Category: News

  • ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG က အပြင်းအထန် ရှုတ်ချ

    ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG က အပြင်းအထန် ရှုတ်ချ

    ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG က အပြင်းအထန် ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂနှင့် ICC တရားရုံး အပါအဝင် နိုင်ငံတကာက စစ်အုပ်စုကို အရေးယူရန် တောင်းဆို

    ရခိုင်ပြည်၊မြောက်ဦးမြို့နယ်တွင် ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အပြင်းအထန် ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂနှင့် ICC တရားရုံးအပါအဝင် နိုင်ငံတကာက စစ်အုပ်စုကို အရေးယူရန် တောင်းဆိုလိုက်သည်။

    ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ည ၉ နာရီကျော်အချိန် အကြမ်းဖက်စစ်အုပ်စုသည် ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ရှိ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို တိုက်လေယာဉ်များ အသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း၊ လူသားမျိုးနွယ်အပေါ် လုံးဝ စာနာထောက်ထားမှု ကင်းမဲ့သည့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်ကြောင့် အရပ်သားပြည်သူ ၃၅ ဦး အသက် ဆုံးရှုံးခဲ့ ရပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် ကလေးသူငယ်များ၊ မွေးလူနာများနှင့် ဆေးကုသမှုခံယူနေသော လူနာများပါဝင်ကြောင်း သိရှိရသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အဆိုပါ ကြေကွဲဖွယ် အဖြစ်ဆိုးအတွက် ပြည်သူ လူထုနှင့်အတူ တစ်သားတည်းရပ်တည်လျက်၊ အသက်ဆုံးရှုံးခဲ့ရသူများအတွက် အလွန်တရာ ဝမ်းနည်းရပါကြောင်းနှင့် ဒဏ်ရာရရှိသူများ အမြန်ဆုံး သက်သာရာရရှိစေရန် ဆန္ဒပြုပါကြောင်း၊ စစ်အုပ်စု၏ လုပ်ရပ်သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) နှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများ၏ အခြေခံမူများကို ချိုးဖောက်သည့် အဆိုးဝါးဆုံး စစ်ရာဇဝတ်မှု (War Crimes)၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (Massacre) ဖြစ်ကြောင်း NUG က ရှုတ်ချပြောဆိုသည်။

    ဂျီနီဗာ ကွန်ဗင်းရှင်းအရ မည်သည့်အခြေအနေတွင်မဆို လေးစားကာကွယ်ထားရမည့် အရပ်ဘက် ပစ်မှတ်ဖြစ်သော ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု မြောက်ကြောင်း၊ စစ်ဘက်နှင့် အရပ်ဘက် ပစ်မှတ်များကို ခွဲခြားသိမြင်ရမည်ဟူသော အခြေခံမူကို ဖောက်ဖျက်ကာ၊ အပြစ်မဲ့ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသည် လူသား မဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အဆောက်အဦးများ အပေါ် တိုက်ခိုက်မှုပေါင်း ၁,၆၀၀ကျော် ကျူးလွန်ခဲ့သည့် လုပ်ရပ်များ၏ နောက်ဆက်တွဲအဖြစ် ရှုမြင်ပြီး NUG က ပြင်းထန်စွာ ရှုတ်ချထားသည်။

    ထို့ကြောင့် အရပ်သားပြည်သူများ၊ အရပ်ဘက်အဆောက်အအုံများနှင့် လူသားချင်း စာနာမှုဆိုင်ရာ ပစ်မှတ်များအပေါ် အကြမ်းဖက်စစ်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေမှုများအားလုံးကို ချက်ချင်းအဆုံးသတ်နိုင်ရန်အတွက် ထိရောက်ပြင်းထန်သည့် ဖိအားပေးဆောင်ရွက်မှုများ၊ အရေးယူမှုများ အမြန်ဆုံးပြုလုပ်သွားရန် NUG က တောင်းဆိုသည်။

    ယင်းအပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှုများအား အရေးယူနိုင်ရန်အတွက် ချက်ချင်းကြားဝင်ဆောင်ရွက်ပေးရန်နှင့် တာဝန်ရှိသူများကို တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးကို အမြန်ဆုံး ဆောင်ရွက်ပေးရန်​ြ ဒဏ်ရာရသူများအား အချိန်မီဘေးကင်းလုံခြုံစွာ ဆေးကုသမှုပေးနိုင်ရန် နိုင်ငံတကာ လူသားချင်း စာနာမှုအဖွဲ့အစည်းများက အကူအညီပေးနိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် NUG က ဆက်လက် တောင်းဆိုသည်။

    အကြမ်းဖက်စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားရသူများနှင့် မိသားစုများအတွက်လိုအပ်သော အကူအညီများပေးအပ်နိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး ဗုံးကြဲတိုက်ခိုက်ခံရမှု၌ ထိခိုက်ဆုံးရှုံး ခဲ့ရသည့် ပြည်သူလူထုအားလုံးအတွက် တရားမျှတမှုပြန်လည်ရရှိရေး ကို ရခိုင်ပြည်သူလူထုနှင့်အတူ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း NUG က ကတိပြုထားသည်။

  • အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရမှု (ဓာတ်ပုံမှတ်တမ်း)

    အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရမှု (ဓာတ်ပုံမှတ်တမ်း)

    မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရသူ ၈၀ အထိ ရှိလာ

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၃၃ ယောက် နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ယောက်ထက်မနည်း ရှိလာ‌နေပြီလို့ ဒေသခံတွေနဲ့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီကျော်အချိန်မှာ မြောက်ဦးဆေးရုံကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချသွားခဲ့တာပါ။

    ဗုံးကြဲလို့ သေဆုံးသူတွေထဲမှာ မွေးကင်းစကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ ဆေးရုံဝန်ထမ်းတွေ၊ လူနာတွေ၊ လူနာစောင့်တွေအပြင် ရိုဟင်ဂျာ လူမျိုး ၂ ယောက်လည်း ပါဝင်နေပြီး အမျိုးသား ၁၆ ယောက် နဲ့ အမျိုးသမီး ၁၇ ယောက် စုစုပေါင်း ၃၃ ယောက် သေဆုံးခဲ့ကြရတာပါ။

    ဒါ့အပြင် ဒဏ်ရာပြင်းထန်သူ ၂၇ ယောက်ထက်မနည်းရှိနေပြီး အသက်အန္တရာယ် စိုးရိမ်နေရတဲ့အတွက် သေဆုံးသူ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ကူညီ‌ဆောင်ရွက်ပေးနေသူ ဆရာဝေဟင်အောင် က “ဗုံးတလုံးကတော့ ဆေးရုံ‌ရှေ့အစပ်နားလေးမှာကျပါတယ်။ နောက်တလုံးက လူနာတွေ ဆေးကုနေတဲ့ ပင်မအဆောင်ကို တိုက်ရိုက်ထိမှန်တယ်။ မနက်က ကျနော်တို့သွားကြည့်ပြီး ကူညီပေးနေတဲ့အချိန်မှာ စုစုပေါင်းရှာဖွေရတဲ့ အလောင်းက ၃၃ လောင်းရှိနေပြီ။ ဒီဟာက ဆေးရုံဆိုတော့ လူနာတွေလည်းများတယ်၊ လူနာစောင့်တွေလည်း များတယ်။ နောက်ထပ်သေဆုံးတဲ့ထဲမှာလည်း နောက်ထပ်တိုးလာနိုင်ပါသေးတယ်၊ ဗုံးတိုက်ရိုက်ထိမှန်ပြီးတော့ ကိုယ်အပိုင်းအစတွေ ရှာမရသေးတဲ့ သူတွေပေါ့။ ထိခိုက်ဒဏ်ရာရတဲ့သူမှာလည်း စိုးရိမ်ရနိုင်တဲ့သူတွေအများကြီး ပါပါတယ်” လို့ ပြောပါတယ်။

