Category: News

  • မင်းအောင်လှိုင်ကို “ဘယ်ပြည်သူက ကျေးဇူးတင်နေသလဲ” ဟု သူရိယနေဝန်း မိုးဟိန်းကို ပြည်သူများ မေးခွန်းပြန်ထုတ်

    မင်းအောင်လှိုင်ကို “ဘယ်ပြည်သူက ကျေးဇူးတင်နေသလဲ” ဟု သူရိယနေဝန်း မိုးဟိန်းကို ပြည်သူများ မေးခွန်းပြန်ထုတ်

    စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် သူရိယနေဝန်းဂျာနယ်မှ မိုးဟိန်းက ပြည်သူလူထုသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျေးဇူးတင်နေကြသည်ဆိုသည့် အချက်ကို ၎င်း၏ သုံးလတာစစ်တမ်းအတွင်း တွေ့ရှိရသည်ဟု ပြောကြားမှုအပေါ် မြန်မာပြည်တွင်းရှိ ပြည်သူလူထုက အာဏာရှင်ကို “ဘယ်ပြည်သူက ကျေးဇူးတင်နေသလဲ”ဟု မေးခွန်းပြန်ထုတ်လိုက်သည်။

    ဒီဇင်ဘာ ၁၄ ရက်နေ့ ကျင်းပသော ကျားဖြန့်တိုက်ဖျက်ရေး စစ်ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် မိုးဟိန်းက ၎င်းတို့မီဒီယာအနေဖြင့် သုံးလကြာ ကွင်းဆင်းကောက်ယူခဲ့သော စစ်တမ်းအရ ၂၀၂၁ မှ ၂၀၂၅ ကာလအတွင်း နိုင်ငံမပြိုကွဲအောင် ထိန်းသိမ်းပေးခဲ့သည့်အတွက် ပြည်သူများက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကျေးဇူးတင်နေကြသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းအား ပြောဆိုခဲ့ခြင်းဖြစ်သည်။

    သို့သော် မြေပြင်တွင် တွေ့ကြုံနေရသည့် စီးပွားရေးကျဆင်းမှုနှင့် လူမှုဘဝနိမ့်ပါးမှုများသည် ယင်းစစ်တမ်းရလဒ်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ပြည်သူများက ထောက်ပြနေကြသည်။

    အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်း၊ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် ပြည်သူအများစုမှာ တစ်နေ့လုပ်မှ တစ်နေ့စားရသည့် အခြေအနေပင် ရုန်းကန်နေရသည်။

    “သူတို့ပြောတဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ ပြည်သူဆိုတာ ဘယ်သူတွေလဲ ကျွန်မတို့တော့ နားမလည်ဘူး။ အခုချိန်မှာ အိမ်ရှင်မတစ်ယောက်အနေနဲ့ မနက်မိုးလင်းတာနဲ့ ဒီနေ့ ဘာချက်ကျွေးရမလဲဆိုတာ ခေါင်းမီးတောက်နေရတယ်။ ကုန်ဈေးနှုန်းတွေက အကုန်တက်၊ ဝင်ငွေကမရှိ၊ စားဝတ်နေရေးတောင် မလောက်ငတော့တဲ့ အခြေအနေမှာ ဘယ်သူ့ကို သွားကျေးဇူးတင်ရမှာလဲ”ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ဒေါသတကြီး တုံ့ပြန်သည်။

    ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်းနှင့်အတူ ပြည်တွင်းစီးပွားရေး လုပ်ငန်းများစွာ ရပ်ဆိုင်းခဲ့ရပြီး လူငယ်အများစုမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာကာ အလုပ်လုပ်ကိုင်နေကြရသည်။ ပြည်တွင်း၌ ကျန်ရှိသူများမှာလည်း လုံခြုံရေးအာမခံချက်မရှိမှုနှင့် စီးပွားရေးကျပ်တည်းမှုဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။

    “အလုပ်တွေက ရှား၊ ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းက မကာမိဘူး။ စီးပွားရေးက ချွတ်ခြုံကျနေပြီ။ သူတို့ပြောသလို တိုင်းပြည်မပြိုကွဲဘူးဆိုတာ ဟုတ်ချင်ဟုတ်မယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ ဘဝတွေကတော့ ပျက်စီးပြီး စုတ်ပြတ်သတ်နေပါပြီ။ မြေပြင်က လူထုအသံအစစ်အမှန်ကို နားမထောင်ဘဲ ကိုယ့်စိတ်ကူးနဲ့ကိုယ် လျှောက်ပြောနေတာပါ”ဟု အလုပ်လက်မဲ့ဖြစ်နေသည့် ကုမ္ပဏီဝန်ထမ်းဟောင်းတစ်ဦးက သုံးသပ်သည်။

    မိုးဟိန်း၏ ပြောဆိုချက်အရ ပြည်သူလူထုသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျေးဇူးတင်နေကြပြီး သမ္မတအဖြစ် ဆက်လက်တာဝန်ယူရန် တောင်းဆိုလာလျှင် သမ္မတလုပ်ရန် ဆန္ဒရှိသလားဆိုသည့် မေးခွန်းအပေါ် စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါမေးခွန်းကို ဖြေကြားရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခံရပါက တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

    “ဘုန်းကြီးရူးနဲ့ လှေလူးပဲ။ တကယ့်မျက်နှာပြောင်တိုက်ပြီး လူမြင်ကွင်းမှာ အောက်တန်းကျတဲ့ ဟာသတွေပြောနေသလိုပါပဲ။ လူထုသဘောထားဆိုတဲ့ စကားကို လွယ်လွယ်ပြောထွက်တယ်။ ဝါဒဖြန့်တာတွေက တော်တော့ကို အလွန့်အကျွံတွေဖြစ်ကုန်ပြီ”ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာနေသူတစ်ဦးက ပြောသည်။

