ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အားပြုန်းတီးလာ၍ ရန်ကုန်မှ စစ်ကူ ၅၀၀ကို ရေကြောင်းမှ ထပ်မံပို့ဆောင်



‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူတိုက်ပွဲအတွင်းကို စစ်ကော်မရှင်က စစ်ကူပို့ရန်အတွက် တပ်ရင်းအချို့မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ရန်ကုန်မှနေ၍ ရေကြောင်းဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

‎စစ်‌ကော်မရှင်သည် တပ်မ (၁၁) နည်းဗျူဟာမှူး နဗဟ-၁၁၁ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းသန့် ဦးစီးသည့် ခမရ ၂၁၂၊ ခမရ ၂၁၃၊ ခမရ ၂၁၉တို့မှ ခန့်မှန်းအင်အား ၅၀၀ ခန့်ကို ကျောက်ဖြူသို့ ပို့ဆောင်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။



‎”ကျောက်ဖြူမှာက ရေတပ်အင်အားစုများတယ်။ မြေပြင်စစ်ကြောင်းထိုးမှုမှာ နယ်မြေရလည်းခဏပဲ။ AA က အမှည့်ခြွေတာကို စစ်တပ်ကခံရတာပဲ။ စစ်တွေက တပ်တွေခွဲပြီး ကျောက်ဖြူပို့ထားတာပဲ။ ဒါပေမယ့် စစ်ကြောင်းလိုက်ကိုပြုတ်တာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

‎ကျောက်ဖြူတိုက်ပွဲမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက သိုင်းချောင်း၊ မင်းပြင် စသည့်ကျေးရွာများတွင် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများ ရှိခဲ့သည်။

ဓညဝတီရေတပ်ဌာနချုပ်အနီး လမ်းခွဲဘက်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်က AA နှင့် စစ်ကော်မရှင်တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့သည်။

‎စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်လိုက်သည့် သိုင်းချောင်းရွာကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ရက်တွင် AA က ပြန်လည်စီးနင်းတိုက်ခိုက်မှုများပြုလုပ်ထားနိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။



‎ယမန်နေ့ ဒီဇင်ဘာ ၁ရက်နေ့တွင်မူ မင်းပြင်ရှိ စစ်ရေးအရ အချက်အချာကျသည့်နေရာအချို့နှင့် သိုင်းချောင်းရွာကို AAက စိုးမိုးမှု ပြန်လည် ရယူထားသည်ဟု သိရသည်။

ပုံစာ- တပ်မ (၁၁) နည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီး မျိုးမင်းသန့်

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *