Category: News

  • နယ်စပ်ဆေးရုံများ ကုသမှုရပ်ဆိုင်းပြီးနောက် အရေးပေါ်လူနာ တချို့သေဆုံး

    နယ်စပ်ဆေးရုံများ ကုသမှုရပ်ဆိုင်းပြီးနောက် အရေးပေါ်လူနာ တချို့သေဆုံး

    ဒုက္ခသည် ရှစ်သောင်းကျော် ခိုလှုံနေထိုင်ကြသည့် ထိုင်းနယ်စပ် ဒုက္ခသည်စခန်း ၇ ခုရှိ ဆေးရုံများ ရုတ်တရက် ပိတ်လိုက် သည့်အခြေအနေကြောင့် အရေးပေါ်ဆေးဝါးကုသနေသူများ အခက်အခဲဖြစ်ရသလို အသက်ဆုံးရှုံးမှုလည်း ရှိလာကြောင်း သိရသည်။

    သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရသစ်အဖွဲ့သည် နိုင်ငံတကာသို့ပေးနေသော အကူအညီများကို ရက်ပေါင်း ၉၀ အတွင်း ပြန်လည် သုံးသပ်ရန် ဆိုင်းငံ့ထားလိုက်၍ မြန်မာနိုင်ငံအတွက် အထောက်အပံ့ပေးနေသည့် အစီအစဥ်တချို့မှာ ဇန်နဝါရီနောက်ဆုံးအပတ်မှစ၍ ရပ်ဆိုင်းသွားကြသည်။

    ထိုအထဲတွင် အမေရိကန်နိုင်ငံ၏အကူညီများလည်ပတ်နေသည့် ထိုင်း- မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များအတွက် ကျန်းမာ‌ရေး ကူညီ‌ပေး‌ရေးအဖွဲ့ (IRC – International Rescue Committee) ကလည်း အထောက်အပံ့များ ချက်ချင်းရပ်ဆိုင်းလိုက်ရာ ဒုက္ခသည်စခန်း ၇ ခုမှ ဆေးရုံများ ဇန်နဝါရီ ၂၇ ရက်ကစ၍ ပိတ်လိုက်ရသည်။

    ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်အားလုံး ရုတ်တရက် ရပ်တန့်သွားသည့်အခြေအနေကြောင့် အရေးပေါ်လူနာများ ဆေးကုသမှု အခက်အခဲရှိနေပြီး အသက် ၅၀ ကျော် အမျိုးသားတဦး သေဆုံးခဲ့ရကြောင်း အုန်းဖြန် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသူအမျိုးသမီးတဦးက ဆိုသည်။

    ၎င်းက “သူက လေဖြတ်နေတာ၊ IDP မှာ နေနေတာ တနှစ်ကျော်လောက်ရှိပြီ။ ဆေးရုံမှာ ကုနေတာ တော်တော်ကြာနေပြီ။ သူက ဆေးနဲ့ အောက်ဆီဂျင်နဲ့နေရတော့ အဲဒီ ဆေးရုံဆင်းတဲ့နေ့မှာပဲ အောက်ဆီဂျင်တွေ သူတို့ ဖြုတ်လိုက်တယ်။ အဲဒီလို ဖြတ်လိုက်ပြီးတော့ မနေ့ညက ဆုံးသွားတယ်။ ဒီနေ့ကတော့ အသုဘချတယ်” ဟု ဇန်နဝါရီ ၂၉ ရက်က ပြောသည်။

    IRC က အကူအညီရပ်ဆိုင်းလိုက်ချိန်တွင် ဒုက္ခသည်စခန်းဆေးရုံများ၌ အရေးပေါ်လူနာများပါမကျန် အတွင်းလူနာအားလုံး ဆေးရုံမှဆင်းခိုင်းသည့်အပြင် ကျန်ရှိနေသော ဆေးဝါးများနှင့် ရောဂါရှာဖွေ၊ စမ်းသပ်ကုသရေးပစ္စည်းများလည်း လုံးဝ အသုံးပြုခွင့်မရှိတော့ကြောင်း မယ်လဒုက္ခသည်စခန်းရှိ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးက ပြောသည်။

