Category: News

  • ရန်ကုန်လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်မည့်အဆင့်ရောက်လာ

    ရန်ကုန်လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်မည့်အဆင့်ရောက်လာ

    ရန်ကုန်မြို့မှာလေထုညစ်ညမ်းတာဟာ ဒီရက်ပိုင်းမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အနီရောင်အဆင့်အထိ ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံက မွမ်ဘိုင်း၊ ထိုင်းနိုင်ငံက ဘန်ကောက်မြို့တို့ထက် ပိုပြီးဆိုးရွားနေပါတယ်။

    လေထုအရည်အသွေးတိုင်းတာ ထုတ်ပြန်ပေးနေတဲ့ ဆွစ်ဇာလန်အခြေစိုက် ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ IQAir ရဲ့ ဒီဇင်ဘာ ၂ ရက် ည ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ရန်ကုန်ရဲ့ လေထုအရည်အသွေးဟာ ခံနိုင်ရည်နည်းပါးသူတွေအတွက် ထိခိုက်နိုင်တဲ့အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။

    IQAir ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ လေထုအရည်အသွေးကို အချိန်နဲ့တပြေးညီ တိုင်းတာဖော်ပြနေတာဖြစ်ပြီး ရန်ကုန်အတွက်ကတော့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးအပါအဝင် နေရာ ၇ ခုမှာရှိတဲ့ လေထုအရည်အသွေး တိုင်းတာစက်တွေရဲ့ အချက်အလက်တွေကို ရယူထားတာဖြစ်ပါတယ်။

    ဒီဇင်ဘာ ၂ ရက်အတွက် လေထုညစ်ညမ်းမှု ပျမ်းမျှအညွှန်းကိန်းက US AQI အရ ၁၂၈ ဖြစ်ပြီး အဆင့် ၁၀၁ ကနေ ၁၅၀ အထိကိုတော့ ခံနိုင်ရည်နည်းသူတွေအတွက် ထိခိုက်စေတဲ့အဆင့်လို့ သတ်မှတ်ပြီး ယေဘုယျကတော့ ကျန်းမာရေးမထိခိုက်ဘူးလို့ ဆိုနိုင်ပါတယ်။

    လေထုအရည်အသွေးသတ်မှတ်ချက် အနီရောင်အဆင့်ကတော့ ၁၅၁ ကနေ ၂၀၀ အထိဖြစ်ပြီး လူတိုင်းကျန်းမာရေးကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

    ဒီဇင်ဘာ ၂ ရက် မနက် ၈ နာရီခွဲကတော့ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (AQI) ဟာ ၁၇၈ ရှိလို့ အနီရောင်အဆင့်မှာရှိခဲ့ပြီး ဒီဇင်ဘာ ၁ ရက် မနက်ကလည်း ၁၇၄ ရှိလို့ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၁၁ ကိုရောက်ခဲ့တယ်လို့ မြန်မာ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားနေတဲ့ Environment, Health and Safety Myanmar က IQAir ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

    IQAir ရဲ့ ပျမ်းမျှသတ်မှတ်ချက်အရ ဒီဇင်ဘာ ၂ ရက်မှာ ရန်ကုန်ရဲ့ လေထုအရည်အသွေး အညွှန်းကိန်းဟာ ကမ္ဘာ့အဆင့် ၂၂ ဖြစ်ပြီး ဒါဟာ အိန္ဒိယနိုင်ငံက မွမ်ဘိုင်း၊ ထိုင်းနိုင်ငံက ဘန်ကောက်မြို့တို့ထက် ပိုများနေတာပါ။

    လေထုအရည်အသွေးကို တိုင်းတာစစ်ဆေးရာမှာ အချက်အလက်တွေ အများကြီးရှိပေမယ့် အခုထုတ်ပြန်ချက်တွေကိုတော့ PM 2.5 (လေမှာပါတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှုန်ပါဝင်နှုန်း) ကို အဓိထား တိုင်းတာဖြစ်ပြီး အဲဒီအမှုန်တွေက ဆံချည်မျှင်ထက် ၂၅ ပုံ တပုံပဲ ရှိတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေရဲ့ ဆောင်းရာသီမှာလည်း ရန်ကုန်မှာ လေထုညစ်ညမ်းနှုန်းတက်လာခဲ့ဖူးပြီး ဆောင်းရာသီ မနက်ခင်းလေထုအေးလာတဲ့အခါ လေထုဖိအားပြန်လှန်ဖြစ်စဉ်ကြောင့် အေးတဲ့လေက မြေပြင်နားမှာ ကပ်နေပြီး အပေါ်မတက်နိုင်ဘဲ မီးခိုး၊ အမှုန်အမွှားတွေက လေထုထဲပိတ်မိနေတာကလည်း အကြောင်းရင်းတခုဖြစ်ပါတယ်။

    အနီရောင်အဆင့် ရန်ကုန်လေထုညစ်ညမ်းမှု ဆရာဝန်များ သတိပေး

    ရန်ကုန်မြို့တွင် ယခုရက်ပိုင်း မြူခိုးများအုပ်ဆိုင်းပြီး လေထုညစ်ညမ်းနေခြင်းကြောင့် အပြင်ထွက် သွားလာပါက နှာခေါင်းစည်းတပ်ရန် နှင့် အသက်ရှုလမ်း ကြောင်းဆိုင်ရာ ရောဂါရှိ သူများအနေဖြင့် အပြင်ထွက်ခြင်းကို ရှောင်ကျဉ်ရန် ဆရာဝန်များက သတိပေး ပြောကြားလိုက်သည်။

    နိုင်ငံပေါင်း ၁၂၃ နိုင်ငံ၏ လေထုအရည်အသွေးအခြေအနေကို စောင့်ကြည့်နေသည့် IQ Air ၏ ယနေ့ (ဇန်နဝါရီ ၂၇ ရက်) တိုင်းတာချက်အရ ရန်ကုန်မြို့ ၏ လေထုညစ်ညမ်းမှုသည် ညွှန်းကိန်း ၁၆၅ AQI ဖြင့် ကမ္ဘာ့အဆင့်ရှစ်တွင် ရှိနေကြောင်း‌ ဖော်ပြထား၍ ယင်းသည် ကျန်းမာရေးအတွက် မသင့်တော်သည့် အနီရောင်အဆင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

    ရန်ကုန်၊ ဗဟန်း၊ ဒဂုံမြို့တို့တွင် အနီရောင်အဆင့်နှင့် ကမာရွတ်မြို့တွင် လိမ္မော်ရောင်အဆင့်ရှိကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် IQ Air က ထုတ်ပြန်ထားသည်။

    အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေပြီး ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြို့တော်ဘန်ကောက်၏ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့အဆင့် ခုနစ် တွင် ရှိခဲ့သည်။

    ခရိုင် ၃၁ ခုမှ ကျောင်းပေါင်း ၃၅၂ ကျောင်း ပိတ်ထားခဲ့ပြီး ယာဉ်အသွားအလာ လျှော့ချနိုင်ရန် ဘတ်စ်ကားကဲ့သို့ အများပြည်သူသယ်ယူပို့ဆောင်မှုခရီးစဉ်များကို ယခုသီတင်းပတ်အတွင်း အခမဲ့ စီးနင်းခွင့်ပြုခဲ့ရကာ ယနေ့ ဘန်ကောက်၏ လေထုညစ်ညမ်းမှုသည် အဆင့် ၄၆ သို့ ကျဆင်းသွားပြီဖြစ်ကြောင်း IQ Air ၏ ဖော်ပြချက်အရ သိသည်။

    ယခုလို လေထုညစ်ညမ်းမှုဒဏ်ကို အဆုတ်ရောင် ရောဂါရှိသူများ၊ နာတာရှည်ပန်းနာ ရင်ကြပ် ရှိသူများနှင့် နာတာရှည်လေပြွန်ရောင် ရောဂါဝေဒနာ ခံစားနေရသူများအပြင် လေဖြတ်ထားသူနှင့် နှလုံးရောကျဉ်းသူတို့လည်း သတိပြုသင့်ကြောင်း CDM အမျိုးသမီးဆရာဝန်တဦးက ပြောသည်။

    “အသက်ကြီးပိုင်းတွေနဲ့ ကလေးတွေက တခြားလူလတ်ပိုင်းတွေထက် ပိုခံရတယ်ပေါ့။ ဖြစ်နိုင်ရင် ဒီချိန်အိမ်မှာပဲနေတာပိုကောင်းတယ်ပေါ့။ မဖြစ်မနေ ထွက်ရမယ်ဆိုလည်း နှာခေါင်းစည်း တပ်ပေးပေါ့” ဟု CDM အမျိုးသမီးဆရာဝန် က ပြောသည်။

    အပြင်သွားပါက ကိုယ်ပိုင်ကား နှင့် Taxi ကဲ့သို့ ကားများကို အသုံးမပြုဘဲ အများသုံး ယာဉ်ကြီးများကိုသာ ပိုမိုအသုံးပြုသင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။

    ရန်ကုန်မြို့၌ နံနက်ပိုင်းအချိန်များတွင် မြူများဆိုင်းနေပြီး ယင်းအခြေအနေသည် ဆောင်းရာသီဖြစ်သဖြင့် မြူဆိုင်းနေသည်ဟုသာ အများစု ထင်မြင်ကြရာ လေထုညစ်ညမ်းမှု ဖြစ်ပွားနေသည်ကို လူထုသိရှိမှု အားနည်းနေသေးကြောင်း ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြောသည်။

    “မနက်အစောဆိုရင်တော့လေ အရင်က မတွေ့ဖူးတဲ့ မြူတွေ တွေ့တယ်။ ဆောင်း မို့လို့ မြူဆိုင်းတယ်ပဲ ထင်တာပေါ့ မသိတဲ့လူတွေကတော့။ တချို့လေထုညစ်ညမ်းနေတယ်ဆိုတာကို မသိကြဘူး။ နှာခေါင်းစည်းလည်း မတပ်ကြဘူး။ ပုံမှန်ပဲ သွားလာနေကြတာ။ ဒါပေမဲ့ နှာစေးချောင်းဆိုး တအားဖြစ်တယ်” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးက ပြောသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကောင်စီတို့ကလည်း လက်ရှိ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် အနီရောင်အဆင့် ရောက်ရှိနေ၍ နှာခေါင်းစည်းတပ်ကြရန် ယနေ့ တိုက်တွန်းချက် ထုတ်ပြန်ထားသည်။

    လေထုအတွင်း ညစ်ညမ်းပစ္စည်းပါဝင်မှုပမာဏအပေါ်မူတည်၍ လေထုအရည်အသွေးညွှန်းကိန်း (Air Auality Idex-AQI) အဆင့်များ ခွဲခြားသတ်မှတ်ထားရာ AQI ၀ မှ ၅၀ အဆင့်သည် အစိမ်းရောင် ကောင်းမွန်သည့် အဆင့်ဖြစ်ပြီး ညွှန်းကိန်း ၅၁ မှ ၁၀၀ သည် ပန်းရောင်ဖျော့ အလယ်အလတ်အဆင့် ဖြစ်ကာ ညွှန်းကိန်း ၁၀၁ မှ ၁၅၀ သည် ထိခိုက်လွယ်သူများအတွက်မကောင်းသည့် လိမ္မော်ရောင် အဆင့်ဖြစ်သည်။

    ညွှန်းကိန်း ၁၅၁ မှ ၂၀၀ ကို ကျန်းမာရေးအတွက် မကောင်းသည့် အနီရောင် အဆင့်ဟု သတ်မှတ်သကဲ့သို့ ၂၀၁ မှ ၃၀၀ သည် ခရမ်းရောင် ကျန်းမာရေး ထိခိုက်စေသည့်အဆင့်ဖြစ်ကာ ၃၀၁ နှင့်အထက်ကို အန္တရာယ်ပေးသည့်အဆင့်ဟု သတ်မှတ်ကြောင်း သိရသည်။

    IQ Air ၏ ဖော်ပြချက်အရ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ယူဂန္ဓာနိုင်ငံ က မြို့ကြီးများ၏ လေထုအရည်အသွေးသည် မြန်မာနိုင်ငံထက် ညစ်ညမ်းမှု ပိုများနေကြောင်း ဆိုသည်။

    ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းခန့်သည် အရည်အသွေးညံ့ဖျင်းသည့်လေကို ရှုနေရကာ လေထုညစ်ညမ်းမှုနှင့် ဆက်နွယ်ကာ နှစ်စဉ်လူ ၇,၀၀၀,၀၀၀ ခန့် အချိန်မတိုင်မီ သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြောထားသည်။

  • ဥရောပနှင့် စစ်ခင်းရန် အသင့်ရှိဟု ပူတင် ကြုံးဝါး

    ဥရောပနှင့် စစ်ခင်းရန် အသင့်ရှိဟု ပူတင် ကြုံးဝါး

    အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ဟန့်တားနေတဲ့ ဥရောပနဲ့ စစ်ခင်းဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂ ရက်နေ့မှာ ကြုံးဝါးလိုက်ပါတယ်။

    သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ စတိဗ်ဝစ်ကော့ဖ်နဲ့ ဂျရက်ကုရှ်နာ တို့ဟာ မော်စကိုမှာ ၅ နာရီကြာ ဆွေးနွေးခဲ့ကြပေမဲ့ တိုးတက်မှု မရှိခဲ့ပါဘူး။

    ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ပေမဲ့ ယူကရိန်းအကျပ်အတည်း ပြေလည်ဖို့ နီးစပ်မလာသေးသလို လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ ကရင်မလင် အကြံပေး ယူရီအူရှာကော့ဗ်က ပြောပါတယ်။

    အထူးသဖြင့် နယ်မြေထိန်းချုပ်မှုမျဉ်း သတ်မှတ်ရေးလို အဓိကအချက်တွေမှာ နှစ်ဖက် သဘောတူညီမှု မရနိုင်ခဲ့ကြပါဘူး။

    ဆွေးနွေးပွဲမတိုင်ခင်မှာ ပူတင်က ဥရောပဟာ အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ကာဆီးနေပြီး “စစ်ဖြစ်ချင်တဲ့ဘက်” မှာ ရပ်တည်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

    “ရုရှားက ဥရောပနဲ့ မတိုက်ချင်ပေမဲ့ ဥရောပက စမယ်ဆိုရင်တော့ ရုရှားက အခုပဲ အသင့်ရှိနေပါတယ်” လို့ ပူတင်က သတိပေး ပြောကြားခဲ့တာပါ။

    ရုရှားအနေနဲ့ ဥရောပဘက်က တောင်းဆိုချက်တွေကို လက်ခံနိုင်မှာ မဟုတ်ဘူးလို့လည်း ပူတင်က ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။

    လက်ရှိအနေအထားအရ ထရမ့်ပ်နဲ့ ပူတင်အကြား နောက်ထပ် ထိပ်သီးဆွေးနွေးပွဲတခု လုပ်ဖြစ်ဖို့ မရှိသေးကြောင်း ရုရှားဘက်က အတည်ပြုထားပါတယ်။

  • စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အားပြုန်းတီးလာ၍ ရန်ကုန်မှ စစ်ကူ ၅၀၀ကို ရေကြောင်းမှ ထပ်မံပို့ဆောင်

    စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အားပြုန်းတီးလာ၍ ရန်ကုန်မှ စစ်ကူ ၅၀၀ကို ရေကြောင်းမှ ထပ်မံပို့ဆောင်

    ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အားပြုန်းတီးလာ၍ ရန်ကုန်မှ စစ်ကူ ၅၀၀ကို ရေကြောင်းမှ ထပ်မံပို့ဆောင်



    ‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူတိုက်ပွဲအတွင်းကို စစ်ကော်မရှင်က စစ်ကူပို့ရန်အတွက် တပ်ရင်းအချို့မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ရန်ကုန်မှနေ၍ ရေကြောင်းဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

    ‎စစ်‌ကော်မရှင်သည် တပ်မ (၁၁) နည်းဗျူဟာမှူး နဗဟ-၁၁၁ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းသန့် ဦးစီးသည့် ခမရ ၂၁၂၊ ခမရ ၂၁၃၊ ခမရ ၂၁၉တို့မှ ခန့်မှန်းအင်အား ၅၀၀ ခန့်ကို ကျောက်ဖြူသို့ ပို့ဆောင်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။



    ‎”ကျောက်ဖြူမှာက ရေတပ်အင်အားစုများတယ်။ မြေပြင်စစ်ကြောင်းထိုးမှုမှာ နယ်မြေရလည်းခဏပဲ။ AA က အမှည့်ခြွေတာကို စစ်တပ်ကခံရတာပဲ။ စစ်တွေက တပ်တွေခွဲပြီး ကျောက်ဖြူပို့ထားတာပဲ။ ဒါပေမယ့် စစ်ကြောင်းလိုက်ကိုပြုတ်တာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ‎ကျောက်ဖြူတိုက်ပွဲမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက သိုင်းချောင်း၊ မင်းပြင် စသည့်ကျေးရွာများတွင် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများ ရှိခဲ့သည်။

    ဓညဝတီရေတပ်ဌာနချုပ်အနီး လမ်းခွဲဘက်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်က AA နှင့် စစ်ကော်မရှင်တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့သည်။

    ‎စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်လိုက်သည့် သိုင်းချောင်းရွာကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ရက်တွင် AA က ပြန်လည်စီးနင်းတိုက်ခိုက်မှုများပြုလုပ်ထားနိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။



    ‎ယမန်နေ့ ဒီဇင်ဘာ ၁ရက်နေ့တွင်မူ မင်းပြင်ရှိ စစ်ရေးအရ အချက်အချာကျသည့်နေရာအချို့နှင့် သိုင်းချောင်းရွာကို AAက စိုးမိုးမှု ပြန်လည် ရယူထားသည်ဟု သိရသည်။

    ပုံစာ- တပ်မ (၁၁) နည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီး မျိုးမင်းသန့်

  • စကစ ၅ ဦးသေဆုံးတဲ့ လက်ပံတန်းဂိတ်စခန်း တိုက်ပွဲ (ရုပ်သံ)

    စကစ ၅ ဦးသေဆုံးတဲ့ လက်ပံတန်းဂိတ်စခန်း တိုက်ပွဲ (ရုပ်သံ)

    စကစ ၅ ဦးသေဆုံးတဲ့ လက်ပံတန်းဂိတ်စခန်း တိုက်ပွဲရုပ်သံကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထုတ်ပြန်

    ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက်ငယ် ၂ လက် သိမ်းဆည်းရရှိခဲ့တဲ့ တိုက်ပွဲရုပ်သံ Video ကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၂)က ထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက် မနက် ၈ နာရီခွဲခန့်မှာ ခမရ ၃၅ တပ်ရင်းမှ လာရောက်အထိုင်ချထားတဲ့ သာယာဝတီမြို့နယ် လိပ်ဥကုန်းလမ်း၊ မဒေါ့၊ သရက်ကုန်း၊ ပြည်တော်သာ၊ ကျောက်တွင်းရွာ သွားရာလမ်းဆုံမှ ဂိတ်စခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    တိုက်ပွဲကြာမြင့်ချိန် ၁ နာရီခန့်ရှိပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးခဲ့တဲ့အပြင် ကာဘိုင်တစ်လက်၊ MA1 တစ်လက်၊ 5.56 ကျည် ၁၅၀ တောင့်နဲ့ မိုဘိုင်းဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး ဂိတ်စခန်းကိုပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

    အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)၊ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ (၂)၊ ရွှေတန်းမြေ(ပကဖ)၊ လက်ပံတန်းမြို့နယ်(ပကဖ) အထူးတိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

  • စစ်ရှိန်ပိုမြင့်လာနိုင်လို့ ပြည်သူတွေ စစ်ကောင်စီတပ်နဲ့ ဝေးဝေးနေပေးဖို့ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂) တာဝန်ခံပြော

    စစ်ရှိန်ပိုမြင့်လာနိုင်လို့ ပြည်သူတွေ စစ်ကောင်စီတပ်နဲ့ ဝေးဝေးနေပေးဖို့ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂) တာဝန်ခံပြော

    ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ရဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ လတ်တလော စစ်ရေးအရှိန်မြှင့်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဝေးဝေးနေကြဖို့ ဗျူဟာ (၂၂)တာဝန်ခံက သတိပေးပြောပါတယ်။

    နိုဝင်ဘာလကုန်ပိုင်းမှာဗျူဟာ(၂၂)ရဲ့စစ်ဆင်ရေးနယ်မြေအတွင်းစစ်ကောင်စီတပ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဆက်တိုင်ဖော်ဆောင်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဗျူဟာ (၂၂) တာဝန်ခံက အခုလို ပြောပြတာပါ။

    “မကြာခင်လည်းစစ်ရေးတွေအရှိန်မြှင့်လာနိုင်တာမို့အကြမ်းဖက် စစ်တပ်နဲ့ ဝေးဝေးနေပေးကြပါ။နောက် ဗျူဟာ(၂၂) ကွပ်ကဲမှု အောက်က တပ်ရင်းတပ်ခွဲနဲ့ ပကဖတွေကိုလည်း ယုံယုံကြည်ကြည်နဲ့ ထောက်ပို့ပေးကြပါ”လို့ ဗျူဟာ(၂၂)တာဝန်ခံက ပြောပါတယ်။

    ဗျူဟာ(၂၂)ရဲ့စစ်ဆင်ရေးနယ်မြေကသာယာ၀တီခရိုင်နဲ့ ပဲခူးခရိုင် တပ်ရင်းတွေ ပါဝင်တယ်လို့လည်း အသိပေးပါတယ်။

    ဒါ့အပြင် မကြာခင်မှာ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့၊ စည်းရုံးလှုံ့ဆော်တာ ပါဝင်အားဖြည့်တာတွေမလုပ်ဖို့လည်း ဗျူဟာ (၂၂) တာဝန်ခံက တိုက်တွန်းပါတယ်။

    ဗျူဟာ (၂၂)ရဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ နိုဝင်ဘာ နောက်ဆုံးအပတ်က ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ နတ်တလင်းမြို့နယ် စတဲ့ မြို့နယ်တွေက စစ်ကောင်စီ တပ်ဖွဲ့တွေ ဂိတ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းရခဲ့ပါတယ်။

    လက်ပံတန်းမြိုနယ်၊ ကျောက်တွင်းကျေးရွာ လမ်းဆုံရှိ စစ်တပ်ဂိတ်စခန်းကို နိုဝင်ဘာ ၃၀ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၅ဦး သေဆုံးကာ လက်နက် ၂လက်နဲ့ ခဲယမ်းတွေသိမ်းရခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးကို ဗျူဟာ (၂၂)၊ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ (၂)၊ ရွှေတန်းမြေ(ပကဖ)၊ လက်ပံတန်းမြိုနယ်(ပကဖ) အထူးတိုက်ခိုက်ရေးအဖွဲတို့က ဖော်ဆောင်ခဲ့တာပါ။

    နတ်တလင်းမြိုနယ်၊ ရှားဖြူကုန်းကျေးရွာရှိ စစ်တပ်ဂိတ်စခန်းကို နိုဝင်ဘာ ၂၆ရက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲဝင် ၂ဦးသေဆုံးကာ ကျန်သူတွေ ဂိတ်စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ဆိုပါတယ်။

    စစ်တပ်ဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲဝင်တွေအသုံးပြုတဲ့ ဆိုင်ကယ်နဲ့ အခြားစစ်သုံးပစ္စည်းတွေ သိမ်းရတယ်လို ဗျူဟာ (၂၂)က ထုတ်ပြန်ထားပါတယ်။အဲဒီ စစ်ဆင်ရေးကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)၊ အမှတ်(၃၈၀၁) တပ်ရင်း၊ တပ်ခွဲ(၆)၊ နတ်တလင်းမြိုနယ်ပကဖ တိုပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

    ဒါ့အပြင် သာယာဝတီခရိုင်၊ ပေါင်းတည်မြိုနယ်၊ ပန်းသင်းပင်ကျေးရွာကနေဆိုင်ကယ်တွေနဲ့ ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲတွေကိုလည်း အမှတ် (၃၈၀၁) တပ်ရင်းရုံး ရဲဘော်တွေက ဒီကနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

    နိုဝင်ဘာ၂၃ရက်ကလည်း ပဲခူးတိုင်း စစ်ဌာန ဗျူဟာ ၂၂ တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) ရဲဘော်တွေဟာ သာယာ၀တီခရိုင် ကြိုပင်ကောက်မြိုအဝင် စစ်ကောင်စီ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်ကျော်ဇင်ထွန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲဝင် ၅ဦးသေဆုံးကာ ၂ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီးလက်နက်အချို သိမ်းရခဲ့တယ်လို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက အသိပေးထားပါတယ်။

    ဒါ့အပြင်ပေါင်းတည်မြိုနယ်မှတ်တိုင်နယ်မြေရဲစခန်းက ကျောက်ကြီးတောင် အထိုင်တပ်စခန်းကို အင်အားဖြည့်တင်းဖို စစ်ကောင်စီတပ်ဖွဲဝင် ၃၀ ဦးခန့်တင်လာတဲ့ ကားကို ဗျူဟာ (၂၁) PDF တပ်ရင်း(၃၆၀၁) တပ်ခွဲ(၅)က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။

    နိုဝင်ဘာ ၂၂ ရက်ကလည်း သာယာ၀တီခရိုင် ဇီးကုန်းမြိုနယ် KTV တခုမှာ မူးရူးနေတဲ့ စစ်တပ်လက်အောက်ခံ ရဲနဲ့ ပြည်သူ့စစ်တွေကို ဗျူဟာ (၂၂) တပ်ရင်း(၃၈၀၁) တပ်ရင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် ၅ဦးသေဆုံးကာ လက်နက်အချို သိမ်းရခဲ့ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။

    (ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ(၂၂)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – ဗျူဟာ -၂၂)