင်တဲ့သတင်းအချက်အလက်တွေကို တောင်းယူရတာဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။

    ပြည်သူတွေနဲ့ တော်လှန်ရေးရေးတပ်ဖွဲ့တွေအနေနဲ့ အဲဒီဗုံးကြဲတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့ကြသူတွေရဲ့ သတင်းအချက်အလက်တွေကို People’s Security Force – PSF ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် လုံခြုံစိတ်ချစွာပေးပို့နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်၊ သီတင်းကျွတ်လပြည့်ည ၈ နာရီဝန်းကျင်မှာ ဒေသခံပြည်သူတွေစုပေါင်းပြီး ဆီမီးထွန်းပွဲတော်ပြုလုပ်နေချိန် စစ်ကောင်စီတပ်ရဲ့မုံရွာနမခ ထဲကနေ တက်လာတဲ့ စက်တပ်လေထီးဟာ ၁၂၀ မမ ဗုံးသီး ၂ လုံးကို ဆီမီးထွန်းနေတဲ့ လူအုပ်ကြားထဲကိုကြဲချခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေချိန်မှာလည်း စက်တပ်လေထီး နောက် ၁ စီးနဲ့ ဗုံး ၂ လုံးထပ်မံကြဲချခဲ့တာကြောင့် အောက်တိုဘာ ၉ ရက်နေ့အထိ သေဆုံးတဲ့ပြည်သူ အယောက် ၂၀ ဝန်းကျင်ရှိပြီး ဗုံးစထိမှန်ဒဏ်ရာကြောင့် ဆေးကုသနေရသူ ၄၀ နီးပါးထဲမှာလည်း အသက်အန္တရာယ်စိုးရိမ်ရသူတွေ ပါဝင်နေသေးတယ်လို့ ဆိုပါတယ်။

    မုံရွာ ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ တော်လှန်တပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကို ရန်သူ့ဆီကိုသတင်းပေးနေတဲ့ ဒလန်တွေ၊ သတင်းပေးတွေရဲ့ အချက်အလက်တွေ​ကို ပလဖ ဘက်က တောင်းခံတာပါ။ ပလဖ ဘက်က ထုတ်ပြန်ထားတာအပေါ်မှာတော့ အထူးဖြည့်စွက်ပြောစရာမရှိပါဘူး” လို့ ပြောပါတယ်။

    အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အခုအောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ပြည်သူကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်အန္တရာယ်တွေကို သတိထားရှောင်ရှားနိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အမြဲမပြတ်သတိပေးတိုက်တွန်းနေကြတယ်လို့လည်း သိရပါတယ်။