    ဗုံးကြောင့် မြောက်ဦးဆေးရုံတခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် ဆေးရုံဝင်းရှိ ဝန်ထမ်းအိမ်ရာတွေ နဲ့ အနီးနားရှိ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

    ဗုံးကြဲခံရတဲ့နေရာကို သွားရောက်ခဲ့တဲ့ မြောက်ဦးလူငယ်များအစည်းအရုံးက ဒုဥက္ကဋ္ဌ ကိုအောင်စိုးက “ဗုံးကြဲခံထားရတဲ့နေရာမှာတော့ အာဏာပိုင်တွေက ရှင်းလင်းရေးတွေ လုပ်ဆောင်နေတာရှိပါတယ်။ သေဆုံးသူတွေကိုတော့ မြောက်ဦးရဲ့ သင်္ဂြိုဟ်မယ့်နေရာတွေမှာ ထားထားပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကိုတော့ အတည်ပြုနေဆဲပါ။ အတည်ပြုလို့ ရတဲ့သူတွေကို ရထားပေမဲ့ မရသေးတဲ့သူတွေလည်း ရှိနေပါသေးတယ်။ နေမကောင်းလို့ ဆေးရုံသွားတက်ပါတယ်ဆိုမှ ခုလို ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံလိုက်ရတော့ တော်တော်လေးကို ကြေကွဲနေတဲ့သူတွေ များပါတယ်။ ငိုကြွေးနေကြတဲ့သူတွေရော၊ သေဆုံးသူရုပ်အလောင်းကို ရှာနေကြတဲ့သူတွေရော မြင်ရတာတွေက တော်တော့်ကို စိတ်မကောင်းစရာပါ” လို့ ပြောပါတယ်။

    စစ်တပ်ဟာ စစ်ဘက်နဲ့မသက်ဆိုင်တဲ့ စစ်ပွဲမဖြစ်ပွားတဲ့နေရာတွေ၊ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ သာသနိကအဆောက်အအုံတွေ နဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်နေတာက ရက်စက်တဲ့ လုပ်ရပ်လို့ ပြောဆိုနေကြပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာကို စစ်တပ်က ဗုံးကြဲခဲ့တဲ့အတွက် ကလေးသူငယ်တွေ အပါအဝင် ၇ ယောက်သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ရခိုင်မှာ ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ် စစ်တပ်ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာအထိ အရပ်သားသေဆုံးသူ ၉၇၀ ယောက်နဲ့ ဒဏ်ရာရရှိသူ ၂,၀၅၄ ယောက်အထိရှိနေပြီလို့ AA ရဲ့ လူသားချင်စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားပါတယ်။

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ စစ်ကောင်စီက မြောက်ဦးဆေးရုံကို ဗုံးကြဲမှုအတွင်း သေဆုံးသူ ၃၀ ကျော်နဲ့ ဒဏ်ရာရရှိသူ ၇၀ ကျော်ထိရှိနေပါတယ်။

    ဗုံးကြဲမှုဖြစ်စဉ်အတွင်း မြောက်ဦးဆေးရုံ ပင်မဆောင်ကြီး၊ ခွဲစိ်ဆောင်၊ အရိုးဆောင်၊ ခွဲစိပ်ခန်းမအပါအတင် ဆေးရုံဝင်းအတွင်းက ဝန်ထမ်းအိမ်ယာ၊ ဆေးရုံအနီးရှိ လူနေအိမ်အဆောက်အုံအချို့ ပျက်စီးမှုရှိခဲ့ပါတယ်။

    ဆက်စပ်သတင်း

    မြောက်ဦးမြို့ ပြည်သူ့ဆေးရုံးကို စစ်ကောင်စီ ဗုံးကြဲမှု အရပ်သား ၃၀ ကျော် သေဆုံးမှု (ရုပ်သံ)

  • သရုပ်ဆောင်မိုးအောင်ရင်၏ကားအပါအဝင် ကား ၆ စီး ဆင့်တိုက်မှုဖြစ်

    သရုပ်ဆောင်မိုးအောင်ရင်၏ကားအပါအဝင် ကား ၆ စီး ဆင့်တိုက်မှုဖြစ်

    ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာပလာဇာရှေ့မှာ ဒီဇင်ဘာ ၁၀ ရက် ည ၁၀ နာရီခွဲဝန်းကျင်က သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ကားကနေတဆင့် ကား ၆ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးကနေ သိရပါတယ်။

    မိုးအောင်ရင်ရဲ့ ကားဟာ ကုက္ကိုင်းတံတားပေါ်ကနေ အရှိန်နဲ့ မောင်းနှင်လာပြီး မီးပွိုင့်မှာ ရပ်ထားတဲ့ ကားတွေကို တိုက်မိရာမှ ဆင့်ကဲတိုက်မှုဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

    ယာဉ်ထိန်းရဲအရာရှိတယောက်က “ဖြစ်စဉ်ကမှန်တယ်။ မိုးအောင်ရင်ရဲ့ကားကနေ စတိုက်တာ။ သူ့ကိုစစ်ကြည့်လိုက်တော့ ဆေးသုံးထားတာတွေ့ရတယ်။ ဆေးကွဲပြီးမောင်းလာတယ့်သဘော။ အခုတော့ အမှုဖွင့်ဖို့လုပ်နေတယ်” လို့ ပြောပါတယ်။

    ယာဉ်ထိန်းရဲအရာရှိတယောက်က “ဖြစ်စဉ်ကမှန်တယ်။ မိုးအောင်ရင်ရဲ့ကားကနေ စတိုက်တာ။ သူ့ကိုစစ်ကြည့်လိုက်တော့ ဆေးသုံးထားတာတွေ့ရတယ်။ ဆေးကွဲပြီးမောင်းလာတယ့်သဘော။ အခုတော့ အမှုဖွင့်ဖို့လုပ်နေတယ်” လို့ ပြောပါတယ်။

    ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာမရရှိပေမဲ့ ကားတွေကတော့ တော်တော်များများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

    သရုပ်ဆောင် မိုးအောင်ရင်ဟာ ၂၀၁၆ ခု သြဂုတ်လအတွင်း မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိခဲ့တာကြောင့် ၂၀၁၈ ခု နိုဝင်ဘာမှာ ပုဇွန်တောင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီးနောက် ၂၀၁၉ ခု မေ ၇ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။

    မြန်မာပလာဇာရှေ့မှာ သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ကားအပါအဝင် ကားခြောက်စီး ဆင့်တိုက်မှု ဖြစ်

    ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာရှေ့မှာ မနေ့ ဒီဇင်ဘာ ၁၀ ရက်၊ ည ၁၀ နာရီခွဲဝန်းကျင်က သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ကားအပါအဝင် ကားခြောက်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။

    အဲဒီ ဖြစ်စဉ်မှာ မြန်မာပလာဇာအနီး ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ခုံးကျော်တံတားပေါ်ကနေ အရှိန်နဲ့ ဆင်းလာတဲ့ Toyota Lexus အမဲရောင်ကားက မီးပွိုင့်မှာ တန်းစီနေတဲ့ EV ကား၊ Taxi နဲ့ အိမ်စီးကားတွေကို ဝင်တိုက်မိတာ ဖြစ်တယ်လို့ သိရပါတယ်။

    “Toyota Lexus အမဲရောင်ကားက မိုးအောင်ရင် မောင်းလာတာလို့လည်း ပြောကြတယ်။ ယာဉ်တိုက်မှုဖြစ်ပြီးမှ အဲဒီနားကို ရောက်သွားတာဆိုတော့ ဖြစ်စဉ် သေသေချာချာ မသိရဘူး။ မိုးအောင်ရင်ကတော့ အေးအေးဆေးဆေးပဲ။ သူ့ ကောင်မလေးလည်း ပါတယ်။ ထိခိုက်ဒဏ်ရာ ရတာမျိုးလည်း မတွေ့ရဘူး။ တခြားသူတွေလည်း ဒဏ်ရာရတာ မရှိဘူး။ ကားတွေကတော့ ကားတိုက်တဲ့အရှိန် ပြင်းပုံရတယ်။ တော်တော်ပျက်စီးသွားတာ” လို့ တက္ကစီယာဉ်မောင်း တယောက်က ပြောပါတယ်။

    ဒီဖြစ်စဉ်မှာ စုစုပေါင်း ကားရှစ်စီး ဆင့်တိုက်မှု ဖြစ်ခဲ့တာလို့ ပြောဆိုမှုတွေလည်း ရှိနေပြီး နှစ်စီးကတော့ အနည်းငယ် ထိခိုက်ပွန်းခြစ်ရာလောက်သာ ဖြစ်သွားတာမို့ အခင်းဖြစ်နေရာက ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

    ဒါအပြင် မနေ့ ဒီဇင်ဘာ ၁၀ ရက်မှာပဲ ည ၁၀ နာရီ ၁၇ မိနစ်ဝန်းကျင်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ဘုရားလေးလမ်းကွေ့မှာ ဆီဘောက်ဆာယာဉ် တစီးက ရပ်ထားတဲ့ယာဉ်ကို ဝင်ရောက် တိုက်မိခဲ့ပြီး ကားမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

    အဲဒီ မီးလောင်မှု ဖြစ်ပွားရာနေရာကို မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်း၊ မှော်ဘီမြို့နယ် မီးသတ်စခန်း၊ အင်းစိန်ခရိုင် မီးသတ်စခန်းနဲ့ ပုလဲ အရန်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ယာဉ် ခြောက်စီး၊ မီးသတ်ရေသယ်ယာဉ် ငါးစီး၊ LUF-60 ယာဉ် တစီးနဲ့ သွားရောက် မီးငြှိမ်းသတ်ခဲ့ကြတာမှာ ည ၁၀ နာရီ ၅၄ မိနစ်ဝန်းကျင်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

    ရန်ကုန်မြို့မှာ ယာဉ်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်း၊ ချော်တွင်းကုန်းမီးပွိုင့် အနီးမှာ ရပ်ထားတဲ့ ကားသုံးစီးကို အိမ်စီးကား တစီးက ဝင်တိုက်မိခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

    အဲဒီလိုပဲ ဇွန်လ ၁၅ ရက်နေ့ကလည်း အင်းစိန်မြို့နယ်၊ သံလမ်းမှတ်တိုင်အနီးမှာ YBS (၆၁) ယာဥ်တစီးက ရပ်ထားတဲ့ ကိုယ်ပိုင်ကား တစီးကို ဝင်ရောက် တိုက်မိခဲ့ရာမှ ကားသုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    Photo – Oo Pyae

  • မိုးကုတ်မှာ စစ်အုပ်စု စခန်းနှစ်ခုကို သိမ်းပိုက်ထားနိုင်ပြီ

    မိုးကုတ်မှာ စစ်အုပ်စု စခန်းနှစ်ခုကို သိမ်းပိုက်ထားနိုင်ပြီ

    မိုးကုတ်မှာ စစ်အုပ်စု စခန်းနှစ်ခုကို သိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

    မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်ရဖို့အတွက် NUG စစ်ရှိန်မြှင့်မယ်လို့ဆို

    စစ်အုပ်စုတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အနောက်ပိုင်းက ဘောလုံးကြီးရွာနဲ့ ဘောလုံးလေးရွာဘက်က စစ်အုပ်စုစခန်းတစ်ခုကို ဒီဇင်ဘာလ ၃ ရက်မှာ သိမ်းပိုက်ထားနိုင်သလို ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီခန့်ကလည်း အရေးပါတဲ့ စစ်စခန်းကုန်းတစ်ခုကို မိုးကုတ်တော်လှန်ရေး တပ်ပေါင်းစုတွေက ထပ်မံသိမ်းပိုက်လိုက်နိုင်တယ်လို့ စုံစမ်းသိရှိရပါတယ်။

    “မြို့ပတ်ချာလည် ရန်သူတပ်စွဲထားတဲ့ မိုးကုတ် အနောက်ပိုင်းနဲ့အရှေ့ပိုင်းနေရာတွေမှာ နေ့တိုင်းတိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း ရန်သူစခန်းကုန်း တစ်ခု ထပ်သိမ်းထားပါတယ်။ ဒီနေ့ထိ တိုက်ပွဲ ဖြစ်နေတုန်းပါပဲ“ လို့ မြေပြင်စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

    နိုဝင်ဘာ ၂၉ ရက်ညပိုင်းမှာ ထောင်နဲ့ချီတဲ့ စစ်အုပ်စုတပ်တွေဟာ မိုးကုတ်မြို့ထဲ ဝင်ရောက်လာပြီးနောက် နိုဝင်ဘာ ၃၀ ရက်ကစပြီး ဒီဇင်ဘာ ၁၁ရက် ဒီနေ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုကြား မြို့ပတ်ချာလည်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီး တစ်ပတ်အတွင်း စစ်အုပ်စုစခန်းနှစ်ခုကို သိမ်းပိုက်ထားနိုင်တာပါ။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း မိုးကုတ်–မိုးမိတ် နယ်မြေထဲမှာ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအရှိန် မြှင့်တင်ထားပြီး လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာ ၁၁ ရက် ဒီနေ့မှာ ပြောပါတယ်။

    နိုဝင်ဘာ ၃၀ ရက်ညမှ ဒီဇင်ဘာ ၆ ရက်အထိ နာရီနဲ့ချီတဲ့ တိုက်ပွဲကြီးကိုးပွဲ ဆင်နွှဲပြီးနောက် မိုးကုတ်မြို့နယ်အတွင်းက စစ်အုပ်စုစိုးမိုးထားတဲ့ စခန်းကုန်းကြီးတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ တယ်လည်း NUG က ဖော်ပြပါတယ်။

    မိုးကုတ်ဒေသအတွင်း နေထိုင်နေကြတဲ့ အရပ်သားပြည်သူတွေကိုတော့ ဘေးလွတ်ရာ နယ်မြေတွေကို ကြိုတင်ရွှေ့ပြောင်းပေးထားသလို လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးနိုင်ဖို့ကိုလည်း လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ဆောင်ရွက်နေတယ်လို့ ဖော်ပြပါတယ်။

    “မိုးကုတ် – မိုးမိတ် ဒေသ သို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက်စစ်အုပ်စုတပ်တွေကို ပြည်သူလူထုနှင့် လက်တွဲပြီး ရွပ်ရွပ်ချွံချွံဆက်လက်တိုက်ပွဲဝင်လျက်ရှိနေပြီး နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပြန်လည်ရရှိနိုင်ရေး အတွက် ဆက်လက်တိုက်ပွဲဝင်နေပါတယ်။ မိုးကုတ်–မိုးမိတ်ဒေသသို့ ကျူးကျော်ဝင်လာတဲ့ စစ်အုပ်စုတပ်တွေကို ပြည်သူလူထုနဲ့ လက်တွဲပြီး ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ခိုက်မယ့်အပြင် နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် စစ်ရေးအရှိန်မြှင့်သွားမယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

    NUG ကတော့ အဲဒီဒေသတွေကို အပစ်ရပ် သဘောတူညီချက်နဲ့ စစ်အုပ်စုလက်ထဲကို TNLA ပြန်ပေးပြီးနောက်ပိုင်း နိုဝင်ဘာ ၉ ရက်နေ့ကစပြီး NUG ဦးဆောင်တဲ့ မိုးကုတ်–မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ ကို ဖွဲ့စည်းခဲ့ပြီး ဒေသအတွင်းစစ်ဆင်ရေးတွေကို တိုက်ရိုက် အမိန့်ပေးကွပ်ကဲနေတယ်လို့ ဆိုပါတယ်။

    စစ်အုပ်စုတွေဟာ မိုးကုတ်မြို့ထဲကို ဝင်ရောက်ပြီးနောက် ဆေးရုံ၊ ကျောင်းကြီး၊ ဗိုလ်ပိန်းခြံတို့မှာ တင့်ကားနှစ်စီး တပ်စွဲထားသလို ဟောင်ဝှစ်ဇာလက်နက်ကြီးတွေ တပ်ဆင်နေပြီး ဒေါ်နန်းကြည်တောင်၊ ရဲစခန်းနဲ့ မြို့ဦးလွင်တို့မှာလည်း အင်အားအလုံးအရင်းနဲ့ တပ်စွဲထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

  • မလှိုင်၌ ဗိုလ်မှူးဝေဖြိုး၏ အငယ်အနှောင်း ဖမ်းခံရမှုကြောင့် All Right စားသောက်ဆိုင်ပိုင်ရှင် ငွေညှစ်ခံရ

    မလှိုင်၌ ဗိုလ်မှူးဝေဖြိုး၏ အငယ်အနှောင်း ဖမ်းခံရမှုကြောင့် All Right စားသောက်ဆိုင်ပိုင်ရှင် ငွေညှစ်ခံရ

    မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူးဝေဖြိုး၏ မယားငယ်ကို PDF များက ဖမ်းဆီးခဲ့ပြီးနောက်၊ နှစ်ရက်အကြာအတွင် အဆိုပါဗိုလ်မှူးက စားသောက်ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးကာ ငွေညှစ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်၌ မလှိုင် – မိတ္ထီလာကားလမ်းမကြီး၊ ဇီးပင်ကန်ကျေးရွာအနီးရှိ All Right စားသောက်ဆိုင်တွင် နေ့လယ်စာ စားနေသည့် ဗိုလ်မှူးဝေဖြိုး၏ မယားငယ် မခိုင်ဇင်ဝေနှင့် ဦးကိုကိုအောင် တို့၏ စားပွဲဝိုင်းသို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် မခိုင်ဇင်ဝေ တစ်ဦးတည်းကိုသာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

    “ခိုင်ဇင်ဝေက စစ်တပ်ရဲ့ သတင်းပေး၊ ဒလန်လုပ်နေတာ၊ ဗိုလ်မှူးဝေဖြိုးရဲ့ အငယ်အနှောင်းလို့လည်း သိကြတယ်။ ဦးကိုကိုအောင်နဲ့ အတူထိုင်စားတယ်ဆိုတာကလည်း အဲ့ဒီ့အမျိုးသမီးက သတင်းနိုက်တာမျိုးတွေလည်း ရှိချင်ရှိမှာပါ၊ သူတို့ ပတ်သက်မှုကိုတော့ မသိဘူး။ PDF တွေက အမျိုးသမီးကိုဘဲ ဝင်ဖမ်းသွားတာ။ ဆိုင်က ဇီးပင်ကန်ရွာမှာဆိုပေမယ့် မြို့ပေါ်မှာ ရှိနေတာပါပဲ။ မိန်းလမ်းမကြီးဆိုတော့ လူသွားလူလာလည်း မပြတ်ဘူးလေ” ဟု အသက် ၂၅ နှစ်အရွယ် မလှိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    မလှိုင်မြို့၊ အမှတ် ၇ ရပ်ကွက်တွင် နေထိုင်သူ ဦးကိုကိုအောင်အနေဖြင့် လက်ရှိတွင် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦး ဖြစ်ကာ၊ ၄င်း၏ ညီဖြစ်သူ ဦးညီညီအောင်မှာ တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည် ဟူသော စွပ်စွဲချက်ဖြင့် စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းကို ခံထားရသူဖြစ်သည်။

    ဗိုလ်မှူးဝေဖြိုး၏ အငယ်အနှောင်းဖြစ်သူ မခိုင်ဇင်ဝေအနေဖြင့် ဦးကိုကိုအောင်နှင့် တွေ့ဆုံစကားပြောသည်မှာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်ခြင်းရှိ၊ မရှိကို စုံစမ်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်သည်။

    “ညီညီအောင်က အဖမ်းခံထားရတာ ကြာပြီ။ ဦးကိုကိုအောင်ကတော့ ပရဟိတတွေ လုပ်နေတာ။ ခိုင်ဇင်ဝေကလည်း စစ်တပ် သတင်းပေးဆိုတော့ ဦးကိုကိုအောင့်ဆီကနေ သတင်းလာရှာတာ ဖြစ်နိုင်တယ်” ဟု အမှတ် ၇ ရပ်ကွက်မှ အမျိုးသားတစ်ဦးက ဆိုသည်။

    အဆိုပါ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်၌ မလှိုင်မြို့နယ်တစ်ခုလုံးကို အုပ်ချုပ်ခွင့်ရရှိထားသည့် ဗိုလ်မှူးဝေဖြိုးက ဦးကိုကိုအောင်၊ All Right စားသောက်ဆိုင်ပိုင်ရှင်လင်မယားနှင့် ဝန်ထမ်းများအားလုံးကို အထွေထွေအုပ်ချုပ်ရေးရုံးသို့ ခေါ်ယူကာ တွေ့ဆုံခဲ့ကြောင်း သိရသည်။

    “ဆိုင်ပိုင်ရှင်လင်မယားရယ်၊ ဆိုင်ဝန်ထမ်းတွေအကုန်လုံးရယ်၊ ဦးကိုကိုအောင်ရယ်ကို ဗိုလ်မှူးဝေဖြိုးက ထွေအုပ်ရုံးမှာ ခေါ်စစ်တာ၊ ကျန်တဲ့သူ အကုန်လုံးကို ပြန်လွှတ်ပြီး ဆိုင်ရှင်လင်မယားကို ငွေညှစ်နေတာ၊ ခုထိ ညှိနှိုင်းနေတုန်းပဲ။ ဘယ်လောက်လဲဆိုတာက မသိသေးဘူး” ဟု မလှိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

    လက်ရှိတွင် မလှိုင်မြို့ပေါ်အထိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ကာ ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်းကြောင့် စစ်ကော်မရှင်ဘက်က ရဲနှင့် ပျူစောထီးများကိုလည်း အင်အားဖြည့်တင်းထားကြောင်း သိရသည်။

    “ထွေအုပ်ရုံးထဲမှာလည်း ပျူတွေ လူစုနေတာတွေ့တယ်။ မနေ့ညကလည်း(ဒီဇင်ဘာ ၉) ရဲစခန်းထဲကနေ ပတ်ပတ်လည်ကို ပစ်နေတာ ညအထိပဲ။ ပေါ်တာဆွဲတာလည်း ဒီရက်ပိုင်း ပြန်စိပ်နေတယ်” ဟု အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

    မလှိုင်မြို့သည် စစ်ကော်မရှင်တပ်၏ တပ်မ ၉၉၊ ရှမ်းတဲလေတပ်ဌာနချုပ်၊ အမြောက်တပ်ရင်းများ၊ သံချပ်ကာတပ်ရင်းများ၊ လေကြောင်းနှင့် မြေပြင် အတက်သင်လေတပ်စခန်း (လမသ)၊ အမြောက်တပ်ရင်းများ၊ ကုတင် ၅၀၀ ဆန့် စစ်ဆေးရုံနှင့် ရဲသင်တန်းကျောင်းများတည်ရှိသည့် မိတ္ထီလာမြို့နှင့် ၂၂ မိုင်ခန့်သာကွာဝေးပြီး စစ်တပ်အားကောင်းသည့် မြို့တစ်ခုလည်းဖြစ်သည်။