Category: News

  • ဖားကန့်တွင် စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ၍  သားအမိ ၂ ဦးသေဆုံး

    ဖားကန့်တွင် စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ၍ သားအမိ ၂ ဦးသေဆုံး

    ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ထုံးဘိုကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်၍ သားအမိ နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

    ယနေ့ (စက်တင်ဘာလ ၁၉ ရက်) မနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဒရုန်းဖြင့် ဗုံးကြဲချသွားခြင်းဖြစ်ကြောင်း ဖားကန့်မြို့နေ ကိုစိုးကြီးက ပြောသည်။

    ကိုနေမင်းထွန်း(အသက် ၃၀ ခန့်) နှင့် ၎င်း၏ မိခင်ဖြစ်သူ သေဆုံးသွားခြင်းဖြစ်ပြီး အဆောက်အဦအချို့ ပျက်စီးသွားကြောင်း ဒေသခံက ပြောသည်။

    “အကြမ်းဖက်စစ်ကော်မရှင်၊ SNA နဲ့ ပသစများက ကျွန်တော်တို့ ဖားကန့်ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ပစ်လိုက်၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်လိုက် လုပ်နေတာ။ ပြည်သူတွေ နေ့စဥ်နဲ့ အမျှ ဒဏ်ရာရလိုက် သေဆုံးလိုက်တွေ ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

    ဖားကန့်မြို့နယ်တွင် စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှု၊ စစ်ကြောင်းထိုးနေမှုများကြောင့် စစ်ရှောင်နေကြသူများရှိသော်လည်း မြို့ပေါ်နေ ဒေသခံအများစုမှာ စစ်မရှောင်ကြသေးကြောင်း သိရသည်။

    “ကတုတ်ကျင်းတွေလည်း တူးထားကြတယ်ပေါ့ဗျာ။ ဒါပေမဲ့ ၁၂၀ တွေနဲ့ ကြဲတဲ့အခါကြတော့ မခံနိုင်ဘူး။ ၁၂၀ တွေနဲ့ကြဲတာ” ဟု ဖားကန့်မြို့နေသူက ဆိုသည်။

    “ဒီမနက်တော့ လုံးခင်းအုပ်စုက (လုံးခင်းကျေးရွာအုပ်စုမှ ဒေသခံများ ) စိုးရိမ်စိတ်တော့ရှိနေရတယ်” ဟု အခြားဒေသခံတဦးက ဆိုသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်ကလည်း ဆန်းကြွယ်ဘုရားကုန်းတွင် နှစ်ဖက်တိုက်ပွဲ မနက် ၄ နာရီခွဲက စတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံက ဆိုသည်။ ထိုနေ့ ညနေ ၄ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ ကလေးငယ်တဦးသေဆုံးကာ အခြားကလေးငယ်နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

    ဖားကန့်မြို့နယ်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေ၍ နှစ်ဖက်ပြင်းထန်တိုက်ပွဲများ စက်တင်ဘာလအတွင်း ဖြစ်ပွားနေသည်။

  • ပြင်ဦးလွင်အဝင် X-ray ဂိတ်ဟောင်းတွင် စစ်တပ်က တိုင်းရင်းသားများအား ပစ်မှတ်ထားစစ်ဆေး ငွေညှစ်နေ

    ပြင်ဦးလွင်အဝင် X-ray ဂိတ်ဟောင်းတွင် စစ်တပ်က တိုင်းရင်းသားများအား ပစ်မှတ်ထားစစ်ဆေး ငွေညှစ်နေ

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အဝင် X-ray ဂိတ်အဟောင်းတွင် စစ်တပ်အရာရှိများက ရှမ်းပြည်နယ် မြောက်ပိုင်းမှ လာသည့် တိုင်းရင်းသားများအား ပစ်မှတ်ထားစစ်ဆေးပြီး ငွေညှစ်နေသည်ဟု ကိုယ်တိုင် ကြုံခဲ့ရသူများထံက သိရသည်။

    ခရီးသည်ကား၊ အိမ်စီးကားများတွင် ဗမာစကား ကောင်းစွာ မပြောတတ်သူများပါလာပါက ကားပေါ်မှ ဆင်းခိုင်းကာ တင်းတင်းကျပ်ကျပ် စစ်ဆေးသည်ဟု ဆိုသည်။