    မိုးဟိန်းက ကိုးကားပြောဆိုသည့် စစ်တမ်းဆိုသည်မှာ မည်သည့်ဒေသ၊ မည်သည့်လူတန်းစားကို မေးမြန်းထားသည်မှာ ခိုင်မာမှုမရှိကြောင်း သုံးသပ်ထားကြပြီး စစ်အုပ်ချုပ်ရေးနှင့် ဖမ်းဆီးထောင်ချမှုများ ရှိနေသည့် အခြေအနေအောက်တွင် ပြည်သူတစ်ဦးအနေဖြင့် မိမိ၏ စစ်မှန်သော သဘောထားကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်ဟု ဝေဖန်မှုများရှိနေသည်။

  • ညောင်ကျိုးကိုထိုးစစ်ဆင်သည့်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    ညောင်ကျိုးကိုထိုးစစ်ဆင်သည့်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    ရန်ကုန်မှထုတ်နုတ်တပ်များဖြင့် ညောင်ကျိုးကိုထိုးစစ်ဆင်သည့်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးသူများပြား

    ရန်ကုန်တပ်ရင်းများမှ ထုတ်နုတ်ထားသည့် အင်အားများကို ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးသို့ စစ်ကူပို့ စစ်ကြောင်းထိုးရာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့က လေသာတောင်အနီးဝန်းကျင်ရှိ စစ်ကော်မရှင်တပ်များနှင့် ရန်ကုန်မှ တပ်ပေါင်းစုများ ညောင်ကျိုးကို စစ်ကြောင်းထိုးတက်လာရာ အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်သည့်အတွက် စစ်ကော်မရှင်ဘက်မှ သေဆုံးမှု များပြားကြောင်း သိရသည်။

    “အင်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်လိုက်တာ။ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်။ တပ်တွေနောက်ပြန်ဆုတ်သွားပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့ကို AA လက်ရဖမ်းဆီးရမိမှုများရှိပြီး လက်နက်ခဲယမ်းအချို့ကိုပါ သိမ်း ဆည်းနိုင်ခဲ့ကာ ကျန်တပ်ဖွဲ့ဝင်များ နောက်ဆုတ်သွားကြကြောင်း သိရသည်။ထိုသို့ အထိနာပြီး တပ်ဆုတ်သွားရသည့် စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားရာ ညောင်ကျိုးစခန်းအနီးကို ဂျက်ဖိုက်တာများ ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကော်မရှင်က ညောင်ကျိုးစခန်းကို ပြန်လည်သိမ်း ယူရန်အတွက် ရန်ကုန်တပ်နယ်မှနေ၍ အင်အားအပြည့်ပါ စစ်ယာဉ်တန်း ၇ စီးကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့က ရန်ကုန်-ပြည်လမ်းမှတစ်ဆင့် နဝဒေးတံတားကိုဖြတ်ကာ ညောင်ကျိုးတပ်နယ်အတွင်း စစ် ကူများပို့ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    စစ်ကော်မရှင်က ညောင်ကျိုး-တောင်ကုတ်လမ်း ကြောင်းကို စိုးမိုးမှုရယူနိုင်ရန် စစ်အင်အားများ ဆက် တိုက်ပို့နေပြီး ညောင်ခြေထောက်နှင့်ဆင်လန်ကြား ကာကင်းစခန်းများ ဆောက်လုပ်ပြီး လက်နက်ကြီး များပါ တပ်ဆင်လာကြောင်း သိရသည်။ပြန်လည်သိမ်းယူလိုက်သည့် ပွိုင့် ၆၆၆ စခန်းကုန်းမှနေ၍လည်း လေသာတောင်ကြောနှင့် ညောင်ကျိုးပတ်လည်ကို စစ်ကြောင်းထိုး တက်လာမှုများရှိပြီး AA နှင့် ထိတွေ့ တိုက်ပွဲများ ရှိခဲ့သည်။

    စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲအတုပြုလုပ်မည့်ရက် နီးကပ်လာသည်နှင့်အမျှ တောင်ကုတ် လမ်းပိုင်းကို စိုးမိုးမှုရယူနိုင်ရန် အပြင်းအထန်ကြိုးစားနေခြင်းဖြစ်သည်။

  • စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာ စစ်အုပ်စု လက်ထဲ ပြန်ပါသွား

    စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာ စစ်အုပ်စု လက်ထဲ ပြန်ပါသွား

    စစ်အုပ်စုက ထင်တိုင်းကျဲ ဗုံးကြဲသတ်နေလို့ ပြည်သူတွေ ထွက်ပြေးနေရ

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နဲ့ မန္တလေး-သပိတ်ကျင်း ကားလမ်းပေါ်က လက်ပန်လှကျေးရွာကို ဒီဇင်ဘာ ၁၈ရက်မှာ အာဏာသိမ်း စစ်အုပ်စုက ပြန်လည် သိမ်းယူ ထိမ်းချုပ်သွားတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

    ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ ဟန်ချက်ညီ ဆင်နွှဲတဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက စစ်အုပ်စုကို တိုက်ခိုက် သုတ်သင်ကာ စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာ အပါအဝင် စဉ့်ကူးနယ် တနယ်လုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စဉ့်ကူးတနယ်လုံး စစ်ရှုံးကာ လက်လွှတ်ရပြီးနောက် အာဏာသိမ်း စစ်အုပ်စုက ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေလို့ ပြည်သူတွေ စဉ့်ကူးမြို့ပေါ် မနေဝံ့ဘဲ ယနေ့အချိန်ထိ ရှောင်တိမ်းနေကြရပါတယ်။

    စစ်ရှုံးထားတဲ့ စဉ့်ကူးမြို့ကို ပြန်ရရေးအတွက် အာဏာသိမ်း စစ်အုပ်စုက ယခု နိုဝင်ဘာလကုန်ပိုင်းမှာ မတ္တရာဘက်ကနေတဆင့် စစ်ကြောင်းတွေ ဖြန့်ခွဲကာ လေကြောင်းအားကိုး၊ ဒရုန်းအားကိုးနဲ့ ထိုးစစ်ဆင်လာပြီး ဒီဇင်ဘာ ၁၈ရက်မှာ လက်ပန်လှရွာနဲ့ ညပိုင်းမှာ စဉ့်ကူးမြို့ကို ပြန်ရသွားတာလို့ ဆိုပါတယ်။

    “လက်ပံလှကို မနေ့ကတည်းက ဝင်သွားတာ” လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်းထက် ဒရုန်းနဲ့ လေကြောင်းကို အားပြုကာ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး လေကြောင်းကနေ ထင်တိုင်းကျဲ ဗုံးကြဲကာ အခုလို စစ်ရှုံးနယ်မြေတွေကို ပြန်လည် သိမ်းယူနေတာလို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မန္တလေးတိုင်းအတွင်းက စဉ့်ကူးတနယ်လုံး၊ သပိတ်ကျင်းမြို့နယ်က ၈၀ရာခိုင်နှုန်းတဲ့ မတ္တရာမြို့နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေး – မတ္တရာ – သပိတ်ကျင်း ကားလမ်းကို အပြည့်အဝ စိုးမိုးထိန်းချုပ်နိုင်ခဲ့သလို မန္တလေးမြို့နဲ့ ၁၀ မိုင်ကျော်အကွာရှိ စစ်စခန်းတွေကိုပါ တစ်နှစ်ကြာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ငလျင်ကာလအတွင်း တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေ ရပ်နားတာကို အခွင့်ကောင်းယူကာ စစ်အုပ်စုက စစ်ရေးပြင်ဆင်ခဲ့ပြီးနောက် ဇွန်လက စလို့ မန္တလေးတိုင်းအတွင်းရှိ စစ်ရှုံးနယ်မြေတွေ၊ မြို့ရွာတွေ ပြန်ရရေး မန္တလေးမြို့ကနေ စတင်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

    မန္တလေးမြို့ကတဆင့် မန္တလေး – မတ္တရာ – သပိတ်ကျင်း ကားလမ်းအတိုင်း တန်ပြန် ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ ဇူလိုင်လမှာ မန္တလေးမြို့နဲ့ ၁၀ မိုင်ကျော်အကွာက စစ်ရှုံးနယ်မြေတွေ ပြန်ရပြီးနောက် ဩဂုတ်လမှာ မန္တလေး – မတ္တရာ ကားလမ်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာလအတွင်း မတ္တရာနယ်ကို စစ်အုပ်စု ပြန်ရပြီး ယခု ဒီဇင်ဘာမှာ စဉ့်ကူးမြို့နဲ့ စဉ့်ကူးနယ်က အရေးပါတဲ့ နယ်မြေတချို့ကို ပြန်လည် သိမ်းယူနိုင်တာ ဖြစ်ပါတယ်။

    တချိန်တည်းမှာပဲ သပိတ်ကျင်းမြို့ စစ်ရှုံးပြီးနောက် သပိတ်ကျင်းနယ်၊ ၇မိုင်ကျေးရွာနဲ့ တွင်းငယ်ရွာအနီးက စစ်စခန်းတွေထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို လေကြောင်းကနေ အင်အားဖြည့်ကာ ပြီးခဲ့တဲ့ ဇွန်လမှာ ခိုအောင်းနေရာကနေ ဖောက်ထွက်ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာလည်း သပိတ်ကျင်းမြို့ကို ဇူလိုင်လမှာ ပြန်ရသွားပါတယ်။

    လက်ရှိမှာ စစ်အုပ်စုက သပိတ်ကျင်း – မန္တလေး ကားလမ်းအတိုင်း အောက်ဘက်ကို ဆင်းလာနေပြီး ဒီဇင်ဘာ ၁၅ ရက်က ဇရပ်ကွင်းရွာကို ပြန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လက်ရှိမှာ သပိတ်ကျင်းတနယ်လုံးနီးပါးလည်း စစ်အုပ်စု လက်ထဲ ပြန်ပါသွားပြီး မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ဖျားပိုင်းမှာရှိတဲ့ ရွှေတောနယ်မြေ တချို့သာ တော်လှန်ရေးတပ်တွေ လက်ထဲ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

    တစ်နှစ်ကျော်ကြာ စစ်အုပ်စု ကင်းစင်ခဲ့တဲ့ စဉ့်ကူးမြို့နယ်မှာလည်း နယ်မြေအများစု စစ်အုပ်စု လက်ထဲ ပြန်ပါသွားပြီဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတချို့သာ ကျန်ရှိတော့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

    လက်ရှိမှာ စစ်အုပ်စုက မြေပြင်စစ်ကြောင်းမရောက်သေးတဲ့ ကျေးရွာတွေကို တိုက်လေယာဉ်နဲ့ ထင်တိုင်းကျဲ ဗုံးပတ်ကြဲ သတ်ဖြတ်နေသလို စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံ စစ်ဘေးရှောင်ပြည်သူတေကိုလည်း လေကြောင်းကနေ ဗုံးလိုက်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

    ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်က သပိတ်ကျင်းမြို့နယ် ချောင်းသလဲဆိပ်ကမ်းကနေ မြစ်ကူးပြီး ထွက်ပြေးနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲ၊ စက်သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ရာ စစ်ဘေးဒုက္ခသည် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးပြီး အမြောက်အများ ဒဏ်ရာရကာ ခရီးသည်တင် ကားတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ ထိုးစစ်ဆင်ရာမှာ မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေကို အကြိမ်ကြိမ် ဗုံးကြဲလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံအရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

    စဉ့်ကူးမြို့နဲ့ ငါးမိုင်ခန့်အကွာ လက်ပန်လှရွာကို ဒီဇင်ဘာ ၁၈ရက်မှာ ပြန်ရပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု

  • အရှေ့တောင်အာရှရှိ အမျိုးသမီးခေါင်းဆောင်နှစ်ဦး၏ နိုင်ငံရေး လမ်းကြောင်းနှင့် စစ်တပ်ကို ချဉ်းကပ်ပုံ ကွာခြားချက်များ

    အရှေ့တောင်အာရှရှိ အမျိုးသမီးခေါင်းဆောင်နှစ်ဦး၏ နိုင်ငံရေး လမ်းကြောင်းနှင့် စစ်တပ်ကို ချဉ်းကပ်ပုံ ကွာခြားချက်များ

