Category: News

  • အင်းစိန်ရှိ မဲရုံသို့ စစ်ခေါင်းဆောင် တိတ်တဆိတ် လာရောက်

    အင်းစိန်ရှိ မဲရုံသို့ စစ်ခေါင်းဆောင် တိတ်တဆိတ် လာရောက်

    လမ်းဘေးဈေးသည်နှင့် ကယ်ရီသမားများပင် သတိမထားမိ

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့အတွင်းရှိ မဲရုံများကို လိုက်လံကြည့်ရှုခဲ့သော်လည်း အင်းစိန်မြို့နယ်ရှိ မဲရုံသို့ တိတ်တဆိတ် ရောက်ရှိလာခြင်းကြောင့် မဲရုံပတ်ဝန်းကျင်ရှိ ပြည်သူများပင် သိရှိခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

    စစ်ခေါင်းဆောင်သည် အင်းစိန်မြို့နယ်၊ မြို့သစ် (က+ခ) ရပ်ကွက်ရှိ အမှတ် (၄၃) အခြေခံပညာမူလတန်း ကျောင်း မဲရုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ကျောင်းရှေ့တွင် အိမ်စီးကားအချို့ တန်းစီရပ်ထား သည်ကိုသာ တွေ့ရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

    အဆိုပါ ကျောင်းရှေ့တွင် မြို့သစ်ဈေးရှိသဖြင့် လူသွားလူလာ များပြားချိန်ဖြစ်သော်လည်း စစ်ခေါင်း ဆောင် လာရောက်သွားသည်ကို သတိမထားမိကြောင်း အဆိုပါ ကျောင်းအနီးရှိ ဒေသခံများထံမှ သိရသည်။

    “တိတ်တိတ်လေး လာသွားတာ၊ လမ်းကြောင်းကားတစ်စီးမှမတွေ့ဘူး။ အရင်လူကြီးလမ်းကြောင်း ရှိတယ်ဆို ဆိုင်ကယ်ကယ်ရီတွေမထွက်ရဘူး။ လမ်းဘေးဆိုင်တွေပိတ်ရတာ။ ဒီနေ့ကျပုံမှန်ပဲ။ ထူးခြားတာဆိုလို့ ကျောင်းရှေ့မှာ အိမ်စီးကားတွေပဲတွေ့လိုက်တာ ” ဟု ဆိုင်ကယ်ကယ်ရီမောင်းသူ တစ်ဦးက ပြောသည်။

    စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပနေသည့် အင်းစိန်မြို့နယ်အတွင်းရှိ မဲရုံအချို့တွင် နံနက်ပိုင်း ၁၀ နာရီမှ ၁၂ နာရီအတွင်း မဲလာပေးသူ အနည်းငယ်သာ ရှိခဲ့ကြောင်း သိရသည်။

    “မင်းအောင်လှိုင် လာသွားတဲ့ အမှတ် (၄၃) ကျောင်းမဲရုံမှာတော့ လူတန်းစီတာ တွေ့ရတယ်။ အယောက် ၅၀ လောက် ရှိမယ်။ အခြားကျောင်းမဲရုံတွေမှာတော့ လူ ၃၀ လောက်ပဲ ရှိတယ်” ဟု မြို့သစ် (ခ) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

    အင်းစိန်မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာများအနက် ဆိုင်ကယ်ကယ်ရီမောင်းသူနှင့် ဆိုက်ကား သမား အများစုတွင်သာ မဲပေးထားသည့် လက်သန်းမင်ရာများ ရှိပြီး ကျန်ပြည်သူများတွင် တွေ့ရှိရမှု နည်းကြောင်း မြေပြင် သတင်းရင်းမြစ်က ဆိုသည်။

    စစ်ခေါင်းဆောင်သည် အင်းစိန်မြို့နယ်အပြင် လသာနှင့် လှိုင်မြို့နယ်ရှိ မဲရုံများကိုလည်း လိုက်လံကြည့်ရှု ခဲ့ပြီး ယခုကဲ့သို့ ကိုယ်တိုင်လှည့်လည်ခြင်းမှာ ဝန်ထမ်းများနှင့် ပြည်သူများကို တစ်ဖက်လှည့်ဖြင့် အကျပ်ကိုင် ဖိအားပေးလိုခြင်းသာ ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

  • ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံကြီး၏ကံကြမ္မာဟောကိန်း (လင်းညှို့တာရာ)

    ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံကြီး၏ကံကြမ္မာဟောကိန်း (လင်းညှို့တာရာ)

    ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံကြီး၏ကံကြမ္မာဟောကိန်း (လင်းညှို့တာရာ)

    ၁။ မြန်မာပြည်တွင်နေထိုင်ကြသော သူများအတွက် အခြားနှစ်များနဲ့ မတူညီဘဲ စီးပွါးရေးလုပ်ငန်းများ ပိုမိုချောင်ချိလာပါလိမ့်မည်။ ဘာသာရေးကို အခြေပြုပြီး ဘာသာရေးအသီးသီးတို့၏ ပဋိပက္ခများ ဖြစ်ပေါ်တတ်သည်။

    ၂။ ကြီးမားသော သတ္တုတွင်း ထူးခြားသောရတနာကြီးများ တူးဖော်ရရှိလိမ့်မည်။ မှတ်တမ်းမတင်ရသောအပင်တစ်မျိုးမျိုး သတ္တုတစ်မျိုးမျိုး တွေ့ရှိရလိမ့်မည်။ ရပ်ကျော်ရွာကျော်အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်ကဲ့သို့သော အဆိပ်မိသောဖြစ်စဉ်ကြီးတစ်ခု ဖြစ်ပွါးတတ်သည်။

    ၃။ ပင်လယ် မြစ်ချောင်း အင်းအိုင်အနားတွင် နေထိုင်ကြသောသူများ သတိထားသင့်သောနှစ်ဖြစ်ပါတယ်။ ဒီနှစ်က ရေနဲ့ပတ်သက်ပြီး ကံဆိုးမဲ့နှစ်တစ်နှစ် ဖြစ်တတ်ပါတယ်။ နိုင်ငံကျော်ကြားသောသူတစ်ဦးပါဝင်သည့် သင်္ဘောကြီးတစ်စီး နစ်မြုပ်ခြင်းဖြစ်တတ်သည်။

    ၄။ ရာဇဝတ်မှုကြီးများ ထူပြောလာတတ်ပြီး ၂၀၂၅ ထက်ဆိုးရွားသော ရာဇဝတ်မှု အများအပြားပေါ်ပေါက်တတ်သည်။ ရက်ရက်စက်စက်အမှုများစွာအား မြင်တွေ့ရလိမ့်မည်။

    ၅။ အပစ်အခတ်ရပ်စဲရေးများစတင်ပြီး ငြိမ်းချမ်းရေးစကားများ ပြောဆိုမှုများ ရှိလာလိမ့်မည်။ အဖွဲ့အစည်းအချို့ ပေါင်းစည်းမှုများ ဖြစ်လာလိမ့်မည်။ ရန်သူ ရန်သူချင်း စာရွက်ပေါ်အရ ငြိမ်းချမ်းမှုများ ရှိလာနိုင်ပြီး မိတ်ဆွေ မိတ်ဆွေချင်း ပဋိပက္ခများ ဖြစ်လာလိမ့်မည်။

    ၆။ မြို့ကြီးပြကြီး နာမည်ကြီးမြို့ နဲ့ နာမည်ကြီးနေရာတွေမှာ မီးလောင်မှုတွေ တစ်ခုထက် မနည်းဖြစ်ပေါ်လိမ့်မည်။ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုများတတ်သည်။ သမိုင်းဝင်အဆောက်အဦးတစ်ခုခုပါ ပျက်စီးသွားတတ်သည်။

    ၇။ ငုပ်လျှိုးနေသော မြန်မာ့ အနုပညာအချို့ ကမ္ဘာကျော်ကြားလိမ့်မည်။ မြန်မာအနုပညာနဲ့ပတ်သက်ပြီး တစ်ခမ်းတစ်နားဖော်ပြဖို့များ ရှိလာပါလိမ့်မည်။

    ၈။ ပိုမိုရှုပ်ထွေးလှသော နိုင်ငံရေးအခြေအနေများစွာ ဖြစ်ပေါ်လာတတ်ပြီး အချင်းချင်း နေရာလုကြခြင်းဖြစ်စဉ်များ ဖြစ်ပေါ်လိမ့်မည်။ စိတ်ဝင်စားစရာကောင်းသော နိုင်ငံရေးကစားဝိုင်းကို ဒီနှစ်ထဲမှာ မြင်ရပါလိမ့်အုန်းမည်။ အချင်းချင်းလည်းမတည့် မတည့်တဲ့သူအချင်းချင်းလည်းမတည့်ပေါ့။

