Category: News

  • ပွိုင့် ၆၆၆ ကုန်းမှာ စစ်ကော်မရှင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပြီး ထွက်ပြေးသူ အချို့ AA က ဖမ်းဆီးထား

    ပွိုင့် ၆၆၆ ကုန်းမှာ စစ်ကော်မရှင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပြီး ထွက်ပြေးသူ အချို့ AA က ဖမ်းဆီးထား

    ပွိုင့် ၆၆၆ စခန်းကုန်းအနီးမှာ စစ်ကော်မရှင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပြီး ထွက်ပြေးလာတဲ့ ပြည်သူ့စစ်တပ်သား ၆ ဦးကို ULA/AA ဘက်က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

    ဒီဇင်ဘာ ၃၁ ရက်နေပိုင်းမှာ ပွိုင့် ၆၆၆ အနီးမှာ နေရာယူထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ထဲက အချို့ဟာ တပ်ဖွဲ့အတွင်းကနေ ထွက်ပြေးကာပြီး ကျန်တပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးရာက အချင်းချင်းတိုက်ပွဲဖြစ်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

    အချင်းချင်းတိုက်ပွဲဖြစ်ပွားရကနေလွတ်မြောက်လာတဲ့ ပြည်သူ့စစ်တပ်သားတွေထဲက ၆ ဦးကို ULA/AA ဘက်က ဖမ်းဆီးရမိထားတာဖြစ်ပါတယ်။

    “သူတို့ နှစ်ဖက်ဖြစ်ပြီး ကစဉ့်ကလျားနဲ့ ထွက်ပြေးနေကြတာ။ ဒီဘက်က ၆ ဦးဖမ်းမိထားပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ပွိုင့်-၆၆၆ စခန်းကုန်းဟာ ကိုအောက်တိုဘာလမှာ ULA/AA ဘက်က သိမ်းပိုက်ထားပေမယ့် လက်ရှိမှာ စစ်ကော်မရှင်ဘက်က ပြန်လည်ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။

    လက်ရှိမှာ စစ်ကော်မရှင်တွေ ရှိတဲ့ အဲ့ဒီစခန်းကုန်းကို ULA/AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် ပိတ်ဆို့ထားပြီး စခန်းထဲက စစ်ကော်မရှင်တပ်သားတွေ ရိက္ခာနဲ့ ရေ အလုံအလောက်မရရှိတော့တဲ့ အခြေအနေလို့လည်း သိရပါတယ်။

    ဒီဇင်ဘာလ ပထမ ပတ်မှာ အဲ့ဒီစခန်းကုန်းကနေ ရိက္ခာထွက်ယူတဲ့ စစ်ကြောင်းကိုလည်း ULA/AA နဲ့ တော်လှန်ရေးအဖွဲ့တွေကိ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

  • စစ်တွေမြို့ မကျရေး မြို့အဝင် တပ်ထိန်းဂိတ်ကို ယတြာအစီအမံနဲ့ မုခ်ဝပြုလုပ်နေ

    စစ်တွေမြို့ မကျရေး မြို့အဝင် တပ်ထိန်းဂိတ်ကို ယတြာအစီအမံနဲ့ မုခ်ဝပြုလုပ်နေ

    စစ်တွေမြို့ မကျရေးအတွက် စစ်ကော်မရှင်ဘက်က မြို့အဝင်တပ်ထိန်းဂိတ်မှာ ဂမ္ဘီရဆန်ဆန် ယတြာ မုခ်ဝပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။

    ရခိုင်မှာ မြို့တွေတစ်မြို့ပြီးတစ်မြို့ စွန့်လွှတ်နေရတဲ့ စစ်ကော်မရှင်ဟာ ပြည်နယ်ရဲ့ မြို့တော်လို့ သတ်မှတ်ထားတဲ့ စစ်တွေမြို့ကျရှုံးမှာကိုစိုးရိမ်လွန်ကဲပြီး မြို့အဝင် တပ်ထိန်းဂိတ်ကို ကံမြှင့်ယတြာ တွေ ပြုလုပ်နေတာလို့ မျက်မြင်ဒေသခံ က ပြောပါတယ်။

    “အခုတည်ဆောက်နေတာက မြို့အဝင်အထွက် မုခ်ဦးနားက စစ်သားတွေနေတဲ့ တပ်ထိန်းဂိတ်နားမှာပါ။ ယတြာအစီမံနဲ့ လုပ်တဲ့ မုခ်ဝကို ဖြတ်ပြီးမှ တပ်ထဲကို ဝင်နိုင်မယ့်သဘောပါ။ သူတို့ မုခ်ဝကို မဖြတ်နိုင်အောင် လုပ်တာလို့ ပြောပါတယ်” လို့ စစ်ကော်မရှင် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    အဲ့ဒီတပ်ထိန်းဂိတ်ကို ပြည်သူတွေ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားပြီး အလုပ်သမားတွေသာ ဝင်ထွက်နိုင်တယ်လို့ ဆိုပါတယ်။

    စစ်တွေသာမက လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းမှာလည်း နတ်ရေကန်အရှင်မနဲ့တကွ တောစောင့်နတ် တောင်စောင့်နတ်တို့ကို ပင့်ဖိတ်ပြီး ယတြာလုပ်ကာ တည်ထားကိုးကွယ်ထားပေမယ့် AA ရဲ့လက်နက်ကြီး ထိမှန်ပြီး ပြိုပျက်ခဲ့ပါတယ်။

    အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်တဲ့ အမ်းမြို့တိုက်ပွဲမှာလည်း နပခ ဝန်း ထဲမှာအခုလို ယတြာအစီအမံတွေကိုပြုလုပ်ခဲ့ပါသေးတယ်။

    ဒါအပြင် နပခ ဌာနချုပ်ရဲ့ ဒုတိုင်းမှူး စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း အပါအဝင် အကြီးတန်းအရာရှိတွေဟာ နေ့စဉ် သက်သတ်လွတ်စားပြီး ယတြာတွေချေရင်း AA ဆီမှာ အဖမ်းခံခဲ့ရပါတယ်။

    အလားတူ စစ်ကော်မရှင်ရဲ့ တောင်ကုတ်တပ်မမှူး ဗိုလ်မှူးချုပ်ကောင်းမြတ်ဟာလည်း တောင်ကုတ်​မယ်တော်ကို ယတြာလုပ်ပြီး ကိုးကွယ်ခဲ့ရင်း ကျရှုံးခဲ့ပါတယ်။

    ယခင် တိုက်ပွဲတွေမှာ စစ်ကော်မရှင်ဘက် က ဖမ်းဆီးရမိတဲ့ တပ်သားတွေရဲ့ မြေမြုပ်မှိုင်း၊ ဗုံးသီး နဲ့ သေနတ် စတဲ့ လူသတ်လက်နက်တွေမှာ ဗုဒ္ဓဘာသာ အယူအဆ အရ အန္တာရာယ်ကင်း ပရိတ်ပဌာန်းစာတွေ ကပ်ထားတဲ့ သက်သေတွေ လည်းရရှိခဲ့ပါတယ်။

    ဓာတ်ပုံ -Arakan Bay News

  • နေပြည်တော်တိုင်းစစ်ဌာန စစ်ဆင်ရေးအခြေအနေ သတင်းထုတ်ပြန်ချက် အပိုင်း(၂)

    နေပြည်တော်တိုင်းစစ်ဌာန စစ်ဆင်ရေးအခြေအနေ သတင်းထုတ်ပြန်ချက် အပိုင်း(၂)

    (၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း နေပြည်တော်တိုင်းစစ်ဌာနအနေဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံ၍ အကြမ်းဖက်စစ်ကော်မရှင်တပ်အား စစ်ဆင်ရေးအဟုန် မြှင့်တင်ကာ ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်လျက် ရှိပါသည်။

    ‎(၂) ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဒိုးတန်းကျေးရွာရှိ အင်အား (၄၀) ခန့်ရှိသော စစ်ကော်မရှင်တပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းများ၊ ပဲခူးတိုင်းစစ်ဌာနတပ်ရင်း နှင့် ရေတာရှည်ပကဖတို့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား (၂)ဦး ကျဆုံးပြီး ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ပါသည်။

    (၃) ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဒိုးတန်းကျေးရွာ တိုက်ပွဲသို့ စစ်ကူပေးရန် အင်အား (၇၀) ခန့်ဖြင့် တက်လာသော ရန်သူစစ်ကြောင်းအား နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်းများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။ ရန်သူ့အင်အား (၂၀) ခန့် ကျဆုံးနိုင်ပြီး လူနာတင်ကားများဖြင့် လာရောက်သယ်ဆောင်သွားပါသည်။ စစ်ကော်မရှင်တပ်ဘက်မှ တင့်ကားများပင် အသုံးပြု၍ ဒိုးတန်းကျေးရွာ တိုက်ပွဲအား စစ်ကူပေးရန် ကြိုးစားသော် လည်း နေပြည်တော် PDF များ၏ ဖြတ်တောက်တားဆီးမှုကြောင့် စစ်ကူမပေးနိုင်ခဲ့ပါ။

    (၄) ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ ခင်တန်းလေးကျေးရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းအား နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ ရန်သူကျဆုံး (၂)ဦးရှိပြီး မိမိတို့ဘက်မှ အထိအခိုက်မရှိခဲ့ပါ။

    (၅) ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း အိုးမြေဒူးကျေးရွာရှိ စစ်ကော်မရှင်အထိုင်စခန်းအား နေပြည်တော် PDF တပ်ရင်းများ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် သံတောင်မြောက်ပိုင်းအဖွဲ့တို့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပါသည်။ အိုးမြေဒူးတရွာလုံးအား သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး၊ စစ်ကော်မရှင်တပ်သားများ အထိနာကာ စစ်တောင်းမြစ်ကို ဖြတ်ကူး၍ အနောက်ဘက်ကမ်းသို့ ထွက်ပြေးကြပါသည်။ ရန်သူထိခိုက်ကျဆုံး (၂၀) ဦးခန့်ရှိပြီး သုံ့ပန်း (၃) ဦး ဖမ်းဆီးရမိပါသည်။ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်။ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ရဲဘော် (၁) ဦး ကျဆုံးပြီး ထိခိုက် (၅) ဦး ရှိခဲ့ပါသည်။

    (၆) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ တနေ့တာအတွင်း စစ်တောင်းမြစ်အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း နှစ်ခုလုံးတွင် နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းများ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) နှင့် မဟာမိတ်အဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေးဖော်ဆောင်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ တပ်သား (၄၀) ကျော်သေဆုံးခဲ့သည်။ နေပြည်တော်တိုင်းစစ်ဌာနအနေဖြင့် စစ်ဆင်ရေးအရှိန်ကို ပိုမိုတိုးမြှင့်ဆောင်ရွက်မည်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် စစ်ကော်မရှင်တပ်များနှင့် ပတ်သက်ဆက်နွယ်မှုများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

    ကာကွယ်ရေးဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ

  • စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ကြံခင်းတွင် တစည ကို ရှုံးနိမ့်

    စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ကြံခင်းတွင် တစည ကို ရှုံးနိမ့်

    တစ်နိုင်ငံလုံး မဲအများဆုံးဖြင့် အနိုင်ရရှိထားသည့် စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ကြံခင်းတွင် တစည ကို ရှုံးနိမ့်

    စစ်ကော်မရှင် ပြုလုပ်သည် တစ်ဖက်သပ် ရွေးကောက်ပွဲ အပိုင်း(၁)ကို နိုင်ငံတစ်ဝန်း မဲအများဆုံး ရရှိထား‌သည့် ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP)က ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၌ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကို ရှုံးနိမ့်ခဲ့သည်။

    ကြံခင်းမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သော စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကြံ့ခိုင်ရေးပါတီ၊ တစညပါတီနှင့် ပြည်သူ့ပါတီအပါအဝင် နိုင်ငံ‌ရေးပါတီ ငါး ပါတီ ဝင်‌ရောက် ယှဉ်ပြိုင်ကြပြီး မဲလာပေးရန် ဖိအားပေး ခြိမ်းခြောက်မှုများရှိကြောင်း သိရသည်။

    “ကြံခင်းမှာတော့ တစညပါတီက အနိုင်ရရှိပါတယ်၊ ကြံ့ဖွတ်ကတော့ မဲ‌ရှုံးပါတယ်။ အမှန်ကတော့ ကြံ့ဖွတ်ကိုချဉ်ပြီး တစညကို ဝိုင်းပြီးမဲပေးလိုက်ကြတာ။ မဲရုံသွားပြီး မဲထည့်သူကတော့ အဝောာ်လေး နည်းပါးပါတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

    ဧရာဝတီတိုင်းအပါအဝင် နိုင်ငံတစ်ဝန်းရှိ ရွေးကောက်ပွဲ အပိုင်း(၁) ပြုလုပ်သည့် မြို့နယ်များတွင် ကြံ့ခိုင်ရေးပါတီအနေဖြင့် နေရာအများစု အနိုင်ရထားပြီး ကြံ့ခင်းမြို့၌မူ ရခိုင်နှင့် ကရင်တိုင်းရင်းသား လွှတ်တော်နေရာတွင်သာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

    ကျန်ရှိနေရာများဖြစ်သော ပြည်သူ့လွှတ်‌တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့ တွင် ယခင်အင်အားကြီး စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိ၍ ရလဒ်များကို ရွေးကောက်ပွဲ အပိုင်း(၃) ပြီးစီးမှသာ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

    အာဏာသိမ်းပြီးနောက် ကောက်ယူခဲ့သော ၂၀၂၄ သန်းခေါင်စာရင်းအရ လူဦးရေ ၈၀,၇၃၉ ခန့်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၅ ခုရှိသည့် ကြံခင်းမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၆၆,၃၉၁ ဦးအတွက် မဲရုံ ၈၄ ရုံ ဖွင့်လှစ်ပေးခဲ့ကြောင်း စစ်ကော်မရှင်က ဆိုသည်။

    သို့သော် လက်ရှိစစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း(၁) ရလဒ်သည် ၎င်းတို့ မဲမသမာသည်ဟု စွပ်စွဲအပြစ်တင်၍ အာဏာသိမ်းခဲ့သော NLD ပါတီ အနိုင်ရ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ထက် များစွာလျော့နည်းပြီး နှိုင်းယှဉ်၍မရကြောင်း ဒေသခံများထံမှ သိရသည်။

    ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ကြံ့ခိုင်ရေးပါတီက မဲအပြတ် အသတ်ဖြင့် ယခင် ၂၀၂၀ တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ရှုံးနိမ့်ခဲ့ပြီး အဆိုပါရလဒ်များကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနှင့် ပြည်သူများက လက်ခံထားသည်။

    ဓာတ်ပုံ-လူမှုကွန်ရက် (ပုံဟောင်း)

  • နှစ်သစ်ကူးည ရန်ကုန်မှာ လုယက်မှုတွေနဲ့ ယာဥ်တိုက်မှုတွေကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိခဲ့

    နှစ်သစ်ကူးည ရန်ကုန်မှာ လုယက်မှုတွေနဲ့ ယာဥ်တိုက်မှုတွေကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိခဲ့

    ရန်ကုန်မြို့နယ်မှာ နှစ်သစ်ကူး နယူးရီယားညက ယာဥ်တိုက်မှုနဲ့ လုယက်မှုတွေ ဖြစ်ခဲ့ပြီး ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ဒီဇင်ဘာ ၃၁ ရက်နေ့ နယူးရီးယားညမှာ မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒေါပုံတံတား (ဂျပန်တံတား)ပေါ်မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ ၆ ချက်ထိုးကာ ဖုန်းနဲ့ ငွေသားတွေကို လုယက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    “လမ်းလျှောက်ပြီး ပြန်လာတာကို မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်က ဓားနဲ့ ၆ ချက် ထိုးပြီး ဖုန်းနဲ့ ငွေတွေ လုပြေးတာ ပြောတယ်၊ လည်ပင်းနဲ့ ကျောကုန်းတွေမှာ ဓားဒဏ်ရာတွေ ရထားတယ်၊ သတိတော့ မလစ်သေးဘူးပေါ့၊ အခြေအနေက ဆိုးတယ် သွေးထွက်လွန်နေပြီ၊ ငွေ ၆ ထောင်နဲ့ ဖုန်း အဟောင်းလေးတစ်လုံးကို လုသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဒါ့အပြင် နယူးရီယား ည ၁၂ နာရီ‌ကျော် ဇန်နဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းမှာလည်း လှိုင်သာယာအနောက်ပိုင်း၊ ရန်ကုန်-ပုသိမ်လမ်းမပေါ်ရှိ ငွေဗျိုင်းဖြူ ဆီဆိုင်အနီးမှာ ရပ်ထားတဲ့ ကားကို အိမ်စီးကားက နောက်ကနေ ဝင်တိုက်မိခဲ့လို့ ကားပေါ်ပါလာသူ ၄ ဦးအနက် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပြီး ကျန် ၂ ဦး စိုးရိမ်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

    “ရန်ကုန်ကို ပြန်လာတဲ့ ကားပါ၊ အရှိန်များတယ်၊ ရပ်ထားတဲ့ ဆန်ကားကို နောက်ကနေ တိုက်တာ၊ ဆန်ကားအောက်ထဲထိ ညှပ်သွားတာ၊ အကုန်ဖြတ်တောက်ပြီး ထုတ်ရတယ်၊ ၂ ယောက်က ပွဲချင်းပြီး ကျန်နှစ်ယောက်ကလည်း ခေါင်းတွေ ထိထားတာ၊ အခြေအနေက မကောင်းဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    အလားတူ ဒီကနေ့ ဇန်န၀ါရီ ၁ ရက်နေ့ မနက်အစောပိုင်းမှာပဲ ရန်ကုန်၊ မင်္ဂလာဒုံအမှတ် (၃)လမ်းမ၊ သင်္ကန်းကျွန်းမှတ်တိုင် အနီးမှာလည်း လမ်းဖြတ်ကူးတဲ့ အမျိုးသားတစ်ဦးကို ယာဥ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့လို့ အတိုက်ခံရတဲ့အမျိုးသား သေဆုံးခဲ့တယ်လို့ သိရပြီး မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်မှတ်တိုင် အနီးမှာလည်း YBS-41 ယာဉ်ကို တက္ကစီယာဥ်က ဝင်တိုက်ခဲ့လို့ တက္ကစီယာဥ်မောင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။