Category: News
-
ငဖဲနှင့် ပဒါန်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၀ကျော် သေဆုံး
ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၈ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းအများအပြားရဟု PRA မကွေးတပ် ပြော
အမ်း-ပဒါန်းစစ်ဆင်ရေးတွင်လည်း ပါဝင်တိုက်ခိုက်နေဟု အသိပေး
မကွေးတိုင်း၊ ငဖဲနှင့် ပဒါန်းမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၀ကျော်သေဆုံးပြီး ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၈ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများစွာရရှိကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway)က ယနေ့ (ဧပြီ ၂၁ရက်) ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဥ်များအရ ဖေဖော်ဝါရီ ၂၅ရက်တွင် ငဖဲမြို့ နတ်ရေကန်အနီးရှိ စင်ကိုနာခြံသို့ ကင်းပုန်းလာဝပ်သည့် အင်အား ၂၀ ပါ စစ်ကောင်စီတပ်အား ခြုံခိုတိုက်ခိုက်ရာ လေးဦး ဒဏ်ရာရပြီး ဆုတ်ခွာသွားသည်ဟု ဆိုသည်။
ထို့နောက် ဖေဖော်ဝါရီ ၂၈ ရက် နံ နက် ၉ နာရီ ၂ဝမိနစ်ခန့်တွင် ငဖဲမြို့နယ်၊ နတ်ရေကန် ဗျူဟာကုန်းမှလာသော စစ်ကောင်စီအင်အား ၆ဝပါ စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးကာ လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း အသိပေးသည်။
မတ်လ ၁၈ရက် နံနက် ၈ နာရီဝန်းကျင်က ငဖဲမြို့နယ်၊ ပဇီကျေးရွာမှ လိုင်ကျေးရွာသို့ တက်လာသော အင်အား ၄၀ပါ စစ်ကောင်စီစစ်ကြောင်းကို လိုင်ကျေးရွာလမ်းခွဲအနီး၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာ ရရှိခဲ့ပသည်။
အထက်ပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ တပ်မ (၉၉) လက်အောက်ခံတပ်ရင်းများ ပါဝင်ခဲ့ကြောင်း ဖော်ပြသည်။
မတ်လ ၃၀ ရက် နံနက် ၅ နာရီ ခွဲဝန်းကျင်ကလည်း လူထုတော်လှန်ရေးမဟာ မိတ်အင်အားစု (PRA- Magway) နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့ပူးပေါင်းကာ ပုသိမ်-မုံရွာ ကားလမ်းရှိ ပဒါန်းမြို့ဝင်ဂိတ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
ပဒါန်းမြို့ဝင်ဂိတ်သည် စစ်ကောင်စီ၊ ရဲတပ်ဖွဲ့နှင့် စရဖတို့ ပူးပါင်းထားခြင်းဖြစ်ပြီး အင်အား ၂ဝကျော် အထိုင်ချထားခြင်းဖြစ်ကာ အရပ်သားပြည်သူနှင့် ဈေးရောင်းဈေးဝယ်များကို အတင်းအဓမ္မ ငွေကြေး တောင်းရမ်းခြင်း၊ ဖိနှိပ်ရမ်းကားမှုများ ပြုလုပ်လေ့ရှိသည့်ဂိတ်ဟု ဆိုသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ယခုနှစ် ဇန်နဝါရီမှ ယခုဧပြီအတွင်း တိုက်ပွဲကြီး၊ငယ်ပေါင်း ၂၃ ကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အား စု(PRA-Magway) ပြောသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် စုစုပေါင်း (၆၃) ဦးသေဆုံးခဲ့ပြီး ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက်တို့အပါအဝင် စုစုပေါင်း ၁၈ဦးကိုအရှင်ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်ပါတွင်ပါရှိသည်။
“၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ စပြီး တိုက်ခဲ့တဲ့တိုက်ပွဲတွေပေါ့ ။အဲဒီထဲမှာ ကျွန်တော်တို့တစ်ဖွဲ့တည်းစစ်ဆင်ရေးဖော်ဆောင်ခဲ့တာရှိသလို မဟာမိတ်တွေနဲ့ စစ်ဆင်ရေးဖော်ဆောင်ခဲ့တာရှိတယ်”ဟု PRA မကွေး၏ စစ်ဆင်ရေးတာဝန်ခံ ကိုနောင်သူရိန်က သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရှင်းပြသည်။
ယခုအခါတွင် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အမ်း-ပဒါန်းစစ်ဆင်ရေးတွင် ပါဝင်ဆောင်ရွက်နေပြီး စစ်နယ်ဝန်းချဲ့ထွင်လှုပ်ရှားနိုင်ရန်လည်း တပြိုင်နက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း (PRA- Magway)က အသိပေးသည်။
အမ်း-ပဒါန်းစစ်ဆင်ရေးနှင့်ပတ်သက်ပြီး စစ်ရေးဖော်ဆောင်နေဆဲဖြစ်သည့်အတွက် ပြောဆို၍ မရသေးကြောင်းလည်း ကိုနောင်သူရိန်က ပြောသည်။
တိုက်ပွဲသတင်းများအား ငလျင်ကပ်ဘေးကြောင့် ယခုမှသာ ထုတ်ပြန်ရခြင်းဟု ၎င်းက ပြောသည်။








(မကွေးတိုင်း၊ ငဖဲ နှင့် ပဒါန်းမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် PRA- Magwayမှ ရဲဘော်များ။ ဓာတ်ပုံ − PRA- Magway)
-

Non-CDM ဝန်ထမ်းနှင့်မိသားစုကို သွားရောက်လည်ပတ်ရန် ဌာနဆိုင်ရာများက ဖိအားပေးနေ
ခြောက်ကပ်နေသည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် လူစည်ကားစေရေး ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းနှင့်မိသားစုကို သွားရောက်လည်ပတ်ရန် ဌာနဆိုင်ရာများက ဖိအားပေးနေ
လည်ပတ်သူမရှိဘဲ ခြောက်ကပ်နေသည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် လူစည်ကားစေရေးအတွက် သွားရောက်လည်ပတ်ရန် ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းနှင့်မိသားစုကို ဌာနဆိုင်ရာများက ဖိအားပေးနေကြောင်း နေပြည်တော်မှ ဝန်ထမ်းမိသားစုဝင် တချို့က ပြောဆိုသည်။
ယမန်နေ့် ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို စတင်ဖွင့်လှစ်ခဲ့ပြီး အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များ လာရောက်လည်ပတ်ခဲ့ကြောင်း၊ ယင်းနောက် Non-CDM ဝန်ထမ်းများနှင့်မိသားစုဝင်များကိုလည်း နေပြည်တော်လမ်းလျှောက်သင်္ကြန်သို့ သွားရောက်လည်ပတ်ရန် ဌာနဆိုင်ရာ အကြီးအကဲများက ဖိအားပေးနေကြောင်း သိရှိရသည်။
“ဘယ်မှမသွားရင်တောင် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို သွားဖို့ ပြောတယ်။ ကလေးတွေ လူငယ်တွေရော မိသားစုလိုက် အသွားအပြန် ကားစီစဉ်ပေးမယ်။ သင်္ကြန်တစ်ရက်တော့ သွားရမယ်လို့ ပြောတယ်။ ဌာနအလိုက် မိသားစုဝင်အားလုံး တစ်ရက်စီတော့ အလှည့်ကျပို့ပေးမယ်ပြောတယ်။ ငလျင်ကြောင့် တဲနဲ့တောင် နေနေရတာကို လမ်းလျှောက်သင်္ကြန်ထပ်သွားခိုင်းတာက အတော်အဆင်မပြေပါဘူး” ဟု ယာယီတဲဖြင့် နေထိုင်နေရသည့် နေပြည်တော်မှ Non-CDM ဝန်ထမ်းတစ်ဦးက ဆိုသည်။
ယမန်နေ့ သင်္ကြန်အကြိုနေ့ နှင့် ယနေ့ သင်္ကြန်အကျနေ့တွင်လည်း နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင်ပြင်ပမှ လာရောက်သူမရှိဘဲ ဝန်ထမ်းများနှင့် အတင်းအကျပ် လာရောက်ခိုင်းခံရသည့် ဝန်ထမ်းမိသားစုများ၊နေပြည်တော် ပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူတချို့ လာရောက်ကြကြောင်း၊ စည်ကားမှုမရှိဘဲ ခြောက်ကပ်နေကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကောင်စီက နေပြည်တော်စစ်ရုံးနှင့် ဝန်ကြီးဌာနများအလိုက် ဌာနတွင်း သင်္ကြန်ပွဲများကိုလည်း ပြုလုပ်ခိုင်းနေပြီး စတုဒီသာအဖြစ် မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ သင်္ကြန်ထမင်းတို့ကို တစ်ရက်စီအလိုက် အလှည့်ကျ လာရောက် လုပ်အားပေး ချက်ပြုတ်ခိုင်းနေကြောင်းလည်း သိရှိရသည်။
“အရင်ဆိုရင်တော့ ပျော်ပါတယ်။ ဒီနှစ်က နေစရာလည်းပျောက်၊ ကိုယ့်မိတ်ဆွေတချို့လည်း ဆုံးရှုံးခဲ့ရတော့ ဘာမှ အဓိပ္ပာယ်ရှိမနေဘူး” ဟု ဇေယျာသီရိမြို့နယ်၊ တပ်မတော် ကြည်း၊ရေ၊လေ မိသားစု သင်္ကြန်ပွဲသို့ အတင်း အကျပ် တက်ရောက်ရန် ဖိအားပေးခံခဲ့ရသူ စစ်အင်ဂျင်နီယာတပ်မှ အင်ဂျင်နီယာတပ်ကြပ်ကြီးတစ်ဦးက ဆိုသည်။
-

သင်္ကြန်အကြိုနေ့ စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကျဲ
သင်္ကြန်အကြိုနေ့ စစ်ကောင်စီက ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်ပြီး ပျက်စီးဆုံးရှုံးမှုများ ရှိ
-

ခမရ ၅၉၈ တပ်ရင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်
ရွှေကျင်ရှိ ခမရ ၅၉၈ တပ်ရင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ စလင်းတွင် စစ်တပ် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွား
