Category: News

  • ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည်

    ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည်

    ⚠️ ရန်ကုန်တွင် မနက်ဖြန် (မတ် ၁၈) ရက်မှစတင်ကာ အချိန်ပိုင်းဖြင့် မီးစတင်ဖြတ်တောက်မည်

    ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ပူပြင်းသည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ လျှပ်စစ်ဓာတ်အား သုံးစွဲမှု အဆမတန် မြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် မနက်ဖြန် မတ်လ ၁၈ ရက်နေ့မှစတင်ကာ အချိန်ပိုင်းအလိုက် ဝန်အားမျှတခွဲဝေဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

    နွေရာသီဖြစ်သည့် မတ်လမှ ဇွန်လအထိ ကာလအတွင်း ဓာတ်အားကို စဉ်ဆက်မပြတ် မျှတစွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ယခုကဲ့သို့ အချို့နေရာများနှင့် အချိန်များကို ညှိနှိုင်းကာ အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးရခြင်းဖြစ်ကြောင်း သိရသည်။

    သိထားသင့်သည့် အချက်များ –

    အလှည့်ကျ မီးဖြတ်မည့်စနစ်: ဓာတ်အား ထုတ်လုပ်နိုင်မှုအပေါ် မူတည်ပြီး အချိန်ပိုင်းအလိုက် ခွဲဝေဖြန့်ဖြူးမည် ဖြစ်သည်။

    မီးမပြတ်မည့် နေရာများ: သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံများမှ တိုက်ရိုက်လိုင်းဖြင့် ပေးထားသည့် ဓာတ်အားလိုင်းများကိုမူ ဝန်အားခွဲဝေခြင်း မပြုဘဲ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးပေးမည် ဖြစ်သည်။

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ အခြေအနေအရ ဝန်အားခွဲဝေဖြန့်ဖြူးရခြင်းအပေါ် နားလည်ပေးရန်နှင့် မိဘပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားကို စနစ်တကျ ချွေတာသုံးစွဲပေးကြပါရန် မေတ္တာရပ်ခံထားပါသည်။

  • ဖခင်က စစ်တပ်ဆီ​ရောင်းစားခဲ့တဲ့ လူငယ်စစ်တပ်က နှိပ်စက်လို့​သေဆုံး၊သတင်းကြားပြီး မိခင်ပါကွယ်လွန်

    ဖခင်က စစ်တပ်ဆီ​ရောင်းစားခဲ့တဲ့ လူငယ်စစ်တပ်က နှိပ်စက်လို့​သေဆုံး၊သတင်းကြားပြီး မိခင်ပါကွယ်လွန်

    ဖခင်က စစ်တပ်ဆီ​ရောင်းစားခဲ့တဲ့လူငယ် စစ်တပ်ကနှိပ်စက်လို့​သေဆုံး

    သတင်းကြားပြီးမိခင်ပါကွယ်လွန်

    ရန်ကုန်မြို့မှာ ဖခင်ဖြစ်သူကစစ်တပ်ဆီရောင်းစားခံရတဲ့လူငယ်တစ်ယောက်ရဲ့ ရုပ်အ​လောင်းထုတ်ယူဖို့ အိမ်ကမိခင် ဆီအကြောင်းကြားလာပြီး‌နောက် မိခင်ဖြစ်သူပါ သားစိတ်နဲ့ ​သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ​​နောက်အိမ်​ထောင်ပြုထားတဲ့ ဖခင်ဖြစ်သူဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် တညင်းကုန်းမှာရှိတဲ့ စစ်သားစုဆောင်းရေးတပ်ကိုသွားပြီး သားဖြစ်သူကို ကျပ်သိန်း ၅၀ နဲ့ မတ်လဆန်းမှာရောင်းစားခဲ့တာဖြစ်ပါတယ်။

