Category: News

  • မြင်းခြံတွင် မြေကွက်‌ရောင်းဝယ်ရာ၌  ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရ

    မြင်းခြံတွင် မြေကွက်‌ရောင်းဝယ်ရာ၌ ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရ

    မြင်းခြံတွင် မြေကွက်‌ရောင်းဝယ်ရာ၌ ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရဟုဆို

    မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် မြေကွက်‌ ရောင်းဝယ်ရာ၌ ပျူစောထီးခေါင်းဆောင်သီတာယုမွန်ကို ကျပ်သိန်းထောင်ချီ၍ ဆက်ကြေးပုံစံ ပေးနေရကြောင်းသိရသည်။

    မြို့ပေါ်ရပ်ကွက် အမှတ် (၂၀)၊အမှတ်(၁၆)၊ အမှတ်(၁၄)နှင့် ကျေးရွာအနီးရှိ ရတီကွင်းတို့မှ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေများကို အကွက်ရိုက်ရောင်းလျှင် တကြိမ်ကို သိန်း ၅၀၀ မှ သိန်း၂,၀၀၀ အထိ အမြဲပေးနေရကြောင်း မြေကွက်ပိုင်ရှင်တဦးက ပြောသည်။

    “ကွက်စိပ်ကို တခါရိုက်ရင် သိန်းထောင်ချီပေးရတယ်။ ကျွန်တော့ လက်တွေ့ပေးရတာပဲ။ ဂရန်ရော ဘိုးဘွားပိုင်ရော လုပ်သမျှ အကုန်တောင်းတာ။ မြေသမား၊ အရောင်းသမားတွေ အကုန်ပေးနေရတာ။ အကွက်ရိုက်ရင် အဓိကပေးရတာ ၁,၀၀၀ ပေးရင်ရိုက်ပေါ့။ သူ့ကိုမပြောဘဲရိုက်ရင် ၃,၀၀၀ အထိတောင်းရင် တောင်းတာ”ဟု ၎င်းက ပြော သည်။

    မြင်းခြံမြို့ပေါ်တွင် အဝယ်သမားများမှ စုပေါင်းစပ်ပေါင်းပုံစံဖြင့် မြေကွက်ဧကနှင့်ချီကာ ဝယ်ယူလေ့ရှိပြီး အကွက် ရိုက်၍ ပြန်လည်ရောင်းချကြခြင်း ဖြစ်သည်။ ယင်းကဲ့သို့ရောင်းလျှင် ရောင်းရငွေအမြတ်အစွန်းမှ အချို့ကိုသီတာယုမွန်အဖွဲ့ထံ လိုင်းကြေး/ဆက်ကြေးပုံစံဖြင့် ပေးနေရခြင်းဖြစ်ကြောင်း သိရသည်။

    “ တလ တလကို ဝယ်တဲ့အပေါ်မူတည်ပြီး သိန်းထောင်ချီပြီးရတယ်။ အခု ရှစ်လပိုင်း တလထဲကို သီတာယုမွန်က သိန်း ၇,၀၀၀ ကျော်လောက်ရတယ်။ သူ့ကိုပေးမှ မြေအရောင်းအဝယ်က တရားဝင်တာ။ သူ့ကိုမပေးဘူးဆိုရင် ခြံစည်းရိုးတိုင်တွေ ဖျက်ဆီးတယ်။ ဝယ်ပြီးလာနေတဲ့သူတွေကို နှင်ထုတ်တယ် အမျိုးမျိုးနှောင့်ယှက်တယ်”ဟု နောက်ထပ်မြေအရောင်းသမားတဦးက ပြောသည်။

    အဆိုပါကိစ္စရပ်မှာ မှန်ကန်ကြောင်း မြင်းခြံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ကလည်း အတည်ပြုသည်။

    မြေကွက်အရောင်းသမားများအနေဖြင့် ယခုလို ဆက်‌ကြေးပေးနေသည်မှာ အရပ်သားပြည်သူများကို ဖမ်းဆီးသတ် ဖြတ်ရန် အထောက်အပံ့ပေးသကဲ့သို့ ဖြစ်နေခြင်းကြောင့် လတ်တလော ကာလတွင် မြေအရောင်းအဝယ်မလုပ်ရန် ဖိအားပေးနေသူများလည်းရှိကြောင်း မြင်းခြံမြို့ခံများက ဆိုသည်။

    သီတာယုမွန်တို့ ပျူစောထီးအဖွဲ့သည် စစ်အုပ်စုနှင့်ပူးပေါင်း၍ မြင်းခြံမြို့ပေါ်သာမက ကျေးရွာများသို့ ဆက်ကြေးများကောက်ခံခြင်း၊ ကုန်စုံဆိုင်ဈေးဆိုင်ကြီးများကိုလည်း မူးယစ်ဆေးဝါး၊ အရက်၊ ဘီယာ၊ ကွမ်း၊ ဆေးလိပ်ဖိုးစသည့် ကုန်ကျစရိတ်များအတွက် ငွေတောင်းခံလေ့ရှိကြောင်း မြင်းခြံမြို့ခံများထံက သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်ကလည်း မြင်းခြံ၊ခေါင်းကွဲကျေးရွာရှိ သန့်စင် စက်သုံးဆီဆိုင်တွင် တပ်စွဲထားသည့် သီတာယုမွန်၏ ပျူစောထီးအဖွဲ့သည် ၎င်းတို့၏ စားသောက်စရိတ်နှင့် အခြားသုံးစွဲမှုများအတွက် ငွေကျပ် ၂,၀၀၀,၀၀၀ ကို အုပ်ချုပ်ရေးမှူး ဦးထွန်းမော်ဦးထံ တောင်းခံခဲ့သည်။

    ထိုသို့တောင်းခံရာတွင် စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးထွန်းမော်ဦး၏ ဇနီးကငွေကြေးပေးရမည်ကိုငြင်းဆိုသဖြင့် ဒေါ်သီတာယုမွန်က ပါးရိုက်ခြင်း၊ ရိုက်နှက်ခြင်း လုပ်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူထံက သိရသည်။

    ထို့အပြင် လတ်တလော မြင်းခြံမြို့နယ်ရှိကျေးရွာအချို့တွင် စစ်‌ကောင်စီတပ် စစ်ကြောင်းထိုးနေချိန်တွင် မသီတာယုမွန်၏ ပျူစောထီးအဖွဲ့က မြင်းခြံမြို့ပေါ်တွင်သာမက လူမနေထိုင်တော့သည့် ကျေးရွာများရှိ အရပ်သားများ၏ နေအိမ်များအတွင်း ပစ္စည်းများနှင့် ပရိဘောဂများကို ဖောက်ထွင်းသယ်ဆောင်ခြင်း၊ ဘုန်းကြီးကျောင်းမှ ဘုရားဆင်းတုတော်များပါ မကျန် သယ်ဆောင်သွားကြောင်းဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

    စစ်ကော်မရှင်တပ်နှင့် ပျူစောထီးအဖွဲ့သည် မြင်းခြံမြို့နယ်ရှိကျေးရွာပေါင်း ၁၀ ရွာကျော်ကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်မှာ ဇူလိုင်လလယ်မှစ၍ ယနေ့ စက်တင်ဘာလ ၆ ရက် အထိ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

  • ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်

    ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်

    ချောက်မြို့ ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးများပြားဟုဆို

    မကွေးတိုင်း၊ ချောက်မြို့၊ ခလရ ၁၃ နှင့် စလေမြို့ရှိ ခမရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးမှ Cyrus က ပြောကြားသည်။

    စက်တင်ဘာလ ၄ ရက် ည ၉ နာရီ ၄၅ မိနစ်က ချောက်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၃ ကို ရှော့တိုက်ဒုံး – Short Range Missile ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၂၀ ဦးထက်မနည်သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး လူနာ တင်ယာဉ်များဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

    ထို့အပြင် ခလရ -၁၃ ထဲ၌ ရောက်ရှိနေသည့် ပေါက်မှ ရိက္ခာပို့ပြန်လာသော မော်တော်ယာဉ် အစီး ၉၀ အနက် အချို့ယာဉ်များလည်း ထိမှန် ပျက်စီးကာ မောင်းနှင်၍ရသော မော်တော်ယာဉ်များကို ညတွင်း ချင်း ကျောက်ပန်း‌တောင်း မြို့ကို ဦးတည်၍ သုတ်ခြေတင်မောင်းနှင်သွားကြောင်း သိရသည်။

    အလားတူ စလေမြို့နယ်အခြေစိုက် ခမရ ၄၁၆ တပ်ရင်းတို့ကို ရှော့ တိုက်ဒုံး -Short Range Missile ၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံး Error ဖြစ်ပြီး ၆ လုံးမှာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်သားများသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ” ၄၁၆ တပ်ရင်းထဲမှာ အင်အား ၁၀၀ ဝန်းကျင်ရှိတယ်လို့သိရတယ်။ ခလရ ၁၃ တပ်ရင်းကတော့ အင်အားပိုများတဲ့အပြင် စစ်သင်တန်းပါပေးတယ်။ ပေါ်တာဆွဲထားတဲ့ လူတွေကို စစ်သင်တန်း ပေးနေတယ်။ စစ်ခွေး သေစာရင်းကတော့ ၂ ခု ပေါင်းရင် အဲ့ထက်ပိုနိုင်တယ်။ ပစ်ခတ်မှု ဖြစ်ပြီး ၃ နာရီကျော်ကြာမှ ချောက်မြို့ပေါ်နဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကင်းတွေ ထွက်လာတယ်။ အဲဒီအချက်နဲ့တင် အထဲမှာ ဘယ်လောက်ရုတ်ရုတ်သဲသဲ ဖြစ်သွားလည်းဆိုတာကို သိနိုင်တယ်။” ဟု မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေး တပ်ဦးမှ Cyrus က ပြောကြားသည်။

    ယင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၃၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူ ၃၅ ဦးကျော်ရှိကာ သေဆုံးသွားသော အကြမ်းဖက်စစ်သားများကိုလည်း ညတွင်းချင်း ခိုးကြောင် ခိုးဝှက်ဖြင့် မြေမြှုပ်သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ဖြစ်သော သိန်းငှက်နက်ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးနှင့် ချောက် သခင်ဖိုးလှကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိ အခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ ရွေးကောက် ပွဲနဲ့ သက်ဆိုင်တဲ့နေရာတွေကို ဝေးဝေးမှရှောင်ပေးဖို့ရယ် မရှောင်လို့သွားမိရင် ထိခိုက် မှုတွေရှိလာ နိုင် လို့ပါ။ နောက်ပြီး ပူးပေါင်းလုပ်ဆောင်ကြတဲ့ အဖွဲ့တွေကို ကူညီထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံချင် ပါတယ်” ဟု မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန် ရေးတပ်ဦးမှ Cyrus က ပြောဆိုသည်။

  • မြန်မာမှာ လူ ၃ ဦးမှာ ၁ဦး ဝဝလင်လင်မစားနိုင်တော့

    မြန်မာမှာ လူ ၃ ဦးမှာ ၁ဦး ဝဝလင်လင်မစားနိုင်တော့

    မြန်မာနိုင်ငံမှာ လူ ၃ ဦးမှာ ၁ ဦးနှုန်း ဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP ကဆိုပါတယ်။

    စက်တင်ဘာ ၅ ရက်က ထုတ်ပြန်တဲ့ မြန်မာက ဆာလောင် မွတ်သိပ်မှုကို ကိုရီးယားနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်မယ့် REACH အစီအစဥ်အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဆိုထားတာပါ။

    မြန်မာမှာ လူဦးရေ ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး ၂၀၂၄ ခုနှစ်ကထက် သိသိသာသာတိုးမြင့်လာတယ်လို့ WFP ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    ပြီးခဲ့တဲ့နှစ်က ဝဝလင်လင်မစားနိုင်တဲ့ လူဦးရေ ၁၃ ဒသမ ၃ သန်းရှိခဲ့တာကြောင့် တစ်နှစ်အတွင်းလူ ၃ သန်းလောက် တိုးလာပါ။

    အခုတိုးမြင့်လာတဲ့ အရေအတွက်ထဲကမှ လူ ၂ ဒသမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။

    ၂၀၂၁ ခုနှစ်အစောပိုင်းကထက် ကုန်ဈေးနှုန်း ၄ ဆအထိတိုးမြင့်လာတာကြောင့် သန်းနဲ့ချီတဲ့လူတွေဟာ အခြေခံစားသောက်ကုန်တွေကို မဝယ်စားနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ WFP ကဆိုပါတယ်။

    ကိုးရီးယားနိုင်ငံက WFP နဲ့ပူးပေါင်းပြီး REACH အစီအစဥ်နဲ့ ပဋိပက္ခနဲ့ ငလျင်ဒဏ်သင့်ဒေသက လူဦးရေ ၃ သိန်းဝန်းကျင် အတွက် နှစ်လစာ စားနပ်ရိက္ခာ ဒါမှမဟုတ် ငွေသားထောက်ပံ့ပေးဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ် ။

    ဒါအပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေးငယ် ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနဲ့ ကုသရေး အကူအညီတွေ ပေးသွားမယ်လို့ ပြောထားပါတယ်။

    WFP ဟာ ရန်ပုံငွေမလုံလောက်တာကြောင့် မြန်မာက လူတစ်သန်းအတွက် အရေးပေါ်အကူအညီ ပေးတာကို ဒီနှစ်ဧပြီမှာ ရပ်တန့်ခဲ့ရပါတယ်။

  • စကခ(၁၃) ဒုစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့် မြိတ်-ထားဝယ်လမ်းပိုင်းတိုက်ပွဲတွင်သေဆုံး

    စကခ(၁၃) ဒုစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့် မြိတ်-ထားဝယ်လမ်းပိုင်းတိုက်ပွဲတွင်သေဆုံး

    စကခ(၁၃) ဒုစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့် မြိတ်-ထားဝယ်လမ်းပိုင်းတိုက်ပွဲတွင်သေဆုံး

    စစ်အုပ်စုက နာ​ရေးကို အကျဥ်းချုပ်လုပ်ခိုင်းပြီး စကခမှူးကို စုံခုံဖွဲ့စစ်​ဆေး

    အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့်သည် မြိတ်-ထားဝယ်လမ်းပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီး နာရေးကို စစ်ကောင်စီက အကျဉ်းချုပ်ပြုလုပ်ခဲ့သည်။

    ဗိုလ်မှူးချုပ် မျိုးသန့် လိုက်ပါ လာသော ယာဉ်တန်းသည် ပြီးခဲ့သည်ဩဂုတ်လ ၂၅ ရက်က ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ထောင်ယွန်းကျေးရွာအနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်​ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    “ထုံးစံအတိုင်းပဲ။ တိုက်ပွဲကျပြီးမှူးချုပ်(ဗိုလ်မှူးချုပ်) ရာထူးတိုးပေးလိုက်တယ်။ နာရေးကို သတင်းမထွက်စေရလို့ညွှန်ကြားချက်ရှိတယ်။ သူပေါ့လျော့လို့ ဖြစ်တာ။ အခုကစခကမှူးလည်းစုံခုံစစ်ခံနေရတယ်” ဟုအဆိုပါသတင်းရင်းမြစ်ကပြောသည်။

    ဗိုလ်မှူးချုပ် မျိုးသန့်သည် မသေဆုံးမီက ဗိုလ်မှူးကြီးရာထူးဖြစ်သည်။ သေဆုံးပြီးနောက် ဗိုလ်မှူးချုပ်ရာထူးတိုးပေးခြင်းဟုသိရသည်။ နာရေးကို ဩဂုတ်လ ၂၇ရက်က ပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရသည်။

    နာရေးကို လုံခြုံရေးအထပ်ထပ်ဖြင့် ပြုလုပ်ခဲ့ပြီး အုတ်ဂူ‌ ဘေးတွင် ငိုယိုနေသော ဗိုလ်မှူးချုပ်မျိုးသန့်၏ မိန်းမဓာတ်ပုံကို စစ်ကောင်စီဝါဒဖြန့်ချီရေး သီးသန့်လူမှုကွန်ရက်စာမျက်နှာများတွင် အချင်းချင်း မျှဝေထားကြသည်။

    ဩဂုတ်လ၂၅ရက်နေ့က တိုက်ခိုက်ခံရမှုတွင် ဗိုလ်မှူးချုပ် မျိုးသန့်အပါအဝင် စစ်ကောင်တပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး ရုပ်အလောင်းများကို လေကြောင်း ပစ်ကူဖြင့် သယ်ယူသွားခြင်းဟု ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကပြောသည်။

    ဗိုလ်မှူးချုပ်မျိုးသန့် သေဆုံးခြင်းနှင့် ယာဉ်တန်းတိုက်ခိုက်ခံရမှုအတွက် စကခ (၁၃) စကခမှူး ဗိုလ်မှူးချုပ် ဇေယျာလင်းကို စစ်ကောင်စီက စစ်ဆေးနေခြင်းဖြစ်​ကြောင်းစုံစမ်းသိရသည်။

    တနင်္သာရီတိုင်း ၊ဘုတ်ပြင်းမြိုမှ လေညာမြို့ဘက် တက်လာသော စစ်ကောင်စီတပ်၏ယာဥ်တန်းအား သြဂုတ် ၂၅ ရက်တွင်စောင့်ကြိုတိုက်ခိုက်မိုင်းဆွဲခဲ့ရာ စစ်ဦးစီးမှူး G2 အဆင့်အရာရှိ အပါအဝင် စစ်ကောင်စီတပ်သား (၂၀) ဦးထပ်မနည်း သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

    ဩဂုတ် ၂၅ရက်နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်၏ ယာဉ်တန်း ကား(၃)စီးအား ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း(၂၀၃)၊ တပ်ခွဲ(၂)က ထောင်ယွန်းကျေးရွာအနီးတွင် စောင့်ကြိုတိုက်ခိုက်မိုင်းဆွဲခဲ့ခြင်းဖြစ်သည်။တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ထိခိုက်သေဆုံးများခဲ့ရာ စစ်ကောင်စီယာဉ်များ ဘုတ်ပြင်းဘက် ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြသည်။

    စကခ(၁၃)သည် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့တွင် အခြေစိုက်သည်။လက်ရှိတွင် ဘုတ်ပြင်းမြိုနယ်အပြင် ပလော၊ ပလောက်စသည့် ပြည်ထောင်စုလမ်းမကြီး၏ လမ်းပိုင်းမြို့နယ်များ၌ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေကြောင်း တနင်္သာရီစစ်ဒေသမှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

    (​သေပြီး​နောက် ရာထူးတိုးသွား​သောဗိုလ်မှူးချုပ်မျိုးသန့် ၏ အုတ်ဂူအနီး ၎င်း၏ ဇနီးကို​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်တပ်​ထောက်ခံသူများ၏လူမှုကွန်ယက်)

  • ငဖဲမြို့နယ်အတွင်းတိုက်ပွဲတွင် AA တပ်ဖွဲ့များကို စစ်ကော်မရှင်တပ်က ယှဉ်မတိုက်နိုင်၍ တပ်လန်ကာထွက်ပြေး

    ‎မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်အပြင် တပ်ဆုတ်ပြေးရမှုများရှိကြောင်း သိရသည်။

    ‎စစ်ကောင်စီ၏ အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံ ခမရ-၅၇၄ နှင့် အမှတ် (၉၄၄) ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲ (ဆလအခွဲ-၉၄၄) မှတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်သည်။

    ‎ယမန်‌နေ့ စက်တင်ဘာ ၄ ရက်၊ နေ့လယ် ၁၂ နာရီ (၂၁) မိနစ်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဖက် မီတာ ၂၈၀၀ ခန့်အကွာအဝေးတွင် စစ်ကော်မရှင်က ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့‌သည်။



    ‎အပြန်အလှန်တိုက်ခိုက်မှုအပြီးတွင် လက်နက် ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများ၊ အလောင်းများနှင့်အတူ ကျောပိုး အိတ်အများအပြားကိုထားခဲ့ပြီး စကခ (၁၇) လက်အောက်ခံ တပ်များသည် တပ်လန်ကာဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ‎စစ်ကော်မရှင်တပ်သည် ယခုရက်ပိုင်းတွင် နတ်ရေကန်ဗျူဟာနှင့် ငဖဲမြို့နယ်အတွင်းပို့ထားသည့် တပ်များကို ပြန်လည်ခေါ်ယူနေပြီး တပ်အချိန်းအပြောင်း ပြုလုပ်နေကြောင်း သိရသည်။

    ‎ငဖဲမြို့နယ်အတွင်းသို့ စစ်ကော်မရှင်က စစ်ယာဉ်တန်း ၆၈ စီးအထိ အင်အားဖြည့်မှုရှိခဲ့ပြီး နတ်ရေကန်ဗျူဟာမှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ခတ်ခြိမ်းခြောက်လျက်ရှိသည်။