    ၎င်းက “ဆေးရုံကို ပိတ်ထားပြီး ကျန်သေးတဲ့ ဆေးပစ္စည်းတွေလည်း ဘာမှယူသုံးလို့မရတော့ဘူး။ အရေးပေါ်လူနာ ၄ ယောက်ကိုတော့ တချို့က ကူညီပြီး မယ်တော်ဆေးခန်း ပို့ပေးတာရှိတယ်။ ကျန်နေတဲ့လူနာတွေကို ကျမတို့လည်း ဆေးညွှန်း ပေးတာတို့ပဲ လုပ်ပေးနိုင်တယ်။ အဲဒါတောင်အများစုက အပြင်မှာ ဆေးဝယ်သောက်ကြဖို့ ငွေကြေး မတတ်နိုင်ကြဘူး” ဟု ဆိုသည်။

    ထို့ပြင် လူဦးရေ ၁ သောင်းခွဲကျော်ရှိသည့် ထိုင်း- ကရင်နီနယ်စပ်ရှိ ဒုက္ခသည်စခန်း အမှတ် ၁ နှင့် အမှတ်၂ တို့တွင်လည်း ကျန်းမာရေးဝန်ဆောင်မှုများ ရပ်တန့်သွားသောကြောင့် ဒုက္ခသည်များ ဆေးဝါးကုသရန်အတွက် အခက်အခဲများစွာ ကြုံနေရသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ဒါရိုက်တာ ဦးဗညားက ပြောသည်။

    ၎င်းက “အဲဒီမှာ စခန်းအပြင်ထွက်ရတာ အရမ်းခက်တယ်။ အထူးသဖြင့် ဒုက္ခသည် အမှတ် ၂ စခန်းက အရမ်းဝေးပြီး သွားရလာရတာ အရမ်းခက်ခဲတယ်။ စခန်းတွေမှာ ဝင်ငွေမရှိကြတော့ ဆေးရုံ၊ ဆေးခန်းတွေ သွားပြဖို့ရာလည်း ခက်ခဲတယ်။ နောက်စခန်းပြင်ထွက်ရင် ထောက်ခံစာမရှိတော့ ရဲဖမ်းတာလည်း ကြုံရတယ်။ စခန်းထဲမှာ ဆေးရုံ၊ ဆေးခန်းမရှိတော့ ပုံမှန် ဖျားနာတာဖြစ်စေ၊ အရေးပေါ်အခြေအနေဖြစ်စေ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံ၊ ဆေးခန်းကို ပိတ်လိုက်တာ အဲဒီမှာ ဆေးတွေတချို့ ကျန်တယ်။ ဆေးကိရိယာတွေကျန်တယ်။ ဆေးဝါးတွေနဲ့ ကိရိယာတွေ ကျန်တာကိုပါ အသုံးပြုခွင့်ပိတ်လိုက်တဲ့ ပုံစံဖြစ်တော့ ပိုပြီးတော့ ဆိုးတာပေါ့” ဟု ပြောသည်။

    IRC ၏ အကူအညီများ ရပ်လိုက်သဖြင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မယ်လ၊ အုန်းဖြန်၊ နို့ဖိုး၊ ကန်ချနာပူရီခရိုင်ရှိ ဘမ့်ဒုံ ယမ်း၊ ရီချပူရီခရိုင်ရှိ ထမ့်မဟမ် ဒုက္ခသည်စခန်းများနှင့် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ အမှတ် ၁ ၊ ၂ ကရင်နီ ဒုက္ခသည် စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်များ ရပ်တန့်သွားပြီး ထိုစခန်း ၇ ခု၌ လူဦးရေ ၈၀၀၀၀ ကျော် ခိုလှုံနေ ကြသည်ဟု နယ်စပ်ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (The Border Consortium- TBC) စာရင်းများအရ သိရ သည်။

    ကရင်ဒုက္ခသည်များကော်မတီ (KRC) လက်အောက်ရှိ မယ်လ၊ အုန်းဖြန်၊ နို့ဖိုး၊ ဘမ့်ဒုံယမ်း၊ ထမ့်မဟမ် ဒုက္ခစခန်း ၅ ခုမှ ကျန်းမာရေးဝန်ဆောင်မှုများ ရပ်ဆိုင်းသွားရသောအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ အကူအညီပေးရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း တိကျသည့် အဖြေမရသေးကြောင်းနှင့် လတ်တလော တွင် အရေးပေါ်လူနာများအတွက်ကိုပင် အစီအစဥ်များ မပြုလုပ်နိုင်သေးကြောင်း KRC ဥက္ကဋ္ဌ စောရောဘတ်ထွေးက ပြောသည်။