    အရှေ့တောင်အာရှ နိုင်ငံရေးဇာတ်ခုံပေါ်တွင် ထင်ရှားသော အမျိုးသမီးခေါင်းဆောင်နှစ်ဦးဖြစ်သည့် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရှိတ်ဟာဆီနာ တို့၏ နိုင်ငံရေးခရီးလမ်းသည် ဆင်တူယိုးမှားမှု များရှိသော်လည်း၊ အထူးသဖြင့် ၎င်းတို့နိုင်ငံများ၏ လွှမ်းမိုးမှုကြီးမားသော စစ်တပ်နှင့် ပတ်သက်သည့် ချဉ်းကပ်ပုံမှာ များစွာကွာခြားခဲ့ရာ၊ ၎င်းတို့၏ နိုင်ငံရေး ကံကြမ္မာကိုပါ ပုံဖော်ခဲ့သည်။

    သမိုင်းအမွေနှင့် နိုင်ငံရေး သွေး

    ခေါင်းဆောင်နှစ်ဦးစလုံးသည် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးဖခင်များ၏ သမီးများဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ၏သမီးဖြစ်ပြီး၊ ရှိတ်ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တည်ထောင်သူ ရှိတ်မူဂျီဘူရာဟာမန် ၏သမီးဖြစ်သည်။ ဤသို့ နိုင်ငံရေးသွေး၊ မျိုးရိုးလိုက် နိုင်ငံရေးအမွေကို ခံယူရရှိခဲ့ခြင်းက ၎င်းတို့အား ပြည်သူလူထု၏ ထောက်ခံမှုကို အစောပိုင်းကတည်းက ရရှိ စေခဲ့သည်။

    စစ်တပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ချဉ်းကပ်ပုံ

    ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်တည်ထောင်ခဲ့သော တပ်မတော် (Tatmadaw) အပေါ် သံယောဇဉ် ကြီးမားသူ အဖြစ် လူသိများသည်။ ဒီမိုကရေစီစနစ်သို့ ဦးတည်သည့် သူမ၏ခရီးလမ်းတွင် စစ်တပ်နှင့် ရင်ကြား စေ့ရေး (Reconciliation) ကို အဓိကမဟာဗျူဟာအဖြစ် ချမှတ်ခဲ့သည်။ သို့သော် စစ်တပ်၏ “စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီ” ဟူသည့် အမြင်နှင့် သူမ၏ အမြင်တို့ ကွာခြားခဲ့သည်။

    ဒီမိုကရေစီအတွက် မဆုတ်မနစ် တိုက်ပွဲဝင်မှုကြောင့် အနှစ် ၂၀ ကျော်ကာလအတွင်း ၁၅ နှစ်နီးပါး အကျဉ်းကျ၊ အိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။ ဤကာလက သူမကို နိုင်ငံတကာ၏ ဒီမိုကရေစီသူရဲကောင်းအဖြစ် သတ်မှတ်ခြင်းခံရစေခဲ့သည်။ အာဏာရရှိပြီးနောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီးနောက် သူမသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ ဤကာလတွင် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို အဓိကထားခဲ့သည်။ ဤချဉ်းကပ်မှုကပင် သူမကို နိုင်ငံတကာမှ ပြင်းထန်စွာဝေဖန်မှုများ ထွက်ပေါ်စေခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များအရေးတွင် မြန်မာစစ်တပ်၏ လုပ်ရပ်များကို ကာကွယ်ပေးခဲ့ ခြင်းသည် သူမ၏ ဒီမိုကရေစီသူရဲကောင်းပုံရိပ်ကို ထိခိုက်စေခဲ့သည်။

    စစ်တပ်ကို အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရန် ကြိုးစားခဲ့သော်လည်း၊ နောက်ဆုံးတွင် ၂၀၂၁ ခုနှစ်တွင် စစ်တပ်က မဲမသမာမှုဟု စွပ်စွဲကာ အာဏာသိမ်းယူပြီး သူမကို ပြန်လည်အကျဉ်း ချခဲ့သည်။ စစ်တပ်၏ အာဏာစက်ကို မကျော်လွန်နိုင်ဘဲ အလျှော့ပေး အပေးအယူ လုပ်ခဲ့သည့် ချဉ်းကပ်ပုံက သူမ၏ နိုင်ငံရေးအသက်မွေးဝမ်းကျောင်း၏ နောက်ဆုံးကံကြမ္မာကို ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များစွာက စစ်တပ်အပေါ် သံယောဇဉ်ကြီးလွန်းသော သူမကို တန်းတူ ညီမျှသော ပြည်ထောင်စု တည်ဆောက်မည့် ခေါင်းဆောင်အဖြစ် သံသယရှိနေဆဲဖြစ်သည်။

    စစ်တပ်အပေါ် ရှိတ်ဟာဆီနာ၏ ချဉ်းကပ်ပုံ

    ရှိတ်ဟာဆီနာသည် စစ်တပ်နှင့် ဆက်ဆံရေးတွင် ပိုမို လက်တွေ့ကျသော၊ အာဏာကို ဗဟိုပြုသော ချဉ်းကပ်မှု ကို ကျင့်သုံးခဲ့သည်။ သူမသည် စစ်တပ်ကို အားကောင်းစေခြင်းဖြင့် အာဏာကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သည်ဟု သုံးသပ်နိုင်သည်။

    သူမသည် စစ်တပ် အာဏာသိမ်းမှုများနှင့် နိုင်ငံရေး ပြိုင်ဘက်များနှင့် ပြင်းထန်သော ပဋိပက္ခများကို ဖြတ်ကျော် ခဲ့ရသည်။ သူမသည် ရာသက်ပန်ပြိုင်ဘက် ခါလီဒါ ဇီယာ ဦးဆောင်သော BNP ပါတီနှင့် အပြန်အလှန် အာဏာလုပွဲ များစွာကို ဖြတ်သန်းခဲ့ရသည်။