    ၉။ စစ်ရေးစစ်ရာနှင့်ပတ်သက်ပြီး ဥပဒေသစ်များ ဖြစ်ပေါ်လာလိမ့်မည်။ လူမုန်းများသော စစ်တပ်ကို လူထုအမြင်ကနေဖျောက်ပြီး နိုင်ငံရေးကစားကွက်ပေါ်မှာ ကစားဖို့အတွက် ဥပဒေအသစ်များ ထွက်ပေါ်လာလိမ့်မည်။

    ၁၀။ ၂၀၂၆ မှာ စစ်ရေးစစ်ရာနဲ့ပတ်သက်ပြီး အားနည်းတာကို တွေ့ရပါသည်။ အရင်လိုနေရာတိုင်းများဖြစ်မနေတော့ဘဲ တစ်နေရာ တစ်ပြည်နယ် စတဲ့ အဓိကနေရာများတွင်သာ တိုက်ပွဲများဖြစ်ကြလိမ့်မည်။ အပျက်စီးလည်းများသလို အရင်လို ပြန်ပေးလိုက် ပြန်ယူလိုက်ဖြစ်စဉ်မျိုးမဟုတ်ဘဲ အပြီးသတ်တိုက်ပွဲလိုမျိုး ဖြစ်ပါလိမ့်မည်။

    ၁၁။ ၂၀၂၆ တွင် နိုင်ငံရေးခေါင်းဆောင်အသစ်များစွာ ပေါ်ပေါက်လာလိမ့်မည်။ အဖွဲ့အစည်းအစုံစုံ၏ အားကောင်းသော နိုင်ငံရေးလှုပ်ရှားများစွာကို မြင်တွေ့ရမှာဖြစ်ပြီး ပြည်သူတွေကို မျက်နှာချိုပြမဲ့နှစ်တစ်ခု ဖြစ်လာလိမ့်မည်။ တစ်ခုပဲ ပြည်သူတွေ ဘယ်မျက်နှာကို ကြည့်လို့ကြည့်ရမှန်းမသိတော့တဲ့အထိ ကွဲပြားမှုကြီးများ ဖြစ်လာမဲ့နှစ်တစ်နှစ်ပါ။

    ၁၂။ နိုင်ငံရေးဆိုင်ရာ သစ္စာဖောက်များကို ဟိုဘက် ဒီဘက် အဖွဲ့အစည်းတိုင်းမှာ မြင်ရတော့မှာမို့ ပြည်သူများ ပွဲကြည့်ရပါလိမ့်မည်။ ဒီပြဿနာကနေ အချင်းချင်းစိတ်ဝမ်းကွဲမှုများဖြစ်ပေါ်တတ်ပြီး အစဖျောက်ခြင်း လုပ်ကြံခြင်းအထိ သက်ရောက်နိုင်တတ်ပါသည်။

    ၁၃။ မျှော်လင့်နေကြသော နိုင်ငံရေးအကျဉ်းသားအချို့နဲ့ အချုပ်သားအချို့ လွတ်မြောက်ကြပါလိမ့်မည်။ နိုင်ငံရေးအမှုများနဲ့ပတ်သက်ပြီး ဖြေလျှော့ပေးသော ကြေငြာချက်များ အမိန့်စာများ ထုတ်ပြန်ပါလိမ့်မည်။

    ၁၄။ စကစကို အချို့နိုင်ငံအချို့က ဓာတုဗုံးများ ၊ စစ်လက်နက်များ နှင့် ပတ်သက်သော အကူညီပေးမှုများ ပေါ်ပေါ်ထင်ထင် ကူညီပေးကြလိမ့်မည်။ ပြည်သူများ အနာရောဂါနဲ့ပတ်သက်ပြီး သတိထားရလိမ့်မည်။

    ၁၅။ မကောင်းမှုများရော ကောင်းမှုများရော ဒွန်တွဲနေသောနှစ်ဆိုပေမယ့် ပြည်သူတွေကတော့ အရင်နှစ်တွေထက်တော့ နေရေး စားရေး သောက်ရေး စီးပွါးရေး သက်သာချောင်ချိပါလိမ့်မည်။ စကစရဲ့အစိုးရသစ်က ပြည်သူတွေကို ပျော်အောင် ချော့ကြမဲ့နှစ်ပေါ့။ ကြည့်နေ ကြည့်စားရမဲ့နှစ်ပါပဲ။