    နိုင်ငံတကာအကူအညီများရပ်ဆိုင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးအမိန့်ထုတ်လိုက်ပြီးနောက် ထိုင်း- မြန်မာနယ်စပ်ရှိ USAID လက်အောက်ရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီ လုပ်ငန်းအချို့ စတင် ရပ်နား ထားပြီး USAID လက်အောက်ရှိ IRC အနေဖြင့် ဒုက္ခသည်စခန်းများရှိ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အားလုံးကို လုံးဝ ရပ်တန့်လိုက်ခြင်း ဖြစ်သည်။

    ပြည်ပနိုင်ငံများအား ပေးအပ်နေသော အမေရိကန် အကူအညီများ ယာယီဆိုင်းငံ့လိုက်သော်လည်း အရေးပေါ် စာနာမှုဆိုင်ရာ အကူအညီများကို ခြွင်းချက်နှင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယမန်နေ့တွင် ပြောဆိုသည်။

    အမေရိကန် အကူအညီအထောက်အပံ့များ ဆိုင်းငံ့ကာ ရက် ၉၀ အတွင်း ပြန်သုံးသပ်မည့် သမ္မတ ထရမ့်၏ အမိန့်နောက် ဆက်တွဲအနေဖြင့် ဇန်နဝါရီ ၂၈ ရက်တွင် ဝန်ကြီး မာကို ရူဘီယိုထုတ်ပြန်ရာ၌ သေရေးရှင်ရေးအတွက် အရေးတကြီး လိုအပ်နေသော ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ နေထိုင်စရာ၊ ပေးအပ်ထားပြီးအကူအညီ၊ ရုံးသုံးပစ္စည်း၊ ဝန်ထမ်းလစာအပါအဝင် ထောက်ပို့လုပ်ငန်းအတွက် အကူအညီများအား ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆိုသည်။

    သို့သော် ယင်းထုတ်ပြန်ချက်သည် ပြည်ပသို့ပေးနေသည့် အမေရိကန်အကူအညီများအပေါ် သက်ရောက်မှု ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပေ။

    USAID အစီအစဥ်အောက်မှ ထောက်ပံ့မှုပေးနေသည့် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းခိုလှုံသူများ အဓိကအားထားရာ မယ်တော်ဆေးခန်း၌ လက်ရှိတွင် ကျန်းမာရေးစောင့်ရှောက်မှုအားလုံးကို ပုံမှန်လည်ပတ်နေသေးသော်လည်း နောက်ပိုင်း တချို့ ကျန်းမာရေးဝန်ဆောင်မှုအစီအစဥ်များ အပြောင်းအလဲရှိနိုင်ကြောင်း မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီတာမောင်က ပြောသည်။

    ၎င်းက “တဖွဲ့ထဲမဟုတ်တော့ဘဲနဲ့ အဖွဲ့အားလုံးက ညှိနှိုင်းပြီးတော့ ရန်ပုံငွေတွေ ပြန်ပြီးတော့ ဖြည့်ဆည်းနိုင်ဖို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ စုစည်းဆောင်ရွက်ရမယ့်ကိစ္စတွေ၊ တချို့လုပ်ငန်းလျှော့ချမှာတွေ အဲဒါတွေတော့ တဖွဲ့တည်းအနေနဲ့သွားလို့ မရတော့ဘူး။ အဖွဲ့တွေအားလုံး ဝိုင်းဝန်းပြီးတော့ ဦးစားပေးဆောင်ရွက်ရမယ်။ အရေးပေါ်အခြေအနေမှာ ဘယ်ဝန်ဆောင်မှုတွေဆက်ပြီးရှိဖို့၊ ဘယ်ဝန်ဆောင်မှုတွေက မဖြစ်မနေ လိုတယ်။ ကိုယ့်မှာရှိတဲ့ အရင်းအမြစ်ကို ဘယ်လိုပြန်ပြီးတော့ ဖြန့်ကျက်ပြီး အသုံးချနိုင်မလဲဆိုတာတွေ ဆက်ဆွေးနွေးရမှာပေါ့” ဟု ပြောသည်။

    မယ်တော်ဆေးခန်းတွင် အတွင်းလူနာများအတွက် ခုတင် ၁၀၀ ကျော်ရှိပြီး အရေးပေါ်လူနာများမှ ပုံမှန် ကာကွယ်ဆေးထိုး ပေးနေသည့်အစီအစဥ်များထိ ကျန်းမာရေးစောင့်ရှောက်မှုများပေးနေရာ နေ့စဥ် လာရောက်ပြသကြသည့် လူနာများ ၄၀၀ ကျော်ထိ ရှိနေသည်။