    သူမသည် ဝန်ကြီးချုပ်အဖြစ် (၄) ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး အစိုးရအဖွဲ့တွင် တပ်မတော်အရာရှိဟောင်းများကို ရာထူးပေးအပ်ခြင်း၊ စစ်ဘက်ဘတ်ဂျက်ကို တိုးမြှင့်ပေးခြင်းတို့ဖြင့် စစ်တပ်၏ သစ္စာခံမှု (Loyalty) ကို ရယူခဲ့သည်။ ၎င်းသည် စစ်တပ်ကို တိုက်ရိုက်ရင်ဆိုင်ခြင်းထက် ထိန်းချုပ်ခြင်း (Control) ကို ပိုမိုအလေးထားသည့် ချဉ်းကပ်ပုံ ဖြစ်သည်။ ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့သော နယ်ခြားစောင့်တပ် (BDR) အရေးအခင်းတွင် အရာရှိများ အစုလိုက် အပြုံလိုက် အသတ်ခံရခြင်းနှင့် ပတ်သက်၍ နောက်ပိုင်း စုံစမ်းစစ်ဆေးမှုများတွင် သူမ၏ အာဏာရပါတီပါ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည် (သို့သော် ဤစွပ်စွဲချက်များကို သူမ၏ ပြိုင်ဘက် အစိုးရ လက်ထက်တွင် စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်)။ နှစ်ရှည်လများ အာဏာကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားခဲ့ခြင်း၊ ဒီမိုကရေစီစနစ်ကို တဖြည်းဖြည်း အားနည်းစေခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြည်သူလူထု၏ ဆန့်ကျင်မှုကို ခံစားခဲ့ရသည်။

    ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ လူထုတော်လှန်ရေးတွင် သူမသည် စစ်တပ်၏ ကူညီမှုဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ စစ်တပ်၏ အာဏာသိမ်းခြင်းကို ခံရခြင်းမဟုတ်ဘဲ၊ ပြည်သူ့ဆန္ဒပြမှုကြောင့် နုတ်ထွက်ခဲ့ရသော်လည်း၊ နောက်ဆုံးတွင် သူမအပေါ် မယုံကြည်တော့သော စစ်တပ်၏ အကူအညီကို ယူ၍ ထွက်ပြေးခဲ့ရသည်။ သူမ၏ ချဉ်းကပ်ပုံသည် စစ်တပ်ကို ခဏတာ ထိန်းချုပ်နိုင်ခဲ့သော်လည်း ရေရှည်တည်တံ့သော ဒီမိုကရေစီကို မဖန်တီးနိုင်ခဲ့ပေ။

    စီးပွားရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး မှတ်တမ်းများ

    ခေါင်းဆောင်နှစ်ဦး၏ နိုင်ငံရေး လမ်းကြောင်း ကွာခြားမှုများသည် ၎င်းတို့၏ စီးပွားရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး မှတ်တမ်းများတွင်လည်း ထင်ဟပ်နေသည်။

    စီးပွားရေး မှတ်တမ်းများ နှိုင်းယှဉ်ချက်

    ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေးပိုင်းတွင် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ ကူးပြောင်းကာလ၊ စီးပွားရေး ပွင့်လင်းလာမည့် အခြေအနေကို ကိုယ်စားပြုခဲ့သည်။ စစ်အစိုးရလက်ထက် ပိတ်ဆို့ထားသည့် မြန်မာ့စီးပွားရေးကို နိုင်ငံတကာနှင့် ပြန်လည်ချိတ်ဆက်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ကြိုးပမ်းခဲ့သည့် ကာလဖြစ်သည်။ ၎င်း၏ အုပ်ချုပ်မှုကာလတွင် စီးပွားရေး တိုးတက်မှုနှုန်းရှိခဲ့သော်လည်း အကျိုးကျေးဇူးများ အချိုးမညီမျှမှု ရှိခဲ့သည်။

    ရှိတ်ဟာဆီနာသည်မူ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက ဗဟိုပြုသည့် ချဉ်းကပ်ပုံကို ကျင့်သုံးခဲ့သည်။ သူမ၏ အဓိက ရည်မှန်းချက်မှာ နိုင်ငံ၏ စီးပွားရေးကို အရှိန်အဟုန်မြှင့် တိုးတက်စေရန်ဖြစ်သည်။ အထူးသဖြင့် အထည်ချုပ် လုပ်ငန်း စသည့် ပြည်ပပို့ကုန်များမှတစ်ဆင့် နိုင်ငံကို စီးပွားရေးအရ ခေတ်မီတိုးတက်လာအောင် လုပ်ဆောင် ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံမှ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် ကူးပြောင်းရန် ဦးဆောင်ခဲ့သည်။ သို့သော် အဂတိလိုက်စားမှု နှင့် ချမ်းသာကြွယ်ဝမှု မညီမျှမှု ကဲ့သို့သော ပြဿနာများလည်း များပြားခဲ့သည်။

    လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အခြေအနေ နှိုင်းယှဉ်ချက်

    ဒေါ်အောင်ဆန်းစုကြည်သည် ကိုယ်တိုင်ကပင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ သို့သော် သူမ အစိုးရအာဏာ ရရှိပြီးနောက်တွင်မူ စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံတကာမှ ပြင်းထန်သော ဝေဖန်မှုများကို ခံစားခဲ့ရသည်။ မွတ်ဆလင် အရေးနှင့် ပတ်သက်၍ စစ်တပ်၏ လုပ်ရပ်များကို ကာကွယ်ပေးခဲ့ခြင်းအပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်ရန် ဥပဒေများကို အသုံးပြုခဲ့ခြင်းတို့သည် သူမ၏ လူ့အခွင့်အရေးဆိုင်ရာ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

    ရှိတ်ဟာဆီနာသည် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည့် အစဉ်အလာရှိခဲ့သူဖြစ်သည်။ သို့သော် အာဏာကို နှစ်ရှည်လများ ကိုင်စွဲလာခဲ့သည်နှင့်အမျှ တဖြည်းဖြည်းနှင့် အာဏာရှင်ဆန်လာသူအဖြစ် ပြောင်းလဲ ခဲ့သည်။ အတိုက်အခံများကို ဖိနှိပ်ခြင်း၊ ဒီမိုကရေစီ လုပ်ငန်းစဉ်များကို နှောင့်ယှက်ခြင်းနှင့် နိုင်ငံရေးပြိုင် ဘက်များအပေါ် ပြင်းထန်စွာအရေးယူခြင်း၊ လွန်ကဲသော အခွင့်အရေး ယူမှုများ၊ တရားလက်လွတ် သတ်ဖြတ်မှုများ နှင့် အတင်းအကြပ် ပျောက်ကွယ်သွားအောင် လုပ်ဆောင်မှုများကြောင့် ၎င်း၏အစိုးရ လက်ထက်တွင် လူ့အခွင့် အရေး ချိုးဖောက်မှုများ ရှိသည်ဟု နိုင်ငံတကာမှ စွပ်စွဲဝေဖန်မှုများ ခံခဲ့ရသည်။

