Category: News

  • စစ်ကော်မရှင်၏လက်နက်ထုတ်လုပ်ရေး “အသက်သွေးကြော” ကို PDF များဖြတ်တောက်

    စစ်ကော်မရှင်၏လက်နက်ထုတ်လုပ်ရေး “အသက်သွေးကြော” ကို PDF များဖြတ်တောက်

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ အဓိက လက်နက်ထုတ်လုပ်ရေး အခြေစိုက်စခန်းများနှင့်ထောက်ပံ့ရေး လမ်းကြောင်းများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက နှစ်သစ်ကူးကာလအတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

    စစ်ကော်မရှင်တပ်၏ လက်နက်ထုတ်စက်ရုံ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂)သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေး ဓာတ်တိုင်များကို နှစ်သစ်ကူးကာလအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပခုက္ကူခရိုင်စစ်ဌာနက ယမန်နေ့(ဇန်နဝါရီလ ၁ ရက်)တွင် ထုတ်ပြန်ထားသည်။

    ကပစ ၂၂ စက်ရုံကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဓာတ်တိုင်များအား မိုင်းခွဲဖျက်ဆီး ခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ပခုက္ကူခရိုင်စစ်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မိုင်းခွဲဖျက်ဆီးလိုက်သည့် ဓာတ်တိုင်အရေအတွက်နှင့် တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ အတည်ပြုနိုင်ခြင်းမရှိပါ။

    လက်နက်ထုတ် စက်ရုံကို တိုက်ခိုက်ခြင်း၊ ထိုစက်ရုံလည်ပတ်နိုင်ရန် သွယ်တန်းထားသည့် ဓာတ်တိုင်များကို ဖျက်ဆီးနိုင်ခြင်းတို့သည် စစ်ရေးအရ အရေးပါသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ပခုက္ကူလူထုတိုက်ပွဲကော်မတီမှ ကိုစိုးထွဋ်ဝင်းကပြောသည်။

    “စစ်တပ်အတွက် ကပစ တွေက တော်တော်လေးကို အရေးပါတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒီကပစတွေကနေ ပြည်သူတွေကိုဒုက္ခပေးနိုင်တဲ့ ကိစ္စတွေ၊ ပြည်သူတွေကို စစ်ဘေးရှောင်ရအောင် ပစ္စည်းတွေထုတ်ပေးနေတာ။ စစ်တပ်ကို ထောက်ပံ့နိုင်တဲ့ကိစ္စတွေကို အမြန်ဆုံးဖြတ်တောက်နိုင်မှသာလျှင် စစ်ရေးအရအသာစီး ရမှာဖြစ်ပါတယ်”ဟု ကိုစိုးထွဋ်ဝင်းက ပြောသည်။​

    အလားတူ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ ၂၁၊ ကပစ ၂၂ နှင့် ပေါက်မြို့နယ်အတွင်းရှိ ကပစ ၂၄ တို့ဆီသို့ သွယ်တန်းထားသည့်ဓာတ်တိုင်ပေါင်း ၁၀၀ ကျော်ကိုလည်း တပြိုင်နက်တည်း မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

    ထို့အပြင် ဒီဇင်ဘာလ ၂၃ ရက်တွင်လည်း ဆိပ်ဖြူမြို့မြောက်ဘက် မိုင် ၃၀ အကွာရှိ ကပစ ၂၂နှင့် ထိုနေရာသို့ လျှပ်စစ်သွယ်တန်းထားသည့် ဓာတ်တိုင်များကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင်စစ်ဌာနက ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

    ကပစ ၂၁ သည် ဆိပ်ဖြူမြို့နှင့် မိုင် ၃၀ အကွာရှိ ပေါက်ခုံကျေးရွာနှင့် ငှက်ပြာကြီးကျေးရွာအနီးတွင် တည်ရှိပြီး စစ်တပ်အတွက်လေယာဉ်ဗုံးများ အဓိကထုတ်လုပ်သည့် လက်နက်စက်ရုံဖြစ်သည်။​ ကပစ ၂၂ သည် စစ်ကော်မရှင်တပ်၏ အထူးတပ်ဖွဲ့သုံးရိုင်ဖယ်အမျိုးအစားဖြစ်သည့် Mark 1, Mark 2, Mark 3, Mark 4 လက်နက်ငယ်များကို အဓိကထုတ်လုပ်သည့် စက်ရုံဖြစ်သည်။

    ဒီဇင်ဘာလ ၃၀ ရက်တွင်လည်း ဆိပ်ဖြူမြို့နယ်မှ ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို ဒေသတွင်းရှိ ကာကွယ်ရေးတပ်များစုပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြစဉ် လက်နက်ရှစ်လက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ပခုက္ကူခရိုင်စစ်ဌာနကဆိုသည်။

    ဆိပ်ဖြူမြို့ပေါ်မှ ထွက်လာသည့် စစ်ကားလေးစီးကို လာရောက်ကြိုဆိုသည့် ကားများကို ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံး၍ သုံးဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး 79 အမျိုးအစားစက်သေနတ်တစ်လက်၊ MA-1လေးလက်၊ MA-3 သုံးလက်နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

    ဆိပ်ဖြူမြို့တောင်ဘက် နှစ်မိုင်ကျော်ရှိ သံဇလုံရွာတွင် အထိုင်ချထားသည့် စစ်တပ်စစ်ဆေးရေး ဂိတ်ကိုလည်း ပခုက္ကူခရိုင် PDF စုဖွဲ့စစ်ကြောင်း ၁၊ ပခုက္ကူခရိုင် PDF တပ်ရင်း အမှတ် (၄)နှင့် (၁၉) တို့ပူးပေါင်း၍ ဒီဇင်ဘာလ ၂၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းပခုက္ကူခရိုင်စစ်ဌာနက ဆိုသည်။

  • ရေတပ်အရာရှိတစ်ဦးက မု-ဒိမ်းကျင့်ပြီး ကားနောက်မှာ ကိုယ်လုံးတီး ပစ်ထားခဲ့

    ရေတပ်အရာရှိတစ်ဦးက မု-ဒိမ်းကျင့်ပြီး ကားနောက်မှာ ကိုယ်လုံးတီး ပစ်ထားခဲ့

    အမျိုးသမီးတစ်ဦးကို ရေတပ်အရာရှိတစ်ဦးက မု-ဒိမ်းကျင့်ပြီး ကားနောက်မှာ ကိုယ်လုံးတီး ပစ်ထားခဲ့လို့ လျော်ကြေးပေးပြီး ကျေအေးလိုက်ရ

    ထိုင်းရေတပ်အရာရှိတစ်ဦးဟာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မု-ဒိမ်းကျင့်ပြီးနောက် ထရပ်ကားအသေးစားရဲ့ နောက်ခန်းမှာ အဝတ်ဗလာနဲ့တင်ကာ အိမ်ပြန်လိုက်ပို့ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ချွန်ဘူရီ မှာ ဖြစ်ပွားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး နစ်နာသူအမျိုးသမီးက ဒီဇင်ဘာ ၃၀ ရက်နေ့မှာ Sattahip ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

    ဖြစ်စဉ်ကတော့ အမျိုးသမီးဟာ သူငယ်ချင်းတွေနဲ့အတူ ဆိုင်တစ်ဆိုင်မှာ သောက်စားနေစဉ် အဲဒီအမျိုးသားက အိမ်လိုက်ပို့ပေးမယ်လို့ ပြောဆိုပြီး ခေါ်ဆောင်သွားခဲ့တာပါ။

    ဒါပေမယ့် သူမရဲ့နေအိမ်ကိုမပို့ဘဲ ရေတပ်၀န်ထမ်းအိမ်ရာကို ခေါ်သွားပြီး အခန်းထဲခေါ်မရတဲ့အဆုံး ရပ်ထားတဲ့ ကားပေါ်မှာပဲ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

    ကျူးလွန်ပြီးနောက်မှာတော့ အမျိုးသမီးကို ကားနောက်ခန်းမှာ အဝတ်ဗလာနဲ့တင်ပြီး ၅၊ ၆ ကီလိုမီတာလောက်ဝေးတဲ့ သူမရဲ့အိမ်အထိ မောင်းနှင်ပို့ဆောင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

    ထိုင်းရေတပ် ပြောရေးဆိုခွင့်ရှိသူ Parat Rattanachaiphan က သံသယရှိသူဟာ ရေတပ်အရာရှိမှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

    ပြစ်မှုထင်ရှားရင် ဥပဒေအရ အရေးယူမှာဖြစ်ပြီး ရေတပ်အနေနဲ့ ဘယ်လိုအကာအကွယ်မျိုးမှ ပေးမှာမဟုတ်ဘူးလို့လည်း သူက အလေးအနက် ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် နောက်ဆုံးမှာတော့ ကျူးလွန်သူဘက်က နစ်နာကြေးငွေ ဘတ် ၁ သိန်း ၈ သောင်း ပေးလျော်ဖို့ သဘောတူခဲ့တာကြောင့် နစ်နာသူအမျိုးသမီးက အမှုပြန်ရုပ်သိမ်းသွားခဲ့တယ်လို့ Matichon သတင်းဌာနက ဖော်ပြထားပါတယ်။

    Ref : Thethaiger

    Ko Sai

  • မကွေးသောင်ပြင်မှာ ဝင်ကြေးကောက်နေ

    မကွေးသောင်ပြင်မှာ ဝင်ကြေးကောက်နေ

    မကွေးမြို့က ဧရာဝတီမြစ်သောင်ပြင်ကို ဝင်ကြေးပေးပြီးသွားရောက်နေရတယ်လို့ မကွေးမြို့ခံတွေက ပြောပါတယ်။

    နေ့စဉ် လာရောက်အပန်းဖြေသူ ဦးရေ ရာနဲ့ချီရှိတဲ့ မကွေးမြို့သောင်ပြင်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝါးတွေနဲ့အတားဆီးလုပ်ပြီး လူတစ်ဦးကို ဝင်ကြေးအဖြစ် ၅၀၀ ကောက်နေတယ်လို့သိရပါတယ်။

    “အခါတိုင်းနှစ်အဲဒီလောက်လူမစည်ဘူး ဒီနှစ်မှာသဲသောင်ပြင် အတားဆီးလုပ်ပြီး ဝင်ကြေး ကောက်တာ။ Tiktok မှာ တွေ့ပြီး လာရောက်အပန်းဖြေသူများလာတာ။ ထွေအုပ်က သူတို့ ရန်ပုံငွေပေါ့ဗျာ လုပ်စားတာပါဗျာ အရင်နှစ်တွေက နှစ်တိုင်းပဲ မကွေး တံတား အောက်မြောက်ဘက်မှာ အပန်းဖြေ ဈေးဆိုင်ခန်းတွေ နှစ်တိုင်း ရှိတယ် ဘာပိုက်ဆံ မှာ မပေးရပါဘူး အဲဒီတုန်း က အခုလောက်ထိ လူမများဘူး။ အခုက မကွေးတံတား တောင်ဘက်မှာ သဲသောင်ပြင် ကျယ်တယ်” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

    နောက်ထပ်မြို့ခံအမျိုးသမီးတစ်ဦးကလည်း “ တို့နှစ်တိုင်းသွားနေကြ။ ကျောင်းတက်တုန်းကလည်းအမြဲသွားတာ အဲလိုသာပေးရရင် ငါတို့မွဲနေလောက်ပြီ” လို့ မှတ်ချက်ပြုပါတယ်။

    ဒီဇင်ဘာ ၃၁ရက်ညကလည်း မကွေးကမ်းနားလမ်းမှာ နှစ်သစ်ကူးအနေနဲ့ နဂါးမယ်တော်လို့ လူသိများတဲ့ အေမီဈာန်နဲ့ အဖွဲ့သားတွေကို ငှားပြီးဖျော်ဖြေပွဲလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

    ဒီဇင်ဘာ ၂၅ ရက်မှာတော့ ဆင်ဖြူကျွန်းကနေ စစ်ရှောင်လာတဲ့ မြို့ခံတွေဟာ အိမ်ငှားဖို့အခက်ခဲရှိကြတာကြောင့် သောင်ပြင်မှာ တဲထိုးနေကြတာတွေ့ပြီး အခုတော့မတွေ့တော့ဘူးလို့ မြို့ခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

  • ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရ

    ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရ

    ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်တစ်ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

    မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်းအတိုင်းအောက် မှ အထက်ဘက်ကိုဆန်တက် လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရေယာဉ်တစ်စီး တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) ဆီက သိရပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက် ည ၇ နာရီလောက်မှာ စစ်ကော်မရှင်တပ်သားတွေ ပြည်သူဆီက ချောဆွဲလာတဲ့ ဖလပ်ခွန်တစ်စီးကို အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    အခုလို ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန်ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ လောက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း တပ်မ ၉၉ လက်အောက်ခံ ဒုတပ်ကြပ်တစ်ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

    “သူတို့လာမှာသတင်းရလို့ကြိုတင်စောင့်ခဲ့တာ၊ ပြည်သူဖလပ်ခွန်ကို ချော်ဆွဲလာတယ် ပြည်သူတွေ တော့မပါဘူး ၊ ပစ်ခတ်မှုမှာ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး ကျနော်တို့က ကုန်းဘက်ကနေစောင့်ပြီးတော့ မြစ်ချောင်းကျဉ်းတဲ့နေရာကနေပစ်တာဆိုတော့ တိုက်ပွဲဖြစ်နေချိန် ခလရ (၂၅၇) ကနေ ဟောင်ဝှစ်ဇာ နဲ့ ပစ်ကူပေးတယ်” လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) မှတာဝန်ရှိသူက ပြောပါတယ်။

    ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်သားတွေဟာ မြစ်ဘေးကရွာတွေကို လက်နက်တွေ နဲ့ ဆက်တိုက်ပစ်ခတ်သွားပြီး ရေစကြိုမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

    လက်ရှိမှာတော့ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေဟာ ရေစကြိုမြို့နယ်ထဲကို စစ် ကြောင်းထိုးတာမျိုးမရှိပေမယ့်မြို့ထဲမှာတော့ လူအင်အားအများအပြားချထားပြီး လုံခြုံရေးတိုးမြင့်ထားတယ်လို့ဆိုပါတယ်။

    “ပစ်ခတ်မှုပြီးတော့ သူတို့ကရေစကြိုမြို့ကိုကပ်သွားတယ် အင်အားတွေချသွားတယ် အခုလောလောဆယ်ကတစ်ခြားစစ်ကြောင်းတွေတော့မရှိဘူး မြို့ပေါ်မှာတော့ အင်အားတွေတိုးချဲ့ချထားတာရှိတယ် သူတို့ရွေးကောက်ပွဲအတွက်ဖြစ်မယ်ထင်တယ် ပထမအကြိမ်ရွေးကောက်ပွဲတုန်းက ရေစကြိုမပါဘူး လေ” လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

    ဒီဇင်ဘာ ၅ ရက်နေ့ကလည်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဖူလုံရွာမှာ ဘီးလိယက်ထိုးနေတဲ့ ခလရ (၂၅၇) တပ်ကတပ်ရေးဗိုလ်ကြီးတစ်ယောက်ကို သွားရောက်ဖမ်းဆီး ခေါ်ဆောင်ချိန် ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

    ပုံစာ – ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တတ်လာတဲ့ စစ်အုပ်စုရေယာဉ် (ပုံဟောင်းအာ ပြန်လည်အသုံးပြုခြင်း)

  • ကသာမြို့မှာ စစ်တပ်အုပ်ချုပ်​ရေးယန္တရား လုံးဝရပ်ဆိုင်း

    ကသာမြို့မှာ စစ်တပ်အုပ်ချုပ်​ရေးယန္တရား လုံးဝရပ်ဆိုင်း

    ထွက်​ပြေးတဲ့စစ်​ကောင်စီဝန်ထမ်း​တွေကို စစ်တပ်က ထွက်ခွင့်မ​ပေး​တော့

    ကသာမြို့မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားလုံးဝရပ်ဆိုင်းသွားပြီဖြစ်သလို အမှတ် ၃၀၉ ​ခြေမြန်တပ်ရင်း(ခမရ ၃၀၉)ထဲ ထွက်ပြေးတဲ့ စစ်​ကောင်စီဝန်ထမ်းတွေကို စစ်တပ်က ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတယ်လို့ သတင်းရရှိပါတယ်။

    မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့စခန်းတွေအနက် အချို့ကို ​တော်လှန်​ရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်တဲ့အခါ စစ်သားနဲ့ Non CDM ဝန်ထမ်းတွေက မြို့ပြင်မှာရှိတဲ့ ခမရ(၃၀၉)ထဲကိုထွက်​ပြေး သွားရောက်စုစည်းနေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

    “မြို့ထဲကိုဗုံးကြဲတာအထိအခိုက်ရှိတယ်။ ရက်ကွက်(၉)ထဲမှာ လူသေဆုံးတာရှိတယ်။ စစ်တပ်က သူတို့တပ်စွဲထားတဲ့ အထက(၂)ကျောင်းကနေဆုတ်ပြီး ကျောင်းကို ပြန်ဗုံးကြဲသွားလို့ ကျောင်းမီးလောင်သွားပြီ”လို့ဒေသခံတဦးကပြောပါတယ်။

    ကသာမြို့မှာ စစ်တပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာလ၂၈ရက်မနက်အစောပိုင်းမှာ PDF ​တွေအပါအဝင်​တော်လှန်​ရေးတပ်​တွေက စတင်တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေတာပါ။

    ဇန်နဝါရီ ၂ ရက်အထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မြို့ခံတွေ ဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ကြိုးစားနေကြပါတယ်။

    ဇန်နဝါရီက ၁ရက်နေ့မှာ အရပ်သားပြည်သူတွေနဲ့အတူ စစ်ရှောင်အဖြစ်ဟန်ဆောင်ထွက်ပြေးတဲ့ စစ်တပ်လက်​အောက်ခံဝန်ထမ်း Non CDM ၅၀ ခန့်ကို​တော်လှန်​ရေးတပ်​တွေက ဖမ်းမိခဲ့ပါတယ်။

    ဇန်နဝါရီလ ၂ရက်နေ့မှာလည်း အရပ်သားတွေပြေးတဲ့ဘက်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံတွေဟာ မြို့ထဲကိုပြန်ဝင်ခဲ့ကြရပါတယ်။

    “ဒီနေ့က Non တွေနည်းနည်းပဲထပ်မိတယ်။ အရပ်သားတွေနဲ့ရောပြီးထွက်သလိုအရပ်သားတွေနဲ့ပဲ မြို့ထဲကို ပြန်ဝင်သွားတာ။ ကသာက ခရိုင်မြို့ဆိုတော့ Non တွေလည်း များတယ်” လို့မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

    Non CDM အချို့ဟာ ခမရ(၃၀၉)ထဲမှာ သွားရောက်စုစည်းနေစဉ် စစ်ကောင်စီကထွက်ခွာခွင့် မပေးတော့ဘဲ လက်နက်ထုတ်ပေးပြီး ခုခံခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။

    “၃၀၉ကို အားကိုးတဲ့ Non တွေဒုက္ခရောက်ပြီ။ စစ်ကောင်စီက မြိုပတ်ချာလည်အပြင်၃၀၉ ဘက်ကိုပါဗုံးကြဲနေတာ ” လို့ ဒေသခံသတင်းရင်းမြစ်ပြောပါတယ်။

    ခမရ(၃၀၉)ဟာ ကသာမြို့၊ပြည်သာယာ ရပ်ကွက်နဲ့ နီးပြီး မြို့အပြင်ဘက် တောင်ကုန်းမှာရှိပါတယ်။

    စစ်ကောင်စီက မြို့ပြင်ဘက်တွေကို လေကြောင်းကနေမကြာခဏတိုက်ခိုက်နေပါတယ်။

    ခမရ(၃၀၉) ကျတော့မှာမို့ ခုခံဖို့ဆိုပြီး စစ်တပ်ဝါဒဖြန့်ချိရေးစာမျက်နှာတွေက လူမှုကွန်ရက်ကနေအလှူခံနေတာလည်းတွေ့ရပါတယ်။

    မြို့ခံများစုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ အင်းတော်နဲ့ မော်လူးမြို့ဘက်အပြင် မြစ်ကြီးနားနဲ့မန္တလေးမြို့ဘက် စစ်ဘေးရှောင်ဖို့ ကြိုးစားနေကြပါတယ်။

    ဒေသခံတွေစစ်ရှောင်တဲ့လမ်းကြောင်းကို စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်း မြို့ကိုစွန့်ခွာထွက်ပြေးလာသူတချို့ကပြောပါတယ်။

    ကသာမြို့ကနေ ထွက်လာတဲ့ စစ်ဘေးရှောင်တွေကို အမျိူးသားညီညွတ်ရေးအစိုးရရဲ့ လူသားစာနာဌာနအပါအဝင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အကူအညီတွေပေးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း လုံခြုံရေးစောင့်ရှောက်မှုနဲ့ စစ်ဆေးမှုတွေလုပ်နေပါတယ်။