    “ဗမာလို မပြောတတ်တဲ့ ကိုးကန့်၊ ဝ၊ ပလောင်တို့ မုန်းဝန်းဗမာ လူမျိုးတွေပါရင် ကား ဘေးထိုးခိုင်းပြီး ခေါ်သွားတာ။ ဒူးထောက်ခိုင်းတယ်။ သေနတ်မောင်းတင်ပြီး ခြိမ်းခြောက်တယ်။ သေချာမရှင်းပြနိုင်ရင် မိုးချုပ်အထိ ခေါ်ထားတယ်။ ငွေပေးမှ ပြန်လွှတ်ပေးတာ” ဟု ကိုယ်တိုင်ကြုံခဲ့ရသည့် ခရီးသွားတစ်ဦးက ပြောသည်။

    ယခုလဆန်းပိုင်းတွင် ရှမ်းမြောက်ဒေသမှ လာသည့် “ဝ” တိုင်းရင်းသား လူငယ်တစ်ဦးအား ဗမာစကား မတတ်ဟု ဆိုကာ အချိန် သုံးနာရီကျော်ကြာ ဒူးထောက်ခိုင်းပြီး မြန်မာငွေ ကျပ်သိန်းဆယ်ချီ ပေးမှ ပြန်လွှတ်ပေးသည်ဟု ခရီးသွားများထံက သိရသည်။

    ထိုကဲ့သို့သော ဖြစ်စဉ်များ မကြာခဏ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းအချို့ကလည်း ဆိုကြသည်။

    ရှမ်းပြည်မြောက်ပိုင်းဒေသမှ လာသည့် ခရီးသည်တင်ကားများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များက ကောက်ခံသည့် အခွန်ဖြတ်ပိုင်းစာများ တွေ့ပါက ယာဉ်မောင်းများအား ရိုက်နှက် အပြစ်ပေးသည် ဟု ကိုယ်တိုင်ကြုံခဲ့ရသူတို့က ပြောပြသည်။

    “ကားရပ်တာနဲ့ သီပေါက လာတယ်၊ သိန္နီ၊ လားရှိုးက လာတယ် ဆိုရင် ကားကို လမ်းဘေး ရပ်ခိုင်းတယ်။ ပြီးရင် အခွန်စာရွက်တွေ ရှာတာ။ တွေ့ရင် ကားသမားကို ပါးရိုက်တယ်၊ ဓားနဲ့ ထောက်တယ်။ ဓါတ်တိုင်ကို ဖက်ခိုင်းပြီး ရိုက်တာခံရတယ်။ တချို့ကားသမားဆိုရင် ဒိုက်ထိုး၊ ထိုင်ထလုပ် အဲလိုမျိုးလုပ်နေတာ” ဟု ကိုယ်တိုင်ကြုံခဲ့ရသည့် ခရီးသွားတစ်ဦးက ပြောသည်။

    ရိုက်နှက်ခံရသူများတွင် သက်ကြီးရွယ်အို ကားဆရာများလည်း ပါဝင်ကြပြီး စိတ်ဒဏ်ရာရသွားသူများလည်း ရှိသည်ဟု ဆိုသည်။

    “ဒါမျိုး မကြုံဖူးတဲ့သူတွေကြတော့ စိတ်ဒဏ်ရာတွေ ရကုန်ကြတာပေါ့။ ခရီးသွားတွေက ဟိုဘက်လည်း ကြောက်ရ ဒီဘက်လည်း ကြောက်ရနဲ့” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန္တလေးသို့ လာသည့် ခရီးသည်တင်ကားများအနေဖြင့် လမ်းတလျှောက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ကိုးကန့်တပ်ဖွဲ့ MNDAA၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့များက ကောက်ခံသည့် အခွန်အခများ ပေးဆောင်ရသည်ဟု ခရီးသွားယာဉ်မောင်းများ က ဆိုသည်။

    “ကိုးကန့်အဖွဲ့က ဖြတ်သန်းခဆိုပြီး မြန်မာငွေ တစ်ထောင်၊ နှစ်ထောင် ကောက်တယ်၊ စာရွက်ပေးတယ်။ ရှမ်းအဖွဲ့ဆိုရင် တစ်နှစ်စာ တစ်သိန်း၊ နှစ်သိန်း ပေးရတာ။ ရှမ်းအဖွဲ့က နောက်တစ်ခါ ဖြတ်ရင် စာရွက် ပြရတယ်။ မပြနိုင်ရင် ငွေထပ်တောင်းတာ။ ယာဉ်မောင်းတွေက သိမ်းထားရတာပေါ့။ အဲစာရွက်ကို ပြင်ဦးလွင်ဂိတ်မှာ စစ်လို့တွေ့ရင် သူတို့လုပ်သမျှ ခံရတာပဲ” ဟု ခရီးသွားယာဉ်မောင်း နောက်တစ်ဦးက ပြောသည်။