    သားဖြစ်သူက မိခင်ကိုအဓိကလုပ်​ကြွေး​နေသူဖြစ်ပြီး အပြင်မှာထားရင် ပျက်စီးမယ်လို့အ​ကြောင်းပြပြီး စစ်တပ်ဆီ​ရောင်းစားခဲ့တာလို့စုံစမ်းသိရပါတယ်။

    အဆိုပါ လူငယ်ဟာ စစ်တပ်ကနေ ထွက်ပြေးခဲ့တာကြောင့် စစ်သားတွေကပြန်လည်ဖမ်းဆီးခဲ့ပြီး ရိုက်နှက်နှိပ်စက်ခဲ့ရာမှာသေဆုံးခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူ မကွယ်လွန်မီ ​ဒေသခံ​တွေကိုပြောပြခဲ့တာဖြစ်ပါတယ်။

    “သူ့ကို သူ့ဖအေ ရောင်းစားပြီး သိပ်မကြာဘူး။ ရုပ်အလောင်းလာထုတ်ဖို့အိမ်ကို လာပြောတယ်။ ကျွန်မကမေးတာပေါ့။ သားလေးက ဘာကြောင့် သေရတာလဲပေါ့။ကျွန်မကို မချေမငံရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောသွားတယ်။ထွက်ပြေးလို့ ပညာပေးလိုက်တာဆိုပြီးပြောတယ်။ ကျွန်မရင်ကျိုးရချည်ရဲ့လို့​ပြောတယ်”လို့ ​ဒေသခံတဦးက​ပြောပါတယ်။

    သားဖြစ်သူသတင်းကြားပြီး နာရီပိုင်းအကြာမှာပဲ မိခင်ဖြစ်သူပါ ထပ်မံကွယ်လွန်သွားတယ်လို့ ​ဒေသခံတွေကပြောပါတယ်။

    “မနက်ကစစ်သားတွေ သူတို့အိမ်ကိုလာတာတွေ့လိုက်တယ်။ သူတို့ပြန်ပြီးမကြာဘူး သတင်းသွားမေးကြတာပေါ့။ ဘာဖြစ်လဲပေါ့။ သူ့သားလေးအလောင်းလာထုတ်ဖို့ လာပြောသွားတာတဲ့။ ကိုယ်တွေလည်းနှစ်သိမ့်ပေးရုံမတတ်နိုင်ဘူး။ ညနေလောက်ကျတော့ နှလုံးကအမောဖောက်ပြီးဆုံးသွားတယ်။သူကနှလုံးရောဂါအခံရှိတယ်။ သူ့သားပါသွားကတည်းက သူလည်းသိပ်နေမကောင်းဘူး” လို့ ​ဒေသခံတဦးကပြောပါတယ်။

    သားဖြစ်သူဟာကွယ်လွန်ချိန်မှာ အသက် ၂၃ နှစ်အရွယ် ကိုရဲမင်းပိုင်ဖြစ်ပြီးမိခင်ဖြစ်သူက အသက် ၅၆ နှစ်အရွယ် ​ဒေါ်ကြည်ကြည်ဝင်းဖြစ်ပါတယ်။

    အဆိုပါ သားအမိနှစ်ယောက်ရဲ့ နာရေးကို စစ်တပ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ချက်ခြင်းသဂြိုလ်ခိုင်းခဲ့တယ်လို့လည်းသိရပါတယ်။

    စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို စစ်တပ်ထဲဝင်ဖို့မကြာခဏ မဲဆွယ်စည်းရုံးနေတယ်လိုပြည်သူ​တွေက​ပြောပါတယ်။

    စစ်တပ်ထဲဝင်ရင် လစဉ်ထောက်ပံ့ကြေးအပြင် လစာနဲ့ရိက္ခာတွေကိုပါ မိသားစုဝင်တွေကိုပေးမယ်လို့ ပြောဆိုစည်းရုံး ​လေ့ရှိပါတယ်။

    စစ်ကောင်စီအာဏာသိမ်းပြီး စစ်မှုထမ်း ဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၄ ဧပြီလကစတင်ပြီး စစ်မှုထမ်းခေါ်ယူခဲ့ရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စစ်မှုထမ်းအပတ်စဉ် (၂၂) ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တစ်ကြိမ်လျှင် လူဦးရေ ငါးထောင်နှုန်းနဲ့ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ် တစ်သိန်းကျော် ရရှိသွားပြီဖြစ်ပါတယ်။

    စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ​​ငွေလိုသူ​တွေကို​ငွေ​ပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်ယူပြီး​တော့ လူစားထိုးမှု​တွေလည်းများလာပါတယ်။​

    အခုလို ဖခင်ရင်းက​တောင် မိမိရဲ့သားကို ပြန်လည်ရောင်းချတဲ့ အခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

    ငွေ​​ကြေးဖို့ မတက်နိုင်တဲ့ အ​ခြေခံလူတန်းစား​တွေက တော့စစ်တပ်က အဓမ္မ ဖိအား​ပေး စစ်မှုထမ်းခိုင်းတာကို​ပေးစရာ​ငွေမရှိတာ​ကြောင့် ​လိုက်​နေကြရပါတယ် ။

    စစ်တပ်ကလစဥ်စစ်မှုထမ်း​ခေါ်တာအပြင်လူငယ်​တွေကိုအ​ကြောင်းပြချက်မျိုးစုံနဲ့ ​ပေါ်တာဆွဲတာ​တွေကိုလည်းစစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာလုပ်​နေပါတယ်။

    စစ်တပ်ကလူငယ်​တွေကို စစ်သင်တန်းပို့ပြီး ​ရှေ့တန်းကို​စေလွှတ်စစ်တိုက်ခိုင်းတာ​ကြောင့်​သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူ ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိ​နေပါတယ်။

    နိုင်ငံ့ရဲ့​ဒေသအများစုမှာတိုက်ပွဲ​တွေ ပြင်းထန်​နေတာ​ကြောင့် စစ်တပ်ကစစ်သားသစ်​တွေကိုဆက်တိုက်​ခေါ်ယူ​နေတာဖြစ်ပါတယ် ။

    (မန္တ​လေးမြို့မှာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တပ်ကလူငယ်​တွေစစ်မှုထမ်းရန် မဲနှိုက်ဖို့ ရပ်ကွက်အတွင်းလိုက်လံ​ကြေညာစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

  • မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အစိုးရသစ်လူစာရင်း

    မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အစိုးရသစ်လူစာရင်း

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အစိုးရသစ်လူစာရင်း

    နိုင်ငံတော်အာဏာကို သိမ်းယူပြီး ၅ နှစ်အကြာ သမ္မတလုပ်ရန် ကြံစည်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အစိုးရအဖွဲ့သစ် အမည်စာရင်းများ မကြာမီရက်ပိုင်းက ထွက်ပေါ်လာသည်။

    အဓိကသော့ချက်ကျသည့် တပ်ချုပ်နေရာကို ၎င်း၏အနီးကပ်လူယုံ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ပေးလိမ့်မည်ဟု ခန့်မှန်း ရေးသား ပြောဆိုမှုများရှိသော်လည်း ယခုထွက်ပေါ်လာသည့် စာရင်းအရ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား လျာထားသည်ကို တွေ့ရသည်။

    မတ် ၁၃ ရက် နေပြည်တော်တွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၁၅ နှစ်တာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘ၀ ဆောင်ရွက်ချက်များ ပြန်လည်သုံးသပ်ခြင်းနှင့် ဩဝါဒခံယူပွဲ၌လည်း ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပတ်သက်၍ ၎င်းနှင့် လက်တွဲညီညီ ဆောင်ရွက်ခဲ့သူအဖြစ် ကျေးဇူးတင်ချီးကျူးဂုဏ်ပြုခဲ့သေးသည်။

    ယခု ထွက်ပေါ်လာသည့် အစိုးရနှင့် လွှတ်တော်တာဝန်ယူမည့်သူများ စာရင်းအရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဒုဥက္ကဋ္ဌ ဦးမောင်မောင်အုန်းတို့ကို ခန့်အပ်ခဲ့ခြင်းက မှန်ကန်ကြောင်း သက်သေပြခဲ့သည်။

    စစ်ခေါင်းဆောင် သမ္မတလုပ်မည့် အစိုးရအဖွဲ့တွင် ဒုသမ္မတ (၁)မှာ ကိုကိုးကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လက်ရှိ စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစောဟု ဖော်ပြထားပြီး တိုင်းရင်းသားတဦးကို နေရာပေးလေ့ရှိသည့် အစဉ်အလာအရ ဒုသမ္မတ(၂) နေရာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ကချင်အမျိုးသမီး ဒေါ်ဒွဲဘူ ဖြစ်လာမည်ဟု ဆိုထားသည်။

    ရှေ့နေတဦးဖြစ်သည့် ဒေါ်ဒွဲဘူသည် ၂၀၁၀ ရွေးကောက်ပွဲကတည်းက စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)မှ အင်ဂျန်းယန်မြို့နယ်ကို အခြေပြုကာ လွှတ်တော်တွင်း ရောက်လာသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီကို ကိုယ်စားပြုသော်လည်း ရှုံးနိမ့်ခဲ့သည်။ စစ်တပ်အာဏာသိမ်းသည့်အခါ ၂၀၂၃ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၌ အဖွဲ့ဝင် ဖြစ်သည်။

    ထို့နောက် ၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)သို့ ကူးကာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅) ၌ အနိုင်ရခဲ့သည်။

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာကို လက်ရှိ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးဟု ဆိုထားပြီး ဒုဥက္ကဋ္ဌအဖြစ် စစ်ကော်မရှင်၏ အားကစားနှင့် လူငယ်ရေးရာ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နှစ်ခုကို ကိုင်ထားသည့် ကချင်လူမျိုး Jeng Phang နော်တောင်အား တင်မြှောက်မည်ဟု သိရသည်။

    ၎င်းတို့အား အမှန်တကယ် တင်မြှောက်ခြင်းရှိမရှိ မနက်ဖြန် ကျင်းပမည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ အဖြေ ထွက်ပေါ်လာမည် ဖြစ်သည်။

    အခြားသော အစိုးရအဖွဲ့ဝင်များအနေဖြင့် သမ္မတရုံးဝန်ကြီးအဖြစ် ဦးစိုးသိန်း၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ပြန်ကြားရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ဒုဝန်ကြီး ဦးသက်ဆွေတို့အား ခန့်အပ်မည်ဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းသည်လည်း အစိုးရအဖွဲ့ဝင်အတွင်း ပါဝင်လာမည်ဟု ဆိုသည်။

    ထို့ပြင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များထဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးအောင်နိုင်သူ၊ ကရင်နီပြည် (ကယားပြည်နယ်) ဝန်ကြီးချုပ်အဖြစ် ဦးအံ့မော်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးအေးကျော်၊ မကွေးတိုင်း ဝန်ကြီးချုပ်အဖြစ် ဦးတင်ကိုကိုတို့ အား ခန့်အပ်ရန်လျာထားကြောင်း အဆိုပါ ထွက်ပေါ်လာသည့်စာရင်းက ဆိုသည်။

    အဆိုပါစာရင်းအရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဦးခင်ရီ၊ ဦးညိုစော၊ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး အပါအဝင် အစိုးရအဖွဲ့သစ်၏ ထိပ်ပိုင်းခေါင်းဆောင်အများစုသည် နိုင်ငံတကာ၏ စီးပွားရေးနှင့် ခရီးသွားလာမှုကန့်သတ်ချက် (Sanctions) ထိထားသူများဖြစ်ပြီး ဒေါ်ဒွဲဘူကဲ့သို့သော တိုင်းရင်းသား ကိုယ်စားလှယ်အချို့သာ ဆန်ရှင်စာရင်း၌ မပါဝင်သေးသည်ကို တွေ့ရသည်။