    ထို့ကြောင့် မယ်တော်ဆေးခန်းတွင် တလလျှင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် လူနာ ၁ သောင်းကျော်ထိရှိနေရာ USAID အပြင် ထိုင်းကျန်းမာရေးအဖွဲ့များနှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများကလည်း ကူညီထောက်ပံ့မှုများရှိနေကြောင်း သိရသည်။

  • မြန်မာကို ပေးထားတဲ့ ပညာတော်သင်ဆုဒေါ်လာ ၄၅ သန်းကို အမေရိကန်သမ္မတ ပိတ်ပင်

    မြန်မာကို ပေးထားတဲ့ ပညာတော်သင်ဆုဒေါ်လာ ၄၅ သန်းကို အမေရိကန်သမ္မတ ပိတ်ပင်

    အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ မြန်မာနိုင်ငံကို ပေးအပ်ထားတဲ့ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့် ပညာတော်သင်ဆု(Diversity and Inclusion Scholarship)အတွက် ဒေါ်လာ ၄၅ သန်းကို မနေ့က(ဇန်နဝါရီ ၂၉ ရက်)ပိတ်ပင်လိုက်ပါတယ်။

    သမ္မတဒေါ်နယ်ထရန့်ဟာ ‘The Laken Riley Act’ကို လက်မှတ်ထိုးပြဋ္ဌာန်းကြောင်း ကြေညာရာမှာ မြန်မာနိုင်ငံအတွက် ပေးအပ်ထားတဲ့ ဒေါ်လာ ၄၅ သန်းကိုလည်း ပိတ်ဆို့လိုက်ကြောင်း ထုတ်ဖော်ကြေညာခဲ့တာပါ။

    “မြန်မာနိုင်ငံမှာ မတူကွဲပြားမှုဆိုင်ရာပညာတော်သင်ဆုအတွက် ဒေါ်လာ ၄၅ သန်းကို ကျွန်တော်တို့ ကတိပြုပေးအပ်ခဲ့ပါတယ်။ ဒေါ်လာ ၄၅ သန်းဆိုတာ တော်တော်များပြားတဲ့ ပမာဏပါ။ ဒီငွေကြေးတွေ ဘယ်ရောက်သွားမလဲဆိုတာ ခင်ဗျားတို့တွေ တွေးကြည့်နိုင်ပါတယ်။ ဒီငွေကြေးတွေကို တကယ်အကျိုးရှိတဲ့ သင့်တော်တဲ့နေရာတွေမှာ စီးဆင်းသွားစေဖို့ကျွန်တော်တို့အမြန်ဆုံး လုပ်ဆောင်သွားမှာပါ” လို့ အမေရိကန်သမ္မတ ထရန့်က ပြောပါတယ်။

    မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ပညာတော်သင်ဆုကို ပြီးခဲ့တဲ့ သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ စတင်ပေးအပ်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၅၂ ဦး၊ လူနည်းစုတိုင်းရင်းသားအစုအဖွဲ့မှ ၅၅ ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၀၇ ဦးကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

    အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)ကတဆင့် ထောက်ပံ့ပေးအပ်တဲ့ အထက်ပါ ပညာတော်သင်ဆုဟာ ၂၀၂၃ သြဂုတ်မှာ စတင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိနဲ့ အနာဂတ် လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များအား အထူးသဖြင့် ထိခိုက်လွယ်တဲ့အစုအဖွဲ့များအနေနဲ့ အရည်အသွေးမီ ပညာသင်ယူမှု အခွင့်အလမ်းများရရှိစေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

    အမေရိကန်သမ္မတထရန့်အနေနဲ့ အခုလို ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို ပိတ်ပင်ခဲ့တာဟာ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာပြည်အတွက် သက်ရောက် မှုကြီးမားပြီး မဖြစ်သင့်ဘူးလို့လည်း လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

    နိုင်ငံတကာဆီပို့ဆောင်တဲ့အမေရိကန်အထောက်အပံ့တွေကို ပိတ်ပင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ထုတ်ပြန်ခဲ့ခြင်းနဲ့အတူ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကို ရပ်ဆိုင်းထားလိုက်ရပါတယ်။