    ပြင်ဦးလွင် X-ray ဂိတ်အဟောင်းတွင် ဗိုလ်မှူးအဆင့် အရာရှိအနည်းဆုံး သုံးဦး၊ ဗိုလ်ကြီး အဆင့် အနည်းဆုံး နှစ်ဦးက ဦးဆောင်စစ်ဆေးသည်ဟု သိရသည်။

    အဆိုပါ အရာရှိများသည် ပြင်ဦးလွင်တပ်နယ်မှ အရာရှိများ ဖြစ်နိုင်သည်ဟု ပြင်ဦးလွင်ဒေသခံများက ဆိုသည်။

    X-ray ဂိတ်အဟောင်းသည် ပြင်ဦးလွင်–နောင်ချို ပြည်ထောင်စုလမ်းပေါ်ရှိ ဝက်ဝံရွာ စစ်ဆေးရေးဂိတ်နှင့် ခြောက်မိုင်သာ ကွာဝေးသည်။

    ဝက်ဝံကျေးရွာ စစ်ဆေးရေးဂိတ်တွင်လည်း ရဲနှင့် စစ်တပ်တာဝန်ရှိသူများက ခရီးသွားများအား ဓာတ်ပုံမှတ်တမ်းများယူကာ တင်းတင်းကျပ်ကျပ်စစ်ဆေးပြီးမှသာ သွားလာခွင့် ပြုသည်။

    “အခါတိုင်းဆိုရင် ဝက်ဝံမှာ စစ်ပြီးရင် ပြီးပြီ။ အခုက ပြင်ဦးလွင်အဝင်မှာပါ ထပ်စစ်နေတယ်။ အမြဲတမ်းလည်း မဟုတ်ဘူး။ တစ်ခါတလေမှ ပေါ်ပေါ်လာပြီး စစ်တာ။ နောင်ချိုဘက် သွားမယ့်သူတွေဆိုရင် ဖုန်းတွေ ယူစစ်တယ်။ စကားပြောတာလည်း ရိုင်းတယ်” ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ဆိုသည်။

    တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲ

    “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ရှမ်းမြောက်ပိုင်းနှင့် မန္တလေးတိုင်းအား ဆက်သွယ်ထားသည့် ကုန်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်နေသည်မှာ နှစ်နှစ်နီးပါး ရှိလာပြီဖြစ်သည်။

    နောင်ချိုနှင့်ကျောက်မဲမြို့ကြား လမ်းပိုင်းအား စစ်တပ်ဘက်က ပိတ်ဆို့ထားရာ ခရီးသွားများအနေဖြင့် မန္တလေး–မူဆယ် ခရီးအား ရှမ်းပြည်တောင်ပိုင်းလမ်းနှင့် ကျောက်မဲ–နောင်ချို ကွင်းလမ်းများမှ အချိန်ပေး သွားလာနေကြရသည်ဟု ခရီးသွားများထံက သိရသည်။

    နောင်ချို ဂုတ်တွင်းတံတားအား ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်တပ်က ပြန်လည် ပြုပြင်ပြီးဖြစ်သော်လည်း အရပ်သားခရီးသည်များ သွားလာခွင့် မရသေး၍ အများစုသည် သာစည်ရွာလမ်းမှ နောင်ချိုမြို့ဘက်သို့ သွားလာနေရသည်။

    “ကျောက်ဂူ၊ သာစည်လမ်းမှာက ရှမ်းဂိတ်တွေ သုံးလေးခုရှိတယ်။ နောင်ချိုနဲ့ ဒုဋ္ဌဝတီတံတားလမ်းမှာဆို စစ်တပ်ဂိတ်ကို ၁၀ ခုလောက်ရှိတယ်။ ဟိုနားရပ်ဦး ဒီနားရပ်ဦးနဲ့ ခရီးဖင့်တယ်၊ အချိန်တွေ ကုန်တာပေါ့” ဟု ခရီးသွား အမျိုးသားအခြားတစ်ဦးကလည်း ပြောသည်။

    လမ်းခရီးတစ်လျှောက်ရှိ ဂိတ်များတွင် ငွေပေးဆောင်ပြီးမှသာ ဖြတ်သန်းခွင့် ရသည်ဟု သိရသည်။

    တိုက်ပွဲဖြစ်ချိန်နှင့် မိုးသည်းထန်စွာရွာသည့် အချိန်များတွင် ကျောက်ဂူ–နောင်ချို လမ်းပိတ်တတ်၍ ခရီးသွားအများစုမှာ ရှမ်းပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ တောင်ကြီးလမ်းမှ မန္တလေးသို့ အချိန် နှစ်ရက်ပေး၍ သွားလာကြသူများလည်း ရှိသည်။

    ရှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းအား ဆက်သွယ်သည့် လမ်းပိုင်းတွင် စစ်ကော်မရှင် လက်အောက်ခံ စစ်ဆေးရေးဂိတ် အနည်းဆုံး ၁၀ ဂိတ်အထိရှိပြီး မှတ်ပုံတင်နံပါတ်နှင့် လူအား တိုက်ဆိုင်စစ်ဆေးသည့် ဂိတ် ငါးဂိတ်ထက် မနည်းရှိသည်ဟု ကိုယ်တိုင် ကြုံခဲ့ရသည့် ခရီးသွားများက ပြောပြကြသည်။

    “အဓိက ပင်လုံး၊ မိုင်းပွန်နဲ့ တောင်ကြီးအဝင် ဂိတ်တွေမှာ အဆိုးဆုံးပဲ။ Tablet တစ်လုံးနဲ့ အလုပ် ဖြစ်နေကြတာ။ စစ်ဆေးတာ မကြာစေချင်ရင် ကားဆရာတွေက နှစ်သောင်း၊ သုံးသောင်း ပေးရတယ်” ဟု ကိုယ်တိုင် ကြုံခဲ့ရသည့် အထက်ပါခရီးသွားတစ်ဦးက ပြောသည်။

    ထိုကဲ့သို့ လမ်းခရီးအခက်အခဲများကြောင့် ရှမ်းမြောက် ဒေသမှ မန္တလေးသို့ သွားသည့် ကားခဈေးနှုန်းမှာ လူတစ်ဦးလျှင် ကျပ်သုံးသိန်းကျော်ရှိနေပြီး တောင်ကြီး -လားရှိုးကားခဈေးနှုန်းမှာ ကျပ်တစ်သိန်းခွဲကျော် ပေါက်ဈေးရှိသည်ဟု ယာဉ်မောင်းများထံက သိရသည်။

    ယခုရက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နှင့် ၁၀ မိုင်ကျော်အကွာ ခိုက်တုန်ဟုန်းရွာအနီး စစ်တပ်နှင့် TNLA တပ်ဖွဲ့ကြား တိုက်ပွဲများ ပိုမိုပြင်းထန်နေရာ ကျောက်မဲ၊ သာစည်ရွာလမ်းပိုင်း ပိတ်သွား နိုင်သည်ဟု ဒေသခံများထံက သိရသည်။

  • KIA တပ်မဟာ (၁၁) နယ်မြေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့

    KIA တပ်မဟာ (၁၁) နယ်မြေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲက စစ်သင်တန်းပေးဖို့ ပြင်ဆင်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၁၇ ဦးထိရှိခဲ့ပါတယ်။

    KIA တပ်မဟာ (၁၁) နယ်မြေ၊ တပ်ရင်း ၁၂ နေရာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်း သန်ခေါင်ယံမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    “ပြောရရင်ကတော့ တကယ့် စိတ်မကောင်းစရာပါပဲ။ ကြားရသလောက်က ဟိုလို စစ်သင်တန်းပေးနေတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ အခုမှ ဖွင့်ဖို့ ပြင်ဆင်နေတဲ့နေရာ ဟုတ်တယ်တဲ့”လို့ပြောပါတယ်။

    ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ၁၇ ဦးက ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၁၉ ဦးခန့်က ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် ၂၆ ဦးကတော့ နည်းပါးဒဏ်ရာရခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

    KIA ထိန်းချုပ်နယ်မြေ တပ်ရင်း ၁၂ နေရာမှာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေမှန်ကန်ကြောင်းလည်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