    ထို့ပြင် အစိုးရသစ်၏ သမ္မတအဖြစ် တာဝန်ယူရန် ပြင်ဆင်နေသည့် စစ်ခေါင်းဆောင်သည် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများသာမက ၂၀၂၄ နိုဝင်ဘာလအတွင်းကလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အစိုးရရှေ့နေများ၏ ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခြင်းကိုပါ ခံထားရသူ ဖြစ်သည်။

    စစ်ကော်မရှင် ကြေညာချက်အရ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်လွှတ်တော် အစည်းအဝေးများကို မတ်လ ၂၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး သမ္မတများ ရွေးချယ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုလည်း ယခု မတ်လကုန်ပိုင်း တွင် ခေါ်ယူကာ အစိုးရအဖွဲ့သစ်အား အတည်ပြုဖွဲ့စည်းသွားမည် ဖြစ်သည်။

    အာဏာသိမ်းစစ်ကော်မရှင်က ဦးစီးကျင်းပခဲ့သည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)က မဲအများဆုံး အနိုင်ရရှိခဲ့ရာ လွှတ်တော်နှစ်ရပ်လုံး၌ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်များနှင့် ပူးပေါင်းပြီး အမည်ခံအစိုးရသစ်ကို စစ်ဘက်နှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းလာခြင်း ဖြစ်သည်။

    ပုံစာ – ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အမည်ခံအစိုးရသစ်အဖွဲ့

  • ပြိုင်ဘက်မရှိနိုင်ပါတယ်ဆိုတဲ့  ပါတီရဲ့ဥက္ကဋ္ဌ ကြီးက  သမ္မတမလုပ်ရဘူး။

    ပြိုင်ဘက်မရှိနိုင်ပါတယ်ဆိုတဲ့ ပါတီရဲ့ဥက္ကဋ္ဌ ကြီးက သမ္မတမလုပ်ရဘူး။

    မင်းတို့ဟာကလည်းကွာ

    ပြိုင်ဘက်မရှိနိုင်ပါတယ်ဆိုတဲ့

    ပါတီရဲ့ဥက္ကဋ္ဌ ကြီးက

    သမ္မတမလုပ်ရဘူး။

    ကျုပ်တို့အစိုးရ

    ကျွန်တော်တို့အစိုးရလို့

    ပြောပြောနေတဲ့ ဟိုလူကြီးတသိုက်တော့

    ဘာတွေပြောဦးမယ်မသိ။

    လွှတ်တော်က ထိန်းကျောင်းမယ် ဘာညာမပြောနဲ့

    ခင်ဗျားတို့နောက်ကျောကိုလည်း

    ပြောင်းကထောက်ထားတယ်ဆိုတာ

    ဒီဖြစ်စဉ်ကသက်သေပြတာပဲ။

    အကယ်ဒမီစာရင်းပေါက်သလိုပဲ

    စစ်အုပ်စုစာရင်းကလည်း

    ညကတည်းကထွက်နေတာ။

    သမ္မတ- ဦးမင်းအောင်လှိုင်

    ဒုသမ္မတ(၁) ဦးညိုစော

    ဒုသမ္မတ(၂) ဒေါ်ဒွဲဘူ

    ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ- ဦးခင်ရီ

    ဒုဥက္ကဋ္ဌ -ဦးမောင်မောင်အုန်း

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ

    ဦးအောင်လင်းဒွေး

    ဒုဥက္ကဋ္ဌ – ဦးလှမိုး

    ကာကွယ်ရေးဦးစီးချုပ်( ကြည်း/ ရေ/လေ) – ဗခမကစိုးဝင်း

    ဟုတ်မဟုတ်တော့ စောင့်ကြည့်ပေါ့။

    အနိုင်ရပါတီဥက္ကဋ္ဌ က သမ္မတမလုပ်ရတော့

    ရီးလုပ်ရမှာလားဆိုပြီး

    ဒက္ခိဏအဝိုင်းပေါ်တက်ပြီး

    အော်သာဆဲလိုက်ပါတော့။

    T.H.A

    သန်းထိုက်အောင်

  • အကျင့်စာရိတ္တပြုပြင်ပေးရန် မိဘကိုယ်တိုင် ပုလဲအရန်မီးသတ်သို့ ပို့ထားသည့် ကလေးတစ်ဦး ဖုန်းနှစ်လုံးခိုးယူထွက်ပြေး