    ဇန်နဝါရီ ၂၇ ရက်ကစလို့ ထိုင်းဖက်ခြမ်းရော၊ မြန်မာဖက်ခြမ်းမှာပါ ရှိနေတဲ့ ဒုက္ခသည် စခန်းတွေမှာ ဆေးရုံတွေကို ပိတ်ခဲ့ရပြီး အရေးပေါ် လူနာတွေကလွဲလို့ တခြားလူနာတွေကို ဆေးရုံဆင်းစေခဲ့ရသလို ပြင်ပလူနာ အသစ်တွေကိုလည်း လက်မခံနိုင်တော့ဘူးလို့ကရင်ဒုက္ခသည်များကော်မတီ(KRC)က ဆိုပါတယ်။

    ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်ထဲမှာရှိတဲ့ မယ်လဒုက္ခသည်စခန်းနဲ့တခြားစခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ ပေးနေတဲ့ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC)ဟာ အထောက်အပံ့ ရရှိမှုတွေ ရပ်ဆိုင်းခြင်းနဲ့အတူ အမျိုးသမီးတွေ၊ သားသည်မိခင်တွေ၊ ရောဂါဝေဒနာ အပြင်းအထန် ခံစားနေရသူတွေ၊ အရေးပေါ် လူနာတွေ၊ နာတာရှည် လူနာတွေ၊ တီဘီ၊ သွေးတိုးနဲ့ဆီးချိုရောဂါသည်တွေအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသူတွေအတွက်ပုံမှန်ပေးအပ်နေတဲ့ဆေးဝါးအထောက်အပံ့နဲ့ ကျန်းမာရေး ဝန်ဆောင်မှု အားလုံး ရပ်နားထားခဲ့ရတယ်လို့ သိရပါတယ်။

  • ထားဝယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်

    ထားဝယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်

    ထားဝယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ၂ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာရှိ ရွှေဂူ စစ်တပ် ဂိတ်စခန်းနှင့် စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၅ နာရီ ဝန်းကျင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ထို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ငါးကြင်းမြီး ၁ လက်၊ MA-4 ၁ လက်၊ MA-3 ၃ လက်၊ MA-2 ၁ လက်၊ MA-1 ၄ လက်၊ ၆ဝ (ကွန်မန်ဒို) စိန်ပြောင်း ၁ လက်၊ ၁၄ နင်းမိုင်း ၄ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ လိပ်ခုံးမိုင်း ၅ လုံး၊ လက်ကိုင်ဖုန်း ၈ လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြားသိမ်းဆည်းရရှိကာ စစ်ဆေးရေး ဂိတ်နှင့် စခန်းကုန်းကို သိမ်းပိုက်မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို ဒူရကစစ်ကြောင်း ဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဖ်က်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ခွဲ(FPF) နှင့် ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ပြည်သူများအနေနှင့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ရေးများကို အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက် နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီ တပ်သားများ၊ ရဲတပ်ဖွဲ့ဝင်းများအနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဒူရကစစ်ကြောင်းက တိုက်တွန်း ဖိတ်ခေါ်ထားသည်။

  • အကြမ်းဖက်စစ်အုပ်စုက ဗုံးသီးတွေ မိုင်းတွေမှာ ပဋ္ဌာန်းစာသားတွေ ကပ်ပြီးတော့ အသုံးပြုနေ

    အကြမ်းဖက်စစ်အုပ်စုက ဗုံးသီးတွေ မိုင်းတွေမှာ ပဋ္ဌာန်းစာသားတွေ ကပ်ပြီးတော့ အသုံးပြုနေ

    အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲတွေမှာ အသုံးပြုနေတဲ့ ဗုံးသီးတွေ ၊ မိုင်းတွေမှာ ဗုဒ္ဓဘာသာဝင်တွေ ရွတ်ဆိုပူဇော်လေ့ရှိတဲ့ ပဋ္ဌာန်းစာသားတွေကို ကပ်ပြီးတော့ အသုံးပြုနေတယ်လို့ ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Arakan Bay News – ABN က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

    Arakan Bay News – ABN က ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာ အကြမ်းဖက်စစ်အုပ်စုက လက်ပစ်ဗုံးတွေ ၊ မြေမြှပ်မိုင်းတွေ ၊ ဒုံးကျည် တွေမှာ ပဋ္ဌာန်းစာသားတွေ ကပ်ထားတာကို တွေ့မြင်ရပါတယ်။

    အာရက္ခတပ်တော် (AA) က ရက္ခိုင်ပြည်မှာ ၁၄ မြို့ နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့အပါအဝင် မြို့ပေါင်း ၁၃ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားတာပါ။ ရက္ခိုင်ပြည်မှာ တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် စစ်တွေ ၊ ကျောက်ဖြူ နဲ့ မာန်အောင် မြို့တွေပဲ ကျန်ရှိပါတော့တယ်။

    လက်ရှိအချိန်မှာလည်း အာရက္ခတပ်တော် (AA) က ဧရာဝတီတိုင်း နဲ့ မကွေးတိုင်းတွေမှာ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့လည်း အသိပေး ထားပါတယ်။

    စစ်ကောင်စီတပ်က ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သည့် လူသတ်လက်နက်များတွင် ဗုဒ္ဓတရားတော်များအား လွဲမှားစွာ အသုံးပြုနေ

    အကြမ်းဖက် စစ်ကောင်စီသည် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်ဖက်ဖြစ်သည့် လူသတ် လက်နက်များတွင် ဗုဒ္ဓ၏ တရားတော်များအား လွဲမှားစွာ အသုံးပြုနေသည်ကို AA ထိန်းချုပ်ထားသည့် စစ်ကောင်စီ တပ်စခန်းများတွင် တွေ့ရသည်။

    ဗုံးသီး၊ ဒုံးကျည်၊ မိုင်း များတွင် ဗုဒ္ဓ၏ ပဌာန်းဒေသနာတော်များထဲမှ အတ္ထိပစ္စယော၊ နတ္ထိပစ္စယောစာများအား ရေး၍ ကပ်ထားသည်ကို တွေ့ရသည်။

    “အတ္ထိပစ္စယော” ဟူသည်မှာ ထင်ရှားရှိခြင်းဟု အဓိပ္ပါယ်ရသည်။ အကြောင်းတရားက အကျိုးတရားများကို ထင်ရှားရှိခြင်းဖြင့် ကျေးဇူးပြုသည်ကို ဆိုလိုပြီး “နတ္ထိပစ္စယော” ဟူသည်မှာ ထင်ရှားမရှိခြင်းဟု အဓိပ္ပါယ်ရသည်။ အကြောင်းတရားက အကျိုးတရားများကို မရှိခြင်းဖြင့် ကျေးဇူးပြုခြင်းကို ဆိုလိုသည်။

    ဗုဒ္ဓဝါဒသည် သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းစသော အကြမ်းဖက်မှုကို လုံးဝ လက်မခံသော ဝါဒ တစ်ခု ဖြစ်ပြီး အကြမ်းမဖက် ငြိမ်းချမ်းသော ဝါဒ ဖြစ်သည်။

    အကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်လက်နက်များဖြင့် နိုင်ငံအနှံ့ အပြစ်မဲ့ ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် ဗုဒ္ဓတရားတော်များကိုလည်း လက်နက်များတွင် တလွဲ အသုံးချနေသည်ကို ကန့်ကွက်ကြောင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပြောဆိုနေကြသည်ကို တွေ့ရသည်။

    ဓာတ်ပုံ-အကြမ်းဖက် စစ်ကောင်စီတပ်က ဗုဒ္ဓတရားတော်စာများအား လက်ပစ်ဗုံးသီး၊ ၆၀ ဗုံးသီး၊ မြေမြှုပ်မိုင်းများတွင် ကပ်ထားသည်ကိုတွေ့ရစဥ်/ABN

  • စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်

    စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်

    စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံး

    မကွေးတိုင်း ၊ စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းက စလင်းမြို့နယ်၊ ဆင်းကျုံးကျေးရွာထိပ်ရှိအကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၀ ဦးခန့်ဖြင့် တပ်စွဲပြီး ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် နံနက် ၆ နာရီခန့်တွင် တစ်ကြိမ်၊ ၈ နာရီခန့်တွင် တစ်ကြိမ်နှင့် ၉ နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “အင်အားက ၁၀ ယောက်လောက်ပဲရှိတာ၊ မနက် ၆ နာရီလောက်တစ်ကြိမ်၊ ၈ နာရီခွဲလောက်တစ် ကြိမ်နဲ့ ၉ နာရီကျော်ကျော်လောက်တစ်ကြိမ် ၃ ကြိမ်ချခဲ့တာ၊ ၅ ဦးသေတယ်၊ ၄ ဦးဒဏ်ရာရရတယ်၊ အဲဒီသေဆုံးထိခိုက်စာရင်းက အတည်ဖြစ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ရှိတယ်၊ ရဲဘော်တွေထိခိုက်မှုမရှိခဲ့ပါဘူး။ တိုက်ခိုက်ခံရပြီးတော့ အင်အားတွေထပ်တိုး ထားတာရှိတယ်။” ဟု မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းနှင့် မကွေးတိုင်း ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။