Category: News

  • နတ်ရေကန်စခန်းမှထွက်ပြေးသည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ စစ်ခုံရုံး တင်စစ်ဆေးခံနေရ

    AA ထိုးစစ်ကို မခုခံနိုင်ဘဲ နတ်ရေကန်စခန်းမှထွက်ပြေးသည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ စစ်ခုံရုံး တင်စစ်ဆေးခံနေရ

    မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်း ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများသယ် ဆောင်ပြီး ထွက်ပြေးသည့် တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး တို့ကို စစ်ကောင်စီက စစ်ခုံရုံးတင် စစ်ဆေးနေကြောင်း သိရသည်။

    စစ်ကောင်စီ၏ နတ်ရေကန် မဆုတ်တမ်းခံစစ်မှ အမိန့်မရဘဲ ဆုတ်ခွာ ထွက်ပြေးလာသည့် ရှေ့တန်းတပ်မချုပ် ၉၉ လက် အောက်ခံ ရှေ့တန်းခမရ ၃၁၅ မိတ္ထီလာတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က စုံခုံဖွဲ့စစ်ဆေးနေကြောင်း သိရသည်။

    “လက်နက်ကြီးတွေ AA လက်ထဲပါမှာစိုးပြီး ကားတွေနဲ့ တင်ပြေးတာ။ ဆုတ်ခွာမိန့်မရဘဲ ပြေးလို့ဆိုပြီး စုံခုံဖွဲ့ခံထားရတယ်ပြောတယ်”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

    အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် ခမရ ၃၁၅ မှ တပ်ရင်းမှူးဦးဆောင်သည့် အင်အား ၁၀၀ ပါအဖွဲ့သည် လက်နက်ခဲယမ်းများကို သယ်ဆောင်၍ နတ်ရေကန်စခန်းမှ ဆုတ်ခွာထွက်ပြေးရာတွင် ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရသည်။

    ကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် စစ်ကားတစ်စီးမီးလောင်ပြီး တစ်စီးပျက်စီးသွားကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီသည် နတ်ရေကန်ဗျူဟာစခန်းတွင် အင်အား အများအပြားဖြင့် ခုခံစစ်ဆင်ထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ တိုက်ခိုက်ရည်မပြည့်ဝသေးသည့် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များဖြစ်နေပြီး နယ်မြေမကျွမ်းကျင်သည့်အတွက် သေဆုံးမှုများပြားကာ ထွက်ပြေး နေရကြောင်း သိရသည်။

    အဆိုပါ နတ်ရေကန်စခန်းကျပါက ငဖဲမြို့နယ်အတွင်းရှိ အမှတ်(၁၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) နှင့် အမှတ်(၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅ )တို့ အလုံးအရင်းနှင့် တိုက်ခိုက် ခံရမည်ကို စစ်ကောင်စီကစိုးရိမ်လျက်ရှိကြောင်း သိရသည်။

    ဓာတ်ပုံ-AA တပ်ဖွဲ့ဝင်များ

  • ပြည်သူ့စစ်မှုထမ်း အပါတ်စဥ် ၄ အတွက် အဓမ္မစုဆောင်းခံရသည့် ပုသိမ်မြို့နယ်မှ လူငယ်အချို့ တိုက်ပွဲတွင်သေဆုံး

    ပြည်သူ့စစ်မှုထမ်း အပါတ်စဥ် ၄ အတွက် အဓမ္မစုဆောင်းခံရသည့် ပုသိမ်မြို့နယ်မှ လူငယ်အချို့ တိုက်ပွဲတွင်သေဆုံး

    ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ၂၀၂၄ ခုနှစ် ဩဂုတ်လနောက်ဆုံးပတ်က ပြည့်သူစစ်မှုထမ်းအပါတ်စဥ် လေးအတွက် အတင်းအဓမ္မခေါ်ဆောင်ခြင်းခံခဲ့ရသည့်လူငယ် ငါးဦးသည် တိုက်ပွဲများတွင်သေဆုံးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါလူငယ်များသည် စစ်မှုထမ်းရန် ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်ကောင်စီက အရပ်၀တ်များ အိမ်စီးကားများအသုံးပြုကာ ဆွဲခေါ်ဖမ်းဆီးသွားခြင်းကို ခံရသူများဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများကပြောသည်။

    “ရွာကို အိမ်စီးကားအဖြူနဲ့လာပြီး ကောင်လေးက ခြံထဲမှာမြေတူးနေတာ အတင်း၀င်ဆွဲသွားတာ။ မိဘတွေက ဘာဖြစ်လို့ဖမ်းမှန်းမသိဘူး။ သုံးရက်လောက်ကြာမှ စစ်တပ်ထဲကိုအ၀တ်အစားတွေပို့ခိုင်းတယ် ၊ အဲ့ထဲကအဆက်သွယ်မရတော့တာ ခုတော့တိုက်ပွဲကျသွားပြီ” ဟု ပုသိမ်မြို့နယ် သရက်ကုန်းကျေးရွာမှ စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရသောလူငယ်၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

    လက်ရှိတွင် စစ်မှုထမ်းအပါတ်စဥ် လေးအတွက် အဓမ္မစစ်သားစုဆောင်းခံရသော ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်များမှလူငယ် နှစ်ဦးနှင့်ကျေးရွာများမှ လူငယ် သုံးဦး တိုက်ပွဲတွင် သေဆုံးသွားပြီဟု လာရောက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

    အဆိုပါလူငယ်များကိုသင်တန်းဆင်းပြီးနောက် အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များတွင် တာ၀န်ချထားခဲ့ကြောင်းသိရသည်။ အဆိုပါ တပ်သားသစ်များကို ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ရခိုင်ပြည်နယ်သို့ စစ်ကူစေလွှတ်ခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိတွင် ဧရာ၀တီတိုင်းတွင်ပြည်သူ့စစ်မှုထမ်းသင်တန်းအပါတ်စဉ် ၁၀ သို့ ရောက်ရှိနေပြီးတက်ရောက်နေသူအများစုမှာ အုပ်ချုပ်ရေးမှူးများမှ ငွေပေးကာခေါ်ယူလာသူများ၊ စစ်ကောင်စီမှ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်လာသူများပါ၀င်ကြောင်း သိရသည်။

    ဓာတ်ပုံ- အဓမ္မစုဆောင်းခံထားရသည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ်(၁၀)သင်တန်းသားများအား စစ်ပစ္စည်းများထုတ်ပေးနေစဥ်

  • စစ်ခေါင်းဆောင် အထွတ်အမြတ်ထားသည့် ဆင်ဖြူ ၁ ကောင် သေဆုံး

    စစ်ခေါင်းဆောင် အထွတ်အမြတ်ထားသည့် ဆင်ဖြူ ၁ ကောင် သေဆုံး

    အမြတ်တနိုး မွေးမြူထားသည့် ဆင်ဖြူများကျန်းမာရွှင်လန်းကြောင်း သတင်း ထုတ်ပြန်လေ့ရှိသည့် စစ်ဗိုလ်ချုပ်များက ဆင်ဖြူတစ်ကောင် သေဆုံးသွားမှုကို သတင်းအမှောင်ချထားသည်။

    အာဏာသိမ်း စစ်ခေါင်းဆောင် အထွတ်အမြတ်ထား မွေးမြူထားသော ဆင်ဖြူတော်များအနက် ဆင်ဖြူ တစ်ကောင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က သေဆုံးသွားရာ အယူသည်းသောစစ်ဗိုလ်ချုပ်များက တိတ်တဆိတ်မြှုပ်နှံခဲ့ကြောင်း သိရသည်။

    နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီအရှေ့ဘက်မုခ်အနီး ထားရှိသော ၅၃ နှစ် အရွယ် ဆင်မကြီး ဘဒ္ဒဝတီ ထိုနေ့ နံနက် ၁၀ နာရီခန့်က လဲကျသေဆုံးခဲ့သည်ဟု ယင်းဖြစ်စဉ်ကို သိရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    “အသက်ကြီးလာတော့ ကျန်းမာရေးမကောင်းဘဲ သေဆုံးသွားတာပါ။ အစားစားနေရင်းနဲ့၊ ခုတော့ ဘုရားထဲက ဆင်ဖြူတွေထားတဲ့နေရာမှာပဲ တွင်းတူးပြီးတော့ မြှုပ်နှံလိုက်ပြီ” ဟု သူက ပြောသည်။

    ဆင်မကြီး သေဆုံးသည့်သတင်းကို စစ်ကောင်စီက တရားဝင်ထုတ်ပြန်ခြင်း မရှိပေ။

    စစ်ကောင်စီအရာကြီးတချို့ လာရောက်ပြီး အဆိုပါအဆောင်ဝင်းအတွင်း နေ့တွင်းချင်း မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

    “ဆင်ဖြူမကြီး သေတဲ့နေ့ကစပြီး ဆင်အစာရောင်းတဲ့သူတွေရော၊ အဲဒီနားက ဈေးရောင်းတဲ့သူတွေရော မရောင်းခိုင်းဘူး၊ ဘုရားကိုရော ပိတ်ထားတာ၊ မြှုပ်ပြီးသွားမှ ပြန်ဖွင့်ပေးတာ”ဟု ယင်းအမျိုးသမီးက ကာယကံရှင်များကို ကိုးကား၍ ပြောသည်။

    ဆင်မကြီးဘဒ္ဒဝတီသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှဖြစ်ပြီး နေပြည်တော်ကို ၂၀၁၀ ပြည့်နှစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မွေးဖွားခဲ့ပြီး အရပ်အမြင့် ၇ ပေ ၇ လက်မ၊ ကိုယ်လုံးပတ် ၁၁ ပေ ၈ လက်မ ရှိသည်။

    ဆင်ဖြူတော် အမတစ်ကောင် သေဆုံးခြင်းကို သတင်းထုတ်ပြန်မည်မဟုတ်ကြောင်း အမည်မဖော်လိုသူ နေပြည်တော်မှ စစ်အရာရှိတစ်ဦးက ဆိုသည်။

    စစ်တပ်ဝါဒဖြန့် အွန်လိုင်းမီဒီယာတချို့တွင် အဆိုပါဆင်မကြီး သေဆုံးခဲ့ကြောင်း ဖေဖာ်ဝါရီ ၂၄ ရက်က ဖော်ပြထားသည်။

    ဆင်အဖြူရောင်ကို တွေ့ရှိလျှင် စစ်ဗိုလ်ချုပ်များက နေပြည်တော်သို့ ခေါ်ဆောင်ထားလေ့ရှိကြသည်၊ အသက်ရှင်နေသေးသော အခြားဆင်ဖြူများမှာ နန္ဒဝတီ၊ ဟေမဝတီ၊ ငွေဆဒ္ဒန်၊ ဇာတကလျာ၊ သီရိမာလာ နှင့် ရဋ္ဌနန္ဒက တို့ ဖြစ်ကြသည်။

    ယခင်က ဥပ္ပါတသန္တိစေတီအနီး ဆင်ဖြူအထီး ၂ ကောင်၊ အမ ၅ ကောင် ရှိသည်။ ပုံမှန်ဆင်လည်း ၃ ကောင် ရှိသည်။ ယခုရက်ပိုင်း ထိုနေရာတွင် ဆင်ဖြူ ၄ ကောင်နှင့် ပုံမှန်ဆင် ၂ ကောင်သာ တွေ့ရသည်ဟု သိရသည်။

    ဆင်ဖြူ မွေးဖွားမှု၊ မွေးနေ့ပွဲများ အကြောင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ ရှိသော်လည်း ဆင်ဖြူ ၁ ကောင်သေဆုံးသည့်သတင်းကို ဖော်ပြထားခြင်း မရှိပေ။

    ဇန်နဝါရီ ၂၄ ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဆင်ဖြူလေး ရဋ္ဌနန္ဒ မိခင်ဆင်မကြီးနှင့်အတူ “ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း “ ထည့်သွင်းဖော်ပြခဲ့သည်။

    အဆိုပါဆင်ဖြူ၏ ၁ နှစ်ပြည့်မွေးနေ့ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့က ပြုလုပ်ခဲ့စဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခဲ့သေးသည်။

    ဆင်ဖြူကို ယခင်က ဘုရင်၏ ဘုန်းတန်ခိုးအဖြစ် ယူဆလေ့ရှိကြရာ အယူသည်းသော စစ်ကောင်စီ ဗိုလ်ချုပ်များသည်လည်း ဆင်ဖြူတို့ကို တိရိစ္ဆာန်ရုံသို့ မပို့ဘဲ ဘုရားစေတီအနီး တခမ်းတနား မွေးမြူထားလေ့ရှိသည်။

    စစ်ကောင်စီတပ်က ၂၀၂၁ တွင် အာဏာသိမ်းပြီး ဆန္ဒပြသူများကို သတ်ဖြတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်ပြီး တနိုင်ငံလုံးအနှံ့ စစ်မြေပြင်ဖြစ်နေရာ စစ်ကောင်စီသည် ထိန်းချုပ်နယ်မြေ ပမာဏ အများအပြားကို လက်လွှတ်ထားရသည်။

  • စစ်တပ် စက်လှေတစ်စီးကို တိုက်ခိုက်မှု စစ်သား ၈ ဦး ထက်မနည်းသေဆုံး

    ထားဝယ်မြို့၊ ကြက်စားပြင်ဆိပ်ကမ်းဘောတံတားတွင် ဆိုက်ကပ်ထားသော စစ်တပ် စက်လှေတစ်စီးကို တိုက်ခိုက်မှု စစ်သား ၈ ဦး ထက်မနည်းသေဆုံးဟုဆို

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ရှိ ဆိပ်ကမ်းဘောတံတား၌ ဆိုက်ကပ်ထားသော စစ် တပ်စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

    ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်အချိန် ထားဝယ်မြို့ ၊ ကြက်စားပြင်ရပ်ရှိ ဆိပ်ကမ်းဘော တံတား၌ စစ်ကောင်စီတပ်သားတင်ဆောင်ကာ ကမ်းကပ်ထားသည့် လှေအား ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း၊ အထူးပြောက်ကျားတပ်ဖွဲ့မှ RPG ဖြင့် စတင်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

    “အဲဒီစခလှေက အမြဲတမ်းကပ်ထားတာတော့မဟုတ်ဘူးဗျ။ စစ်ကူ ဒါမှမဟုတ် တစ်ခုခုကြောင့် ထွက် ဖို့ကပ်ထားတာပါ၊ ထားဝယ်မြို့ပေါ်က စခတွေပါပဲ။ အရေအတွက်ဘယ်လောက်ရှိလဲတော့ အတိအ ကျ မသိရဘူး။ ကျနော်တို့ဘက်က RPG စပစ်ပြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အမှောင် ထဲကနေ အခွင့်ယူပြီးတိုက်ခိုက်ခဲ့တာမို့ အချိန်သိပ်မကြာလိုက်ပါဘူး” ဟု ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

    ထိုသို့ တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အလျင်အမြန်ဆုတ်ခွာခဲ့ရပြီး မည်သူ တစ်ဦးတစ်ယောက်မျှ အထိအခိုက်မရှိ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိ ခိုက်သေဆုံးမှု အတိအကျ ရရှိရန် စုံစမ်းနေသဖြင့် ထုတ်ပြန်ချက်နောက်ကျခဲ့ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

    ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြေအနေအရ ထိတွေ့ဆက်ဆံရမှု များရှိနိုင်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရှိရာနေရာများမှ အတတ်နိုင်ဆုံး ကြိုး စားကာ ရှောင်ရှားနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

    ဓာတ်ပုံ- မန္တလေးအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ၏ အသုဘနာရေး။ (ပုံအဟောင်းဖြစ်ပါသည်။)

  • စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန်တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် JFM တိုက်တွန်း

    စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန်တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် JFM တိုက်တွန်း

    စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန်တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် JFM တိုက်တွန်း

    အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန် တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် Justice for Myanmar (JFM)က ယနေ့ တိုက်တွန်းလိုက်သည်။

    BGF ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်များဖြစ်သော စောချစ်သူ (အမည်ရင်း စံမြင့်)၊ တင်ဝင်းနှင့် မုတ်သုန်တို့ သုံးဦးအား လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် လုပ်ဆောင်နေသော သတင်းများကို Justice For Myanmar က ကြိုဆိုကြောင်း၊ ထိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ရန်နှင့် တရားရုံးတွင် အဆိုပါ ဖမ်းဝရမ်းများကို လျှောက်ထားရန် တိုက်တွန်းကြောင်း၊ ယင်းဖမ်းဝရမ်းများ ထုတ်ပေးမှုသည် ထိုင်းနယ်စပ်တလျှောက် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်များ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဖြေရှင်းရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း JFM က ပြောဆိုသည်။

    နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းလုပ်ငန်းများကို အလျှင်အမြန်နှိပ်ကွပ်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ ဖိအားများ မြင့်တက်လာနေပြီဖြစ်ရာ ဖမ်းဝရမ်းလျှောက်ထားမှုကိုလည်း လိုက်ပါလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးများတည်ရှိရာ မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ဖြတ်တောက်မှုများကို မကြာသေးမီ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    လက်ရှိရက်ပိုင်းအတွင်း ငွေလိမ်ခြံကြီးများအတွင်း ပိတ်မိနေခဲ့ကြသည့် ရာနှင့်ချီသော အလုပ်သမား များကို ထိုင်းနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ထိုင်းနိုင်ငံက ကြိုဆိုလက်ခံပေးခဲ့ကြောင်း၊ သို့ရာတွင် စိုးရိမ် ပူပန်နေကြသည့် သက်ဆိုင်သူများအနေဖြင့် ယင်းလုပ်ငန်းတစ်ရပ်လုံးကို အပြီးတိုင် ဖျက်သိမ်းနိုင်ရေး အတွက် ဆက်လက်တွန်းအားပေးနေဆဲ ဖြစ်ကြောင်း၊ အပြစ်ရှိသူများကို တရားစွဲဆိုခြင်းသည် အဓိက လုပ်ဆောင်ရမည့်အခန်းကဏ္ဍဖြစ်ပြီး၊ ယင်းအတွက် ဖမ်းဝရမ်းများသည် နောက်တစ်ဆင့် အနေဖြင့် ယခုလုပ်ဆောင်ရမည့် ခြေလှမ်းဖြစ်ကြောင်း JFM က ထောက်ပြထားသည်။

    ဆိုက်ဘာငွေလိမ်လုပ်ငန်းနယ်ပယ်တွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့၏ ပါဝင်ပတ်သက်မှု အတိမ်အနက်ထုထည်သည် အခြေ အနေများငြိမ်သက်သွားရုံ ရေတိုလုပ်ဆောင်ပြမှုလောက်ဖြင့် ၎င်းတို့အား တရားစီရင်မှုမှ လွတ်မြောက်ခွင့်မပေးသင့်
    ကြောင်း ၂၀၂၄ ခုနှစ် Justice For Myanmar ၏ အစီရင်ခံစာတစ်စောင်တွင် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်များနှင့် မိသားစုဝင်များအနေဖြင့် မြေထိန်းချုပ်မှု၊ အိမ်ခြံမြေလုပ်ငန်းများတွင် တိုက်ရိုက် ပိုင်ဆိုင်မှု၊ အခွန်၊ လုံခြုံရေး၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှုနှင့် လူသုံးကုန်ရောင်းချမှုများမှတဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းမှ အကျိုးအမြတ်များ ရရှိနေပုံကို ဖော်ထုတ်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

    ချစ်သူနှင့် သားသမီးများသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီ ၉ ခုတွင် စုပေါင်းပိုင်ဆိုင်ထားကြပြီး၊ ရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေပြီး ယင်းမိသားစု၏ ပိုင်ဆိုင်မှုများတွင် Myanmar Apolo International Investment Company Limited (Apollo Park) နှင့် Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) တို့မှတဆင့် အနည်းဆုံးအနေဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးနှစ်ခုတွင် ရှယ်ယာများလည်း ပါဝင်ကြောင်း သိရှိရသည်။

    တင်ဝင်းသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီများဖြစ်ကြသည့် Shwe Myint Thaung Yinn Holdings Limited နှင့် Shwe Myint Thaung Yinn Industry & Manufacturing Company Limited တို့ကို ၎င်း၏ ဇနီးဖြစ်သူ နန်းမြင့်မြင့်ဝင်းနှင့် ပူးတွဲထိန်းချုပ်ထားကြောင်း၊ Shwe Myint Thaung Yinn Industry & Manufacturing Company Limited သည် ထိုင်းနိုင်ငံပိုင် ခရိုင်လျှပ်စစ်အာဏာပိုင် အဖွဲ့ (PEA) ထံမှ စွမ်းအင်တင်သွင်းရန် စာချုပ်ချုပ်ဆိုထားပြီး၊ မြဝတီမြို့နယ်အတွင်းရှိ ဆိုက်ဘာငွေလိမ်စင်တာများနှင့် အွန်လိုင်းကာစီနို လုပ်ငန်းများကို လျှပ်စစ်စွမ်းအင် ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

    ရွှေမြစ်သောင်ရင်းကုမ္ပဏီသည် PTT ထံမှ ရေနံများကိုလည်း ဝယ်ယူရောင်းချမှု လုပ်နေပြီး ယင်းက ထိုင်းနိုင်ငံပိုင်လုပ်ငန်းစုကြီးအား ၎င်းတို့၏ ရာဇဝတ်လုပ်ငန်းများတွင် ကြံရာပါ ပတ်သက်စေကြောင်း၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်သုံးဦးအား ဖမ်းဝရမ်းထုတ်ခြင်းအပြင် ထိုင်းအာဏာပိုင်များ အနေဖြင့် ၎င်းတို့၏ မိသားစုဝင်များ၊ စီးပွားမိတ်ဖက်များ၊ နယ်ခြားစောင့်တပ်ဖွဲ့၏ မြန်မာစစ်တပ်မှ တပ်မှူးများ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများကို အားပေးကူညီပြီး အကျိုးအမြတ်ရရှိနေကြသည့် ထိုင်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ရာဇဝတ်ဆိုင်ရာတရားစွဲဆိုမှုများ တိုးချဲ့လုပ်ဆောင်သင့်ကြောင်း JFM က တိုက်တွန်းထားသည်။

    Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေအပေါ် DSI က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေခြင်းက အပေါင်းလက္ခဏာ ဆောင်ပါတယ်။ အခုချိန်မှာ ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းလျှောက်ထားပြီး လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါက ကရင်နယ်ခြားစောင့်တပ်တွေရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တာဝန်ခံမှုပေးနိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ ကရင်နယ်ခြားစောင့်တပ်မိသားစုဝင်တွေ၊ သူတို့ရဲ့ စစ်အုပ်စုတပ်မှူးတွေ၊ မြန်မာနဲ့ထိုင်းနိုင်ငံအတွင်း သူတို့မိတ်ဖက်တွေကို ဖမ်းဝရမ်းတွေထုတ်ပြီး လူကုန်ကူးမှုတွေအပေါ် အရေးယူဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အကြမ်းဖက်စစ်ကောင်စီ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းပြီး မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသားများကို နေရပ်မိခင်နိုင်ငံများ ပြန်ပို့နိုင်ရေး စီစဉ်မှုများ လုပ်ဆောင်နေသော်လည်း ကျားဖြန့်ဂိုဏ်းများကို အဓိက ထူထောင်ခဲ့ကာ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော တရုတ်လုပ်ငန်းရှင်များကိုမူ ဖမ်းဆီးအရေးယူမှု တစ်စုံတစ်ရာ မရှိသေးကြောင်း ကျားဖြန့်အရေးစောင့်ကြည့်နေသည့် ထိုင်း-မြန်မာနယ်စပ်မှ စစ်ရေး သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

    ရန်ကုန်ခေတ်သစ်နှင့်ချိတ်ဆက် ဆက်သွယ်နေသော ရွှေက္ကိုလ်အတွင်းမှ သတင်းရင်းမြစ်များကလည်း လက်ရှိအချိန်အထိ ကျားဖြန့် လုပ်ငန်းများ ဆက်လက် လည်ပတ်နေဆဲဖြစ်ပြီး လုပ်ကိုင်နေသူများလည်း ရှိနေဆဲဖြစ်ကြောင်း၊ ပြန်ပို့နေသော နိုင်ငံခြားသားများမှာ ၎င်းတို့၏ ဆန္ဒအရ ပြန်ရန် ဆန္ဒပြုသူများဖြစ်ကြောင်း ပြောဆိုကြသည်။