    အကျင့်စာရိတ္တပြုပြင်ပေးရန် မိဘကိုယ်တိုင် ပုလဲအရန်မီးသတ်သို့ ပို့ထားသည့် ကလေးတစ်ဦး ဖုန်းနှစ်လုံးခိုးယူထွက်ပြေး

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ပုလဲအရန်မီးသတ်တပ်ဖွဲ့စခန်းတွင် မိခင်ဖြစ်သူက သားဖြစ်သူအား လိမ်မာယဉ်ကျေးစေရန်အတွက် လာရောက်အပ်နှံထားစဉ်အတွင်း အဆိုပါကလေးငယ်က စခန်းရှိ လက်ကိုင်ဖုန်းနှစ်လုံးအား ခိုးယူထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့(မတ် ၁၆ ရက်)တွင် ဖြစ်ပွားခဲ့သည်။

    လွန်ခဲ့သည့် ခြောက်ရက်ခန့်က လှိုင်သာယာမြို့နယ်၊ သမကုန်းရပ်ကွက်တွင် နေထိုင်သည့် မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်သန်းသည် ၎င်း၏သားဖြစ်သူ မောင်မျိုးမင်းသန့်အား အပေါင်းအသင်းမှားကာ ခိုးမှုများကျူးလွန်နေခြင်းကြောင့် ပြုပြင်ထိန်းသိမ်းပေးရန် ပုလဲအရန်မီးသတ်စခန်းသို့ လာရောက်အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

    မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်သန်းသည် ဖခင်မရှိတော့သည့်နောက်ပိုင်း သားနှစ်ယောက်အား ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်ကျွေးမွေးနေရသူဖြစ်ပြီး အကြီးဖြစ်သူမှာလည်း မသန်စွမ်းဝေဒနာ ခံစားနေရသူဖြစ်ကာ သန့်ရှင်းရေးအလုပ်ဖြင့် မိသားစုဝမ်းရေးကို ဖြေရှင်းနေရသဖြင့် သားငယ်ဖြစ်သူအား ထိန်းသိမ်းရန် ခက်ခဲနေချိန်တွင် ယခုကဲ့သို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

    ပုလဲအရန်မီးသတ်တပ်ဖွဲ့ ခေါင်းဆောင် ဦးထင်လင်းအောင်က “ကျနော်တို့ဆီကို အမေဖြစ်သူက ဒုက္ခရောက်နေလို့ဆိုပြီး လာအကူအညီတောင်းတာပါ။ ဒီဘက်ခေတ်မှာ ကုန်စျေးနှုန်းတွေကလည်း ကြီးတော့ ကူညီကယ်ဆယ်ရေးအပိုင်းမှာ အရင်လို သိပ်မလုပ်ဖြစ်တော့ပေမဲ့ အမရဲ့အခြေအနေကို ကြည့်ပြီး ကျနော်တို့က ကယ်တင်ပေးမယ်ဆိုပြီး လက်ခံပေးခဲ့တာပါ” ဟု ၎င်း၏ လူမှုကွန်ရက်တွင် Live လွှင့်ပြောကြားထားသည်။

    သို့သော်လည်း စခန်းသို့ ရောက်ရှိပြီး ခြောက်ရက်မြောက်နေ့ဖြစ်သည့် မတ် ၁၆ ရက်နေ့တွင် အဆိုပါကလေးငယ်သည် စခန်းအတွင်းရှိ လက်ကိုင်ဖုန်းနှစ်လုံးအား ခိုးယူကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

    မိခင်ဖြစ်သူက သားဖြစ်သူအား လိမ်မာစေချင်သည့် စေတနာဖြင့် အပ်နှံခဲ့သော်လည်း ကလေးငယ်မှာ အကျင့်ဟောင်းအတိုင်း ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

    ယခုကဲ့သို့ ကလေးငယ်များ လမ်းမှားရောက်ကာ အကျင့်စာရိတ္တ ပျက်ပြားရခြင်း၏ အဓိကအကြောင်းအရင်းမှာ မိသားစုပြိုကွဲမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့ကြောင့်ဖြစ်သည်ဟု လူမှုရေးကျွမ်းကျင်သူများက ထောက်ပြကြသည်။

    “ဖခင်မရှိတဲ့ မိသားစုမှာ မိခင်က ဝမ်းရေးအတွက် အလုပ်ထွက်လုပ်နေရတော့ ကလေးကို အနီးကပ်မဆုံးမနိုင်ဘူး၊ အဲ့ဒီအခါမှာ အပေါင်းအသင်းမှားပြီး ခိုးတာဝှက်တာတွေ လုပ်လာတာပါ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

    ထို့အပြင် လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းနှင့် ကုန်စျေးနှုန်းကြီးမြင့်မှုများကလည်း မိဘများအပေါ် ဖိအားဖြစ်စေပြီး ကလေးငယ်များအပေါ် ဂရုစိုက်မှု လျော့နည်းသွားစေကာ လမ်းဘေးရောက် ကလေးငယ်များ ပိုမိုများပြားလာစေသည့် အကြောင်းအရင်းတစ်ရပ် ဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိသည်။

    “ကလေးတွေက ပညာသင်ရမယ့်အရွယ်မှာ ကျောင်းမနေရဘဲ လမ်းပေါ်ရောက်ကုန်တော့ စိတ်ဓာတ်တွေက ပျက်ပြားကုန်တာပေါ့။ အပေါင်းအသင်းတွေကလည်း အဲ့ဒီလိုတွေပဲဆိုတော့ ခိုးမှစားရမယ်ဆိုတဲ့ အတွေးမျိုး ဝင်နေကြတာက တကယ့်ကို စိတ်မကောင်းစရာပါပဲ” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။

    ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပုလဲအရန်မီးသတ်ခေါင်းဆောင် ဦးထင်လင်းအောင်က ကလေးဖြစ်သူကို တွေ့ရှိပါက အကြောင်းကြားပေးရန် ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

    လူမှုကူညီရေးအသင်းများအနေဖြင့်လည်း ယခုကဲ့သို့သော ဖြစ်စဉ်များကြောင့် နောက်နောင်တွင် အမှန်တကယ် ဒုက္ခရောက်နေသူများကို ကူညီပေးရန်အတွက်ပင် တွန့်ဆုတ်မှုများ ရှိလာနိုင်ကြောင်း သတိပေးပြောဆိုမှုများ ရှိနေသည်။

    ယခုဖြစ်စဉ်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ ကလေးသူငယ်များ၏ အနာဂတ်နှင့် အကျင့်စာရိတ္တပိုင်းဆိုင်ရာ ကျဆင်းလာမှုများကို မီးမောင်းထိုးပြနေပြီး မိဘများအနေဖြင့် မိသားစုဝမ်းရေးအတွက် ရုန်းကန်နေရသော်လည်း သားသမီးများ၏ အပေါင်းအသင်းနှင့် သွားလာနေထိုင်မှုများကို အထူးဂရုပြု စောင့်ကြည့်သင့်ကြောင်း ပြည်သူများကဆိုသည်။

    ဖုန်းယူသွားတဲ့ကလေးကိစ္စလေးပြောချင်လို့

    ဖုန်းယူသွားသောဆရာသမားပြန်လည်တွေ့ရှိဝိုင်းဝန်းကူညီပေးပါသောမိဘပြည်သူများကျေးဇူးပါခင်ဗျာ

    Video by -HtinLin Aung Facebook