Category: News

  • မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်

    မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်

    စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်ပြီး ပကဖ က ပစ်ခတ်လို့ ရွာသားတွေ ဒဏ်ရာရကြောင်း သတင်းထွက်

    စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်ပြီး ပကဖ က မနေ့ည အစောပိုင်းမှာ ပစ်ခတ်ခဲ့တဲ့ အတွက် ရွာသားတချို့ ဒဏ်ရာရရှိသွားတယ်လို့ Freelance Journalist THN ချန်နယ်မှာ ဖော်ပြထားပါတယ်။

    ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက် ညပိုင်းက ယဘားရွာဘုန်းကြီးကျောင်းမှာ ညကင်း အိပ်စောင့်နေတဲ့ ရွာသားတွေကို ရွာ ပအဖ တာဝန်ရှိသူ ဦးချစ်ဌေးက လက်နက်နဲ့အတူ သွားရောက်ပြီး ခြိမ်းခြောက်ရမ်းကားမှုတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒါကြောင့် ရွာသားတွေက ပအဖ ဦးချစ်ဌေးကို ဝိုင်းဝန်းဖမ်းဆီးပြီး ပကဖ တာဝန်ရှိသူဖြစ်တဲ့ ကိုဇော်မင်းဆီကို ပို့ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။

    ယဘားရွာ ချင်းတွင်းမြစ်ဘေးမှာ ရွှေမျောတွေလုပ်တာကို ရွာသားတွေက ကန့်ကွက်မှုတွေ ရှိခဲ့တာကြောင့် ပကဖ ဦးချစ်ဌေးက မကျေနပ်လို့ အခုလို ရမ်းကား ခြိမ်းခြောက်မှုတွေ လုပ်တာလို့လည်း တခြားရွာသူတစ်ဦးက ပြောပါတယ်။

    မနေ့က ဇန်နဝါရီ ၂ ရက် ည ၇ နာရီ ဝန်းကျင်လောက်မှာတော့ ဦးချစ်ဌေးကို ဖမ်းဆီးရမလားဆိုပြီး ပကဖ တွေက ရွာကိုရောက်လာပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

    ပစ်ခတ်မှုကြောင့် ရွာသားတချို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပြီး ရင်ဘတ်ကို ကျည်မှန်တဲ့ ရွာသားတစ်ဦး ကတော့ ဖုန်းကိုထိမှန်လို့ အသက်မသေဘူးလို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

    “ဒီဖြစ်စဉ်အရ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်ရာကနေ လက်နက်ကိုင်တဲ့အရသာကို မြည်းစမ်းကြည့်မိပြီး သာယာသွားကြတာကို တွေ့ရပါတယ်။ လိုင်းပေါ်တက်မလာပေမယ့် မြေပြင်မှာ ဒီလိုဖြစ်စဉ်တွေ အများကြီးရှိပါတယ်” လို့ စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

    နောက်ဆုံး အခြေအနေအရ ယဘားရွာဖြစ်စဉ်အတွင်း ပကဖ က သေနတ် အချက်ပေါင်းများစွာ ပစ်ခတ်ပြီး ရွာသား၂ ဦးကို ဖမ်းသွားတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့လတုန်းကလည်း မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို ဖမ်းဆီးတဲ့ဖြစ်စဉ်ကြောင့် ဒေသဆိုင်ရာ လက်နက်ကိုင်အဖွဲ့အချို့ကို ပြည်သူတွေက ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။

  • လေးကေ့ကော်တိုက်ပွဲ လေးလနီးပါးအတွင်း တပ်မ(၂၂) တပ်ရင်းမှူးအပါအဝင် ၃၀၀ ကျော်သေဆုံး

    လေးကေ့ကော်တိုက်ပွဲ လေးလနီးပါးအတွင်း တပ်မ(၂၂) တပ်ရင်းမှူးအပါအဝင် ၃၀၀ ကျော်သေဆုံး

    တပ်ရင်းမှူး သုံးဦးဒဏ်ရာရပြီး စုစုပေါင်းသေဆုံးနဲ့ ဒဏ်ရာစာရင်း ၆၀၀ ကျော်နေဟု ကရင်သတင်းရင်းမြစ်ပြော

    ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတိုက်ပွဲ လေးလနီးပါးအတွင်း စစ်ကောင်စီရဲ့တပ်မ(၂၂)က တပ်ရင်းမှူးအဆင့်အပါအဝင် သေဆုံးသူ ၃၀၀ ကျော်အထိရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    လေးကေကော်မြို့သစ်ကိုရဖို့အတွက် စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၁ ရက်ကစတင်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

    လက်တလောမှာ လေးကေ့ကော်ဒေသက မင်းလက်ပံရွာမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

    လေးကေ့ကော်ဒေသတိုက်ပွဲဟာ လေးလနီးပါးကြာလာပြီဖြစ်ပြီး စစ်တပ်က မင်းလက်ပံရွာမှာဘဲ ရှေ့မတိုးနိုင်သေးဘဲ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။

    လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၃)ဒုတပ်ရင်းမှူးနဲ့ ခမရ(၂၀၁)တပ်ရင်းမှူး သေဆုံးပြီး တပ်ရင်းမှူးသုံးဦး ဒဏ်ရာရထားတယ်လို့ တပ်မဟာ(၆)နယ်မြေက သတင်းရင်းမြစ်က ပြောပါတယ်။

    “တပ်မ(၂၂)က သေဆုံး သုံးရာကျော်ပြီ။ တပ်ရင်းမှူ အဆင့် သုံးယောက်ဒဏ်ရာရ ။ 2ICက နှစ်ရက် သုံးရက်က တစ်ယောက်သေတယ်။ ၂၀၃ ဒုတပ်ရင်းမှူးသေတယ်။ ၂၀၁ တပ်ရင်းမှူးက မင်းလက်ပံတိုက်ပွဲမှာ သူဗိုက်ပေါက်သွားတယ်။ တပ်ရင်းမှူးအဆင့်ကသုံးယောက်ဒဏ်ရာရတာကတစ်ယောက်ကခြေထောက်ပြတ်တယ်”လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း တပ်မ(၂၂)ရဲ့ သေဆုံးနဲ့ ဒဏ်ရာရစာရင်း စုစုပေါင်းဟာ ၆၀၀ကျော်နေပြီလို့လည်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

    တိုက်ပွဲတွေအတွင်း တပ်မ(၂၂)ထံကလက်နက်ခဲယမ်းတွေလည်းတော်လှန်ရေးတပ်ဖွဲ့တွေက အများအပြားသိမ်းရထားပါတယ်။

    လေးကေ့ကော်မြို့သစ်တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးမှုများပြီး အလင်းဝင်လာသူများရှိနေတယ်လို့ အဲဒီဒေသတိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ ကျားသစ်နက် စစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို အဓမ္မခေါ်ယူစုဆောင်းတာတွေ၊ အတင်းကြပ်ပေါ်တာဆွဲခံရတဲ့ ပြည်သူ့စစ်တွေနဲ့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

    စစ်တပ်က ကရင်ပြည်နယ် ၊မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ လေးကေ့ကော်ဒေသကို စက်တင်ဘာ ၂၁ရက်ကစပြီး တပ်မ(၂၂)လက်​အောက်ခံ တပ်ရင်း​တွေကို သုံးရင်းတစ်ဗျူဟာဖွဲ့ပြီး ဗျူဟာ ၃ ခုနဲ့ ခွဲပြီး စစ်​ကြောင်းထိုးတိုက်ခိုက်​နေတာပါ။

    ဗျူဟာ (၂၂၁) ၊ ဗျူဟာ(၂၂၂)၊ ဗျူဟာ(၂၂၃) ဆိုတဲ့ သုံးဗျူဟာနဲ့ တစ်ဗျူဟာ အင်အား ၄၀၀ ​ကျော်နဲ့ စုစုပေါင်း အင်အား ၁၂၀၀ နဲ့ စစ်ကြောင်းထိုးလာတာလို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက ‌၂၀၂၅ အောက်တိုဘာ ၂၃ရက်မှာ ပြောထားပါတယ်။

    စစ်တပ်ဟာလေးကေ့ကော်ဒေသတိုက်ပွဲအတွင်းမှာ စစ်မှုထမ်းဥပဒေနဲ့ ခေါ်ဆောင်လာတဲ့ တပ်သားသစ်တွေကိုအများဆုံးအသုံးပြုထားတယ်လို့လည်းသူက ပြောပါတယ်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ PDF ပူးပေါင်းတပ် စစ်ကြောင်းတွေက လေးကေ့ကော်မြို့သစ်ကို ခုခံကာကွယ်နေတာဖြစ်ပါတယ်။

