Category: News

  • ယူကရိန်းအရေး ထရန့်နှင့် ဥရောပခေါင်းဆောင်များ ‘ခွန်းကြီး ခွန်းငယ်’ စကားများ

    ယူကရိန်းအရေး ထရန့်နှင့် ဥရောပခေါင်းဆောင်များ ‘ခွန်းကြီး ခွန်းငယ်’ စကားများ

    ရုရှား ကျူးကျော်မှုအား မည်သို့အဆုံးသတ်ကြမည်ဆိုခြင်းအပေါ် သဘောထား ကွဲလွဲမှု ပိုမိုကြီးထွားလာနေသည့် နောက်ဆုံး လက္ခဏာအဖြစ် ယူကရိန်းအရေးနှင့်ပတ်သက်ကာ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီခေါင်းဆောင်များ “ခပ်ကြမ်းကြမ်း စကားလုံးများ” ဖြင့် အပြန်အလှန် ပြောဆိုခဲ့ကြကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

    ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား၊ ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်တို့နှင့် ဖုန်းခေါ်ဆိုမှုအကြောင်း မေးမြန်းသည်ကို ထရန့်က “ကျွန်တော်တို့ ယူကရိန်းအရေး ဆွေးနွေးရာမှာ စကား လုံးတွေ ကြမ်းကုန်ကြတယ်” ဟု သတင်းထောက်များအား ပြောသည်။ “လူပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီး အငြင်းပွားတာလေးတွေ ရှိခဲ့တယ်လို့ ကျွန်တော် ထင်တယ်၊ အခြေအနေ ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ၊ ပြီးတော့ ကျွန်တော်တို့က အစည်း အဝေးမစခင် အချို့ကိစ္စတွေကို သိထားချင်ကြတယ်” ဟု ထရမ့်က ထပ်လောင်းပြောသည်။

    ဥရောပခေါင်းဆောင်များက ယခု သီတင်းပတ်ကုန်၌ ဆွေးနွေးပွဲများ ကျင်းပလိုနေကြသည်ဟု ထရန့်က ဖြည့်စွက်ပြောသော်လည်း စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်၏ အစီအစဉ်အပေါ် သဘောထား ကွဲလွဲပြီး “အချိန်ဖြုန်းခြင်း” ဘေး အန္တရာယ် ရှိနေကြောင်းကိုလည်း သတိပေးခဲ့သည်။ “သူတို့က ကျွန်တော်တို့ကို ဥရောပမှာ ဒီ သီတင်းပတ်ကုန် အစည်း အဝေးတခုဆီ တက်စေချင်နေကြတယ်၊ သူတို့ဘက်က ပြန်ပေးမယ့် အရာပေါ် မူတည်ပြီး ကျွန်တော်တို့ ဆုံးဖြတ်ချက်ချမှာပါ၊ အချိန်မဖြုန်းချင်ဘူး” ဟု ၎င်းက ဆိုသည်။

    ထရန့်က အမေရိကန်၏ အစီအစဉ်ကို သဘောတူရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးအား ဖိအားပေးနေပြီး ဇယ်လန်းစကီးက ယင်း အစီအစဉ်ကို ဖတ်ပင် မဖတ်ကြည့်ဟုလည်း စွပ်စွဲထားသည်။ သို့ရာတွင် ထို အစီအစဉ်အား မွမ်းမံဖြည့်စွက်ချက် မူကြမ်းကို အမေရိကန်ဆီ ပေးပို့ထားပြီဟု ယူကရိန်းတာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့၌ အေအက်ဖ်ပီသို့ ပြော သည်။

    ရုရှား မသိမ်းပိုက်ရသေးသော နယ်မြေများအား ယူကရိန်းက လက်လွှတ်ရမည်ဆိုသည့် အမေရိကန်၏ အစောပိုင်း အစီအစဉ်ကို ရုရှား၏ တင်းတင်းမာမာ တောင်းဆိုချက်များအား တော်တော်များများ လိုက်လျောပေးထားသည်ဟု ယူကရိန်းနှင့် ဥရောပမဟာမိတ်များက ရှုမြင်ကြသဖြင့် ထို အစီအစဉ်အား ပြန်လည် ပြင်ဆင်ခဲ့ရခြင်း ဖြစ်သည်။

    ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန် တာဝန်ရှိသူများနှင့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ ကရင်မလင် နန်းတော်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲများကလည်း အောင်မြင်မှု မရခဲ့ပေ။