    နိုင်ငံတကာ ဆက်ဆံရေးနှင့် ပုံရိပ်

    ဒေါ်အောင်ဆန်းစုကြည် အစောပိုင်းကာလတွင် နိုင်ငံတကာမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် စံပြပုဂ္ဂိုလ်အဖြစ် ချီးမြှင့်ခြင်း၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရခြင်းခံခဲ့ရသည်။ အာဏာရပြီးနောက် မွတ်ဆလင်အရေးကြောင့် နိုင်ငံတကာပုံရိပ် သိသိသာသာ ထိုးကျခဲ့သည်။ “ဒီမိုကရေစီသူရဲကောင်း” မှ “လူ့အခွင့်အရေးကို လျစ်လျူရှုသူ” အဖြစ် ပြောင်းလဲ သတ်မှတ်ခြင်းခံရသည်။ အနောက်နိုင်ငံများနှင့် ကနဦး ချစ်ကြည်ရင်းနှီးမှု ရှိခဲ့သော်လည်း ရခိုင်အရေးအခင်းကြောင့် ဆက်ဆံရေးများ တင်းမာလာခဲ့သည်။

    ရှိတ်ဟာဆီနာသည် အစောပိုင်းတွင် အနောက်တိုင်း မီဒီယာများတွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ထင်ပေါ်ခြင်း မရှိခဲ့ချေ။ အာဏာရပြီးနောက်- ကြီးထွားလာသော စီးပွားရေးကြောင့် နိုင်ငံတကာတွင် အာရုံစိုက်ခံလာရသည်။ မြန်မာမွတ်ဆလင် ဒုက္ခသည်များအား လက်ခံရာတွင် ပြသခဲ့သော ကရုဏာ ကြောင့် ၂၀၁၇ ခုနှစ်တွင် နိုင်ငံတကာ ၏ ချီးကျူးမှုကို ရရှိခဲ့သည်။ အိန္ဒိယနှင့် ခိုင်မာသော ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့သည်။ စီးပွားရေး တိုးတက်မှုများကြောင့် အနောက်နိုင်ငံများမှ ဆက်ဆံရေး မပြတ်တမ်း ထိန်းသိမ်းခဲ့သော်လည်း၊ ဒီမိုကရေစီ ကျဆင်းလာမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မကြာခဏ ဝေဖန်ခံခဲ့ရသည်။

    နိုင်ငံရေး ဆန်းစစ်ချက်နှင့် ကောက်ချက်

    ခေါင်းဆောင်နှစ်ဦး၏ ကံကြမ္မာကို ပုံဖော်ခဲ့သော စစ်တပ်

    ဒေါ်အောင်ဆန်းစုကြည်နှင့် ရှိတ်ဟာဆီနာတို့၏ နိုင်ငံရေး ခရီးလမ်းနှင့် ကံကြမ္မာကို ဆန်းစစ်ကြည့်ပါက စစ်တပ်အပေါ် ချဉ်းကပ်ပုံ ကွာခြားချက် က ၎င်းတို့၏ နိုင်ငံရေး လမ်းကြောင်းကို မည်သို့ ပုံဖော်ခဲ့သည်ကို ထင်ရှား စွာ မြင်တွေ့ရသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ “ရင်ကြားစေ့ရေး” မဟာဗျူဟာမှာ သူမသည် ဖခင်၏အမွေကို စွဲကိုင်ကာ တပ်မတော်ကို ရင်ကြားစေ့ပြီး ပြုပြင်ပြောင်းလဲရန် ကြိုးစားခဲ့သည်။ စစ်တပ်ကို တိုက်ရိုက် မဆန့်ကျင်ဘဲ ပူးပေါင်းဆောင်ရွက်ခြင်း သည် သူမ၏ နိုင်ငံရေး အသက်ရှင်သန်ရေးအတွက် ခဏတာ အထောက်အကူဖြစ်ခဲ့သော်လည်း၊ စစ်တပ်၏ အာဏာကို ချုပ်ကိုင်လိုသည့် ဆန္ဒကို မကျော်လွန်နိုင်ခဲ့ပေ။ ရလဒ်အနေဖြင့် စစ်တပ်၏ အာဏာသိမ်းမှုကို ခံခဲ့ရပြီး ဒီမိုကရေစီကူးပြောင်းမှု ပျက်စီးခဲ့ရသည်။ သူမသည် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် စစ်တပ်ကို မကျော်လွန် နိုင်သောကြောင့် တိုင်းရင်းသားများ၏ ယုံကြည်မှုကိုလည်း အပြည့်အဝ မရရှိခဲ့ပေ။

