Category: News

  • နာ​ရေးအိမ်ကို စစ်တပ်ဗုံးကြဲ

    နာ​ရေးအိမ်ကို စစ်တပ်ဗုံးကြဲ

    ဗန်း​မော်မှာ နာ​ရေးအိမ်ကို စစ်တပ်ဗုံးကြဲပြည်သူ ၂၀ ဦးထက်မနည်း​သေဆုံး အများအပြားဒဏ်ရာရ

    ဗန်းမော်မြို့ရဲ့ဧရာဝတီမြစ်တစ်ဘက်ကမ်းမှာ ဒေသခံပြည်သူတွေက နာရေးအခမ်းအနားတစ်ခုအတွက် ဆု‌တောင်းပွဲလုပ်နေစဉ် အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ ၂၀ ဦး​မနည်း​ သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

    ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ကောင်ဂျာရွာအုပ်စု၊ ထီးလင်းကျောင်းရှေ့မှာ ဇန်နဝါရီ ၂၂ ရက်ညနေပိုင်းပြုလုပ်နေတဲ့ဆုတောင်းပွဲကို ညနေ ၄နာရီ ၃၀မိနစ်ခန့်မှာ စစ်တပ်ကဗုံးကြဲသွားတာလို့ ကချင်သတင်းရင်းမြစ်​တွေကပြောပါတယ်။

    “ဗန်းမော်နယ်ကိုဒီနေ့၄ကြိမ် ဗုံးကြဲတာပါ။ထီလင်းကျောင်းရှေ့မှာက ဒေသခံတွေ ဆုတောင်းပေးလုပ်နေတာ။အဲဒီနေရာကိုကြဲသွားတာ။ ရုပ်အလောင်း တချို့တစ်စစီပဲ။ သေဆုံးတာ ၂၀ထက် မနည်းပါဘူး။ စိစစ်နေဆဲပါပဲ”လို့ ၎င်းကပြောပါတယ်။

    ဒါအပြင်ဒဏ်ရာရသူအရေအတွက်လည်းများပြားပြီး အရေးပေါ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ဒေသခံအချို့​ပြောပါတယ်။

    ဗန်းမော်မြို့ပေါ်မှာတိုက်ပွဲပြင်းထန်နေ​ပေမယ့် စစ်ကောင်စီဗုံးကြဲတဲ့ကောင်ဂျာကျေးရွာအုပ်စုမှာ တိုက်ပွဲလုံးဝရှိမနေဘူးလို့ ဆိုပါတယ်။ ​ကျေးရွာမှာ​ဒေသခံ​တွေအပြင် စစ်​ဘေး​ရှောင်ပြည်သူ​တွေလာ​ရောက်ခိုလှုံ​နေကြတာလည်းရှိတယ်လို့သိရပါတယ်။

    ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထံလည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

    စစ်ကောင်စီ ဗုံးကြဲတဲ့နေရာဟာဒေသခံတစ်ဦးကွယ်လွန်လို့ မနက်ဖြန်မှာ ပြုလုပ်မယ့်နာရေးအတွက် အိမ်နီးချင်းဒေသခံတွေက ဆုတောင်းပွဲပြုလုပ်နေတာလို့ သတင်းရရှိပါတယ်။

    ဗုံးကြဲခံရပြီး ​နောက်မြင်ကွင်းကို ပြည်သူအချို့ကို ဖုန်းကင်မရာနဲ့ ဗီဒီယိုရိုက်ပြီး လူမှုကွန်ယက်မှာမျှ​ဝေထားတာမှာ ပြည်သူအများအပြား​သွေးသံရဲရဲ​သေဆုံး​နေတာကို မြင်​တွေ့ရပါတယ်။တချို့ရုပ်အ​လောင်း​တွေက ရုပ်ပျက်ဆင်းပျက်ဖြစ်​နေပါတယ်။

    “ဘယ်လိုလုပ်ရမတုန်း ၊ ဘယ်လိုလုပ်ရမတုန်း ဘာမှမရှိတဲ့ ပြည်သူလူထု​ရှေ့မှာ။ …..။ဘယ်လိုလုပ်ကြမတုန်း” လို့ ​ဒေသခံတဦးက အခင်းဖြစ်တဲဲ​​နေရာကို ဖုန်းကင်မရာနဲ့ ဗီဒိုယိုရိုက်ကူးရင်း​ပြောတာကိုလည်း​တွေ့ရပါတယ် ။

