Category: News

  • ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာ အပြောင်းအလဲမရှိ ဆက်လက် တာဝန်ယူ

    ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာ အပြောင်းအလဲမရှိ ဆက်လက် တာဝန်ယူ

    အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိသော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာ အပြောင်းအလဲမရှိဘဲ ဆက်လက် တာဝန်ယူခွင့်ရရှိထားကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးထံမှ သိရှိရသည်။

    အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဖွဲ့ဝင် ၉ နိုင်ငံပါဝင်သော ကုလသမဂ္ဂ Credentials Committeeကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် အန်ဒိုရာ၊ ဘော့စ်ဝါနာ၊ တရုတ် ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ မလေးရှား၊ ရုရှားဖယ်ဒရေးရှင်း၊ ဆီနီဂေါ၊ ထရီနီဒက်၊ တိုဘာဂို နှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ကြောင်း၊ အဆိုပါ ကုလသမဂ္ဂ Credentials Committeeက သံအ မတ် ကြီး ဦးကျော်မိုးထွန်းနေရာကို ဆက်လက်အတည်ပြုထားကြောင်း သိရှိရသည်။

    “သံအမတ်ကြီးရဲ့ နေရာကိုတော့ ကုလသမဂ္ဂ Credentials Committeeက အတည်ပြုထားပြီ။ ညီလာခံကို ဆက်​ပြီး တင်ပြ အတည်ပြုဖို့ပဲရှိတော့တယ်။ သံအမတ်ကြီးပဲ ဆက်ပြီး တာဝန်ယူခွင့်ရသွားတာပါ” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှ သတင်းရင်းမြစ်က ပြောဆို သည်။

    သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ်မှစတင်၍ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဆက်လက် ရပ်တည်နေပြီး အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချက်ချင်း အရေးယူရန် တစိုက်မတ်မတ် တင်ပြတောင်းဆိုလျက်ရှိသည့် ပြည်သူ့ဘက်တော်သား သံအမတ်ကြီးဖြစ်သည်။

    အကြမ်းဖက်စစ်ကောင်စီက သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာတွင် ၎င်းတို့၏ ကိုယ်စား လှယ်ဖြင့် အစားထိုးနိုင်ရေး ၂၀၂၁ ခုနှစ်မှ စတင်၍ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရရှိဘဲ ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာ မြန်မာပြည်သူများနှင့် မြန်မာနိုင်ငံကို ကိုယ်စားပြုသော တစ်ဦးတည်းသော သံအမတ်ကြီးအဖြစ် ပြည်သူ့ဘက်မှ ဆက်လက်အမြဲ ရပ်တည်နေခြင်းဖြစ်သည်။

  • သစ်ချိုပင်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

    သစ်ချိုပင်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

    ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

    အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၈ ဦးလည်း ထိခိုက်ဒဏ်ရာရ

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ အသက် ၇ နှစ်အရွယ် မဝင်းလဲ့လဲ့ထွန်း အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

    ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁ နာရီ ၁၉ မိနစ်ခန့်အချိန် ရွှေဘိုမြို့နယ် အရှေ့ခြမ်း သစ်ချိုပင်ရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း နေအိမ်ပေါ် ဗုံးသီးကျရောက် ပေါက်ကွဲခဲ့သောကြောင့် အသက် ၃၅ နှစ်အရွယ် ကိုမြင့်သူဝင်း ၊ အသက် ၃၅ နှစ် အရွယ် ‌မမေလွမ်းသူ နှင့် အသက် ၇ နှစ် အရွယ် ဝင်းလဲ့လဲ့ထွန်း တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် ကျေးရွာနေပြည်သူ အသက် ၈ နှစ်အရွယ် မြတ်သူရိန်ဖြိုး ၊ ဦးထူး ၊ ဦးသက်ကို ၊ ဒေါ်ကြည်စိန် ၊ ဒေါ်နုကြည် ၊ ဒေါ်ရီရီတင့် ၊ ဦးစိုးလေး နှင့် ဒေါ်သန်းစိန် တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံး ၊ ဆိုင်ကယ် ၂ စီး နှင့် ထော်လာဂျီ ၁ စီးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။

    “သစ်ချိုပင်ရွာကို စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ဗုံးကျဲသွားတာ ဗုံးသီးက ခန့်မှန်းခြေ ပေါင် ၂၀၀ နဲ့ ၃၀၀ လောက်ရှိတယ်။ ဗုံးသီးကျတဲ့နေရာမှာ အိမ်တွေ ပျောက်ထွက်သွားတယ်လို့ သိရတယ်။ ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးသေတယ်။ ဒဏ်ရာရတာလည်း ၈ ဦးရှိတယ်။ စိုးရိမ်ရတဲ့ ပြည်သူတွေလည်းရှိတယ်လို့ သိရတယ်။ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

  • စစ်တပ်ဂိတ်တွင် ကားဟွန်းတီးသည်ဆိုပြီး ဝိုင်းရိုက်ခံရသူ ဆေးကုသရင်းသေဆုံး

    စစ်တပ်ဂိတ်တွင် ကားဟွန်းတီးသည်ဆိုပြီး ဝိုင်းရိုက်ခံရသူ ဆေးကုသရင်းသေဆုံး

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ‌တောင်ကြီး-ဟိုပုံး သွား ကားလမ်းပေါ်က စစ်တပ်ဂိတ်မှာ ကားဟွန်းတီးတာကြောင့် ဆိုပြီး စစ်ကောင်စီတပ်သားတွေရဲ့ ဝိုင်းရိုက်တာကိုခံခဲ့ရတဲ့ အမျိုးသားဟာ ဆေးကုနေရင်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ကွန်ပျူတာကျောင်းနဲ့ နည်းပညာသိပ္ပံကျောင်း နားက စစ်ကောင်စီဂိတ်မှာ ဒီဇင်ဘာ ၁ ရက်ညက ကားဟွန်းတီးလို့ ဆိုပြီး အမျိူသားတယောက်ကို စစ်ကောင်စီတပ်သားတွေက ဝိုင်းရိုက်ခဲ့ကြတာပါ။

    ဒဏ်ရာအပြင်းအထန်ရရှိတာကြောင့် စဝ်စံထွန်းဆေးရုံမှာ ဆေးကုသနေရင်း ဒီဇင်ဘာ ၃ ရက်က သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    သေဆုံးသူနဲ့ နီးစပ်သူတယောက်က “ဂိတ်မှာဟွန်းတီးတာ သူတို့ကိုမလေးမစားလုပ်တာဆိုပြီး ဝိုင်းရိုက်တာ၊ ခေါင်လည်းပေါက်သွားတယ်၊ ကျောရိုးတွေလည်းကျိုးသွားတယ်။ ကားဟွန်းလေးတီးတာကို လူတယောက်သေတဲ့အထိ ရိုက်သတ်သွားတာတော့လွန်လွန်းပါတယ်” လို့ ပြောပါတယ်။

    သေဆုံးသူဟာ ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်ကွက်နေ အသက် ၄၉ နှစ်အရွယ် ခွန်မောင်ထိပ်ဖြစ်ပြီး သူ့မှာ ဇနီးနဲ့ သားတယောက် ကျန်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

    ခွန်မောင်ထိပ် ကို ဒီဇင်ဘာ ၅ ရက် မနေ့က ပအိုဝ်းဓလေ့အတိုင်း မိသားစုက အလှူပွဲ၊ အမျှဝေပွဲလုပ်ပေးပြီး သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

    အဲဒီစစ်ကောင်စီဂိတ်ဟာ လူငယ်တွေကို ဖမ်းဆီးငွေညှစ်တာ၊ ကုန်ကား ခရီးသည်တင်ကားတွေကနေ ငွေညှစ်တာလည်း လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  • စစ်ကော်မရှင်ထောက်ပို့ရဟတ်ယာဉ်အား ပစ်ခတ်တိုက်ခိုက်မှု ဗျူဟာမှူးအပါအဝင် ၄ ဦးသေဆုံးဟု KNU ပြော

    စစ်ကော်မရှင်ထောက်ပို့ရဟတ်ယာဉ်အား ပစ်ခတ်တိုက်ခိုက်မှု ဗျူဟာမှူးအပါအဝင် ၄ ဦးသေဆုံးဟု KNU ပြော

    ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင်သို့ ထောက်ပို့လာသည့် ရဟတ်ယာဉ်တစီးအား KNLA ပူးပေါင်းတပ်များက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်ကို မထိ သော်လည်း အနီးတွင်ရှိနေသည့် စစ်ကော်မရှင်တပ်သားများ ထိမှန်သေဆုံးမှုရှိသည်ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

    ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းကဖြစ်ပြီး KNU တပ်မဟာ (၅)နှင့် တပ်မဟာ (၃) အစပ်ရှိ ဘော်စဲခိုစခန်းသို့ စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ဖြင့်ထောက်ပို့လာကူခြင်းဖြစ်သည်ဟု သိရ သည်။

    ထိုရဟတ်ယာဉ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက လက် နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ရိုက်ထိမှန်ခြင်းမရှိခဲ့သော်လည်း ရဟတ်ယာဉ် အနီးတွင် ရှိနေသည့် စစ်ကော်မရှင်တပ်သားများ ထိမှန်ခဲ့ကြောင်း သိရသည်။

    “ရဟတ်ယာဉ်ကိုပစ်တာတော့ ဟုတ်တယ်၊ ဒါပေမယ့် မကျပါဘူး။ သွားပစ်တဲ့ရဟတ်ယာဉ်ကို တည့် တည့်မထိပါဘူး။ ဘေးနားကိုချော်ပြီး ကျသွားတာ” ဟု KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

    ဗျူဟာမှူးအပါအဝင် လေးဦးသေဆုံးပြီး တပ်ခွဲမှူး၊ ဒုခွဲမှူး၊ ဆေးတာဝန်ခံ စသည့်အရာရှိများအပါအဝင် ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ သေဆုံးသွားသည့် ဗျူဟာမှူးဆိုသူမှာ ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုးဟု သိရသည်။

    “ရဟတ်ယာဉ်ကို အစအနမှန်မလားတော့ မပြောတတ်ဘူး။ ဒါပေမယ့် ရဟတ်ယာဉ်နားမှာရှိတဲ့ လုံခြုံရေး ယူထားတဲ့တပ်ဖွဲ့နဲ့ ရဟတ်ယာဉ်အဆင်းကို လာကြည့်တဲ့ ဗျူဟာမှူးပေါ့၊ အဲ့ဒီမှာ သူထိတယ်။ ပြီးတော့ တပ်ခွဲမှူးနှစ်ယောက်၊ ဒုခွဲမှူးတယောက်၊ ဆေးတာဝန်ခံတယောက် ထိခိုက်ဒဏ်ရာရတယ်။ စုစုပေါင်း သေတာတော့ လေးယောက်၊ ၁၁ ယောက်ကတော့ ဒဏ်ရာရတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်ပြောသည်။

    ဘော်စဲခိုစခန်းသည် တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် တပ်မဟာ(၅) ဖာပွန် ခရိုင်၊ လူသောမြို့နယ်တို့အား ဆက်သွယ်ထားသည့် ကျောက်ကြီး-မူသယ်-ဘော်စဲခို ကားလမ်းပေါ်ရှိ ဘော်စဲခိုကျေးရွာအနီး၌တည်ရှိပြီး စစ်ရေးအတွက်သာမက စစ်ကော်မရှင်တပ်၏ထောက်ပို့လုပ်ငန်း များအတွက် အလွန်အရေးပါသည့် တပ်စခန်းဖြစ်သည်။

  • မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို ပြန်လည် သိမ်းပိုက်ရန်  PDF တပ်များက ထိုးစစ်ဆင်နေ

    မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို ပြန်လည် သိမ်းပိုက်ရန် PDF တပ်များက ထိုးစစ်ဆင်နေ

    TNLA က လက်လွှတ်လိုက်ရသော မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို ပြန်လည် သိမ်းပိုက်ရန် PDF တပ်များက ထိုးစစ်ဆင်နေပြီး မိုးကုတ်တွင် စစ်ရေးအရ အရေးပါသော စခန်းကုန်း ၁ ခုကို သိမ်းပိုက်ရရှိဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ

    ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းမြောက်တွင် တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AFP)

    မန္တလေးတိုင်း မိုးကုတ်မြို့၊ ရှမ်းပြည်နယ် မိုးမိတ်မြို့တို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် PDF တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ရေးအရ အရေးပါသော စခန်းကုန်း ၁ ခုကို သိမ်းပိုက်ရရှိထားကြောင်း NUG အစိုးရက ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေဖြင့် မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ ၉ ရက်နေ့ ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာဒေသတွင်းရှိ PDF များ၊ ပကဖ များကို စုစည်းစေလျက် တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှတဆင့် စစ်ဆင်ရေးကိစ္စများကို အနီးကပ်ကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်း သိရသည်။

    မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း လှုပ်ရှားနေသည့် MDY-PDF တပ်ဖွဲ့ဝင်အချို့။ (ဓာတ်ပုံ − AFP)

    ထို့ပြင် တိုက်ပွဲများမဖြစ်ပွားမီကပင် အပြစ်မဲ့ အရပ်သားပြည်သူလူထုများ ထိခိုက်မှုမရှိစေရေးအတွက် ဘေးလွတ်ရာနယ်မြေများသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်း၊ နေရာချထားပေးခြင်း နှင့် လိုအပ်သော ထောက်ပံ့ကူညီမှုများကို အချိန်နှင့်တပြေးညီ ပေးအပ်နိုင်ရေးတို့ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလျင်အမြန် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်မှ စတင်ပြီး မိုးကုတ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် ခြေကုတ်ယူလာသော နယ်မြေများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားသည့်နေမှ စ၍ ဒီဇင်ဘာလ ၆ ရက်နေ့အထိ တပတ်တာကာလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၉ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရေးပါသော အကြမ်းဖက် စစ်တပ်၏ စခန်းကုန်း ၁ ခုကို တော်လှန်ရေး တပ်ဖွဲ့များက လက်ရသိမ်းပိုက်ထားနိုင်ထဲ့ကြောင်း သိရသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အနေဖြင့် မိုးကုတ် – မိုးမိတ်ဒေသ သို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက် စစ်အုပ်စု တပ်များကို ပြည်သူလူထုနှင့် လက်တွဲပြီး ရွပ်ရွပ်ချွံချွံဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း NUG အစိုးရက ပြောဆိုထားသည်။

    TNLA က တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ၎င်းတို့ သိမ်းပိုက်ထားသော မိုးကုတ်နှင့်မိုးမိတ်မြို့တို့ကို စစ်တပ်ထံသို့ ပြန်လည် ပေးအပ် ပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ စစ်တပ်နှင့်အပစ်အခတ်ရပ်စဲထားခြင်းဖြစ်သည်။