    ဥရောပတိုက်က “ယဉ်ကျေးမှု ပျက်သုဉ်းခြင်း” ဘေးတွေ့နေပြီဟု အမေရိကန် အမျိုးသား လုံခြုံရေး မဟာဗျူဟာ တာဝန်ရှိသူတဦးက ပြောကြားပြီး ရက်အနည်းငယ်အကြာ ထရမ့်ကလည်း ဥရောပအား လူဝင်မှုကြီးကြပ်ရေးနှင့် ယူကရိန်းအရေး၌ “ယိုင်နဲ့နေပြီ”၊ “အားချည့်နေပြီ” ဟု ရည်ညွှန်းပြောဆိုခဲ့ပြီးနောက် ဥရောပနှင့် သဘောထား ကွဲလွဲမှု ပိုမို ကြီးထွားလာနေချိန်၌ ယခု မှတ်ချက်ပြုစကားများအား ထပ်မံ ပြောကြားလာခြင်းပဲ ဖြစ်သည်။

    Le Monde မှ Trump exchanges ‘pretty strong words’ with European leaders over Ukraine ကို မိုးသဲ ဘာသာပြန်သည်။

  • မကွေးအရှေ့ခြမ်း နတ်မောက်နှင့် မြို့သစ်နယ်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့  သုံးဖွဲ့ ပေါင်းစည်း

    မကွေးအရှေ့ခြမ်း နတ်မောက်နှင့် မြို့သစ်နယ်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ သုံးဖွဲ့ ပေါင်းစည်း

    မကွေးအရှေ့ခြမ်း နတ်မောက်နှင့် မြို့သစ်နယ်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ သုံးဖွဲ့ ပေါင်းစည်း

    မကွေးအရှေ့ခြမ်း နတ်မောက်နှင့် မြိုသစ်နယ်တွင် စစ်ကော်မရှင် တော်လှန်ရေးတပ်ဖွဲ့ (၃) ဖွဲ့ ပေါင်းစည်းလိုက်ကြောင်း ဗိဿနိုး ကာကွယ်ရေးတပ်မတော် စစ်ဦးစီး၏ ထုတ်ပြန်ချက်အရသိရသည်။

    တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ရေးမဟာဗျူဟာများကို ပိုမိုခိုင်မာစေရန် တည်ဆောက်လျက်ရှိရာ ဒီဇင်ဘာ ၇ ရက်နေ့မှစတင်ပြီး ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ မကွေးအရှေ့ခြမ်း နတ်မောက်နှင့် မြိုသစ်နယ်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ သုံး ဖွဲ့ ပေါင်းစည်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ” ပြန့်ကြဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို တစ်စုတစ်စည်းတည်း ဖြစ်စေဖို့ စစ်စည်းကမ်း ပိုမိုကောင်းမွန်ပြီး ကျစ်လစ်ခိုင်မာတဲ့ တပ်ဖွဲ့တစ်ခု ဖြစ်လာစေဖိုနဲ့ စစ်အုပ်စုကို ထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ဖို့ စစ်ရေးမဟာဗျူဟာများကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပြီးပေါင်းစည်းတာပါ။ ” ဟု ဗိဿနိုး ကာကွယ်ရေးတပ်မတော်၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

    ယခုပေါင်းစည်းခဲ့သည့် တပ်ဖွဲ့များသည် ကျားသစ်နက်တပ်ဖွဲ့၊ ကြိုးကြာနီတပ်ဖွဲ့နှင့် ဝံပုလွေတပ်ဖွဲ့တို့ဖြစ်ပြီး လက်ရှိတွင် တပ်ဖွဲ့တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ခြင်းလည်းဖြစ်သည်။

    ပေါင်းစည်းခဲ့သည့် တပ်ဖွဲ့အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ရည်မှန်းချက်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်စိမ်းများကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ကတိပြုထားပြီး ပြည်သူများကလည်း ဆက်လက်ဝန်းရံပေးရန် မေတ္တာရပ်ခံထားသည်။

    “​ စစ်ရေးအရ ခုလိုပြန့်ကြဲနေတဲ့ လက်နက်ကိုင်အင်အားစုတွေပေါင်းစည်းနိုင်တာ CoC တစ်ခုတည်းအောက်ကို ပေါင်းစည်းနိုင်တာကောင်းတဲ့အချက်ပါ။ မြေပြင်မှာပြန့်ကြဲနေတဲ့ တပ်တွေ ပိုပူးပေါင်းနိုင်ရင်တော့ တော်လှန်ရေးအရွေ့တစ်ခုကိုမကြာခင်မြင်ရနိုင်တယ်။ ” ဟု မကွေးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    လက်ရှိ စစ်ကော်မရှင်ကို တော်လှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့များနေဖြင့် တပ်ဖွဲ့ငယ်များ ခွဲထွက်နေမည့်အစား အင်အားကို တစ်နေရာတည်းစုစည်းပြီး စစ်ကော်မရှင်ကို ပိုမိုကြီးမားပြင်းထန်သည့် ထိုးစစ်များဖြင့် ထိုးနှက်သင့်ကြောင့် စစ်ရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။

    ” တပ်ဖွဲ့ငယ်တွေကိုစုစည်းပြီး ယုံကြည်မှုတွေတည်ဆောက်တာ၊ မတူညီတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အဖြေရှာတာ၊ ဓနအင်အား ခွဲဝေတာတွေကို စနစ်တကျလုပ်ဆောင်တာတွေက မဖြစ်မနေလုပ်သင့်တယ် ။ ဒါမှ အားလုံးရည်မှန်းတဲ့ လွတ်လပ်ရေးကို မြန်မြန်ရမှာ” ဟု ၎င်းက ပြောသည်။

    ထို့ပြင် တပ်ဖွဲ့အချင်းချင်း ပူးပေါင်းမှုကြောင့် စစ်ရေးနည်းဗျူဟာများ ဖလယ်ခြင်းနှင့် သတန်းများ ပူးပေါင်းပို့ချခြင်းများကြောင့် တိုက်ခိုက်ရေးစွမ်းရည်များ ပိုမိုမြင့်မားလာမည်အပြင် စီမံခန့်ခွဲမှုနှင့် အမိန့်ပေးစနစ်များ ပိုမိုအားကောင်းလာမည်ဟု ၎င်းက ရှင်းပြသည်။

    ယင်းအပြင် ထောက်လှမ်းရေး သတင်းများနှင့် စစ်ကော်မရှင်၏ လှုပ်ရှားမှုဆိုင်ရာ အချက်အလက်များကိုလည်း ချက်ချင်း ဖလှယ်နိုင်ခြင်းများကြောင့် စစ်ကော်မရှင်၏ လှုပ်ရှားမှုများကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း တော်လှန်ရေးရဲဘော်များက ဆိုသည်။

  • စစ်ကော်မရှင်စခန်းကုန်းကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်

    စစ်ကော်မရှင်စခန်းကုန်းကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်

    မိုးကုတ်မြို့ရှိ စစ်ကော်မရှင်စခန်းကုန်းကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်

    စစ်ကော်မရှင်တပ်များ ဝင်ရောက်နေရာယူထားပြီးဖြစ်သည့် မိုးကုတ်မြို့အတွင်းဘက်ကို တော်လှန်ရေးတပ်များ တိုက်စစ်ဆင်ခဲ့ရာ ဓာတ်တော်ကုန်းကို ပြန်လည်ထိန်းချုပ် တပ်စွဲထားနိုင်ကြောင်း သိရသည်။

    မိုးကုတ်မြို့ရှိ စခမ်းကြီးရွာကို စိုးမိုးထားသည့် ဓာတ်တော်ကုန်းစခန်းကို ဒီဇင်ဘာ ဒုတိယပတ်အတွင်း တော်လှန်ရေးတပ်များက ပြန်လည်ထိန်းချုပ် နေရာယူထားခြင်းဖြစ်သည်။

    “မိုးကုတ်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီးကျည်ပေါက်ကွဲသံတွေ မြို့အနောက်ခြမ်းကနေတောင် ကြားနေရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    မိုးကုတ်မြို့ အနောက်ခြမ်းရှိ စစ်ရေးအရအရေးပါသည့် ဂွေးပင်စခန်းနှင့် အနီးဆုံးဖြစ်သည့် ဓာတ်တော်ကုန်းစခန်းမှနေ၍ စစ်ရေးအရ စစ်ကော်မရှင်တပ်ကိုတော်လှန်ရေးတပ်များက ခြိမ်းခြောက်မှုများ စတင်ပြုလုပ်လာနိုင်ကြောင်း သိရသည်။

    ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက် ကိုးနာရီအချိန်ခန့်မှစပြီး စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်ဖွဲ့များ မိုးကုတ်မြို့အရှေ့ခြမ်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

    မြို့အရှေ့ပိုင်းရှိ ပြောင်ခေါင်းထိပ်ရွာအနီးဝန်းကျင်တွင် လက်နက်ကြီးပစ်ခတ်သံများ၊ ပေါက်ကွဲသံများ ထွက်ပေါ်နေကြောင်း သိရပြီး မြို့ပြင် စက်အင်းပြန့်ရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကာ မြို့အတွင်း မစိုးရိမ်တိုက်သစ် ဘုန်းကြီးကျောင်းတောင်ကုန်းတွင် တပ်စွဲထားသည့် ‌စစ်ကော်မရှင်တပ်မှ လက်နက်ကြီးများ ပစ်ကူပေးနေကြောင်း သိရသည်။