    နေပြည်တော်နဲ့ရန်ကုန်မြို့ကလွဲလို့ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေကိုစစ်တပ်ကဆက်တိုက်ပြုလုပ်​နေပါတယ်။

    စစ်တပ်က ပြည်သူ​တွေကိုပစ်မှတ်ထားပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၄ရက်အတွင်းနှစ်ကြိမ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

    ဇန်နဝါရီ၂၀ရက်ညကလည်းရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာအနောက်ဘက် နေရာတချို့ကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ၂၁ဦး သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးထိခိုက်ခဲ့သူတွေဟာ မကြာခင်ပြန်လွှတ်ပေးဖို့စီစဉ်ထားတဲ့ စစ်သုံ့ပန်းတွေနဲ့ သုံ့ပန်းမိသားစုဝင်တွေဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။

    ဒီနေ့လည်း စစ်ကိုင်းတိုင်းကနီမြို့နယ်ကို လေကြောင်းကနေလေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

    ဗုံးကြဲခံရပြီး​နောက် ​သေဆုံးသူတဦး၏အ​လောင်းကို လူတစ်ဦးကကြည့်ရှုစဥ်နဲ့ ဗုံးကြဲခံပြီး​နောက်မြင်ကွင်း

  • စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ဖမ်းဆီးခံရ

    စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ဖမ်းဆီးခံရ

    လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

    ဖမ်းဆီးခံရသူများမှာ စစ်တွေထောင်ပိုင်မောင်ဦး၊ ထောင်အရာရှိသူထွန်းကျော်နှင့်နောက်ထပ် ထောင်ဝန်ထမ်း၃ ဦးတို့ဖြစ်ကြသည်ဟု အမည်မဖော်လိုသည့် အကျဉ်းထောင်ဝန်ထမ်းမိသားစုတစ်ဦးကပြောသည်။

    ထောင်ပိုင်မောင်ဦးကိုဇန်နဝါရီလ ၁၈ ရက်ည ၁၀ နာရီခန့်တွင်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းကပြောဆိုသည်။

    “၁၂ရက်နေ့ ည ၈ နာရီမှာ စရဖက ထောင်ကို ဝင်စစ်ခဲ့တာရှိတယ်။ အဲ့ဒီနေ့ကတည်းကထောင်ထဲမှာ ထောင်သားဆီက ဖုန်းတွေ့လို့ ဒုအရာခံအပါအဝင် ထောင်ဝန်ထမ်း ၄ ယောက်၊ထောင်သား ၂ ယောက် အရေးယူခံရပြီး ထောင်ပိုင်အစစ်ဆေးခံနေခဲ့ရတာ။ ၁၈ရက်နေ့ကမှ ထောင်ပိုင်ကို ဖမ်းသွားတာပါ” ဟု ၎င်းက ပြောသည်။

    စစ်တွေထောင်တွင်ဘင်္ဂလားဒေ့ရှ်မှမွတ်ဆလင် အကျဉ်းသားနှင့် ရခိုင်မှ မွတ်ဆလင် အကျဉ်းသား အချင်းချင်းရန်ဖြစ်ကြစဉ် ဘင်္ဂလားဒေ့ရှ် မွတ်ဆလင် အကျဉ်းသားများက စစ်တွေရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကို ဖုန်းဆက် တိုင်ကြားခဲ့သည့်အတွက် စစ်ကော်မရှင်ကလည်းအဆိုပါဖြစ်စဉ်ကို သိရှိသွားပြီးနောက် ဇန်နဝါရီလ ၁၂ ရက် ည ၈ နာရီခန့်မှာ စရဖကစစ်တွေအကျဉ်းထောင်ကို ဝင်ရောက် စစ်ဆေးခဲ့သည်။