    ၁၆။ တရားမျှတမှုကို ကျင့်သုံးနေကြသော လူကောင်းများစွာ ပေါ်ပေါက်လာမှာဖြစ်သလို နိုင်ငံတော်ရဲ့တရားမျှတသော လူချစ်လူခင်များသော လူကြီးအချို့ကွယ်လွန် အနိစ္စရောက်ပါလိမ့်မည်။ ဘာသာရေးခေါင်းဆောင်အချို့ နဲ့ စာပေအနုပညာ နိုင်ငံရေးသမားဟောင်းကြီးများလည်း ပါဝင်ပါသည်။

    ၁၇။ ဂမ္ဘီရဆိုင်ရာ ထူးခြားဖြစ်ရပ်များ နဲ့ လောကီပညာမျိုးစုံ မီးဟုန်းဟုန်းတောက်၍ ထူးခြားမဲ့ နှစ်တစ်နှစ်ဖြစ်ပါလိမ့်မည်။ တန်ခိုးပြသောဘုရားများစွာတို့၏ နိမိတ်များစွာတို့ကို အများဆုံးမြင်ရပါလိမ့်မည်။ မတရားသောအကြောင်းများနဲ့ ပိတ်လှောင်ထားသော နတ်များလည်း စတင်လွတ်မြောက်လာပါလိမ့်မည်။

    ၁၈။ ရေနဲ့ပတ်သက်သော ကောင်းခြင်း ဆိုးခြင်းနိမိတ်များ တွေ့ရပါတယ်။ ရေကြောင့်အကျိုးတွေရသလို ရေကြောင့်ပြဿနာတွေတက်ရပါလိမ့်အုန်းမည်။

    ၁၉။ မြန်မာပြည်မှ နိုင်ငံတကာအထိ ကျော်ကြားမည့်သူများ ထွက်ပေါ်လာပါလိမ့်မည်။

    ၂၀။ စစ်ကောင်စီအနေနဲ့ အစိုးရအသစ်ကို ခေါင်းပြောင်းပေးပြီးနောက် နိုင်ငံဇာတ်ခုံအနောက်မှာနေထိုင်၍ ရုပ်သေးအစိုးရအဖြစ် ဆောင်ရွက်တော့မှာဖြစ်ပြီး စကစနဲ့ပတ်သက်သော နိုင်ငံတကာ၏ အရေးယူမှုများကို လက်တစ်လုံးကြားဖြင့် လူစားထိုးကာ ထိုးကြွေးပါလိမ့်မည်။

    ၂၁။ ဘဏ်လုပ်ငန်းများနဲ့ပတ်သက်ပြီး ကောင်းသောအကျိုးဘက်ကို ရောက်ရှိလာမှာဖြစ်ပြီး ဒေါ်လာစျေး ငွေစျေးများလည်း အပြောင်းအလဲဖြစ်ပေါ်လာတော့မှာပဲ ဖြစ်ပါသည်။

    ၂၂။ ကမ္ဘာ့စစ်မီးများကတော့ ဖြစ်နေမှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံကြီးတွေကြားထဲလည်း အရှုပ်အထွေးများ ဖြစ်ပေါ်လိမ့်မည်။ မီးနည်းနည်းစလောင်တော့မည်။

    ၂၃။ စစ်ရေးစစ်ရာက နေရာတိုင်းမှာ ဖြစ်မှာမဟုတ်တော့တဲ့အတွက်ကြောင့် စစ်ရေးကြောင့် ကွယ်လွန်မှုများသည် ၂၀၂၅ ၂၀၂၄ ထက် အများကြီး ကျဆင်းသွားပါလိမ့်မည်။ ပြည်သူများအတွက် ရည်ရွယ်ပြီး ဥပဒေများကို ပြင်ဆင်ပေးတာမျိုးတွေ ရှိလာလိမ့်မည်။ အချို့ဥပဒေတွေက အချို့သောနိုင်ငံရေးပေါ်ကလူကြီးတွေအတွက် အကာကွယ်ကိုဖြစ်စေလိမ့်မည်။