    မိုးကုတ်နှင့် မိုးမိတ်မြို့အတွင်းဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်များကို တိုက်ခိုက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။

    လက်ရှိတွင် မိုးကုတ်မြို့အနီး၌တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ထိတွေ့တိုက်ပွဲ ကိုးကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ပြီး စစ်ရေးအရအရေးပါသည့် စခန်းကုန်းတစ်ခုကိုလည်း သိမ်းယူထားပြီဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။

  • မယားကြီးသိမှာစိုး၍ ၁၀ လွှာ ပြတင်းပေါက်မှ ရှောင်ပြေးသည့် တရုတ်အမျိုးသမီးဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့

    ချစ်သူ၏ဇနီး မတွေ့စေရန် အထပ်မြင့်တိုက်ခန်းမှ ထွက်ပြေးခဲ့သည့် တရုတ်အမျိုးသမီးတဦး၏ ဗီဒီယိုသည် လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

    ဗီဒီယိုဖိုင်တွင် စကတ်တို ဝတ်ဆင်ထားသော ထိုအမျိုးသမီးက အဆောက်အအုံ၏ အပြင်ဘက်နံရံများနှင့် ရေပိုက်များကို ကုပ်တွယ်သွားနေသည်ကို တွေ့ရသည်။

    အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာ ထိုမြင်ကွင်းက တရုတ်ပြည်မကြီးရှိ လူမှုမီဒီယာသုံးစွဲသူများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

    အဆိုပါ ဖြစ်ရပ်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ လူနေအိမ်ရာအဆောက်အအုံတခုတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    အဖြူရောင်စကတ်တို ဝတ်ဆင်ထားသော အနက်ရောင်ဆံပင်အရှည်နှင့် အမည်မသိ အမျိုးသမီးတဦးသည် အဆောက်အအုံ၏ ၁၀ လွှာခန်းအပြင်ဘက် နံရံ၌ ကုပ်တွယ်သွားနေသည်ကို ဗီဒီယိုတွင် တွေ့ရသည်။

    သူမသည် အဆိုပါအိမ်မှ အမျိုးသားနှင့် ဖောက်ပြန်နေသည်ဟု စွပ်စွဲနေမှုများ ရှိကြောင်း ETtoday သတင်းတွင် ဖော်ပြထားသည်။

    အမျိုးသား၏ဇနီးဖြစ်သူ ရုတ်တရက် အိမ်ပြန်ရောက်လာသောအခါ အမျိုးသားက ဇနီးဖြစ်သူနှင့် မတွေ့စေရန် ထိုအမျိုးသမီးအား လသာဆောင်တွင် ပုန်းနေရန် သို့မဟုတ် ပြတင်းပေါက်မှ ထွက်သွားရန် ပြောခဲ့သည်ဟုဆိုသည်။

    အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗီဒီယိုတွင် ထိုအမျိုးသမီးက လက်တဖက်က ဖုန်းကို ကိုင်လျက် အဆောက်အအုံ၏ အပြင်ဘက်နံရံကို ကုပ်တွယ်ပြီး သွားနေသည်ကို တွေ့ရသည်။ ထို့နောက် သူမသည် ရေပိုက်တလျှောက် ဆင်းရန် ကြိုးပမ်းသော်လည်း ခြေချော်သွားခဲ့သည်။

    ကံကောင်းစွာဖြင့် သူမသည် ၉ လွှာရှိ လသာဆောင်အစွန်းကို ခြေထောက်နှင့် လှမ်းထောက်ကာ မကျအောင် ရေပိုက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။

    ပိတ်မိနေသော ထိုအမျိုးသမီးသည် အိမ်နီးချင်း၏ ပြတင်းပေါက်ဆီသို့ ဘေးတိုက်ရွေ့လျားကာ မှန်ပြတင်းကို ခေါက်၍ အကူအညီတောင်းခဲ့သည်။

    အိမ်နီးချင်းက ပြတင်းပေါက်ကို ဖွင့်၍ သူမကို အထဲသို့ ဆွဲခေါ်ကာ ကယ်တင်ခဲ့သည်။

    ဇနီးဖြစ်သူက ယောက်ျား ဖောက်ပြန်မှုကို သိရှိသွားခြင်း ရှိမရှိကိုမူ မသိရသေးပေ။ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဒေသခံရဲတပ်ဖွဲ့ကလည်း တရားဝင်တုံ့ပြန်မှု မရှိသေးပေ။

    အဆိုပါ ဗီဒီယိုဖိုင်သည် လူအများအပြားကို တုန်လှုပ်စေခဲ့ပြီး တရုတ်ပြည်မကြီးရှိ လူမှုမီဒီယာတွင် ဟာသအနေဖြင့် လှောင်ပြောင်နေကြသည်။

    အွန်လိုင်းအသုံးပြုသူတဦးက “သုံးယောက်ပဲ သိခဲ့တဲ့အရာက အခုတော့ တရပ်ကွက်လုံး သိသွားပြီ” ဟု ပြောသည်။

    နောက်တဦးက ” ကြောက်တတ်တယ်လို့ ပြောရအောင်လည်း အထပ်မြင့်အဆောက်အအုံတွေကို တက်ရဲတယ်။ သတ္တိရှိတယ်လို့ ပြောပြန်တော့လည်း အဲဒီအမျိုးသားရဲ့ တရားဝင်ဇနီးကို ရင်ဆိုင်ရဲတဲ့ သတ္တိတောင် မရှိဘူး” ဟု မှတ်ချက်ပေးသည်။

    တတိယတဦးက “ဒီအမျိုးသမီးက ဘာအတွက် စွန့်စားနေတာလဲ။ သူ့အတွက် ဟိုတယ်ခန်းခတောင် ပိုက်ဆံမသုံးချင်တဲ့၊ ဇနီးကို အရမ်းကြောက်လို့ တယောက်တည်း ဒုက္ခခံခိုင်းတဲ့ အမျိုးသားတယောက်အတွက်လား” ဟု ဝေဖန်ခဲ့သည်။

  • လံကြုတ်ရွေးကောက်ပွဲ ပြီးလျှင် စစ်တပ်၏ ရုံခါပွဲ လာနိုင်သလား

    မြန်မာစစ်တပ်က ရွေးကောက်ပွဲများကို သုံးကြိမ်ခွဲ၍ ကျင်းပမည်ဖြစ်ကာ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ပြီး ဇန်နဝါရီလ၌ အဆုံးသတ်မည်ဟု ကြေညာထားသည်။

    ရလဒ်နှစ်ခုကတော့ သေချာသည်။ တစ်ခုမှာ စစ်တပ်နှင့် တစ်ဘက်တည်း ရပ်တည်သည့် နိုင်ငံရေးပါတီက အနိုင်ရသူအဖြစ် မှတ်တမ်းဝင်မည်။ နောက်တစ်ခုမှာ အဝေးရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အခန်းကဏ္ဍသည် ယခုထက်ပို၍ မှေးမှိန်သွားမည်။

    မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်နီးပါး ကြာလာချိန်၌ နိုင်ငံသည် ပြည်တွင်းစစ်မီး တောက်လောင်လျက်ရှိကာ စစ်တပ်သည်လည်း ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားကို အံတုစစ်ပြိုင်နေရသည်။ သမ္မတဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အပြင် တော်လှန်ရေးနှင့် ဆက်နွယ်သူ၊ တိုက်ခိုက်ရေးသမား၊ နိုင်ငံရေးသမား ထောင်ပေါင်းများစွာသည် အကျဉ်းချခံထားရဆဲ ဖြစ်သည်။

    စစ်တပ်သည် နိုင်ငံ၏ အုပ်ချုပ်သူအစိုးရ နေရာကို ထိန်းချုပ်ထားပြီး အဓိကကျသည့် လူအများဆုံရပ် မြို့ရွာများကို ထိန်းချုပ်ထားသည်။ သို့သော်လည်း တပ်မတော်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ရက်ရက်စက်စက် တိုက်ခိုက်မှုများသည် တော်လှန်ရေးကို မချေမှုန်းနိုင်ပေ။ တော်လှန်ရေးအုပ်စုများက နယ်မြေ အမြောက်အများကို သိမ်းပိုက်ထားသည့်အတွက် လာမည့်ရွေးကောက်ပွဲ၌ နိုင်ငံ၏ မဲဆန္ဒနယ် ၃၃၀ မြို့ရှိသည့်အနက် ၂၇၄ နေရာ၌သာ ကျင်းပနိုင်မည် ဖြစ်သည်။

    ရွေးကောက်ပွဲကို ပြည်တွင်းသာမက ပြည်ပကပါ အတုအယောင် အဖြစ်သာ ရှုမြင်ကြသည်။ စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် စစ်တပ်သြဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပါတီဝင်အရေအတွက်၊ ပါတီရုံးခန်း အစရှိသော ကော်မရှင်၏ သတ်မှတ်ချက်များ မပြည့်မီသည့် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်ထားသည်။ ကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း ဖျက်သိမ်းထားသည်။

    ရွေးကောက်ပွဲများကို အစိုးရထိန်းချုပ်ထားသော မီဒီယာ အခင်းအကျင်းအောက်တွင် ကျင်းပမည်ဖြစ်သည်။ စစ်ကောင်စီသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဖျက်ဆီးခြင်းအား ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေအသစ် တစ်ရပ်ကို မကြာသေးမီကမှ အတည်ပြုထားသည်။ ဤဥပဒေ၌ ရွေးကောက်ပွဲကို ဝေဖန်မှုများအား တားမြစ်ထားသည်။

    ရွေးကောက်ပွဲကို ဆိုရှယ်မီဒီယာပေါ်၌ ဝေဖန်သည့် နိုင်ငံသားများသည်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်အထိ ကျခံနေရသည်များ ရှိသည်။ အချို့ပြစ်မှုများအတွက် သေဒဏ်အထိ ချမှတ်နိုင်သည်။

    ဤရွေးကောက်ပွဲများသည် ပြည်တွင်းပြည်ပတွင် လက်ရှိ ကျရှုံးနေသည့် စစ်ကောင်စီကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။ အာဏာပိုင်ဆိုင်ကြောင်း ပြသရန်နှင့် ထိန်းချုပ်နိုင်စွမ်း အပြည်အဝရှိကြောင်း ရှုမြင်ခံရစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ စံချိန်စံညွှန်းများကို လိုက်နာပြခြင်းအားဖြင့် စစ်ကောင်စီသည် လက်ရှိအနေအထားကို ထိန်းသိမ်းထားသည့် တချိန်တည်း၌ အခြေအနေများ တည်ငြိမ်နေပြီဆိုသည့် ပုံရိပ်ကို မြှင့်တင်ပေးရန်၊ အာဏာကို ပိုမိုခိုင်မာစေရန်နှင့် နိုင်ငံတကာ၏ ထိတွေ့ဆက်ဆံမှုများအတွက် တံခါးဖွင့်ပေးရန် မျှော်လင့်သည်။

    အဝေးရောက် NUG အစိုးရအဖွဲ့နှင့် ထိုအဖွဲ့ကို ထောက်ခံသည့် ပြည်ပရောက် မြန်မာအများအပြားကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းအား စစ်ကောင်စီ၏ ရွေးကောက်ပွဲသို့ လေ့လာသူများ မစေလွှတ်ရန် တောင်းဆိုနေကြသည်။ ထိုအစား ကမ္ဘာကြီးအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို ရှုတ်ချရန်လည်း တောင်းဆိုကြသည်။

    အာဆီယံခေါင်းဆောင်များကလည်း အကြမ်းဖက်မှု ရပ်တန့်ရန်နှင့် လူတိုင်းအကျုံးဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲကိုသာ ဦးစားပေးကျင်းပရန် ပြောဆိုလျက်ရှိသည်။ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူ စေလွှတ်ရန် စစ်ကောင်စီ၏ ဖိတ်ကြားချက်ကိုလည်း အဖွဲ့က ငြင်းဆိုထားသည်။

    စစ်ကောင်စီအနေဖြင့် အကောင်းဆုံး မျှော်မှန်းနိုင်သည်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့နည်းတူ ရွေးကောက်ပွဲ လေ့လာသူများ စေလွှတ်မည်ကိုသာ ဖြစ်သည်။ သို့ရာတွင် အာဆီယံအဖွဲ့ဝင်များအနက် သဘောထား အကွဲပြားဆုံးဖြစ်သည့် ထိုင်းနိုင်ငံကမူ ရွေးကောက်ပွဲသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အုတ်မြစ်ဖြစ်သင့်ကြောင်း ပြောဆိုခဲ့သလို အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် ပြန်လည် ထိတွေ့ဆက်ဆံရန် ခက်ခဲလိမ့်မည်ဟုလည်း ပြောဆိုနေပြီဖြစ်သည်။ တရုတ်ကတော့ ရွေးကောက်ပွဲကို ထောက်ခံသည်ဟု ယူဆရသော်လည်း လေ့လာသူများ စေလွှတ်ရေးကိုမူ လူသိရှင်ကြား ကတိပြု ပြောဆိုခြင်း မရှိသေးပေ။

    စစ်ကောင်စီအတွက်က ပြည်တွင်းသို့မဟုတ် အနောက်နိုင်ငံများထံတွင် တရားဝင်မှုထက် ဒေသတွင်းနိုင်ငံများထံတွင် တရားဝင် အသိအမှတ်ပြုခံရမှုက ပိုအရေးပါသည်။ ထို့ကြောင့် အနောက်အုပ်စုထံတွင် ဆက်လက် ဖယ်ကြဉ်ခံရလျှင်လည်း အရေးမပါလှပေ။

    အိမ်နီးချင်းနိုင်ငံများသည် ၎င်းတို့၏ နယ်စပ်ဒေသများ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု ပိုမြင့်တက်လာခြင်း၊ ၎င်းတို့၏ နိုင်ငံများအတွင်းသို့ စီးဆင်းသော မြစ်များကို ညစ်ညမ်းစေသည့် စည်းကမ်းမဲ့ သတ္တုတူးဖော်မှု၏ အကျိုးဆက်၊ ဘိန်းဖြူနှင့် မက်သာအဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများ ထွန်းကားလာခြင်းနှင့် ၎င်းတို့၏ နိုင်ငံသားများကို ကျွန်ပြုပြီး လိမ်လည်လှည့်ဖြားနေသည့် ဆိုက်ဘာ ငွေလိမ်စင်တာများ ပေါများလာခြင်းတို့နှင့် ပတ်သက်၍ စိုးရိမ်ပူပန်လျက် ရှိသည်။

    ထိုနိုင်ငံများမှ နိုင်ငံသားများသည် ၎င်းတို့၏ အစိုးရများအား အဆိုပါ ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်ရန် တောင်းဆိုလျက် ရှိကြသည်။ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကြောင့်လည်း ထိုနိုင်ငံများ၏ အစိုးရများ စစ်ကောင်စီနှင့် ဆက်ဆံရသည်ကို အကြောင်းပြချက်ကောင်းကောင်း ရလာဦးမည် ဖြစ်သည်။ ယခင်ကကဲ့သို့ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်စေရန်အတွက် ထိတွေ့ဆက်ဆံခြင်းနှင့် ဖယ်ကြဉ်ထားခြင်းအနက် မည်သည့်နည်းလမ်းက ပိုကောင်းကြောင်း အမြင်ချင်း ပြိုင်နေရသည့် အခြေအနေမျိုး ဖြစ်တော့မည် မဟုတ်ပေ။

    ယခုတကြိမ်တွင် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အထင်မှားစရာများ ရှိတော့မည် မဟုတ်ပေ။ အပြန်အလှန်အားဖြင့်၊ အိမ်နီးချင်းနိုင်ငံများသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားဆိုင်ရာ အစီအစဉ်ကိုသာ အဓိကထား စဉ်းစားကြမည်ဖြစ်ပြီး၊ သွေးဆောင်ဖြားယောင်းခြင်းနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်ခြင်းဟူသော စွပ်စွဲချက်မှန်သမျှကို ကျော်လွှားဖြတ်သန်းကြမည် ဖြစ်သည်။ တကယ်တမ်း၌ အာဏာရှင်ဆန်သော ရွေးကောက်ပွဲများ ပြုလုပ်ခြင်း၊ အာဏာရှင်စနစ်ရှိသော အစိုးရများနှင့် ဆက်ဆံခြင်းတို့သည် အရှေ့တောင်အာရှတွင် ထူးခြားသည်တော့လည်း မဟုတ်ပါပေ။

    ၂၀၂၅-၂၆ တွင် ကျင်းပမည့် ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ တစ်ကျော့ပြန်ပုံစံဟု ရှုမြင်လျှင်တော့ အမှားသာ ဖြစ်လိမ့်မည်။ ထိုစဉ်က ရွေးကောက်ပွဲများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေသည်လည်း စစ်ခေါင်းဆောင်ဟောင်းတစ်ဦး ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးလိုလားသော အစိုးရတစ်ရပ် ပေါ်ပေါက်လာစေခဲ့သည်။

    ယခု ရွေးကောက်ပွဲများသည် အရပ်သားအုပ်ချုပ်ရေး သို့မဟုတ် လွှတ်တော်အုပ်ချုပ်ရေးသို့ ကူးပြောင်းခြင်း ဖြစ်လာမည် မဟုတ်ပေ။ အလားတူပင် ထိုရွေးကောက်ပွဲများသည် အာဏာသိမ်းခေါင်းဆောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ထွက်ခွာရာ လမ်းကြောင်းလည်း ဖြစ်လာမည် မဟုတ်ပေ။ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် သူ့လုံခြုံရေးကို အာမခံနိုင်ရန်အတွက် နိုင်ငံတော် ယန္တရားက သူ့ကို တရားစွဲဆိုမည့်အစား ကာကွယ်ပေးမည့် အခန်းကဏ္ဍတွင် ဆက်နေလိုမည်သာ ဖြစ်သည်။

    လာမည့်ရွေးကောက်ပွဲများသည် အတုအယောင် ဆိုသော်ငြားလည်း စစ်ဘက် ခေါင်းဆောင်မှု ကိုတော့ အပြောင်းအလဲများ ရှိလာစေမည် ဖြစ်သည်။ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတ ဖြစ်လာမည်မှာ သေချာသည်။ ၎င်း၏ နေရာတွင် အစားထိုးရန်အတွက်လည်း နာခံတတ်သော စစ်ဘက်အရာရှိတစ်ဦးကို ရွေးချယ်မည် ဖြစ်သည်။ လွှတ်တော်ကို စစ်တပ်၊ စစ်တပ်နှင့် မဟာမိတ်ပြုထားသော ပါတီများက လွှမ်းမိုးထားမည် ဖြစ်သည်။

    ရွေးကောက်ပွဲပြီးပြီးချင်းတွင်မူ စစ်အစိုးရ အသက်ရှင်ရပ်တည်ရေးအတွက် အသုံးပြုသည့် ကိရိယာများဖြစ်သော ကြောက်ရွံ့မှုနှင့် အကြမ်းဖက်မှုတို့၌ အပြောင်းအလဲ တစ်စုံတစ်ရာ မြင်ရရန် မလွယ်လှသေးပေ။

    သို့သော်လည်း မြန်မာနိုင်ငံ၏ ပျက်စီးယိုယွင်းနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်သေနာပတိသည် မည်သည့် အရပ်သားအာဏာပိုင် အဖွဲ့အစည်းသာမက သမ္မတကိုပင်လျှင် တာဝန်ခံရန် မလိုပေ။ မင်းအောင်လှိုင်၏ နေရာတွင် အစားထိုးသူသည် တစ်ချိန်ချိန်တွင် ပဋိပက္ခကို ကိုယ်ပိုင်သဘောထားဖြင့် ညှိနှိုင်းဖြေရှင်းမည့်ဘက်သို့ ဦးတည်ကောင်း ဦးတည်သွားနိုင်ခြေ ရှိသည်။

    ဤရွေးကောက်ပွဲများသည် အာဏာကို အတိုင်းအတာတစ်ခုအထိ ခွဲဝေကျင့်သုံးနိုင်မည့် အလားအလာမျိုး ထွက်ပေါ်လာစေမည် ဖြစ်သည်။ လတ်တလောတွင်တော့ ထိုသို့ ဖြစ်မည့်ပုံ မရှိသေးပေ။ သို့သော်လည်း မည်သည့်ရွေးကောက်ပွဲမှ မရှိခြင်း၊ လက်ရှိအခြေအနေအတိုင်း ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင် အုပ်ချုပ်ရေးနှင့် ပြင်းထန်သည့် တိုက်ပွဲများ ဆက်ရှိနေခြင်း တို့ထက်တော့ ဤဖြစ်နိုင်ခြေသည် (အလှမ်းဝေးသည် ဆိုသော်လည်း) ပိုကောင်းသော ရွေးချယ်စရာတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်သည်။

    အဝေးရောက် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အနေဖြင့် နိုင်ငံတကာက ထိထိရောက်ရောက် ကူညီထောက်ပံ့လာမည်ဆိုသည့် စိတ်ကူးယဉ်နေ့ရက်ကို မျှော်လင့်နေမည့်အစား ရွေးကောက်ပွဲများ ကျင်းပတော့မည်၊ ထိုရွေးကောက်ပွဲများက စစ်ကောင်စီအား ပိုမိုကျယ်ပြန့်သော ဒေသတွင်း ပူးပေါင်းပါဝင်မှုများကို ဆောင်ကြဉ်းပေးနိုင်သည် ဟူသော အရှိတရားကို လက်ခံ ဆောင်ရွက်ရန် လိုအပ်သည်။ သို့မဟုတ်ပါက NUG သည် ယခုထက်ကို ပိုမိုမှေးမှိန်ပြီး နောက်တန်းသို့ ရောက်သွားနိုင်ပေသည်။

    ရာဗီချန်ဒရာကူးမား

    The Conversation ဝဘ်ဆိုက်တွင် ဖော်ပြထားသော Myanmar’s military will no doubt win this month’s sham elections. But could a shake-up follow? ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ ဆောင်းပါးရှင် Nocholas Coppel သည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်အဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။