    တော်လှန်ရေးပူးပေါင်းတပ်က ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောကိုယ်တိုင် စစ်မြေပြင်မှာ ဦးဆောင်တိုက်ခိုက်နေတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပေါ်ထွက်ဖူးပါတယ်။

    (လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း တပ်မ(၂၂)ထံကသိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ – Black Panther Column၊Saw Kaw)

  • စစ်ကော်မရှင်၏လက်နက်ထုတ်လုပ်ရေး “အသက်သွေးကြော” ကို PDF များဖြတ်တောက်

    စစ်ကော်မရှင်၏လက်နက်ထုတ်လုပ်ရေး “အသက်သွေးကြော” ကို PDF များဖြတ်တောက်

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ အဓိက လက်နက်ထုတ်လုပ်ရေး အခြေစိုက်စခန်းများနှင့်ထောက်ပံ့ရေး လမ်းကြောင်းများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက နှစ်သစ်ကူးကာလအတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

    စစ်ကော်မရှင်တပ်၏ လက်နက်ထုတ်စက်ရုံ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂)သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေး ဓာတ်တိုင်များကို နှစ်သစ်ကူးကာလအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပခုက္ကူခရိုင်စစ်ဌာနက ယမန်နေ့(ဇန်နဝါရီလ ၁ ရက်)တွင် ထုတ်ပြန်ထားသည်။

    ကပစ ၂၂ စက်ရုံကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဓာတ်တိုင်များအား မိုင်းခွဲဖျက်ဆီး ခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ပခုက္ကူခရိုင်စစ်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မိုင်းခွဲဖျက်ဆီးလိုက်သည့် ဓာတ်တိုင်အရေအတွက်နှင့် တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ အတည်ပြုနိုင်ခြင်းမရှိပါ။

    လက်နက်ထုတ် စက်ရုံကို တိုက်ခိုက်ခြင်း၊ ထိုစက်ရုံလည်ပတ်နိုင်ရန် သွယ်တန်းထားသည့် ဓာတ်တိုင်များကို ဖျက်ဆီးနိုင်ခြင်းတို့သည် စစ်ရေးအရ အရေးပါသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ပခုက္ကူလူထုတိုက်ပွဲကော်မတီမှ ကိုစိုးထွဋ်ဝင်းကပြောသည်။

    “စစ်တပ်အတွက် ကပစ တွေက တော်တော်လေးကို အရေးပါတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒီကပစတွေကနေ ပြည်သူတွေကိုဒုက္ခပေးနိုင်တဲ့ ကိစ္စတွေ၊ ပြည်သူတွေကို စစ်ဘေးရှောင်ရအောင် ပစ္စည်းတွေထုတ်ပေးနေတာ။ စစ်တပ်ကို ထောက်ပံ့နိုင်တဲ့ကိစ္စတွေကို အမြန်ဆုံးဖြတ်တောက်နိုင်မှသာလျှင် စစ်ရေးအရအသာစီး ရမှာဖြစ်ပါတယ်”ဟု ကိုစိုးထွဋ်ဝင်းက ပြောသည်။​

    အလားတူ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ ၂၁၊ ကပစ ၂၂ နှင့် ပေါက်မြို့နယ်အတွင်းရှိ ကပစ ၂၄ တို့ဆီသို့ သွယ်တန်းထားသည့်ဓာတ်တိုင်ပေါင်း ၁၀၀ ကျော်ကိုလည်း တပြိုင်နက်တည်း မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

    ထို့အပြင် ဒီဇင်ဘာလ ၂၃ ရက်တွင်လည်း ဆိပ်ဖြူမြို့မြောက်ဘက် မိုင် ၃၀ အကွာရှိ ကပစ ၂၂နှင့် ထိုနေရာသို့ လျှပ်စစ်သွယ်တန်းထားသည့် ဓာတ်တိုင်များကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင်စစ်ဌာနက ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

    ကပစ ၂၁ သည် ဆိပ်ဖြူမြို့နှင့် မိုင် ၃၀ အကွာရှိ ပေါက်ခုံကျေးရွာနှင့် ငှက်ပြာကြီးကျေးရွာအနီးတွင် တည်ရှိပြီး စစ်တပ်အတွက်လေယာဉ်ဗုံးများ အဓိကထုတ်လုပ်သည့် လက်နက်စက်ရုံဖြစ်သည်။​ ကပစ ၂၂ သည် စစ်ကော်မရှင်တပ်၏ အထူးတပ်ဖွဲ့သုံးရိုင်ဖယ်အမျိုးအစားဖြစ်သည့် Mark 1, Mark 2, Mark 3, Mark 4 လက်နက်ငယ်များကို အဓိကထုတ်လုပ်သည့် စက်ရုံဖြစ်သည်။

    ဒီဇင်ဘာလ ၃၀ ရက်တွင်လည်း ဆိပ်ဖြူမြို့နယ်မှ ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို ဒေသတွင်းရှိ ကာကွယ်ရေးတပ်များစုပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြစဉ် လက်နက်ရှစ်လက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ပခုက္ကူခရိုင်စစ်ဌာနကဆိုသည်။

    ဆိပ်ဖြူမြို့ပေါ်မှ ထွက်လာသည့် စစ်ကားလေးစီးကို လာရောက်ကြိုဆိုသည့် ကားများကို ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံး၍ သုံးဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး 79 အမျိုးအစားစက်သေနတ်တစ်လက်၊ MA-1လေးလက်၊ MA-3 သုံးလက်နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

    ဆိပ်ဖြူမြို့တောင်ဘက် နှစ်မိုင်ကျော်ရှိ သံဇလုံရွာတွင် အထိုင်ချထားသည့် စစ်တပ်စစ်ဆေးရေး ဂိတ်ကိုလည်း ပခုက္ကူခရိုင် PDF စုဖွဲ့စစ်ကြောင်း ၁၊ ပခုက္ကူခရိုင် PDF တပ်ရင်း အမှတ် (၄)နှင့် (၁၉) တို့ပူးပေါင်း၍ ဒီဇင်ဘာလ ၂၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းပခုက္ကူခရိုင်စစ်ဌာနက ဆိုသည်။

  • ရေတပ်အရာရှိတစ်ဦးက မု-ဒိမ်းကျင့်ပြီး ကားနောက်မှာ ကိုယ်လုံးတီး ပစ်ထားခဲ့

    ရေတပ်အရာရှိတစ်ဦးက မု-ဒိမ်းကျင့်ပြီး ကားနောက်မှာ ကိုယ်လုံးတီး ပစ်ထားခဲ့

    အမျိုးသမီးတစ်ဦးကို ရေတပ်အရာရှိတစ်ဦးက မု-ဒိမ်းကျင့်ပြီး ကားနောက်မှာ ကိုယ်လုံးတီး ပစ်ထားခဲ့လို့ လျော်ကြေးပေးပြီး ကျေအေးလိုက်ရ

    ထိုင်းရေတပ်အရာရှိတစ်ဦးဟာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မု-ဒိမ်းကျင့်ပြီးနောက် ထရပ်ကားအသေးစားရဲ့ နောက်ခန်းမှာ အဝတ်ဗလာနဲ့တင်ကာ အိမ်ပြန်လိုက်ပို့ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ချွန်ဘူရီ မှာ ဖြစ်ပွားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး နစ်နာသူအမျိုးသမီးက ဒီဇင်ဘာ ၃၀ ရက်နေ့မှာ Sattahip ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

    ဖြစ်စဉ်ကတော့ အမျိုးသမီးဟာ သူငယ်ချင်းတွေနဲ့အတူ ဆိုင်တစ်ဆိုင်မှာ သောက်စားနေစဉ် အဲဒီအမျိုးသားက အိမ်လိုက်ပို့ပေးမယ်လို့ ပြောဆိုပြီး ခေါ်ဆောင်သွားခဲ့တာပါ။

    ဒါပေမယ့် သူမရဲ့နေအိမ်ကိုမပို့ဘဲ ရေတပ်၀န်ထမ်းအိမ်ရာကို ခေါ်သွားပြီး အခန်းထဲခေါ်မရတဲ့အဆုံး ရပ်ထားတဲ့ ကားပေါ်မှာပဲ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

    ကျူးလွန်ပြီးနောက်မှာတော့ အမျိုးသမီးကို ကားနောက်ခန်းမှာ အဝတ်ဗလာနဲ့တင်ပြီး ၅၊ ၆ ကီလိုမီတာလောက်ဝေးတဲ့ သူမရဲ့အိမ်အထိ မောင်းနှင်ပို့ဆောင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

    ထိုင်းရေတပ် ပြောရေးဆိုခွင့်ရှိသူ Parat Rattanachaiphan က သံသယရှိသူဟာ ရေတပ်အရာရှိမှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

    ပြစ်မှုထင်ရှားရင် ဥပဒေအရ အရေးယူမှာဖြစ်ပြီး ရေတပ်အနေနဲ့ ဘယ်လိုအကာအကွယ်မျိုးမှ ပေးမှာမဟုတ်ဘူးလို့လည်း သူက အလေးအနက် ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် နောက်ဆုံးမှာတော့ ကျူးလွန်သူဘက်က နစ်နာကြေးငွေ ဘတ် ၁ သိန်း ၈ သောင်း ပေးလျော်ဖို့ သဘောတူခဲ့တာကြောင့် နစ်နာသူအမျိုးသမီးက အမှုပြန်ရုပ်သိမ်းသွားခဲ့တယ်လို့ Matichon သတင်းဌာနက ဖော်ပြထားပါတယ်။

    Ref : Thethaiger

    Ko Sai

  • မကွေးသောင်ပြင်မှာ ဝင်ကြေးကောက်နေ

    မကွေးသောင်ပြင်မှာ ဝင်ကြေးကောက်နေ

    မကွေးမြို့က ဧရာဝတီမြစ်သောင်ပြင်ကို ဝင်ကြေးပေးပြီးသွားရောက်နေရတယ်လို့ မကွေးမြို့ခံတွေက ပြောပါတယ်။

    နေ့စဉ် လာရောက်အပန်းဖြေသူ ဦးရေ ရာနဲ့ချီရှိတဲ့ မကွေးမြို့သောင်ပြင်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝါးတွေနဲ့အတားဆီးလုပ်ပြီး လူတစ်ဦးကို ဝင်ကြေးအဖြစ် ၅၀၀ ကောက်နေတယ်လို့သိရပါတယ်။

    “အခါတိုင်းနှစ်အဲဒီလောက်လူမစည်ဘူး ဒီနှစ်မှာသဲသောင်ပြင် အတားဆီးလုပ်ပြီး ဝင်ကြေး ကောက်တာ။ Tiktok မှာ တွေ့ပြီး လာရောက်အပန်းဖြေသူများလာတာ။ ထွေအုပ်က သူတို့ ရန်ပုံငွေပေါ့ဗျာ လုပ်စားတာပါဗျာ အရင်နှစ်တွေက နှစ်တိုင်းပဲ မကွေး တံတား အောက်မြောက်ဘက်မှာ အပန်းဖြေ ဈေးဆိုင်ခန်းတွေ နှစ်တိုင်း ရှိတယ် ဘာပိုက်ဆံ မှာ မပေးရပါဘူး အဲဒီတုန်း က အခုလောက်ထိ လူမများဘူး။ အခုက မကွေးတံတား တောင်ဘက်မှာ သဲသောင်ပြင် ကျယ်တယ်” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

    နောက်ထပ်မြို့ခံအမျိုးသမီးတစ်ဦးကလည်း “ တို့နှစ်တိုင်းသွားနေကြ။ ကျောင်းတက်တုန်းကလည်းအမြဲသွားတာ အဲလိုသာပေးရရင် ငါတို့မွဲနေလောက်ပြီ” လို့ မှတ်ချက်ပြုပါတယ်။

    ဒီဇင်ဘာ ၃၁ရက်ညကလည်း မကွေးကမ်းနားလမ်းမှာ နှစ်သစ်ကူးအနေနဲ့ နဂါးမယ်တော်လို့ လူသိများတဲ့ အေမီဈာန်နဲ့ အဖွဲ့သားတွေကို ငှားပြီးဖျော်ဖြေပွဲလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

    ဒီဇင်ဘာ ၂၅ ရက်မှာတော့ ဆင်ဖြူကျွန်းကနေ စစ်ရှောင်လာတဲ့ မြို့ခံတွေဟာ အိမ်ငှားဖို့အခက်ခဲရှိကြတာကြောင့် သောင်ပြင်မှာ တဲထိုးနေကြတာတွေ့ပြီး အခုတော့မတွေ့တော့ဘူးလို့ မြို့ခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။