    ရှိတ်ဟာဆီနာ၏ “အာဏာဖြင့် ထိန်းချုပ်ရေး” မဟာဗျူဟာကမူ သူမသည် စစ်တပ်ကို ပုံစံတကျ ထိန်းချုပ်ကာ နိုင်ငံရေး အာဏာကို တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။ စစ်တပ်ကို နိုင်ငံရေး လုပ်ငန်းစဉ်တွင် ပါဝင်စေပြီး အကျိုးစီးပွားပေးခြင်းဖြင့် ၎င်းတို့၏ သစ္စာခံမှုကို ရယူကာ၊ ပြိုင်ဘက်များကို ဖိနှိပ်ရန် စစ်တပ်၏ အင်အားကို အသုံးပြုခဲ့သည်။ ဤချဉ်းကပ်မှုသည် သူမကို ဝန်ကြီးချုပ်အဖြစ် နှစ်ရှည်လများ အာဏာကိုင်စွဲနိုင်စေခဲ့သော်လည်း၊ ၎င်းသည် ဒီမိုကရေစီကို တဖြည်းဖြည်း အားနည်းစေခဲ့သည်။ သူမ၏ ကံကြမ္မာသည် စစ်တပ်ကြောင့် ပျက်စီးခြင်းမျိုးမဟုတ်ဘဲ၊ သူမ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုကြောင့် ပြည်သူလူထု၏ တော်လှန်ပုန်ကန်မှု ကို မကျော်လွန်နိုင်ဘဲ ထွက်ပြေးခဲ့ရသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် ရှိတ်ဟာဆီနာတို့သည် စစ်တပ်၏ သြဇာလွှမ်းမိုးမှုကြီးမားသော နိုင်ငံများတွင် ဒီမိုကရေစီကို ပြန်လည် ထူထောင်ရန် သို့မဟုတ် ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ကြသည့် ခေါင်းဆောင်များဖြစ်သည်။ သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် စစ်တပ်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို မည်သို့ စီမံခန့်ခွဲရမည်ကို တွက်ချက်ရာတွင် ၎င်းတို့၏ ကိုယ်ပိုင် အားနည်းချက်များ၊ အမှားများကို ပြုလုပ်ခဲ့ကြသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ရင်ကြားစေ့ရေးသည် အချည်းနှီး ဖြစ်ခဲ့ရသည်ဟု ယူဆနိုင်ပြီး၊ စစ်တပ်သည် ပြုပြင်ပြောင်းလဲရေးထက် အာဏာကိုသာ ဆက်လက်ချုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ရှိတ်ဟာဆီနာ၏ အာဏာဖြင့် ထိန်းချုပ်ရေးသည်လည်း ရေရှည် မတည်မြဲခဲ့သည်။ ဒီမိုကရေစီကို လျစ်လျူရှုကာ အာဏာကို ဗဟိုပြုသော စီးပွားရေး တိုးတက်မှုသည် ပြည်သူလူထု၏ ဒေါသကို မလွန်ဆန်နိုင်ခဲ့ဘဲ စစ်တပ်က နောက်ဆုံးတွင် ပြည်သူ လူထုဘက်ကို မလိုက်ဘဲ ကြားနေခြင်း သို့မဟုတ် အာဏာကို ထိန်းသိမ်းရန်သာ အာရုံစိုက်ခြင်းကြောင့် သူမ ဆုံးရှုံးခဲ့ရသည်။

    ခေါင်းဆောင်နှစ်ဦး၏ နိုင်ငံရေး ဆုံးခန်းသည် အရှေ့တောင်အာရှရှိ စစ်တပ်နှင့် နိုင်ငံရေးသမားများအကြား ရှုပ်ထွေးနက်နဲသော ဆက်ဆံရေးကို မီးမောင်းထိုးပြနေသည်။ နိုင်ငံရေးခေါင်းဆောင်တစ်ဦးအနေဖြင့် အာဏာ တည်မြဲရေးအတွက် စစ်တပ်ကို မည်သို့ ချဉ်းကပ်သည်ဖြစ်စေ၊ ရေရှည်တည်တံ့သော အုပ်ချုပ်မှုနှင့် နိုင်ငံရေး တည်ငြိမ်မှုအတွက် စစ်တပ်ကို ကျော်လွန်၍ ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လူထု၏ ယုံကြည်မှုကို ရယူ ထိန်းသိမ်းနိုင်ရန် လိုအပ်ကြောင်းကို ဤခေါင်းဆောင်နှစ်ဦး၏ ကံကြမ္မာက သက်သေပြနေပါသည်။

    ✍🏻လပြည့်ဦး

  • တရုတ်ထံမှရသော အသက်ဆက်ကြိုးအတွက် ရုရှားပြန်ပေးဆပ်ရ

    တရုတ်ထံမှရသော အသက်ဆက်ကြိုးအတွက် ရုရှားပြန်ပေးဆပ်ရ

    တရုတ်ထံမှရသော အသက်ဆက်ကြိုးအတွက် ရုရှားပြန်ပေးဆပ်ရ၊ “ရှက်ဖွယ်ပြောင်းပြန်အနေအထား” ရောက်

    စစ်ပွဲအတွင်း တရုတ်ဘက်ဦးလှည့်အားကိုးသည့် ရုရှား၏လုပ်ရပ်သည် အနောက်အုပ်စု၏ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများရှိချိန် ရုရှားစီးပွားရေး ဆက်လက်ရှင်သန်နေစေရန် အထောက်အကူဖြစ်စေခဲ့ သည်။ သို့သော် ယင်းအတွက် ရင်းနှီးပေးဆပ်ရမှု ရှိနေသည်။

    ရုရှားအတွက် အသက်ဆက်ကြိုးဟုထင်ရသော်လည်း ရေရှည်တွင်မူ ရုရှားအား တရုတ်၏ ‘လက် အောက်ခံ စီးပွားရေးမိတ်ဖက်’ အဖြစ် ရောက်သွားစေနိုင်ကြောင်းနှင့် အနောက်အုပ်စုမှ တားမြစ်ထား သော အဓိကကုန်ထုတ်ကုန်များနှင့် အဆင့်မြင့်ကုန်ကြမ်းများအတွက် ရုရှားသည် ယခုအခါ တရုတ် အပေါ် အလွန်အမင်း မှီခိုနေရပြီဖြစ်ကြောင်း Atlantic Council ပညာရှင်အဖွဲ့က သောကြာနေ့တွင် ထုတ် ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

    “စီးပွားရေးအရရော နိုင်ငံရေးအရပါ ရုရှားနဲ့တရုတ်ရဲ့ ဆက်ဆံရေးဟာ တော်တော်လေးမညီမျှဖြစ်နေပြီး နှစ်ဖက်စလုံးအတွက်တော့ အကျိုးရှိနေပါတယ်” ဟု Peterson Institute for International Economics မှပညာရှင် အယ်လီနာ ရီဘာကိုဗာနှင့် Kyiv School of Economics Institute မှ လေ့လာသုံးသပ်သူ လူးကပ်စ်ရီဆင်ဂါတို့က ပြောသည်။။

    အနောက်အုပ်စု၏ သပိတ်မှောက်မှုနှင့် ပိတ်ဆို့မှုများအကြား ရုရှားသည် တရုတ်ထံမှ စက်ယန္တရားများ၊ မော်တော်ယာဉ်များနှင့် အီလက်ထရွန်နစ်ပစ္စည်းများကို ဝယ်ယူနေရပြီး၊ တရုတ်က ရုရှားရေနံများကို လျှော့ဈေးဖြင့် အမြောက်အများ ပြန်ဝယ်သည်။

    “ဒါဟာ ၂၀၀၀ ပြည့်နှစ်အလွန်တွေတုန်းက ရုရှားက တရုတ်ဆီ တန်ဖိုးမြင့်ကုန်စည်တွေတင်ပို့ခဲ့တဲ့ ဆက် ဆံရေးနဲ့ယှဉ်ရင် လုံးဝ ပြောင်းပြန်ဖြစ်သွားတဲ့ ရှက်ဖွယ်ကောင်းတဲ့အခြေအနေပဲဖြစ်ပါတယ်”ဟု လေ့ လာဆန်းစစ်သူများက ဆိုသည်။

    ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးကတည်းက ရုရှားအစိုးရသည် နိုင်ငံ ၏စီးပွားရေးကို စစ်ပွဲခေတ်ပုံစံသို့ပြောင်းလဲခဲ့သည်။ ပိတ်ဆို့ခံရမှုနှင့် ပို့ကုန်ကန့်သတ်ခံရမှုများကြားတွင် ကာကွယ်ရေးအသုံးစရိတ်နှင့် အစိုးရအသုံးစရိတ် အမြောက်အမြားသုံးစွဲခြင်းက ရုရှားစီးပွားရေးကို တောင့်ခံနိုင်စေခဲ့သည်။

    သို့သော် ရေနံဈေးကျဆင်းမှုကြောင့် စွမ်းအင်တင်ပို့မှုမှရသော ဝင်ငွေများ သိသိသာသာ လျော့နည်းလာ ကာ စီးပွားရေးတွင် အက်ကြောင်းများစတင်ပေါ်ပေါက်လာသည်။ ငွေကြေးဖောင်းပွမှု မြင့်မားနေစဉ် ဝယ်လို အားကလည်း လျော့နည်းလာသည်။

    တရုတ်က ရုရှားကို လိုအပ်သည်ထက် ရုရှားက တရုတ်ကို ပိုမိုလိုအပ်နေ

    ယခုအခါ ရုရှားနိုင်ငံ၏သွင်းကုန်အများစုမှာ တရုတ်နိုင်ငံမှဖြစ်ပြီး ကုန်သွယ်မှုအများစုကို တရုတ် ယွမ် ငွေဖြင့်သာ ပေးချေနေရသည်။ ရုရှားသည် ၂၀၂၃ ခုနှစ်တွင် တရုတ်အတွက် ရေနံစိမ်းအများဆုံးတင်ပို့သူ ဖြစ်လာခဲ့သော်လည်း ယင်းမှာ တရုတ်အတွက် စုစုပေါင်းရေနံသွင်းကုန်၏ ငါးပုံတပုံသာ ရှိသည်။ ရုရှား အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့မှရရှိသောဝင်ငွေသည် နိုင်ငံတော်ဘတ်ဂျက်၏ သုံးပုံတပုံခန့်အထိ ရှိပြီး အရေးပါသည်။

    တရုတ်သည် ၎င်း၏ ကြီးမားလှသော ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် ကမ္ဘာ့ဝယ်လက်များ လိုအပ်နေပြီး ရုရှားမှာ ယင်းဝယ်လက်များထဲမှ တဦး ဖြစ်လာခဲ့သည်။ သို့သော်လည်း ဥရောပက ရုရှားစွမ်းအင်အပေါ် မှီခိုသကဲ့သို့ တရုတ်က ရုရှားအပေါ် မှီခိုခြင်းမရှိသောကြောင့် ရရှိလာသော အကျိုးအမြတ်များသည် “တရုတ်အတွက်ထက် ရုရှားအတွက် ပိုမိုအရေးကြီးနေသည်” ဟု လေ့လာသူများက ဆိုသည်။

    ထို့ပြင် စီးပွားရေးရှုထောင့်အရကြည့်လျှင် တရုတ်သည် ရုရှားအတွက် ဥရောပသမဂ္ဂထက် ပိုကောင်း သော ကုန်သွယ်ဖက်မဟုတ်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို လျှော့ဈေးဖြင့်ဝယ်ယူပြီး ရုရှားတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးကြောင်းနှင့် တရုတ်ထုတ်ကုန်များသည် နည်းပညာပိုင်းအရ အနောက်အုပ်စုထက် နိမ့်နေတတ်ကြောင်း လေ့လာသူများက ထောက်ပြကြသည်။

    ထိုသို့ မညီမျှသော ဆက်ဆံရေးသည် တရုတ်အား ညှိနှိုင်းမှုများတွင် အသာစီးရစေသည်။ ရုရှားအတွက် အခြားရွေးချယ်စရာ လမ်းစနည်းနေသည်ကိုသိသောတရုတ်သည် ရုရှားရေနံကို ဈေးနှိမ်၍ဝယ်ယူနေ ခြင်းဖြစ်သည်။

    “နေတိုးအဖွဲ့ ထိုင်ဝမ်ဘက် အာရုံမရောက်စေဖို့ တရုတ်ကိုကူညီတဲ့အနေနဲ့ ရုရှားဟာ နေတိုးကိုတိုက် ခိုက်ပေးလောက်တဲ့အထိ တရုတ်ရဲ့ လက်ပါးစေ လုံးလုံး ဖြစ်မသွားသေးပေမယ့် ‘အကန့်အသတ်မရှိ’ တဲ့ မိတ်ဖက်ဆက်ဆံရေးမှာတော့ တရုတ်ရဲ့ လက်အောက်ခံ မိတ်ဖက်ဖြစ်နေတာကတော့ သေချာပါတယ်” ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။

    Business Insider မှ Russia’s wartime lifeline from China comes with a price: an ’embarrassing reversal’ for Moscow အား Brownie ဘာသာပြန်သည်။