    ၂၄။ လူဟောင်းများသည် နောက်ဆုတ်ကြပြီး လူသစ်များကို နေရာပေးတင်ကြလိမ့်မည်။ တရုတ် နဲ့ ရုရှားတို့ နိုင်ငံအရေးကို ပေါ်ပေါ်ထင်ထင်နဲ့ ပတ်သက်ကြလိမ့်မည်။

    (၂၄)ချက်တိတိကို ဟောပြောလိုက်ရပါသည်။ ကျန်ရှိနေသောကိစ္စများ နဲ့ အချို့သောဆိုးရွားမည့် ကပ်ဘေးအချို့များကို နီးကပ်လာသည့်အခါ ဖော်ပြပေးပါမည်။

    ဒီနှစ်ကတော့ ရေဘေး နဲ့ မီးဘေးလောက်ပဲ သတိထားကြဖို့ပြောချင်ပါတယ်။

    မြေငလျင်ဘေးကတော့ အနည်းငယ်ရှိသေးတယ်ဆိုပေမယ့် ၂၀၂၅ လောက်တော့ အခြေအနေဆိုးဆိုးရွားရွား မရှိနေပါဘူး။ အများမျှော်လင့်နေတဲ့ စကစကို အမေရိကန်က ဝင်ဖမ်းတဲ့နိမိတ်တော့ မတွေ့ရသေးဘူး။

    အမေစု နဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်တော့ နိမိတ်ကောင်းလေးတွေတော့ တွေ့ပါတယ်။

    ရွေးကောက်ပွဲအသစ်နဲ့ပတ်သက်ပြီး ပြဿနာလေးတွေတက်လာဖို့တွေရှိလာတတ်ပါတယ်။

    ဒင်းတို့လိုတော့ အာဏာပြန်မသိမ်းနိုင်ကြတော့ မကြည့်ချင်ဘဲ ကြည့်နေရတဲ့ ပါတီအချို့ကို မြင်ရပါလိမ့်မယ်။

    နိမိတ်တွေကတော့ နိုင်ငံရေးကိစ္စတွေပဲ များနေပါတယ်။

    ဒီနိုင်ငံလည်း အဲ့ကိစ္စကလွဲပီး ကျန်တာတွေ ထူးခြားလည်း လူတွေက သိပ်ပြီးအံ့ဩနေမှာတော့မဟုတ်တော့ဘူးမလား။

    ပြည်သူတွေဘက်ကနေကြည့်ရင်တော့ အကောင်းများတဲ့နှစ်ပါ။

    နိုင်ငံရေးအရကြည့်ရင်တော့ အရမ်းရှုပ်ယှက်ခတ်နေသောနှစ်ပါ။

    မကောင်းသောဟောကိန်းများ တက်တက်စင်အောင်လွဲချော်၍ ကောင်းသောဟောကိန်းများ မှန်ကန်မှုအပြည့်ဖြစ်ပါစေ။

    လင်းညှို့တာရာ

  • စစ်​တွေမြို့သိမ်းစစ်ဆင်ရေးမှာကြွေခဲ့တဲ့ အာရက္ခတပ်​တော်ကြယ်တစ်ပွင့်

    စစ်​တွေမြို့သိမ်းစစ်ဆင်ရေးမှာကြွေခဲ့တဲ့ အာရက္ခတပ်​တော်ကြယ်တစ်ပွင့်

    စစ်​တွေမြို့သိမ်းစစ်ဆင်ရေးမှာကြွေခဲ့တဲ့ အာရက္ခတပ်​တော်ကြယ်တစ်ပွင့်

    စစ်တွေမြို့ကို ထိုးစစ်ဆင်တဲ့ တိုက်ပွဲမှာ အာရက္ခတပ်တော်(AA)ရဲ့ ဗိုလ်မှူးတစ်ဦး ကျဆုံးခဲ့ပြီး ကြီးမားလွန်းတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ မိတ်ဆွေဖြစ်သူတွေက ​ပြောပါတယ်။

    စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်း မြို့အစပ် ရှေ့တန်းတစ်နေရာမှာ စစ်ရေးကွပ်ကဲမှု တာဝန်ယူထားတဲ့ အာရက္ခတပ်​တော်ရဲ့ တပ်ရင်းမှူးတဦးဖြစ်တဲ့ ဗိုလ်မှူးထက်မြတ်သိန်းဟာ ဒီဇင်ဘာ ၃၁ ရက်နေ့က တိုက်ပွဲမှာ သေနတ်ကျည်ထိမှန်ပြီး ကျဆုံးခဲ့တာပါ။

