Category: News

  • ကျောက်တော်၌ စာသင်ကျောင်း ဗုံးကြဲခံရပြီး ကျောင်းသား ၁၈ ဦး ပွဲချင်းပြီး သေဆုံး

    ကျောက်တော်၌ စာသင်ကျောင်း ဗုံးကြဲခံရပြီး ကျောင်းသား ၁၈ ဦး ပွဲချင်းပြီး သေဆုံး

    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း ကိုယ်ပိုင် အထက်တန်းကျောင်းကို စစ်တပ်က စက်တင်ဘာ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသူ၊ ကျောင်းသား ၁၈ ယောက် ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ် ၂၀ ကျော် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီနေ့ မနက် ၁ နာရီ ဝန်းကျင်လောက်မှာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းရှေ့တည့်တည့်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

    အခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေထဲမှာ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အနီးပတ်ဝန်းကျင်က ကလေးငယ်တချို့ပါဝင်ပါတယ်။

    ဒဏ်ရာရတဲ့ထဲမှာ ဒဏ်ရာ ပြင်းထန်ဆိုးဝါးသူတွေများပြီး နောက်ဆက်တွဲအန္တရာယ် စိုးရမ်နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

    “ကျောင်းကိုဦးတည်ပြီးတိုက်ခိုက်သွားတာပါ။ အဲအချိန် ကလေးတွေက ကျောင်းမှာပဲ အိပ်နေကြတာပါ။ ကျောင်းသားတွေဆိုတော့ ၁၇ ၊ ၁၈ ၊ ၁၉ အရွယ်ပဲရှိပါဦးမယ်။ လူငယ်တွေလည်း AA ဖြစ်လာမှာပဲ ဆိုတဲ့အယူအဆနဲ့ သတ်နေတာပါ၊ တကယ့်အကြမ်းဖက်သမားတွေပါပဲ။ လက်ရှိတော့ ၁၈ ယောက်သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဆိုးဆိုးဝါးဝါးဒဏ်ရာရသွားတဲ့သူများပါတယ်။ ဒါကြောင့် နောက်ဆက်တွဲ အသက်အန္တရာယ်စိုးရိမ်နေရပါတယ်။”

    စစ်ကောင်စီတပ်က သရက်တပင်ကျေးရွာကို ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

    ဗုံးကြဲခံရတဲ့ သရက်တပင်ကျေးရွာနေ ရွာသားတယောက်က “ည လူတွေ အိပ်ကောင်းနေချိန်မှာ ဂျက်ဖိုက်တာတစီးနဲ့ ဗုံး ၂ လုံး ကြဲချသွားတာ။ ဗုံးကြဲခံရတဲ့ နေရာက ကိုယ်ပိုင်စာသင်ကျောင်း ဖြစ်တာကြောင့် ကလေးတွေ အတော်လေးကို အထိနာကြတယ်။ ဒီနေ့မနက်အထိတော့ သေဆုံးသူ ၁၈ ဦးအထိ ရှိပြီးတော့ နောက်ထပ် ၂၀ ကျော်လည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်။ တော်တော်လေးကို ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်ပါပဲ။ ရွာထဲမှာတော့ လူတွေ ကမ္ဘာပျက်သလို ဖြစ်နေကြတယ်”လို့ ပြောပါတယ်။

    သေဆုံးသွားတဲ့ ကျောင်းသားတွေဟာ Grade-12 နဲ့ Grade-11 က ကျောင်းသားတွေဖြစ်ပြီး သရက်တပင်ကျေးရွာနဲ့ အနီးအနားကျေးရွာတွေက ကျောင်းသားတွေလည်း ပါဝင်ကာ သေဆုံးသူတွေထဲမှာ ကျောင်းသူတချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

    လက်ရှိ ဒဏ်ရာရရှိထားတဲ့ ကျောင်းသားတွေထဲမှာလည်း စိုးရိမ်ရတဲ့ အခြေအနေမှာရှိတဲ့ ကျောင်းသားအများအပြား ပါဝင်ပြီး အရေးပေါ် ဆေးကုသမှုတွေ ခံယူနေကြရပါတယ်။

    ကျောင်းသားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တယ်ဆိုကတည်းက စစ်ကောင်စီရဲ့ လေယာဉ်မှူးတွေဟာ လူစိတ်ပျောက်ဆုံးနေသူတွေဖြစ်ပြီး သားသမီးချင်း ကိုယ်ချင်းမစာသူတွေ ဖြစ်တယ်လို့ ကျောက်တော်မြို့နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတယောက်က ပြောပါတယ်။

    “စစ်ရေး၊ နိုင်ငံရေးနဲ့ ဘာမှသက်ဆိုင်တာမရှိတဲ့ ကျောင်းသားတွေ လေကြောင်းတိုက်ခိုက်တယ် ကြားတော့ ကျမ အတော်လေးကို ခံစားရတယ်။ ဘာကြောင့် ဒီကျောင်းသားတွေကို တိုက်ခိုက်မှု ပြုလုပ်ရတယ်ဆိုတာ စဉ်းစားလို့ကိုမရဘူး။ စစ်ကောင်စီက လေယာဉ်မှူးတွေမှာ လူသားချင်း စာနာစိတ်၊ သားသမီးချင်း စာနာစိတ်ဆိုတာကို မရှိကြတော့ဘူး။ ကိုယ့်မိသားစုခံရမှ နောင်တမရကြပါနဲ့လို့ သူတို့ကိုမှာ ချင်တယ်။”

    စက်တင်ဘာ ၁၀ ရက် ည ၁၁ နာရီကလည်း ကျောက်တော်မြို့နယ်၊ လက်ပံကျေးရွာအနီးက တောင်တန်းတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

    ရခိုင်မှာ ဩဂုတ် ၂၆ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ဒိုင်းကျီရပ်ကွက်ကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၁၇ ယောက် သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ဒ့ါအပြင် ဩဂုတ် ၂၇ ရက်ကလည်း မင်းပြားမြို့နယ်နဲ့ ပေါက်တောမြို့နယ်တို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

    ✍ကေခိုင်/ CJ

  • “ဗုဒ္ဓံသရဏံဂစ္ဆာမိ” သီချင်းကို ကလပ်တွင် တီးခတ်ခဲ့သည့် DJ Violet  ဝန်ချ တောင်းပန်

    “ဗုဒ္ဓံသရဏံဂစ္ဆာမိ” သီချင်းကို ကလပ်တွင် တီးခတ်ခဲ့သည့် DJ Violet ဝန်ချ တောင်းပန်

    “ဗုဒ္ဓံသရဏံဂစ္ဆာမိ” သီချင်းကို ကလပ်မှာဖွင့်ပြီး DJ တီးခတ်မိတဲ့အတွက် DJ Violet က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ထံမှာ စက်တင်ဘာ ၁၁ ရက်က ဝန်ချတောင်းပန်ခဲ့ပါတယ်။

    DJ Violet က ရန်ကုန်မှာ တောင်းပန်ခဲ့ပေမဲ့ ကနဦးသီချင်းသီဆိုရာ မန္တလေး မဟာအောင်မြေမြို့နယ်က ဆရာတော်၊ သံဃာတော်တွေကို တောင်းပန်တာ မလုပ်တဲ့အတွက် မန္တလေးက အမျိုးသားရေးဆရာတော်တွေက မကျေနပ်ကြဘူးလို့ မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

    “မန္တလေးမှာ ဆိုသွားတာကို သရုပ်ဆောင်နေမျိုးအောင် မိန်းမက သူ့ချွေးမကိုခေါ်ပြီး ရန်ကုန် သင်္ဃန်းကျွန်းက ဆရာတော်တွေကို သွားတောင်းပန်တာကို မန္တလေးက မဘသတွေက မကျေနပ်ဘူး။ သွားတောင်းပန်တာလည်း မဘသဘုန်းကြီးတွေပဲ သူတို့ဆီလာတောင်းပန်ရမယ်ပဲ၊ အဲဒီအထဲမှာ ပေါက်ကိုယ်တော် အဆိုးဆုံး။”

    မဟာအောင်မြေမြို့နယ်ရှိ ကလပ်တခုမှာ DJ Violet က “ဗုဒ္ဓံသရဏံဂစ္ဆာမိ” ဓမ္မတေးသီချင်းကို DJ Remix လုပ်ပြီး ဖွင့်ကာ ကခုန်ပျော်ပါးနေတဲ့ ရုပ်သံဖိုင်ကြောင့် အများပြည်သူအကြားမှာ ဝေဖန်မှု မြင့်တက်ခဲ့တာပါ။

    DJ Violet က “ကျမကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို စော်ကားရင် အမျက်ထွက်သလို အားလုံးဖြစ်မယ်ဆိုတာပါတယ်။ ကျမကို အားရပါးရပြောကြပါ။ အဲထက်ကြီးတဲ့ အပြစ်တွေ ရှိရင်လည်း ပေးကြပါ။ တကယ် အနူးအညွတ် တောင်းပန်ပါတယ်။ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ တောင်းပန်တဲ့စကားလုံးထက် ကောင်းတဲ့စကားရှိရင်လည်း ပြောပြီး တောင်းပန်ချင်ပါတယ်။ စိတ်အနှောင့်အယှက်ပေးမိခဲ့လို့လည်း တောင်းပန်ပါတယ်။ ကိုယ်ကိုယ်တိုင် ဗုဒ္ဓဘာသာ ဖြစ်နေပါလျက်နဲ့ သတိမပြုမိဘဲ လုပ်မိခဲ့တဲ့ အမှားအတွက် အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်ရှင်။ နောက်နောင် အဲလိုအမှားမျိုး မဖြစ်အောင် ဆင်ခြင်ပါ့မယ်ရှင်” လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ တောင်းပန်ခဲ့ပါတယ်။

    ဗုဒ္ဓသီချင်းတွေကို ကလပ်တွေနဲ့ ဘားတွေမှာ DJ သီချင်းအဖြစ် ပြောင်းလဲသီဆိုတာကို ထိန်းချုပ်ဖို့လိုသလို သာသနာရေးဝန်ကြီးဌာနက အလုပ်လုပ်ဖို့ လိုအပ်ကြောင်း အငြိမ်းစားဝန်ထမ်း တယောက်က ပြောပါတယ်။

    “ဒါက သာသနာရေးဦးစီးဌာနက လုပ်ရမယ့်အလုပ်ကို ကြားက ပြည်သူတွေနဲ့ ဘုန်းကြီးတွေက ဝင်ပြီး အကုသိုလ်ယူရသလို ဖြစ်နေတယ်။ သာသနာရေးဦးစီးဌာန အနေနဲ့ ကမ္ဘာအေးမှာပဲ ပိဋကတ် စာအုပ်တွေ ရောင်းမနေဘဲ ဘာသာနဲ့ သာသနာရေးမှာ ဘာတွေဖြစ်နေလဲ လေ့လာသင့်တယ်။”

    အဆိုတော် စိုးပိုင်နဲ့ ပိုးအိစံတို့ သီဆိုခဲ့တဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဓမ္မတေးသီချင်းမှာ သရဏဂုံသုံးပါးကို ပူဇော်တဲ့အနေနဲ့ သီဆိုထားတဲ့ တေးသီချင်းတဲ့အတွက် ဓမ္မတေးသီချင်းကို DJ Remix ပြုလုပ်သူကိုလည်း အရေးယူဖို့ လိုအပ်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

  • ပြတ်သားလွန်းသော  နီပေါ စစ်တပ်

    ပြတ်သားလွန်းသော နီပေါ စစ်တပ်

    ဝန်ကြီးချုပ်က စစ်တပ်ကို အကူအညီတောင်းတယ်၊

    သူ့နဲ့ ဝန်ထမ်းတွေကို အကာကွယ်ပေးဖို့၊

    နီပေါစစ်တပ်က တစ်ခွန်းပဲ ပြောလိုက်တယ်။ ပြည်သူ့ကို ကာကွယ်ဖို့ ပြည်သူ့တပ်မတော် ဖြစ်တယ်၊ ဝန်ကြီးချုပ်တပ်မတော် မဟုတ်ဘူး၊ တစ်ခွန်းထဲပြောပြီ၊ ပြည်သူ့ကို လုပ်ပိုင်ခွင့်ပေးလိုက်တယ်။

    ရဲတွေ့ လက်နက်စွန့် ဖယ်ခွာသွားကြတယ်၊ ဝန်ကြီးနှစ်ဦး အဖမ်းခံရပြီ၊ ဝန်ထမ်းတွေ့ အများအပြား ထိခိုက် ထွက်ပြေးရတယ်။

    ဝန်ကြီးချုပ် တိုင်းပြည်က ထွက်ပြေးရတယ်။

    ထွက်ပြေးဖို့ စီစဉ်ပေးတဲ့ အဲယားလိုင်းအဆောက်အဦးကို ပြည်သူတွေ ထုချေ မီးတ-င်ပေးလိုက်တယ်။

    ယနေ့ မနက် စစ်တပ်က မြို့ လုံခြုံရေး စတင်တာဝန်ယူထားပေးပြီ ပြည်သူ့တို့၏ ဆန္ဒအရ ဝန်ကြီးချုပ် ရွေးသည့် အထိ စောင့်ရှောက်ပေးမယ်။

    စစ်တပ်ဆိုတာ ပြည်သူ့က မွေးလို့ လူဖြစ်လာတဲ့ အစ လေးပါ။

    အစ လေး ကြီးထွားရှင်သန်ဖို့ ပြည်သူ့က ပြူစု ပျိုးထောင်ပေးခဲ့ကြရတာပါ၊ ထမင်းစား၊ ချာပါတီ၊ စားတဲ့ နီပေါ စစ်တပ်က ကောင်းကောင်း သိပါတယ်။

    မသိတာက ကိုယ့်တို့ မြန်မာပြည်က ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တဲ့ လောက်တောင် အသိဉာဏ်မရှိ လူစဉ်မမီတဲ့ ကောင်တွေ့ကြောင့် လက်ရှိဖြစ်နေတဲ့ အရှိတရားကို မြင်နေ ကြားနေရတာ။

    ဗိုလ်နေဝင်းက စခဲ့တဲ့ အာဏာသိမ်းမှုကြီးကို ခေတ်အဆက်ဆက် အရာသာတွေ့နေကြပြီ

    အလုအယက် ရာထူးရယူလာကြပြီး အသိုက်တစ်ခု ချမ်းသာဖို့ အရေး

    ပြည်သူ့သွေးများ မြေခ ပေးနေရတဲ့ တိုင်းပြည်။

    အဓိက စစ်တပ်သည့် နိူင်ငံရေးမှ လုံးဝ ဖယ်ရှား နိူင်မှတာ မြန်မာသည့် ငြိမ်းချမ်းပေးလိမ့်မည်၊ ပြည်သူ့များ ဘေးကင်းလုံခြုံကြပါစေ

    “စစ်ဦးစီးချုပ်ရဲ့ နီပေါပြည်သူများသို့ သတိပေးစကား”

    တိုင်းပြည်က ဆင်းရဲနေချိန်၊ကမ္ဘာကြီးက မရေမရာဖြစ်နေချိန်မှာ စစ်အာဏာ သိမ်းလိုက်လို့ တိုင်းပြည်အတွက် ဘာအကျိုးကျေးဇူးမှဖြစ်လာမှာမဟုတ်ဘူးဆိုတာကို လက်ခံထားဆဲပါ။

    ပြည်သူတို့မလိုချင်တဲ့ အစိုးရလည်းဆင်းသွားပြီမို့ ပြည်သူတို့ဆန္ဒလည်း ပြည့်စုံပြီလို့ယူဆပါတယ်။

    ဒါ့ကြောင့် အစိုးရတရပ် လစ်လပ်နေချိန် ဆန္ဒပြမှူများ နှင့်အတူဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖျက်ဆီးမှုများကို ရပ်တန့် ပေးကြပြီး အမြန်ဆုံးနိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြပြီး အမြန်ဆုံး တိုင်းပြည်ပုံမှန် အခြေအနေတခုသို့ရောက်ရှိရန် အရေးပေါ်လိုအပ်နေပါပြီ။

    ပြည်သူများပူးပေါင်းပါဝင်ပေးကြပါရန် အထူးမေတ္တာ ရပ်ခံတောင်းဆိုအပ်ပါသည်။

    ကျွန်တော်တို့ရဲ့တာဝန်သည် တိုင်းပြည်တည်ငြိမ်ဘို့အတွက်သာ ရည်ရွယ်ပါသဖြင့် အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံ့အာဏာကို ထိန်းသိမ်းရသည့်အဖြစ်မျိုးကို ရှောင်ရှားနိုင်ရန်အတွက် ပြည်သူများပူးပေါင်းပါဝင်ကြပါ။

    (နီပေါနိုင်ငံ ကာချုပ် ၊၁၀-၉-၂၅)

  • အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်

    အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်

    အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်

    ပိုင်ရှင်အသစ်ပြောင်းသွားပြီဖြစ်တဲ့ Ooredoo Myanmar (အူရီဒူးမြန်မာ) ကုမ္ပဏီအနေနဲ့ U9 အမည်ကို ပြောင်းလဲသွားမယ်လို့ အူရီဒူးမြန်မာက စက်တင်ဘာ ၁၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

    စက်တင်ဘာ ၂၀ ရက်ကစပြီး U9 အမည်သစ် တရားဝင် ကူးပြောင်းမှာဖြစ်ပြီး လက်ရှိဖုန်းနံပါတ်တွေနဲ့ ဆင်းမ်ကတ်တွေ တစုံတရာ ပြောင်းလဲမှုရှိမှာ မဟုတ်ကြောင်း၊ အသုံးပြုနေတဲ့ အစီအစဉ်တွေ၊ လက်ကျန်ငွေတွေနဲ့ ဝယ်ယူထားတဲ့ ဝန်ဆောင်မှုအစီအစဉ်တွေ အရင်အတိုင်း ဆက်လက်အလုပ်လုပ်နေမှာ ဖြစ်ကြောင်း၊ သုံးစွဲသူတွေအနေနဲ့ လက်ရှိဝန်ဆောင်မှုတွေ ဆက်လက်ရရှိဖို့အတွက် ဘယ်လိုဆောင်ရွက်မှုမျိုးမှ လုပ်ဖို့မလိုကြောင်း၊ သုံးစွဲသူဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်တွေနဲ့ ဆိုင်လိပ်စာတွေ အားလုံးလည်း အရင်အတိုင်း ဆက်လက်ရှိနေမယ်လို့ ဆိုပါတယ်။

    အူရီဒူးမြန်မာ တာဝန်ရှိသူတယောက်က “ဝန်ဆောင်မှုတွေကတော့ ပုံမှန်အတိုင်းပါပဲ။ နာမည်လေးပဲ ပြောင်းလိုက်တာပေါ့။ ပိုင်ရှင်ပြောင်းသွားတယ်။ ဝန်ထမ်းတွေကလည်း ပုံမှန်ရာထူးအတိုင်းပါပဲ” လို့ ပြောပါတယ်။

    အဆိုပါ U9 အက်ပလီကေးရှင်းအသစ်ကို Apple App Store နဲ့ Google Play တို့မှာ ရယူနိုင်ပြီး သုံးစွဲသူတွေအနေနဲ့ အူရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့်အချက်အလက်တွေအတိုင်း ပြန်လည်အသုံးပြုကာ ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။

    အူရီဒူးမြန်မာကို ကာတာနိုင်ငံအခြေစိုက် မိခင်ကုမ္ပဏီ အူရီဒူးက Nine Communications ကုမ္ပဏီထံ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

    ရန်ကုန်မြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစ၍ အူရီဒူးမြန်မာသည် U9 အမည်သစ်သို့ တရားဝင် ကူးပြောင်းမည်ဖြစ်ပါသည်။ လာမည့် ရက်သတ္တပတ်များအတွင်း လက်လီအရောင်းဆိုင်များ၊ ရုံးခန်းများနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် U9 ၏ တက်ကြွလန်းဆန်းသော အသွင်အသစ်ကို မြင်တွေ့ရတော့မည် ဖြစ်ပါသည်။

    ဤအကူးအပြောင်းသည် သုံးစွဲသူများအတွက် လွယ်ကူချောမွေ့မည် ဖြစ်ပါသည်။

    လက်ရှိဖုန်းနံပါတ်များနှင့် SIM ကတ်များ တစ်စုံတရာ ပြောင်းလဲမှုရှိမည် မဟုတ်ပါ။

    အသုံးပြုနေသော အစီအစဉ်များ၊ လက်ကျန်ငွေများနှင့် ဝယ်ယူထားသော ဝန်ဆောင်မှုအစီအစဉ်များ ယခင်အတိုင်း ဆက်လက် အလုပ်လုပ်နေမည်ဖြစ်ပါသည်။

    သုံးစွဲသူများအနေဖြင့် လက်ရှိဝန်ဆောင်မှုများ ဆက်လက်ရရှိရန်အတွက် မည်သည့် ဆောင်ရွက်မှုမျိုးမျှ ပြုလုပ်ရန်မလိုပါ။

    သုံးစွဲသူဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်များနှင့် ဆိုင်လိပ်စာများ အားလုံးလည်း ယခင်အတိုင်းပင် ဆက်လက်ရှိနေမည်ဖြစ်ပါသည်။

    U9 သည် မြန်မာ့ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ကဏ္ဍတွင် အရေးပါသော မှတ်တိုင်တစ်ခုကို ကိုယ်စားပြုပါသည်။

    “U” သည် ဤအသွင်ကူးပြောင်းမှု၏ ဗဟိုချက်တွင်ရှိသော ကျွန်ုပ်တို့၏ သုံးစွဲသူများ၊ စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုအသိုင်းအဝိုင်းများဖြစ်သည့် “လူကြီးမင်း” တို့ကို ညွှန်းဆိုပါသည်။
    “9” သည် ဆက်သွယ်ရေးနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကတိကဝတ်များကို အသစ်တဖန် ပြန်လည်လုပ်ဆောင်ရင်း စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုများကို ညွှန်းဆိုပါသည်။

    “အခုလို အသွင်အသစ်ပြောင်းလဲမှုဟာ ကျွန်မတို့ ကုမ္ပဏီအတွက်သာမက ဆက်သွယ်ရေးနယ်ပယ်အတွက်ပါ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်” ဟု U9 ၏ အမှုဆောင်အရာရှိချုပ် (CEO) ဒေါ်ကာရိုလိုင်းယဉ်ယဉ်ဌေးက ပြောကြားခဲ့သည်။ “ကျွန်မတို့ရဲ့ အမည် ပြောင်းလဲသွားပေမဲ့ သုံးစွဲသူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ရရှိနေမှာဖြစ်သလို ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံသစ်တွေကိုလည်း မကြာခင်မှာ ရရှိလာမှာဖြစ်ပါတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့ပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစ၍ သုံးစွဲသူများသည် U9 အက်ပလီကေးရှင်းအသစ်အား Apple App Store နှင့် Google Play တို့တွင် ရယူနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေနှင့် အူရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့်အချက်အလက်များအတိုင်း ပြန်လည် အသုံးပြုကာ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။

    U9 မိတ်ဆက်ပွဲအား ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစ၍ သုံးစွဲသူများမှ 9999 အား “Hello U9” ဟု စာတို ပေးပို့ပါက 9GB အထိ အခမဲ့ဒေတာ ရရှိနိုင်မည့် အခွင့်အရေးကိုပါ စီစဉ်ပေးထားပါသည်။

  • ဟင်္သာတမြို့ နှစ်လောင်းပြိုင် လူသတ်မှု CCTV ရုပ်သံဖိုင် ထွက်ပေါ်

    ဟင်္သာတမြို့ နှစ်လောင်းပြိုင် လူသတ်မှု CCTV ရုပ်သံဖိုင် ထွက်ပေါ်

    “ပစ္စည်းတွေတော့ ယူမသွားဘူး။ သူတို့က သဘောလည်းကောင်းကြတယ်။အငြိုးအတေးများရှိမလား အဲလိုတွေးရမလို ဖြစ်နေတယ်။

    ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ပါဆယ်လမ်းက သွားဆေးခန်းတခုမှာ ဒီနေ့ညနေ ၅ နာရီခန့်က အမည်မသိ အမျိုးသားတဦးက ဓါးနဲ့ထိုးခဲ့တဲ့အတွက် သွားဆရာဝန် နဲ့ ဆရာဝန်ကတော်တို့ သေဆုံးခဲ့ပြီး အိမ် မှာ ရှိနေတဲ့ မိသားစုဝင်အမျိုးသမီးနဲ့အတူ ဆေးခန်းအကူအမျိုးသမီးတဦးလည်း ဒဏ်ရာအသီးသီး ရသွားခဲ့ပါတယ်။

    “ဆရာ့အမျိုးသမီးက ပွဲချင်းပြီး၊ဆရာက ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး။ အဖွားက ပါးပါးလေးပဲ ရှပ်ထိတာမို့ မစိုးရိမ်ရဘူး။ ကောင်မလေးကလည်း မစိုးရိမ်ရပါ”လို့ အိမ်နီးချင်းတဦးက လူမှုကွန်ယက်မှာ ရေးတင်ခဲ့ပါတယ်။

    ဟင်္သာတမြို့ ၊ ပါဆယ်လမ်းနဲ့ ပတ္တမြားလမ်းဆုံ အနီးမှာ ဖွင့်ထားတဲ့ သွားဆေးခန်းပိုင်ရှင် ဒေါက် တာတင်မောင်ထွန်းရဲ့ ဆေးခန်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ ။ အခင်းဖြစ်ပွားရာမှာတော့ ဆရာဝန်ရဲ့ဇနီး ဒေါ်ဇင်မီမီသက်က ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါက် တာ တင်မောင်ထွန်းကတော့ ဆေးရုံအထိ အသက်မမီခဲ့ဘူးလို့လည်း ဆေးရုံဝန်ထမ်းတဦးက အတည်ပြုပါတယ်။

    PCX အမျိုးအစား ဆိုင်ကယ်စီးလာတဲ့ အသားဖြူဖြူမျက်နှာသွယ်သွယ် အမည်မသိအမျိုးသားက သွားဆေးခန်းကို ရောက်လာခဲ့ပြီး သူ့အလှည့်အရောက်မှာ ဆရာဝန်ကို ဓါးနဲ့ထိုးခဲ့တယ်လို့ ဆိုပါတယ်။

    ဆရာဝန်ကတော်က အနားမှာ ရှိနေတဲ့အတွက် သူ့ကိုလည်း ဓါးနဲထိုးပြီး ခွဲချလိုက်တဲ့အတွက် ပွဲချင်း ပြီး သေဆုံးခဲ့တာလို့ ရပ်ကွက်အတွင်းမှာ နေထိုင်သူ တဦးက သူကြားတဲ့အကြောင်းကို ပြောပါတယ်။

    အမှုအခင်းနဲ့ ပါတ်သက်ပြီး မြို့ပေါ်မှာ သတင်းတွေ အမျိုးမျိုး ပြောနေကြပေမယ့် ဆေးခန်းမှာ ရှိတဲ့ ပစ္စည်းတစုံတရာကို ယူမသွားခဲ့ဘူးဆိုတာကိုတော့ ဆွေမျိုးနီးစပ်တော်သူတဦးကလည်း အတည်ပြုပါတယ်။

    “ပစ္စည်းတွေတော့ ယူမသွားဘူး။ သူတို့က သဘောလည်းကောင်းကြတယ်။အငြိုးအတေးများရှိမလား အဲ့လိုတွေးရမလို ဖြစ်နေတယ်”လို့ ပြောပါတယ်။

    အခင်းဖြစ်ပွားချိန်ဟာ ဆေးခန်းဖွင့်ချိန်ဖြစ်တဲ့အတွက် တခြားလူနာတွေလည်း ရှိသလို ၊ ဆေးခန်းနဲ့ မျက်နှာချင်းဆိုင်မှာ လက်ဖက်ရည်ဆိုင်ရှိတဲ့အတွက် အနုကြမ်းစီးတာ၊ ဓါးပြတိုက်ချင်တာဆိုရင် ဒီလိုနေရာမှာ ဒီလိုအချိန် လုပ်မှာမဟုတ်ဘူးလို့လည်း မြို့ခံတဦးက သုံးသပ်ပါတယ်။

    ဟင်္သာတမြို့ နှစ်လောင်းပြိုင် လူသတ်မှု CCTV ရုပ်သံဖိုင် ထွက်ပေါ်

    ဒီအမှုနဲ့ ပါတ်သက်ပြီး ဟင်္သာတမြို့မ ရဲစခန်းက အမှုကြီးအမှတ် ၆/၂၀၂၅၊ (ပ)၂၃၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆ နဲ့ အမှုဖွင့်လှစ်ထားပြီး စုံစမ်းဖေါ်ထုတ် အရေးယူနိုင်ဖို့ ကြိုးစားနေပါတယ်။

    စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက ဟင်္သာတမြို့ ၊ သုံးပင်ကွင်းရပ်ကွက် ၊ ဗိုလ်အောင်ကျော်လမ်း(ပါဆယ်လမ်း) ၊ ဒေါက်တာတင်မောင်ထွန်း၊ သွားဆေးခန်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်အပြီး ဆေးခန်းရှေ့၊ လမ်းတဖက်မှာ ရှိတဲ့ CCTV က ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

    ရုပ်သံဖိုင်အရ လူသတ်သမားရဲ့ တိုက်ခိုက်ခံရပြီးချိန်မှာ ဆေးခန်းအကူ အမျိုးသမီးက ဆေးခန်းရှေ့ ၊ ပါဆယ်လမ်းမပေါ် ပြေးထွက်လာခဲ့ပြီး လမ်းသွားလမ်းလာတွေကို အကူအညီတောင်းခဲ့တာကို တွေ့ခဲ့ရပါတယ်။

    အဲဒီနောက် စက္ကန့်အနည်းငယ် အကြာမှာ လူသတ်သမားဟာ ဆိုင်ကယ်ကိုခွပြီး နောက်ပြန်တွန်းထွက်လာခဲ့တာကို တွေ့ရပါတယ်။

    အဲဒီနောက် ပါဆယ်လမ်းမကြီးအတိုင်း ဟင်္သာတဘူတာဘက်ကို ဆိုင်ကယ်ကို အရှိန်နဲ့ မောင်းနှင်ထွက်သွားခဲ့တာကို တွေ့ရပါတယ်။

    ဒီအမှုနဲ့ ပါတ်သက်ပြီး ဟင်္သာတမြို့မ ရဲစခန်းက အမှုကြီးအမှတ် ၆/၂၀၂၅၊ (ပ)၂၃၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆ နဲ့ အမှုဖွင့်လှစ်ထားပြီး စုံစမ်းဖေါ်ထုတ် အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

    CCTV ပါ အချက်အလက်တွေကို အခြေခံပြီး သံသယတရားခံတဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေတာရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အဲဒီ ကနဦး ဖမ်းဆီးစစ်ဆေးခံနေရတဲ့ သံသယတရားခံကလည်း သေဆုံးခဲ့တဲ့ ဆရာဝန်မိသားစုနဲ့ အသွားအလာ အဝင်အထွက် ရှိသူဖြစ်တယ်လို့လည်း တရပ်ကွက်တည်းနေတဲ့ မြို့ခံတဦးက ပြောပါတယ်။

    ဒီနေ့ဆိုရင် အခင်းဖြစ်ပွားတာ ၄ ရက်ရှိလာပြီ ဖြစ်ပြီး မနေ့က ညနေ ၃ နာရီမှာတော့ သေဆုံးသူတွေရဲ့ နှစ်လောင်းပြိုင် ဈာပနကို ဟင်္သာတမြို့ခံအများအပြားက လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။