    “သိရသလောက်က ပစ်ခတ်ခံရတာကသေချာပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်စာရင်း ရတာမျိုးတော့ မရှိဘူး။ ပစ်ခတ်ခံရတာလည်း KIA တပ်မဟာ (၁၁) ၊ တပ်ရင်း (၁၂) နယ်မြေမှာထဲမှာ လို့ကြားပါတယ်။ နေရာလည်းအတိအကျလည်း သေချာမသိရသေးပါဘူး”လို့ ပြောပါတယ်။

    ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေမှန်ကန်ကြောင်း ပြောပြပေမယ့် ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ဖြေဆိုထားပါတယ်။

    စက်တင်ဘာလ ၁၈ ရက်နေ့ ညသန်ခေါင်းယံမှာ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်တစ်ခုတည်းမဟုတ်ဘဲ တပ်မဟာ(၉) နယ်မြေ ဖားကန့် နဲ့ တပ်ရင်း (၁၁) နမ္မတီးကျေးရွာအနီးတွေကို တပြိုင်နက် ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။

    ထိုဖြစ်စဉ်များအနက် ရွှေကူမြို့နယ်တိုက်ခိုက်ခံရမှုမှာ လူထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့ရပြီး တပ်ရင်း (၁၁) တိုက်ခိုက်ခံရမှုမှာတော့ ပြည်သူတစ်ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

    နောက်ထပ် ဖားကန့်ဒေသမှာတော့ ဆိုင်းတောင်ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာထဲက ရတနာကျောက်စိမ်းကုမ္ပဏီဝင်းမှာ လေယာဉ်ဗုံး ၂ လုံးကျမှန်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

    KIA တပ်ရင်း ၁၂ နေရာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထပ်မံဖွဲ့စည်းလိုက်တဲ့ တပ်မဟာ (၁၁) နယ်မြေထဲပါဝင်တာဖြစ်ပါတယ်။

    ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း KIA တပ်မဟာ (၈) နယ်မြေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သင်တန်းတက်တဲ့ ကချင်လူငယ် ၃၀ ကျော် အသက်ဆုံးရှုံးမှု ဖြစ်ခဲ့ရပါတယ်။

    ✍ နော်ထွယ့်(ဟူးကောင့်)

  • ရဲကားလို့ လူသိသွားလို့ သရုပ်ဆောင်တွေ ပရက်ရှိုးမတက်၊ ဆိုရှယ်မီဒီယာမှာပို့စ်မတင်ရဲတော့

    ရဲကားလို့ လူသိသွားလို့ သရုပ်ဆောင်တွေ ပရက်ရှိုးမတက်၊ ဆိုရှယ်မီဒီယာမှာပို့စ်မတင်ရဲတော့

    ရဲကားလို့ လူသိသွားလို့ သရုပ်ဆောင်တွေ ပရက်ရှိုးမတက်၊ ဆိုရှယ်မီဒီယာမှာပို့စ်မတင်ရဲတော့

    စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲဂုဏ်ပြုကားလို့လူတွေသိသွားပြီးတဲ့နောက်ပါဝင်တဲ့သရုပ်ဆောင်တွေထဲက တချို့ဟာ ပရက်ရှိုးလည်းမတက်တော့ဘဲ ဆိုရှယ်မီဒီယာမှာပါ အဲဒီဇာတ်ကားအကြောင်း မတင်ရဲကြတော့ဘူးလို့ သိရပါတယ်။

    စက်တင်ဘာ ၁၉ ရက်မှာ ရုံတင်ပြသမယ့် ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)ရဲ့ ဘဝကိုစားသော ကိန်းဂဏန်းများရုပ်ရှင်ဟာ ရဲတပ်ဖွဲ့ဂုဏ်ပြုကားလို့ လူတွေသိသွားခဲ့ကြပါတယ်။

    အဲဒါကြောင့် ပါဝင်တဲ့သရုပ်ဆောင်တွေဟာ သူတို့ရဲ့ ဆိုရှယ်လူမှုကွန်ရက် Facebook စာမျက်နှာမှာ ကြေညာတာ မတွေ့ရတော့ပါဘူး။

    အနုပညာလောကနဲ့ဆက်နွယ်သူတဦးက”ရှိုးမှာ ဒါရိုက်တာတွေလာကြည့် ကြတာမြင်မိသည်။ သရုပ်ဆောင် တွေလဲ လာကြသည်။ သို့သော်ပို့စ်တွေ တင်တာတော့ သိပ်မမြင်ရချေ။”လို့ သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    ဒါ့အပြင် မင်္ဂလာရုပ်ရှင်ရုံ Page ကလည်း သာမန်ဇာတ်ကားများ ပရက်ရှိုးပြတိုင်း Live လွှင့်ပေးခဲ့ပေမဲ့ ဒီဇာတ်ကားကိုတော့Liveလွှင့်တာမရှိပါဘူး။

    ဒါ့အပြင် မင်္ဂလာရုပ်ရှင်လုပ်ငန်းစုဟာတခြားကားတွေဆိုရင်မတင်ခင်တပတ်လောက်အလိုကတည်းက Post ပေါင်းများစွာ နေ့စဥ်တင်ပေးလေ့ရှိသော်လည်း ရဲဂုဏ်ပြုဇာတ်ကားကိုတော့ ပိုစတာပုံနဲ့ ဇာတ်ကားနမူနာတခုပဲ တင်ပေးခဲ့တာ တွေ့ရပါတယ်။

    ဒါ့အပြင် Press Show မှာလည်း ပါဝင်တဲ့သရုပ်ဆောင်တွေထဲက အနည်းငယ်သာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဓိကနေရာက ပါဝင်ထားတဲ့ တေဇလင်းရောင်ဟာ ပွဲတက်ခဲ့ခြင်းမရှိသလို သူ့လူမှုကွန်ရက်မှာလည်း ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဘာမှတင်မထားခဲ့ပါဘူး။

    ရှေ့မှာတင်တဲ့ နှောင်ကြိုးဝိုင်းဇာတ်ကားကိုတော့ ပွဲလည်းတက်ခဲ့သလို Facebook မှာလည်း Post တွေတင်ပေးခဲ့ပါတယ်။

    အလားတူ Press Show တိုင်းမပျက်မကွက်တက်တတ်တဲ့ ခင်လှိုင်လည်း ဒီပွဲမှာတက်လာတာမတွေ့ရပါဘူး။

    ဘဝကိုစားသောကိန်းဂဏန်းများရုပ်ရှင်ဟာ အောက်တိုဘာ ၁ ရက်မှာ ကျရောက်မယ့် စစ်တပ်လက်​အောက်ခံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

    ဒါပေမဲ့ အာဏာသိမ်းကာလအတွင်း ပြည်သူတွေရဲ့ တူးတူးခါးခါးမုန်းတီးမှုကို ခံယူထားရတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုထားတာမို့ ပြည်သူတွေလာမကြည့်မှာစိုးလို့ ဂုဏ်ပြုရုပ်ရှင်ဇာတ်လမ်းဆိုတာကိုဖျောက်ပြီးသာမန်ဇာတ်ကားတကားလို ရုံတင်ဖို့ ကြိုးစားခဲ့တာပါ။

    အဲဒီဇာတ်ကားဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကားဖြစ်တာမို့ အခြားကားတွေလို တန်းစီစရာမလိုဘဲ ကြားဖြတ်တင်တာဖြစ်ပါတယ်။

    ဘဝကိုစားသော ကိန်းဂဏန်းများ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတာကတော့ စစ်တပ် ဝါဒဖြန့်ဇာတ်ကားအများအပြားကို အောင်မြင်အောင် ရိုက်ကူးနိုင်ခဲ့တဲ့၊ စစ်တပ်ဝါဒဖြန့် ဇာတ်ကား”စောင်နီလေးတထည်” နဲ့ အကယ်ဒမီပါရခဲ့တဲ့၊ လက်ရှိလည်း စစ်ကောင်စီအရာရှိတဦးဖြစ်တဲ့ တင်အောင်စိုး(ပန်းမြို့တော်)ဖြစ်ပါတယ်။ ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)ဟာ မြဝတီမဂ္ဂဇင်း၊ မြဝတီရုပ်မြင်သံကြားတို့မှာ တာဝန်ထမ်းဆောင်ခဲ့၊ ထမ်းဆောင်ဆဲ စစ်ကောင်စီ အရာရှိတဦးပါ။

    သရုပ်ဆောင်တွေအနေနဲ့ စစ်ကောင်စီကိုအားပေးတဲ့ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ ခိုင်နှင်းဝေ၊ ခင်လှိုင်၊ ဆုပန်ထွာ၊ ကြည်စိုးထွန်းသား ချမ်းသာကြည်စိုး၊ ထက်အောင်ရှိုင်း၊ တေဇလင်းရောင်၊ တေဇာကျော်၊ ဟင်နရီစံ၊ ဝေလာရီ၊ စုလင်းရှိန်၊ ထွန်းပုလဲရတနာ၊ ချိုမဒီသွင်တို့ ပါဝင်ပါတယ်။

  • ညောင်လေးပင်တွင် ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်ညှဉ်းပန်းနေသော ပျူစောထီး ကိုကို  ပစ်ခတ်ခံရပြီး သေဆုံး

    ညောင်လေးပင်တွင် ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်ညှဉ်းပန်းနေသော ပျူစောထီး ကိုကို ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကူညီဆောင်ရွက်ပေးပြီး ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော ပျူစောထီး ကိုကို ဆိုသူကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း 9 Stars UG ခေါင်းဆောင် မြွေပွေးက ပြောဆိုသည်။

    စက်တင်ဘာလ ၁၈ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်မြို့နယ် တာဦးကျေးရွာတွင် နေထိုင်သော ပျူစောထီး ကိုကို ဆိုသူကို 9 Stars UG အဖွဲ့က နေအိမ် အတွင်း သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် တာဦးရွာပြင်သို့ ခေါ်ဆောင်လာစဉ် ပျူစောထီး ကိုကို ဆိုသူက ၎င်းလွယ်အိတ်အတွင်း ပါလာသည့် လက်ပစ်ဗုံးဖြင့် ခုခံ တိုက်ခိုက်ရန် လုပ်ဆောင်ခြင်းကြောင့် ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော ပျူစောထီး ကိုကို၏ လွယ်အိတ်အတွင်းမှ Vivo ဖုန်း ၁ လုံး ၊ ပိုက်ဆံ အိတ် ၁ လုံး၊ ငွေကျပ် ၄ သောင်းနှင့် မှတ်ပုံတင် ၁ ခု၊ အကြမ်းဖက် စစ်တပ်က ထုတ်ပေးထားသော လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်း ရရှိခဲ့ပြီး 9 Stars UG ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ ပျူစောထီး ကိုကို ဆိုသူသည် အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသူဖြစ်ကြောင်း၊ ထို့ပြင် မဒေါက်မြို့မှ ဗိုလ်လေး ခင်လှိုင်နှင့် ပူးပေါင်းကာ စစ်တောင်းမြစ်အတွင်း ငါးရှာစားနေတဲ့ ပြည်သူများထံမှ ဆက်ကြေးကောက်ခြင်း၊ လုပ်ငန်းရှင် စက်လှေများထံမှ ၁ စီးလျှင် ငွေကျပ် ၂ သိန်း ဆက်ကြေးတောင်းခြင်း၊ စစ်ဘေးရှောင် ပြည်သူများက ကျွဲ၊ နွားများ အမဲပေါ်လျှင် တစ်ကောင်လျှင် ငွေကျပ် ၃ သောင်းခွဲ မတရားကောက်ခံခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

    “ပထမတော့ ကျနော်တို့က ရှင်းပစ်ဖို့ထိ မရည်ရွယ်ခဲ့ဘူး။ မေးမြန်းပြီး နောက်ဆုံးအကြိမ် အဖြစ် သတိပေးပြီး ပြန်လွှတ်ပေးဖို့ပဲ စီစဥ်ခဲ့တာ သူ့ဘက်ကစပြီး ကျနော်တို့ ရဲဘော်တွေကို ခုခံတုန့် ပြန်လာလို့ ရှင်းပစ်ခဲ့ပြီးမှ ပစ္စည်း တွေကို သိမ်းဆည်းခဲ့တာ” ဟု 9 Stars UG ခေါင်းဆောင် မြွေပွေးက ပြောဆိုသည်။

    ဆက်လက်၍ ပဲခူးတိုင်း အရှေ့ခြမ်းတွင် ပြည်သူကို ဒုက္ခ ပေးနေသော ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူးများနှင့် အကြမ်းဖက် စစ်တပ်နှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံနေပြီး ပြည်သူကို ဒုက္ခပေးနေသူများကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း 9 Stars UG အဖွဲ့က အသိပေး ပြောဆိုထားသည်။

    ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင် ပျူစောထီး ၁ ဦး ရှင်းလင်းခံနေရစဉ်။