    “မြေပြင်တိုက်ပွဲကိုရှေ့ကနေ ကွပ်ကဲတာပါ။ ကျည်ထိသွားတာ။ ကျတော်တို့ အလွန်စိတ်ထိခိုက်ရပါတယ်။ သူ့အကြောင်းပဲ ပြောနေကြတယ်”လို့ ဗိုလ်မှူးထက်မြတ်သိန်းရဲ့ မိတ်ဆွေတစ်ဦးကပြောပါတယ်။

    ဗိုလ်မှူးထက်မြတ်သိန်းဟာ မာန်အောင်မြို့ဇာတိဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့သူပါ။

    AAတပ်ဖွဲ့ဝင်အဖြစ် ပါဝင်ရင်း သူ့ရဲ့ သတ္တိရှိမှု၊ ဦးဆောင်နိုင်မှုတွေကြောင့် အသက် ၃၀ ခန့်အရွယ်မှာတင် ဗိုလ်မူးအဆင့်အထိ တာဝန်ပေးအပ်ခံရတာလို့ သိရပါတယ်။

    ကျဆုံးချိန်မှာ အသက် ၃၁ နှစ်အရွယ်ရှိပြီး ဇနီးနဲ့ ကလေးငယ် ကျန်ရစ်ခဲ့ပါတယ်။

    AA ဟာ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလဆန်းတိုက်ပွဲတွေမှာ စစ်တွေမြို့ကဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကာကင်စခန်းနှစ်ခုကို သိမ်းယူခဲ့ပါတယ်။

    တော်ကန် နဲ့ ဂန့်ဂေါ်ကျွန်းနားက ကာကင်းနှစ်ခုကို ရတာဖြစ်ပြီးဒဏ်ရာတွေနဲ့ကျန်ခဲ့တဲ့သူတွေကို ဖမ်းမိတာလို့ ရခိုင်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

    တိုက်ပွဲတွေထဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီးစစ်သုံ့ပန်း ၄၀ ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ စုံစမ်းသိရပါတယ်။

    ဒါ​ကြောင့်စစ်တွေကို လေကြောင်းကနေ အင်အားဖြည့်နေတယ်လို့ သတင်းရရှိပါတယ်။

    စစ်တွေမြို့ဟာ စစ်ကောင်စီ ခြေကုပ်ယူထားတဲ့ အဓိကမြို့ဖြစ်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)အပြင် ရဲတပ်ရင်း(၁၂)မှာလည်း အခိုင်အမာတပ်စွဲထားပါတယ်။

    စစ်တွေမြို့ပတ်ဝန်းကျင်က ကျေးရွာတွေမှာနေတဲ့ ဒေသခံတွေကို စစ်တပ်က ဖယ်ရှားခိုင်းထားပြီး ပင်လယ်ထွက်ပေါက်ကိုလည်း ပိတ်ထားပါတယ်။

    ဗိုလ်မှူးထက်မြတ်သိန်းကျဆုံးမှုအတွက် ဝမ်းနည်းကြောင်းကို မိတ်ဆွေတွေက လူမှုကွန်ရက်ပေါ်မှာ ရေးသားမျှဝေနေကြပါတယ်။

    အာရက္ခတပ်တော်ဆီမှာ စစ်သားကြီးအဖြစ် ပြန်ဝင်စားဖို့ ဆုတောင်းတယ်လို့​တောင် မိတ်​​ဆွေအချို့က​ရေးသားပါတယ်။

    မြို့သိမ်းတိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲ သတင်းထုတ်ပြန်ချက်တွေမှာ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးတဲ့ တပ်ဖွဲ့ဝင်တွေအတွက် လေးစားဂုဏ်ပြုကြောင်း၊ စွန့်လွှတ်ပေးဆပ်မှုအတွက် အမြဲတစေ အမှတ်ရနေမှာဖြစ်ကြောင်း AAက ဖော်ပြလေ့ရှိပါတယ်။

    ဗိုလ်မှူးထက်မြတ်သိန်းရဲ့ မိသားစုကိုလည်း AAတာဝန်ရှိသူတွေက အကူအညီတွေ ပေးနေတယ်လို့ ရခိုင်သတင်းရင်းမြစ်က ပြောပါတယ်။

    “ဂါရဝပြုပါ​ရေဗိုလ်မှူး။ မြင့်မြတ်စွာ စွန့်စားသူအတွက် မြင့်မြတ်​တေဘုံကို​ ​ရောက်ပြီးသားပါ”လို့ ရခိုင်တိုင်းရင်းသားစာရေးဆရာဝေဟင်အောင်က ရေးသားထားပါတယ်။

    (ကျဆုံးခဲ့တဲ့AAတပ်ရင်းမှူးတဦးဖြစ်တဲ့ ဗိုလ်မှူးထက်မြတ်သိန်း။ ဗိုလ်မှူး ထက်မြတ်သိန်း နာ​ရေး။ ဓါတ်ပုံ-APM )

  • အာရက္ခဆေးပညာသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာခေါ်ယူနေ

    အာရက္ခဆေးပညာသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာခေါ်ယူနေ

    အာရက္ခဆေးပညာသိပ္ပံကျောင်း၏ ဝင်ခွင့်လျှောက်လွှာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်ရှိ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ခေါ်ယူနေပြီဟု သိရသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက် ရက်စွဲဖြင့် စတင်ခေါ်ယူနေခြင်းကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်တွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

    အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် အာရက္ခပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်၊ အာရက္ခဒေသအတွင်းနေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ယခင်ကထက် ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဆေးပညာရှင်ဆရာဝန်လိုအပ်နေမှုကို ပြည့်မီနိုင်ရန်အတွက် ဆေးပညာကို ဝါသနာပါပြီး အသက်မွေးဝမ်းကျောင်းပြုလိုသော အာရက္ခမျိုးဆက်သစ်လူငယ်များ၊ အာရက္ခတိုင်းပြည်တည်ဆောက်ရေးအခန်းကဏ္ဍတွင် ဆေးဖက်ဆိုင်ရာတာဝန်များကို အမျိုးသားရေးအသိတရားဖြင့် တာဝန်ယူလိုစိတ်အပြည့်ရှိကြသော တိုင်းချစ်၊ ပြည်ချစ်လူငယ်များအတွက် အဓိက ရည်ရွယ်ပြီး ယခုကျောင်းကို ဖွင့်လှစ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အဆိုပါကျောင်းဝင်ခွင့်လျှောက်ထားလိုသူများအတွက် လိုအပ်သည့်အရည်အချင်းများကိုလည်း ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားသည်။

    ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ပြီး အခက်အခဲဖြစ်နေကြသည့် ရခိုင်ပြည်သူများအတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် ဆေးပဒေသာစိုက်ထူနိုင်ကြောင်းလည်း မကြာသေးခင်က ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လအတွင်းကလည်း အသက်၂၅ အောက်အမျိုးသမီးများအတွက် သားဖွားအတတ်အပညာသင်တန်း လျှောက်လွှာကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ခေါ်ယူခဲ့သည်။

    ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂)သင်တန်းကို သင်တန်းသား ၁ဝဝ ခန့်ဖြင့် ဖွင့်လှစ်ခဲ့သေးသည်။

  • အောင်မြင်စစ်ဆင်ရေးနောက်ဆက်တွဲ မြို့လေးခုက စစ်တပ်နေရာ ၈ခုကို PDF ထပ်မံထိုးစစ်ဆင်တိုက်ခိုက်

    အောင်မြင်စစ်ဆင်ရေးနောက်ဆက်တွဲ မြို့လေးခုက စစ်တပ်နေရာ ၈ခုကို PDF ထပ်မံထိုးစစ်ဆင်တိုက်ခိုက်

    စစ်ဆင်ရေးကာလ ၅ရက်အတွင်း စစ်တပ်စခန်းနေရာ ၂၆ ခုကို ထိုးစစ်ဆင်တိုက်ခိုက်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ထန်းတပင်မြို့နယ်နဲ့ မင်းလှ၊ ပေါင်းတည်မြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒီကနေ့ ဇန်နဝါရီ ၁၁ရက်မှာ ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

    ဇန်နဝါရီ ၇ရက်နဲ့ ၉ရက်က မင်းလှ၊ ဇီးကုန်း၊ နတ်တလင်း၊ တောကျွဲအင်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၈ခုကို ပဲခူးတိုင်းစစ်ဌာန PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ စစ်ဆင်ရေးဆက်လုပ်ဆောင်တာဖြစ်ပါတယ်။ ဇန်နဝါရီ ၇ရက်က နတ်တလင်း၊ဇီးကုန်းနဲ့ မင်းလှက စစ်ကောင်စီတပ်စခန်း ၄ခုကို တပြိုင်တည်းထိုးစစ်ဆင်ခဲ့သလို ဇန်နဝါရီ ၉ရက်မှာ တောကျွဲအင်းအပါအဝင် ဒေသတွေင်းက စစ်ကောင်စီ စခန်း ၁၄ခုကို တိုက်ခိုက်တဲ့ စစ်ဆင်ရေး ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

    ဒီကနေ့ စစ်ဆင်ရေးမှာ ဖြူးမြို့နယ် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ အကြမ်းဖက်စစ်တပ် ဆာဂွန်းဂိတ်အထိုင်စခန်း၊ ထန်းတပင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖော်ဆောင်တဲ့ အထွေထွေအုပ်ချုပ်ရေးရုံး၊ ထန်းတပင်မြို့နယ်ရဲစခန်း တိုက်ခိုက်ခဲ့ဟု ဖော်ပြပါတယ်။

    ဆာဂွန်းဂိတ်အထိုင်စခန်းတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုသေဆုံးမှုများခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ထန်းတပင်မြို့နယ်အတွင်း ထွေအုပ်ရုံး တိုက်ခိုက်မှုမှာ အစည်းအဝေးပြုလုပ်‌နေတဲ့ စစ်ကောင်စီ ထောက်တိုင် ခရိုင် ဒု – ညွှန်ကြားရေးမှူး (၁)ဦးသေဆုံးပြီး အခြားဌာနဆိုင်ရာဝန်ထမ်း အများအပြားထိခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။

    ထန်းတပင်မြို့နယ်ရဲစခန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၂ဦးသေဆုံးပြီး ဗိုလ်မှူး(၁)ဦး အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦးခန့် ထိခိုက်ခဲ့ကြောင်း ပဲခူးတိုင်း စစ်ဌာနက ထုတ်ပြန်ပါတယ်။

    ဒ့ါအပြင် မင်းလှမြို့နယ်မှာလည်း စစ်ကောင်စီ ရွေးကောက်ပွဲ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒီမနက်မှာ ဟန့်တားဖောက်ခွဲတိုက်ခိုက်ခဲ့သလို ပေါင်းတည်မြို့နယ်အတွင်း နေရာ(၃)ခုမှာလည်း စစ်တပ် ရွေးကောက်ပွဲ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ် ထိခိုက်သေဆုံး မသိရသေးပါဘူး။ ဒါ့အပြင် ပေါင်းတည် ပေါက်တောရွာက စစ်ကောင်စီရဲ့ ခမရ(၁၀)တပ်ရင်းကိုလည်း ဒီကနေ့မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

    ဒီကနေ့ စစ်ဆင်ရေးတွေကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဒရုန်းအဖွဲ့၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၄)၊ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၆၀၁) တပ်ရင်း၊ အမှတ်(၃) ဧရာဝတီတပ်ရင်း၊ ဖြူးမြို့နယ်ပကဖ၊ မင်းလှမြို့နယ်ပကဖ တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း အသိပေးပါတယ်။

    ပဲခူးတိုင်း စစ်ဌာနအနေနဲ့ ၅ရက်အတွင်း ထိုးစစ် ၃ခုဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်စခန်း နဲ့ တပ်စွဲရာနေရာ ၂၆နေရာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၉ရက် စစ်ဆင်ရေးမှာတော့ တောကျွဲအင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေအများအပြား သိမ်းရခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်းလည်း ပဲခူးတိုင်း စစ်ဌာနက ထုတ်ပြန်ထားပါတယ်။

    လက်ရှိအချိန်မှာ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာန စစ်ဆင်ရေး နယ်‌မြေအတွင်းစစ်ရေးအခြေအနေများ တင်းမာလျက်ရှိနေပြီး ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်စခန်းအနီး ဝန်းကျင် မလိုအပ်ဘဲ မသွားကြဖို့ ပဲခူးတိုင်း စစ်ဌာနက ထပ်မံ အသိပေးထုတ်ပြန်ပါတယ်။

    (အောင်မြင်စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် ပဲခူးတိုင်းအတွင်းက မြို့နယ်အချို့ကို တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန)