Category: News

  • ဧရာဝတီမှလူငယ်များ စစ်မှုထမ်းဥပဒေအကြောင်းပြ ပြန်ပေးဆွဲခံနေရဟု​ဒေသခံများ​ပြော

    ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက စစ်မှုထမ်းဥပ​ဒေဖြင့် စစ်သားစု​ဆောင်း​သောအခါ ငွေကြေးချမ်းသာသူများ၏သားသမီးများအား ‌ကျပ်သိန်းရာချီယူ၍ စာရင်းမှပယ်ဖျက်ပေးပြီး ‌ချို့တဲ့သူများ၏ သားသမီးများအား ညအချိန် တွင်ပင်အိမ်ထဲ စီးနင်းဝင်ရောက်၍ဖမ်းဆီးနေ​ကြောင်း​ဒေသခံပြည်သူများက​ပြောသည်။

    စစ်မှုထမ်းဥပဒေနှင့် စစ်သားစု​ဆောင်းနေသည့်လုပ်ရပ်သည် ဧရာဝတီတိုင်းအတွင်းယခုနှစ် ဖေဖော်ဝါရီလဆန်းမှစ၍ ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ပန်းတနော်၊ ကျုံပျော်၊ အိမ်မဲမြို့ကဲ့သို့ လူဦးရေများသော မြို့နယ်များတွင် မြို့ပေါ်ရပ်ကွက်များမှ ငွေကြေးချမ်းသာသူများ၏သားသမီးများအား ‌ စစ်မှုထမ်းအကျုံးဝင်သည်ဆိုကာ စာရင်းလာပေးကြောင်း၊ ထို့နောက် တစ်ဦးလျှင် သိန်း ၁၀၀ အနည်းဆုံး​တောင်းယူ၍ ဆေးစာလုပ်ပေးခြင်း၊ ဆိုင်းငံ့ကာလသတ်မှတ်ပေးခြင်းတို့ပြုလုပ်နေကြောင်း မြို့ခံများကပြောသည်။

    “မြို့ပေါ်ကပိုက်ဆံရှိတဲ့သူတွေကို ပစ်မှတ်ထားပြီးတော့ ငွေတောင်းတယ်။ ပေါ်တာစွဲတဲ့အဆင့်မဟုတ်ဘူး။ ပြန်ပေးဆွဲတဲဲ့အဆင့်ဖြစ်နေပြီ”ဟု ပုသိမ်မြို့တစ်ဦးကပြောသည်။

    ငွေကြေးချမ်းသာသူများ၏ သားသမီးများအား စစ်မှုထမ်းစာရင်းပါသည်ဟု စာပို့ကာ ငွေသိန်းရာချီ​တောင်းယူ​နေခြင်းမှာပုသိမ်နှင့် ဟင်္သာတမြို့မြို့တွင် အများဆုံးဖြစ်ပွားနေသည်ဟုစုံစမ်းသိရသည်။

    သို့​သော် ရပ်ကွက်များအတွင်း ငွေကြေးချို့တဲ့သောအိမ်များမှ လူငယ်များကို ညပိုင်းတွင်ဝင်ဖမ်း​လေ့ရှိသဖြင့် ညဘက်၌ အိမ်တွင်မအိပ်ရဲဘဲ လယ်ကွင်းများ၊ တာပေါ်များ၌ သွားရောက်တိမ်းရှောင်ရသည့်အထိ အခြေအနေဆိုးနေသည်ဟု မြို့ခံများကပြောသည်။

    ဧရာဝတီတိုင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ည ၈ နာရီခန့်မှစ၍ စစ်ကောင်စီ၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များက ကား၊ဆိုင်ကယ်များဖြင့် ကင်းလှည့်ပြီး လူငယ်များအား ဖမ်းဆီး​လေ့ရှိသည်။ ပုသိမ်မြို့ကမ်းနားလမ်းတွင် ဖေဖော်ဝါရီလဆန်းပိုင်းက ညဦးပိုင်းအချိန် လူငယ် ၃၀ ဦးထက်မနည်း စစ်ကောင်စီကဖမ်းဆီးသွားပြီး ငွေညှစ်ခဲ့သည်။

    ဟင်္သာတမြို့တွင်လည်း ညအချိန် အလုပ်ပြန်လာသော လူငယ်များအား ဖမ်းဆီးနေ၍ နေ့စားလုပ်သားများနှင့် လုပ်ငန်းရှင်များ အခက်အခဲတွေ့နေသည်။

    “အရင်ကဆို ည ဆယ်နာရီ အိမ်ပြန်လို့ရတယ်။ အခုကအဖမ်းခံထိမှာစိုးလို့ စားသောက်ဆိုင်မှာပဲအိပ်ရတယ်။ မနက်မှအိမ်ပြန်ရတယ်” ဟု ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်ရှိ KTV တစ်ခုမှ ဝန်ထမ်းတစ်ဦးကပြောသည်။

    ထို့အပြင် မြို့ပေါ်ရပ်ကွက်များတွင် ညဘက်လိုက်ဖမ်းနေပြီး အဆိုပါလုပ်ရပ်သည် စစ်ကောင်စီ၏ သီးသန့်အစီအစဉ်ဖြစ်ပြီး ၎င်းတို့အနေဖြင့် သိရှိမထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများကပြောသည်။

    ကျုံပျော်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၏ မိသားစုဝင်တစ်ဦးက ” သတိနဲ့နေ။ ဖြစ်ရင် ကိုယ်ဘာသာကိုယ်ရှင်း။ စစ်သင်တန်းမပါအောင် ကိုယ့်အစီအစဉ်နဲ့ကိုယ်ညှိနှိုင်း။ ဒါပဲပြောလို့ရတယ်” ဟု လက်ရှိအခြေအနေကိုပြောသည်။

    ဧရာဝတီတိုင်းအတွင်း ရခိုင်ပြည်နယ်နှင့် ထိစပ်​နေသော ရွှေသောင်ယံ၊ သာပေါင်း၊ ရေကြည်မြို့နယ်များတွင် ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍တိုက်ပွဲများမကြာခဏဖြစ်ပွားသည်။ စစ်ကောင်စီက စစ်မှုထမ်း ဥပဒေဖြင့်ခေါ်ဆောင်ထားသော စစ်သင်တန်းဆင်းများကို ရှေ့တန်းသို့ပို့ဆောင်နေသည်။ရခိုင်ပြည်နယ်တိုက်ပွဲများအပါအဝင် ​ဒေသအနှံတိုက်ပွဲများ အဓ္ဓစစ်သားသစ်စု​ဆောင်းခံရပြီးသင်တန်းဆင်း​ရှေ့တန်းပို့စစ်တိုက်ရ​သောစစ်သားသစ်များ​သေဆုံးမှု၊ထွက်​ပြေးမှု လည်းများ​နေသည်။ ထို​ကြောင့် စစ်သင်တန်းဆင်းများအ‌နေဖြင့် တိုက်ပွဲများအတွင်း အလွယ်တကူလက်နက်မချရရန် စစ်ကောင်စီဒုတိယခေါင်းဆောင်ကိုယ်တိုင် ပုသိမ်မြို့သို့သွားရောက်စည်းရုံးခဲ့​သေးသည်။

    စစ်​ကောင်စီက စစ်မှုထမ်းဥပ​ဒေဖြင့် စု​ဆောင်းထား​သောစစ်သားများကို အ​ခြေခံစစ်သင်တန်း​ပေး​နေသည်မှာအမှတ်စဥ် ၁၀ သို့​ရောက်လာပြီဖြစ်သည်။

    (စစ်မှုထမ်းဥပ​ဒေဖြင့်စု​ဆောင်းထားစစ်သားသစ်များကိုစစ်သင်တန်းအမှတ်စဥ် (၁၀)တက်ရန် စစ်​ကောင်စီက စစ်သားအသုံးအ​ဆောင်များ​ပေး​နေစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

  • စစ်မှုထမ်းခေါ်ယူရာတွင်  သန်းခေါင်စာရင်းကို အခြေခံ ခေါ်ယူသည့်စနစ်သို့ ပြောင်း

    စစ်မှုထမ်းခေါ်ယူရာတွင် သန်းခေါင်စာရင်းကို အခြေခံ ခေါ်ယူသည့်စနစ်သို့ ပြောင်း

    စစ်မှုထမ်းခေါ်ယူရာတွင် သန်းခေါင်စာရင်းကို အခြေခံ ခေါ်ယူသည့်စနစ်သို့ ပြောင်းလဲလိုက်ပြီး ပြည်ပရောက် မြန်မာများပါ စစ်မှုထမ်းရန် ဆင့်ခေါ်မည်၊ စစ်မှုထမ်းရန် ပျက်ကွက်ပါက အမည်ပျက်နှင့် ၀ရမ်းထုတ်ခံရမည့်စာရင်းတွင် ထည့်သွင်းမည်

    အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရာတွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၏ လုံခြုံရေးအတွက် မကြာမီက ကောက်ယူထားသော သန်းခေါင်စာရင်းကို အခြေခံ၍ ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်မှုထမ်းအပတ်စဉ် ၁ မှ စတင်၍ စစ်မှုထမ်းအပတ်စဉ် ၁၀ အထိ စစ်မှုထမ်းများ ခေါ်ယူရာတွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက တင်ပြသည့် စာရင်းအပေါ် အခြေခံ၍ ခေါ်ယူခဲ့သော်လည်း ယခုအခါတွင် ယင်းသို့ ခေါ်ယူမှုအစား လူဝင်မှု ကြီးကြပ်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်အတွင်း ကောက်ယူခဲ့သော သန်းခေါင်စာရင်းကို အခြေခံ၍ ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

    “ရန်ကုန်မှာရှိတဲ့ မြို့နယ်ရပ်ကွက်တွေမှာ စစ်မှုထမ်း စာရင်းကောက်ယူမှုရပ်ဆိုင်းခိုင်းလိုက်ပါပြီ။ လဝက က ကောက်ယူထားတဲ့ သန်း​ခေါင်စာရင်းအရပဲ ကောက်ယူထားတဲ့ စာရင်းမှာ ပါဝင်တဲ့ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် အရွယ်အားလုံးကို သန်း ခေါင်စာရင်းကို အခြေခံပြီး ရွေးချယ်မယ်။ အဲဒီအထဲမှာ ခရီးသွားနေတာ၊ ပြည်ပရောက်နေတာတွေကိုလည်း ပြန်လည် ဆင့်ခေါ်မယ့် စနစ်ကျင့်သုံးမယ်လို့သိရတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရှင်းပြသည်။

    စစ်မှုထမ်းရန် ပျက်ကွက်ပါက မည်သူမဆို အမည်ပျက်စာရင်းနှင့် ဖမ်း၀ရမ်းထုတ်ခံရသည့် စာရင်းတွင် ထည့်သွင်းခံရမည်ဖြစ်ကြောင်း သိရှိရသည်။

    ပြည်ပရောက် မြန်မာများနှင့်ပတ်သက်၍ စစ်မှုထမ်းရန်စာရင်းများကို သက်ဆိုင်ရာ မိသားစုမှတစ်ဆင့် ဆက်သွယ်မည်ဖြစ် ကြောင်း၊ အကယ်၍ ပြည်ပရောက် မြန်မာများက စစ်မှုထမ်းရန် မလာရောက်ခြင်း၊ မဆက်သွယ်လျှင် သက်ဆိုင်ရာ၏ အရေး ယူဆောင်ရွက်မှုများ ရှိမည်ဖြစ်ပြီး အမည်ပျက်စာရင်း၊ ဖမ်း၀ရမ်းထုတ်ခံရမည့် စာရင်းတွင် ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

    စစ်မှုထမ်းရန် ပျက်ကွက်သည့် ပြည်ပရောက် မြန်မာများကို အမည်ပျက်စာရင်းနှင့် ဖမ်း၀ရမ်းထုတ်ခံရသည့် စာရင်းတွင် ထည့်သွင်းခံရပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးနိုင်မည်မဟုတ်ဘဲ မြန်မာနိုင်ငံသို့ ပြန်လာပါကလည်း လေဆိပ်၏ အမည်ပျက်စာရင်းတွင် ပါဝင်နေသဖြင့် အဖမ်းခံရနိုင်ကြောင်း သိရှိရသည်။

    “စစ်မှုထမ်းရန် ပျက်ကွက်တဲ့ အမည်ပျက်စာရင်းနဲ့ ဖမ်း၀ရမ်းထုတ်ခံရတဲ့ စာရင်းကို သေချာပြုစုဖို့ရှိနေတယ်” ဟု မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် တိုက်ရိုက်ပတ်သက်နေသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

  • ဗုံးလာကြဲသည့် စက်တပ်လေထီး ၂ စီးကို ပါပစ်ချနိုင်ခဲ့

    ဗုံးလာကြဲသည့် စက်တပ်လေထီး ၂ စီးကို ပါပစ်ချနိုင်ခဲ့

    စစ်ကောင်စီ၏ ညောင်ကျိုးစခန်းကို AA က အပြင်းအထန်တိုက်ခိုက်နေပြီး ကာကင်းစခန်းအတွင်း ပိတ်မိကာ အစာရေစာပြတ်လပ်၊ ဗုံးလာကြဲသည့် စက်တပ်လေထီး ၂ စီးကို ပါပစ်ချနိုင်ခဲ့

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ညောင်ကျိုး လက်နက်ကြီးအထိုင်ချစခန်းနှင့် နတ်တောင်တာဝါတိုင် စခန်းကုန်းတို့တွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေကြောင်း သိရသည်။

    ညောင်ကျိုးစခန်း၏ ကာကင်းစခန်းကုန်းဖြစ်သည့် နတ်တောင်တာဝါတိုင်းစခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် AA က ပိတ်ဆို့ထားပြီး ညောင်ကျိုးစခန်းတွင်ပါ ထိုးစစ်ပြင်းထန်၍ တိုက်ပွဲအပြင်း အထန် ဖြစ်ပွားနေကြောင်း သိရသည်။

    “ပုဂံကွဲကျပြီးတဲ့နောက် နတ်တောင်စခန်းက အပိတ်ခံ ထားရတာ။ စားနပ်ရိက္ခာလည်းမပို့နိုင်လို့ ငတ်ပြတ်နေတယ်လို့ သိထားတယ်။ ညောင်ကျိုးကနေ ရိက္ခာရော လက်နက်ခဲယမ်းရော ဘာမှ မပို့နိုင်တော့တာ။ စခန်းကုန်းထဲအကုန်ပိတ်မိနေကြတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ပိတ်မိနေသည့် နတ်တောင်တာဝါကုန်းစခန်းသည် AA သိမ်းပိုက်ထားသည့် ပုဂံကွဲစခန်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ညောင်ကျိုးလက်နက်ကြီး အထိုင်စခန်းတို့ကြားတွင် တည်ရှိကြောင်း သိရသည်။

    ယမန်နေ့က တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက စက်တပ်လေထီးများဖြင့် ဗုံးလာကြဲရာတွင် စက်တပ်လေထီး (Paramotor) နှစ်စီးကို AA က ပစ်ချခဲ့ရာ စက်တပ်လေထီးနှင့်အတူလိုက်ပါလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးလုံးသေဆုံးသွားကြောင်း သိရသည်။

    ညောင်ကျိုးတိုက်ပွဲအတွင်းသို့ ညောင်ခြေထောက်ရှိ အမှတ်(၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆ ) အတွင်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်နေပြီး ညောင်ကျိုးနှင့် ကပစ စက်ရုံများမှာ ၁၀ မိုင်ဝန်းကျင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

    AA သည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ တောင်ပုံကြီးစခန်းကို သိမ်းယူပြီးနောက် မိုးထိတောင် စခန်းကို ဆက်လက်သိမ်းယူခဲ့ရာ စစ်ကောင်စီက မိုးထိတောင်စခန်း ပြန်လည်ရရှိရေးအတွက် ပုဂံကွဲ၊ ညောင်ကျိုး၊ ညောင်ခြေထောက်တို့တွင် ခံစစ်စခန်းများတည်၍ ပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

    ထိုသို့ထိုးစစ်ဆင်ရန် ကြိုးပမ်းလာသော စစ်ကောင်စီတပ်များ မိုးထိတောင်စခန်းမှ ပြန်လန်ကျကာ ခံစစ်စခန်းဖြစ်သည့် ပုဂံကွဲစခန်းအသိမ်းခံရပြီး လက်ရှိတွင် ညောင်ကျိုးနှင့် ကာကင်းစခန်းဖြစ်သည့် နတ်တောင်တာဝါတိုင်စခန်းတို့တွင်ပါ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို ခံနေရသည်။

    ဓာတ်ပုံ-စစ်ကောင်စီတပ်မှ စက်တပ်လေထီးလေ့ကျင့်နေစဥ်(ပုံဟောင်း)

  • ရန်ကုန် အဝင် အထွက် အစစ်အဆေးတင်းကြပ်ရန်နှင့် မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ်ထားရန် ညွှန်ကြားထား

    ရန်ကုန် အဝင် အထွက် အစစ်အဆေးတင်းကြပ်ရန်နှင့် မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ်ထားရန် ညွှန်ကြားထား

    ရန်ကုန်နှင့် ပဲခူးတို့တွင် PDF တပ်များက တိုက်ပွဲများဖော်ဆောင်မည်ဆိုသော သတင်းကြောင့် စစ်ကောင်စီဘက်က ရန်ကုန်အဝင်၊ အထွက်များအား အစစ်အဆေးတင်းကြပ်မည်ဟု သိရသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်များက ရန်ကုန်နှင့် ပဲခူးတွင် တိုက်ပွဲများဖော်ဆောင်မည်ဆိုသော သတင်းကြောင့် ရန်ကုန်တိုင်း နယ်လုံဝန်ကြီးနှင့် ရန်ကုန်တိုင်း ထိပ်ပိုင်းရဲခေါင်းဆောင်များ ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် အစည်းအဝေးလုပ်ကာ ယင်းသို့ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ရဲ အသိုင်းအဝိုင်းထံ မှ သိရသည်။

    “ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲချုပ်တွေပေါ့နော်။ နယ်လုံဝန်ကြီး၊ မြို့နယ်ရဲမှူးတွေ၊ ခရိုင်ရဲမှူးတွေလည်းပါတဲ့ အစည်းအဝေးကနေပြီးတော့ NUG ကနေပြီးတော့ ရန်ကုန်နဲ့ ပဲခူးမှာ တိုက်ပွဲတွေဖော်ဆောင်မယ်ဆိုတဲ့ သတင်းရတယ်ဆိုပြီး ရန်ကုန်တိုင်းကို ဒီ့ထက်ပိုပြီးစစ်ဆေးဖို့ အဝင်အထွက်တွေ ကြပ်မတ်ဖို့နဲ့ လုံခြုံရေး သတိ အသိတွေရှိဖို့ဆိုပြီးတော့ ညွှန်ကြားတယ်။”ဟု ရဲအသိုင်းအဝိုင်းမှ သတင်းပေးတစ်ဦးက ပြောသည်။

    ရန်ကုန်တိုင်းအတွင်းသို့ ဝင်ရောက်လာနိုင်သည့် ခရီးသည်တင်ယာဉ်များ၊ အိမ်စီးကားများနှင့် ဝင်ရောက်လာမည့် လူများအား စစ်ဆေးရန်၊ ရပ်ကွက်များတွင်လည်း အစစ်အဆေး ကြပ်မတ်ရန်၊ စစ်မှုထမ်းကိစ္စများနှင့်ပါတ်သက်၍ လူငယ်များအား ထိထိရောက်ရောက် ဆောင်ရွက်ရန်လည်း ညွန်ကြားသည်ဟု သိရသည်။

    “ဘယ်မြို့နယ်ကို အဓိကတင်းကြပ်ပါဆိုပြီးပြောတာ မဟုတ်ဘူး။ ရန်ကုန်အဝင်၊ အထွက်တွေကို တင်းကြပ်ပါပေါ့။ အဓိကတော့ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာနဲ့ နီးစပ်တဲ့နေရာတွေ အရင်ကတည်းက ရန်ကုန်နဲ့နီးတဲ့ တိုက်ပွဲဖြစ်ခဲ့ဖူးတဲ့နေရာတွေကို တင်းကြပ်ဖို့ပေါ့။ အဓိကတော့ ရန်ကုန် အဝင်၊ အထွက်တွေ တင်းကြပ်ဖို့နဲ့ မြို့နယ်တွေမှာ လူတွေစစ်ဖို့ ညွှန်ကြားတာပေါ့နော်။”ဟု ၎င်းကဆက်ပြောသည်။

    စစ်ဆေးတင်းကြပ်မှုများကို မည်သည်နေ့က စတင်လုပ်ဆောင်မည်ဟု ပြောဆိုခြင်းမရှိဘဲ ယနေ့မှစတင်၍ ရက်ပိုင်းအတွင်း စစ်ဆေးရန် ညွှန်ကြားခြင်းဖြစ်သည်ဟု ဆိုသည်။

    ထို့အပြင် ရန်ကုန်တိုင်းအတွင်း တိုက်ပွဲများကြောင့် အဆိုးဆုံးအခြေအနေဖြစ်လာခဲ့ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် ကိုယ့်အစီအစဥ်နှင့်ကိုယ်ထားရန် ပြောဆိုသည်ဟုလည်း သိရသည်။

  • ဗန်းမော်၌ စစ်ရေးအထိနာ၍ ကျေးရွာများကို ပို ဗုံးကြဲ

    ဗန်းမော်၌ စစ်ရေးအထိနာ၍ ကျေးရွာများကို ပို ဗုံးကြဲ

    ဗန်းမော်တိုက်ပွဲအတွင်း တပ်ရင်းတချို့ လက်လွှတ်ရသည့် စစ်တပ်က ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်တို့ရှိ ကျေးရွာ များ အား ပစ်မှတ်ထားဗုံးကြဲမှု ပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

    ဗိုလ်မှူးကြီး နော်ဘူက “မိုးမောက်မြို့နယ်တို့ မံစီမြို့နယ်တို့မှာ ညသန်းခေါင် လေယာဉ်နဲ့ဗုံးကြဲတာ အရပ်သား သေဆုံးမှုရှိ တယ်။ အရေအတွက် အသေးစိတ် မသိရသေးပါဘူး။ ဗန်းမော်ဘက်မှာ သူတို့အထိနာတယ်ဆိုတော့ ပြည်သူရှိတဲ့ဘက်ကို ဗုံးကြဲတာ ပြည်သူကို ကျနော်တို့တော်လှန်တဲ့အဖွဲ့တွေနဲ့ အဆက်အသွယ် မလုပ်အောင် ခြိမ်းခြောက်တဲ့ပုံစံနဲ့ ဗုံးကြဲတာ” ဟု ပြောသည်။

    ယမန်နေ့ ညပိုင်းတွင် စစ်တပ်အနေဖြင့် မံစီမြို့နယ် မန်ဝိန်းကြီးဒေသနှင့် ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေသည့် နေရာ တခုကို ဗုံးကြဲခဲ့ရာ ထိခိုက်ဒဏ်ရာရမှုအခြေအနေအသေးစိတ်ကို မသိရသေး ကြောင်းလည်း ၎င်းက ပြောသည်။

    ခလရ ၂၃၆ လက်လွှတ်ခဲ့ရသည့် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းကလည်း မိုးမောက်မြို့နယ် ဝက်ယင်းနှင့် နန့်အီကျေးရွာတို့ အား စစ်တပ်က ဗုံးကြဲရာ အရပ်သား ကလေးငယ်သုံးဦးအပါအဝင် ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သည်။ ဝက်ယင်းရွာမှ သေဆုံးသူ ၇ ဦးသည် မိသားစုဝင်များဖြစ်ကြပြီး ၎င်းတို့အိမ်အပါအဝင် ရွာရှိနေအိမ်တချို့လည်း ပျက်စီးခဲ့ရသည်။

    ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မံစီမြို့နယ်၊ မံသာကျေးရွာအား စစ်တပ်က ဗုံးကြဲသည့် အတွက် ကလေးတဦးအပါအဝင် ၂ ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့သည့်အပြင် ဗန်းမော်မြို့နယ်၊ ရေလဲရွာတွင် လည်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင်း အရပ်သား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီ ၂၁ ရက်က မံစီမြို့နယ်၊ မန်တာကျေးရွာကို ဗုံးကြဲ၍ ပျက်စီးမှုများ/Thein aung (CJ)

    လူအစုလိုက် သေဆုံးစေသည့် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုအပေါ်ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က ထုတ်ပြောခဲ့ပြီး ဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ဒေသခံများအနေဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များ ဆက်လက် တိုးမြင့်လာလျက်ရှိနေကြောင်းလည်း ၎င်းတို့က ဆိုသည်။

    စစ်တပ်အနေဖြင့် KIA ထိန်းချုပ်နယ်မြေများအတွင်းရှိ ကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စစ်ရေး သတိ ရှိကြရန် KIA က တိုက်တွန်းထားသည်။

    KIA ပူးပေါင်းတပ်များက ယမန်နှစ်ဒီဇင်ဘာလဆန်းပိုင်း၌ စတင် ထိုးစစ်ဆင်နေသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည်လည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး လတ်တလော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနီး အဓိက တိုက်ပွဲ ပြင်းထန်နေကြောင်းလည်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

    ၎င်းက “တိုက်ပွဲက ဆက်ဖြစ်နေပါတယ်။ အဓိကတော့ စကခ ၂၁ ဘက်မှာ၊ စကစဘက်ကတော့ အဓိက လေကြောင်းနဲ့ ဒရုန်းတွေနဲ့ တိုက်နေတာပေါ့။ စစ်ကူပို့တာတွေလည်း ရှိတယ်” ဟု ပြောသည်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်များက ခလရ ၂၃၆၊ အမြောက်တပ် အမတ ၃၆၆၊ သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်းနှင့် တပ်စခန်းတချို့ တိုက်ခိုက်သိမ်းပိုက်ကာ မြို့ပေါ်နေရာအများစုအား ထိန်းချုပ်ထားနိုင်ပြီး မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက် ကြိုးပမ်းနေကြောင်း KIA ဘက်က ပြောထားသည်။