    ထိုဖြစ်စဉ်အတွင်း ထောင်သား ၂ ဦး နှင့် ဒုအရာခံဗိုလ် ထွန်းကျော်အပါအဝင် ထောင် ဝန်ထမ်း ၄ ဦးကို စရဖက ဖမ်းဆီးခဲ့ပြီး ထောင်ပိုင်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထောင်ပိုင်ကိုပါ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

    အကျဉ်းထောင်သားများဖုန်းသုံးခွင့်မရှိသော်လည်း ထောင်အတွင်းတွင်ငွေကြေး ရယူပြီး အသုံးပြုခွင့်ပေးထားရာမှပြဿနာတက်ပြီးနောက်ယခုကဲ့သို့ ဖမ်းဆီးမှု ဖြစ်ပွားလာခြင်းဖြစ်သည်။

    စစ်တွေထောင်ကို ဝင်ရောက်စစ်ဆေးစဉ်ဖုန်းအလုံး ၅၀ ခန့်ကို စရဖ အဖွဲ့က သိမ်းဆည်းရမိသွားသည်ဟုလည်း သိရသည်။

    (ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်)

  • Forbidden Land of Yin Mountain

    Forbidden Land of Yin Mountain

    Forbidden Land of Yin Mountain (2026)

    စိတ်ဝင်စားစရာကောင်းတဲ့ တရုတ်ရှေးဟောင်းသင်္ချာနဲ့ နက္ခတ်ဗေဒပညာတွေကိုအသုံးပြုပြီးဖြေရှင်းသွားတဲ့ ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းရေး အက်ရှင်ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။

    ၁၉၈၀ ခုနှစ်ပိုင်းမှာ ကျာဖန်ဆိုတဲ့လူငယ်လေးဟာ မိသားစုရဲ့ဇာစ်မြစ်ကိုမသိပဲ သာမန်သော့ပြင်ဆရာလေးတစ်ယောက်အဖြစ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းနေခဲ့ပါတယ်။

    တနေ့မှာတော့ လူဆိုးကြီးတစ်ယောက်လှည့်ဖျားတာခံရပြီးတော့ ကြီးမားတဲ့ယင်းတောင်တားမြစ်နယ်ထဲကိုရောက်သွားပါတယ်။

    လူဆိုးတွေရဲ့ခြိမ်းခြောက်မှုနဲ့ ရတနာတွေရဲ့သွေးဆောင်မှုတွေကြားမှာ ကျာဖန်တစ်ယောက် ဘယ်လိုရှင်သန်မလဲ?

    သူက သင်္ချိုင်းထဲကသေစေနိုင်တဲ့ထောင်ချောက်တွေကို မိရိုးဖလာပညာတွေနဲ့ဖြေရှင်းရင်းနဲ့မှ ဘိုးဘေးတွေကဒီသင်္ချိုင်းကိုဘာကြောင့်တည်ဆောက်ခဲ့ရသလဲဆိုတာ နားလည်လာခဲ့ပါတယ်။

    ကျာဖန်ဟာဘာမှနားမလည်တဲ့ သာမန်လူငယ်လေးအဖြစ်ကနေ ကိုယ့်ရဲ့ဇာစ်မြစ်မျိုးရိုးပညာရပ်ကိုနားလည်သွားပြီးတော့ မကောင်းဆိုးဝါး လူဆိုးတွေကိုနှိမ်နင်းသွားမယ် သူရဲကောင်းလေးအဖြစ်ပြောင်းလဲလာတာပဲဖြစ်ပါတယ်။

  • ခလရ ၂၇၅ အတိုက်ခံရပါက မြဝတီမြို့ ၁၈ နေရာကို စစ်တပ်က ဗုံးကြဲမည်

    ခလရ ၂၇၅ အတိုက်ခံရပါက မြဝတီမြို့ ၁၈ နေရာကို စစ်တပ်က ဗုံးကြဲမည်

    ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်း တိုက်ခိုက်ခံရရင် မြဝတီမြို့ရဲ့ နေရာ ၁၈ နေရာကို လေကြောင်းကနေ ဗုံးကြဲပြီး ပြန်လည်တုံ့ပြန်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ တပ်မ ၂၂ တပ်မမှူးရဲ့ ပြောဆိုထားပါတယ်။

    ဒါဟာခြိမ်းခြောက်တာဖြစ်လို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ တုံ့ပြန်လာနိုင်တယ်လို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

    ဇန်နဝါရီ ၁၉ ရက်က မြဝတီမှာအခြေစိုက်ထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဆက်ဆံရေးရုံးက ရုံးထိုင်မှူးတွေနဲ့ တပ်မ ၂၂ တပ်မမှူးတို့ တွေ့ဆုံခဲ့တာမှာ ခလရ ၂၇၅ တပ်ရင်း တိုက်ခိုက်ခံရရင် မြဝတီမြို့ရဲ့ နေရာ ၁၈ ခုကို လေကြောင်းကနေ ဗုံးကြဲမယ်လို့ တပ်မ ၂၂ တပ်မမှူးက ပြောဆိုခဲ့ပါတယ်။

    ဒါနဲ့ပတ်သက်ပြီး ကရင်စစ်ရေးလေ့လာသူက “သူကြဲမဲ့ ပွိုင့် ၁၈ နေရာကို ၂၇၅ ကိုတိုက်ရင်တော့ ဘယ်လိုလုပ်မယ်။ ဘာလုပ်မယ်။ ညာလုပ်မယ်ဆိုတာကတော့ စစ်ရေးစစ်ရာမှာ တဖက်နဲ့တဖက် ခြိမ်းခြောက်တဲ့ သဘောမျိုးလည်း ဖြစ်တယ်။ သို့သော်လည်းပဲ စကမဘက်က ဘယ်လောက်ပဲ ခြိမ်းခြောက်ခြိမ်းခြောက် ဘယ်လောက်ပဲ ဘယ်နှပွိုင့်ပဲ ရှိရှိ တဖက်ကလည်း လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် တုံ့ပြန်မူ တစုံတရာတော့ ရှိလာနိုင်တယ်လို့တော့ ကျနော်တို့က သုံးသပ်ထင်မြင်ရပါတယ်”လို့ ပြောပါတယ်။

    ဒါဟာ သာမန်အခြေအနေမဟုတ်တဲ့ မလွဲမသွေဖြတ်သန်း ကြုံတွေ့ရတတ်တဲ့ ဖြစ်စဉ်တွေဖြစ်ပြီး မှတ်ချက်ပြုပြောဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ KNU/KNLA-PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

    “ဒါဟာ သာမန်အခြေအနေမဟုတ်တဲ့ ကျနော်တို့နိုင်ငံရဲ့ အခင်းအကျင်း တခုအောက်မှာ ကျနော်တို့ မလွဲမသွေဖြတ်သန်း ကြုံတွေ့ရတတ်တဲ့ ဖြစ်စဉ်တွေလို့ပဲ ကျနော်အနေအနေနဲ့ ရှုမြင်တယ်။ ဆိုလိုတာကတော့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေပဲဖြစ်ဖြစ် အကြောင်းအရာတွေပဲဖြစ်ဖြစ် အဲဒီအပေါ်မှာ ကျနော်အနေနဲ့ နှံ့နှံ့စပ်စပ် သိရှိတာမရှိသလို လုံခြုံရေးအရလည်းပဲ ကျနော်အမြင် ကျနော်အထင်လောက်လည်းပဲ ပြောဖို့ဆိုဖို့မသင့်တဲ့တွက်ကြောင့်မို့လို့ ဒီအပေါ်မှာတော့ ဒါထက် ကြီးမားကျယ်ပြန့်တဲ့ Information(သတင်းအချက်အလက်)တွေ မှတ်ချက်တွေ ပြောဖို့ အတွက်ကတော့ ကျနော်အတွက်က အဆင်သင့်မဖြစ်တာကို နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်။”

    ဒါအပြင် လက်နက်ကိုင်အယောင်ဆောင်သူတွေကို စစ်တပ်က စိစစ်အရေးယူနိုင်ဖို့ အကြောင်းပြချက်နဲ့ တပ်တည်၊ တပ်ဖြန့်နဲ့ တပ်ဖွဲ့ဝင်တွေအားလုံးရဲ့ ဓာတ်ပုံအမည်စာရင်းတွေကိုပါ ဇန်နဝါရီ ၂၄ ရက် နောက်ဆုံးထားပေးပို့ဖို့ DKBA နဲ့ KNU/KNLA-PC တပ်တွေကို တောင်းဆိုထားပါတယ်။

    အခုလို တောင်းဆိုလာတဲ့အပေါ် စစ်တပ်က အလိုရှိသူဖြစ်ခဲ့ရင် နောက်ဆက်တွဲ တောင်းခံလာနိုင်တဲ့အတွက် တပ်ဖွဲ့အနေနဲ့ မပေးဘူးလို့ စစ်ရေးသတင်ရင်းမြစ်က ပြောပါတယ်။

    “အခု ထူးခြားတာက ဒီရက်ပိုင်းမှာ တပ်တည်ပေးတဲ့အပြင်၊ လူအင်အားအတိအကျပေးရမယ်။ လူအင်အား တိတိကျကျပေးရတဲ့အပြင် ဓာတ်ပုံနဲ့တကွ သူတို့တောင်းဆိုလာတယ်။ ပြန်ကြည့်မယ်ဆိုလို့ရှိရင် အရင်က ဒီအဆင့်မရှိဘူး။ ပြန်ကြည့်ရင် ဓာတ်ပုံတောင်းပြီး ပေးလိုက်ပြန်ရင် နောက်ဆက်တွဲလာဦးမယ်။ ဘယ်လိုနောက်ဆက်တွဲလာလည်းဆိုရင် ဒီလူက ပုဒ်မ ၁၇(၁) နဲ့ မကင်းဘူး။ ကျနော်တို့ ထပ်ပို့ပေးပါဆိုရင် အဲဒါတွေ နောက်ဆက်တွဲလာတတ်တယ်။ အဲ အနေအထားရှိတယ်။ ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ကတော့ ကျနော်တို့အနေနဲ့ကတော့ မပေးဘူး။ ဒါကြောင့် ဒီလိုတောင်းတာ တပ်ဖွဲ့က အပြည့်အစုံလုပ်ပေးဖို့ အခက်အခဲရှိတယ်။”

    ဒါ့အပြင် နယ်ခြားစောင့်တပ် (BGF)ကနေ ကရင်အမျိုးသားတပ်မတော် (KNA) ဖွဲ့စည်းတာဟာလည်း နိုင်ငံတော်က တရားဝင်ခွင့်ပြုထားတာ မရှိတဲ့အတွက် မြဝတီမြို့ပေါ်မှာ နေထိုင်ခွင့်မပြုဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

    KNA အဖွဲ့တွေနေနဲ့ မြဝတီမြို့တွင်းကနေ ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထားပြီး ထွက်ခွါကြဖို့ စစ်ကောင်စီတပ်က ညွှန်ကြားထားတယ်လို့ ကရင်လက်နက်ကိုင်အရာရှိတယောက်က ပြောပါတယ်။

    ဒါအပြင် DKBA နဲ့ KNU/KNLA-PC တို့လို NCA လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့တွေအနေနဲ့ မြဝတီမြို့လုံခြုံရေးကိစ္စရပ်တွေမှာ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အထက်ညွှန် ကြားချက်အတိုင်း ဆောင်ရွက်ဖို့ တပ်မ ၂၂ တပ်မမှူးက ပြောဆိုခဲ့ပါတယ်။

    အောင်ခန့်

  • ရွေးကောက်ပွဲ အပိုင်း (၃) လုပ်မည့် ကျောက်မဲ၊ သီပေါတွင် TNLA ဆက်စပ်သံသယဖြင့် နှစ်ရှည်ထောင်ချခံရ

    ရွေးကောက်ပွဲ အပိုင်း (၃) လုပ်မည့် ကျောက်မဲ၊ သီပေါတွင် TNLA ဆက်စပ်သံသယဖြင့် နှစ်ရှည်ထောင်ချခံရ

    ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်တပ်ပြန်ဝင်လာပြီးနောက် တအာင်းတပ် (TNLA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူ ငါးဦးထက်မနည်းသည် ထောင်ဒဏ်တစ်သက်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည်ဟု ဒေသခံများထံက သိရသည်။

    “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ၂၀၂၄ ခုနှစ်အတွင်း ကျောက်မဲနှင့်သီပေါမြို့တို့ကို TNLA က သိမ်း ပိုက်နိုင်ခဲ့သော်လည်း ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

    ထိုသို့ သိမ်းပိုက်ပြီးနောက် စစ်တပ်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင် NLD လွှတ်တော်အမတ်လောင်း ဦးလှမိုး၊ အမှတ် (၆) ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်ရှင် အမျိုးသား အပါအဝင် အရပ်သား ငါးဦးထက်မနည်းကို TNLA နှင့် ဆက်စပ်သည်ဟု ဆိုကာ အောက်တိုဘာလအတွင်း ဖမ်းဆီးထားသည်။

    ဖမ်းဆီးထားသူများအနက် ဦးလှမိုးအား ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ထောင် နှစ် ၂၀ ချမှတ်ခဲ့သည်ဟု ကျောက်မဲမြို့ခံများထံက သိရသည်။

    “ထောင်ချခံရတာ သိရတာ မကြာသေးဘူး။ ကိုလှမိုးကို ထောင် အနှစ် ၂၀ ချလိုက်တယ်။ နောက် တစ်ယောက်လည်း ထောင်ချခံရတယ်လို့ သိရတယ်။ ဘယ်လောက် ချလိုက်တယ်ဆိုတာတော့ မသိရဘူး” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

    ဦးလှမိုးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်၊ ကျောက်မဲမြို့ မဲဆန္ဒနယ် အမှတ် (၁) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

    သို့သော် ရွေးကောက်ပွဲ အနိုင်မရခဲ့ဘဲ “ကျားခေါင်းပါတီ” ဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားလှယ်၏နောက်မှ ဒုတိယအများဆုံး မဲရခဲ့သည်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်တွင် စစ်တပ်က ဦးလှမိုးကို ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း မအောင် မြင်ခဲ့ကြောင်း၊ နောက်ပိုင်း စစ်တပ်က ဖမ်းဆီးမည့်စာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း ယင်းအခြေအနေကို သိရှိသူ တစ်ဦးကလည်း ဆိုသည်။ ကျောက်မဲမြို့အား စစ်တပ်က ပြန်သိမ်းချိန်တွင် ဦးလှမိုးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    ထိုကဲ့သို့ လူအဖမ်းအဆီးများအပြင် One Love ဟိုတယ်နှင့် နေအိမ် ၁၀ လုံးနီးပါး ချိပ်ပိတ်ခံရသည်ဟု မြို့ခံများက ဆိုကြသည်။

    လက်ရှိတွင် မြို့တွင်း ဝင်ထွက်သွားလာသည့် တအာင်းလူမျိုးများအား မြို့အဝင်ဂိတ်များ၌ စစ်တပ်က တင်းကျပ်စွာ စစ်ဆေးလေ့ရှိသည်ဟုလည်း သိရသည်။

    ကျောက်မဲမြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးသည့် သီပေါမြို့တွင်လည်း စစ်တပ် ပြန်ဝင်လာပြီး ရက်ပိုင်းအတွင်း TNLA အုပ်ချုပ်စဉ်က အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူများနှင့် ထောက်ပို့လုပ်သည်ဟု စွပ်စွဲခံရသူ လေးဦးထက်မနည်း ဖမ်းဆီးခံရသည်။

    အဆိုပါ ဖမ်းဆီးခံရသူများထဲမှ တောင်မြို့ရပ်ကွက်တွင် နေထိုင်သည့် ကိုထွေးငယ်ဆိုသူ စစ်မှုထမ်းဟောင်း အမျိုးသားတစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု ဖြစ်စဉ်အခြေအနေ သိရှိသူ သီပေါမြို့ခံတစ်ဦးက ပြောသည်။

    “ပြီးခဲ့တဲ့ရက်ကမှ သိရတာ။ ကိုထွေးငယ်က ထောင်ဒဏ် တစ်သက် ချခံရတယ်။ သူက စစ်တပ်က အငြိမ်းစား ယူထားတာ။ ပလောင်အဖွဲ့တွေ ဝင်လာတော့ သူတို့နဲ့ ဆက်ဆံရတာတွေ ရှိတယ် ထင်တယ်။ အဲဒါကို ချလိုက်တာ” ဟု အထက်ပါသီပေါမြို့ခံက ဆိုသည်။

    ကိုထွေးငယ် အပြင် ကိုတူးလီ ဆိုသူ အမျိုးသားတစ်ဦး၊ ဆိုင်ကယ် အရောင်းအဝယ်လုပ်သူ ကိုပါးပါးလေးနှင့် တောင်မြို့ရပ်ကွက်၏ ဥက္ကဋ္ဌဟောင်း ကိုအမ်းကူးတို့ သုံးဦးအား ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်လိုက်သည်ဟု သီပေါမြို့ခံများက ဆိုသည်။

    ဖမ်းဆီးသွားသူများအား မည်သည့် ပုဒ်မများဖြင့် အရေးယူခဲ့သည်ကိုမူ တိတိကျကျ မသိရဟု ဖမ်းဆီး ခံရသူများနှင့် နီးစပ်သူများက ဆိုသည်။

    နောင်ချို၊ ကျောက်မဲနှင့်သီပေါမြို့မှ ဖမ်းဆီးခံရသူများအား သီပေါအကျဉ်းထောင်သို့ ပို့ဆောင်လေ့ရှိပြီး ထိုမှတဆင့် တခြားမည်သည့်နေရာ ပို့ဆောင်မည်ကို တိတိကျကျမသိရဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူ များထံက သိရသည်။

    လက်ရှိအချိန်အထိ စစ်တပ်က သီပေါမြို့အတွင်း မသင်္ကာသူများအား မကြာခဏ ဖမ်းဆီးနေဆဲဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

    “စစ်တပ်နဲ့ ပနံစားတဲ့သူတွေက လက်တို့လိုက်ရင် ဖမ်းခံရတာပဲ။ ငွေပေးပြီး ပြန်ထုတ်ရတာတွေ ရှိတယ်။ တချို့က ပုဒ်မမျိုးစုံ တပ်ခံရတာပဲ။ ထင်သလို လုပ်နေတယ်” ဟု အထက်ပါသီပေါမြို့ခံက ပြောသည်။

    စစ်တပ် ပြန်ဝင်ပြီးနောက် သီပေါမြို့အတွင်း TNLA၊ PDF နှင့် ဆက်စပ်သည်ဟု ဆိုကာ နေအိမ် ၁၀ လုံးကျော် ချိပ်ပိတ်ခံရပြီး ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်း ရှိသည်ဟု သီပေါမြို့ခံများက ဆိုသည်။

    ယမန်နှစ် ဇူလိုင်လတွင် TNLA ထိန်းချုပ်သည့် နောင်ချိုမြို့အား စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့ချိန်တွင်လည်း အစ္စလာမ် ဘာသာဝင်များ ဝတ်ပြုရာ ဗလီ၊ ဂေါ်ရခါး လူမျိုးများ၏ ဓမ္မသာလ တည်းခိုရိပ်သာနှင့် အရပ်သား နေအိမ် ၂၀ ကျော်ကို ချိပ်ပိတ်ထားသည်ဟု ဒေသခံများထံက သိရသည်။

    TNLA၊ PDF၊ DPLA (ဓနုတပ်) တပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟု ယူဆခံရသည့် မြို့ခံ အနည်းဆုံး ၂၀ ကျော်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ သုံးဆယ်ရွာ၊ အုမ္မသီး ကျေးရွာများမှ ရွာသားအချို့လည်း ဖမ်းဆီးခံရပြီး နေအိမ်နှင့် ဈေးဆိုင်များလည်း ချိပ်ပိတ်ခံရသည်ဟု သိရသည်။

    “၁၀၂၇ စစ်ဆင်ရေး” ကာလ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် နောင်ချိုမြို့အား TNLA နှင့် မဟာမိတ်ပူးပေါင်း အဖွဲ့များက သိမ်းပိုက်ခဲ့ပြီး တစ်နှစ်အကြာ ယခုနှစ် ဇူလိုင်လ လလယ်ပိုင်းတွင် စစ်တပ်က နောင်ချိုမြို့အား ပြန်လည် သိမ်းပိုက်ခဲ့သည်။

    TNLA ထံမှ ပထမဆုံး ပြန်သိမ်းပိုက်နိုင်ခဲ့သည့် နောင်ချိုမြို့နှင့် ကိုးကန့်တပ်ဖွဲ့ထံမှ တရုတ်အကူအညီ ဖြင့် ပြန်လည် ရယူခဲ့သည့် လားရှိုးမြို့များအား စစ်တပ် က ရွေးကောက်ပွဲ အပိုင်း (၁) တွင် ထည့်သွင်း ကျင်းပခဲ့ရာ စစ်တပ် ကျောထောက်နောက်ခံပြုထားသည့် ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရခဲ့သည်။

    ရွေးကောက်ပွဲ အပိုင်း (၃) တွင်ပါသည့် ကျောက်မဲနှင့်သီပေါ

    ယခုလ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ကျောက်မဲနှင့် သီပေါမြို့များအား ထည့်သွင်းထားသည်။

    အဆိုပါ နှစ်မြို့တွင် ပြည်နယ်နှင့် ပြည်သူ့လွှတ်တော် နေရာများ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (USDP) နှင့် ကျားဖြူပါတီဟု လူသိများသည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့က အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။

    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရ ကျောက်မဲမြို့ပေါ် ရပ်ကွက် ၉ ခုနှင့် ကျေးရွာအုပ်စု ၇၀ တွင် လူဦးရေ တစ်သိန်းနှစ်သောင်းဝန်းကျင် နေထိုင်သည်။

    စစ်တပ်အနေဖြင့် ကျောက်မဲမြို့ပေါ် ရပ်ကွက် ကိုးခုနှင့် ကျေးရွာအုပ်စု ငါးခုတွင် သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု နိုင်ငံရေးပါတီများထံက သိရသည်။

    ရပ်ကွက်များအတွင်း မဲပေးရန်အတွက် မဲစာရင်း လာကြည့်ကြရန် စစ်တပ်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဌာနက ဆော်ဩနေပြီး ရပ်ကွက်အချို့တွင် မဲရုံများ ပြင်ဆင်ထားသည်ဟု ကျောက်မဲမြို့ခံများထံက သိရသည်။

    “ရပ်ကွက်ရုံးတွေမှာ မဲပေးနေတာတွေ့တယ်။ ကြိုတင်မဲ ပေးတာလို့ ပြောတယ်။ လော်စပီကာနဲ့လည်း အော်နေတယ်” ဟု ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

    ရှမ်းတိုင်းရင်းသား အများဆုံးနေထိုင်သည့် သီပေါမြို့တွင် မြို့ပေါ် ရပ်ကွက် ၁၁ ခုနှင့် ကျေးရွာအုပ်စု ၆၇ ခုတွင် လူဦးရေ နှစ်သိန်းဝန်းကျင် နေထိုင်သည်။

    သီပေါမြို့တွင် မြို့ပေါ် ရပ်ကွက် ၁၁ ခုနှင့် ကျေးရွာအုပ်စု ၁၇ ခုတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီးရှမ်းနိုင်ငံရေးပါတီလွှတ်တော်အမတ်များက မဲပေးကြရန်နှင့် မဲပေးပုံများကို လိုက်လံပြသနေသည်ဟု သိရသည်။

    ရွေးကောက်ပွဲ အပိုင်း (၁) တွင် MNDAA ထံမှ ပြန်လည် လွှဲပြောင်းရယူခဲ့သည့် လားရှိုးမြို့ပေါ် ရပ်ကွက်များနှင့် တရုတ်နယ်စပ် မူဆယ်မြို့၊ TNLA ထံမှ ပြန်သိမ်းယူခဲ့သည့် နောင်ချိုမြို့တို့တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့သည်။

    ခရိုင်မြို့ဖြစ်သည့် ကျောက်မဲမြို့အောက်တွင် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူမြို့တို့ ပါဝင်သည်။ အဆိုပါ မြို့များအနက် နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့ မြို့တို့သည် TNLA တပ်ဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် ရှိနေပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပေ။