Category: News

  • ကွတ်ခိုင်က TNLA တပ်စခန်းတွေကို MNDAA ထိုးစစ်ဆင်

    ကွတ်ခိုင်က TNLA တပ်စခန်းတွေကို MNDAA ထိုးစစ်ဆင်

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ်ထဲက TNLA တပ်စခန်းတွေကို MNDAA တပ်ဖွဲ့က ဒီမနက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

    ကွတ်ခိုင်မြို့အထွက်က ရှုခင်းသာ ၊ပန်ဖတ်ရွာ နဲ့ ကောင်းခါးရွာ လမ်းခွဲနေရာတွေမှာ တိုက်ပွဲတွေဖြစ်နေတာလို့ မြို့ခံတွေကပြောပါတယ်။

    “မနက်ကတည်းက အခုထိ အသေးအကြီးအသံတွေစုံနေတာပဲ။ အကုန်လုံး တံခါးပိတ်ပြီး နေနေရတယ်။ ကျောင်းတွေ စျေးတွေ အကုန်ပိတ်ထားပြီ” လို့ ကွတ်ခိုင်မြို့ခံတယောက်ကပြောပါတယ်။

    တိုက်ပွဲကြောင့် TLEC ပညာရေး လက်အောက်ကနေ ကျင်းပနေတဲ့ စာပေးပွဲတွေလည်း ရပ်လိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    MNDAA ဘက်က TNLA တပ်ဖွဲ့ စခန်းတွေ ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး မြို့ပေါ်ရပ်ကွက်က TNLA တပ်ဖွဲ့စခန်းတွေကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

    “MNDAA ဘက်က ဒရုန်းနဲ့စတင်တိုက်ခိုက်တာတွေလုပ်နေပြီ။ အဖွဲ့စုံရှိနေတာပေါ့ ကွတ်ခိုင်မှာက။ အခု ကျွန်တော်တို့လည်း ဘယ်ရှောင်လို့ရှောင်ရမယ်မသိသေးဘူး”ဟု ကွတ်ခိုင်ရောက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    TNLA နဲ့ MNDAA တပ်ဖွဲ့တွေဟာ စစ်ရေး မဟာမိတ်တွေဖြစ်ပြီရ ၁၀၂၇ မြို့သိမ်းတိုက်ပွဲတွေကို အတူဖော်ဆောင်ခဲ့ကြတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

    မန်ပြိန်းကျေးရွာအနီးရှိ ဒေသခံ အမျိုးသားတဦးက “မန်ပြိန်းကျေးရွာခံတွေ အလန့်တကြားနဲ့ ဖုန်းဆက်လာပြီး တရွာလုံး တိမ်းရှောင်နေကြပြီလို့ ပြောတယ်။ အခု ၁၀ မိနစ်လောက်ကို လက်နက်ကြီး ၃ လုံး၊ ဒရုန်းက ၃ စီးနဲ့ ဗုံးသံ ဆက်တိုက်ကြားနေရတယ်”လို့ ပြောပါတယ်။

    ပြီးခဲ့တဲ့လက စပြီး ကွတ်ခိုင်မြို့အတွင်း TNLA နဲ့ MNDAA တပ်ဖွဲ့ကြား နယ်မြေ အငြင်းပွါးမှု တွေဖြစ်ခဲ့ပြီး အခုလို တိုက်ပွဲတွေ ဖြစ်လာတာပါ။

    မြို့ခံ အမျိုးသမီးတဦးက “ရပ်ကွက် ၈ ဘက်မှာ လက်နက်ကြီးကျတယ်။ လူ ထိမထိ မကြားရသေးဘူး။ အသံက တမြို့လုံး ကြားရတော့ မြို့ပေါ်မှာ တိတ်ဆိတ်နေတာပဲ။ ကျမတို့က ကတုတ်ကျင်းထဲမှာ ပုန်းနေရပြီ။ တိုက်ပွဲ မဖြစ်စေချင်တော့ဘူး”ဆိုပါတယ်။

    တရုတ်အစိုးရက မတ်လထဲမှာတရုတ်နိုင်ငံမှာအ​ရေးကြီးအစည်းအ​ဝေး​တွေရှိတာ​ကြောင့် နယ်စပ်မှာ တိုက်ပွဲ​တွေ မဖြစ်​အောင် KIA ကတာဝန်ရှိသူ​တွေနဲ့​ဆွေး​နွေးစဥ်မှာ​တောင် ​ပြောခဲ့တယ်လို့ ​သိရပါတယ်။

    MNDAA နဲ့ TNLA တို့က တရုတ်အစိုးရရဲ့ကြားဝင်မှု ၊ဖိအား​ပေးမှု​တွေ​ကြောင့် စစ်တပ်နဲ့​ဆွေး​နွေးပြီး ယာယီအပစ်ရပ်ထားကြတာဖြစ်ပါတယ် ။

    “မဟာမိတ်တပ်တွေကြား နယ်မြေကိစ္စရပ်တွေကို စစ်ရေးအရ ဖြေရှင်းရင် သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာတွေဟာ စကစ လက်ထဲ ပြန်ကျသွားနိုင်လို့ပါ။ လူမျိုးရေးအစွန်းရောက်မှုနဲ့ ကျဉ်းမြောင်းတဲ့ နိုင်ငံရေး ခံယူချက်တွေကို ပြုပြင်သင့်ပြီ” လို့ သတင်းရင်းမြစ်တစ်ခုက သုံးသပ်ပြောကြားပါတယ်။

    MNDAA ၊TNLA ၊AA တို့ရဲ့ ညီ​နောင်မဟာမိတ် သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်​ရေးမှာ မဟာမိတ်တပ်​တွေနဲ့အတူ စစ်တပ်ရဲ့ထိန်းချုပ်ထားတဲ့မြို့​ပေါင်းဆယ်နဲ့ချီပြီး သိမ်းပိုက်နိုင်ခဲ့ကြပါတယ် ။ညီ​နောင် မဟာမိတ်သုံးဖွဲ့ ဖွဲ့ပြီး​နောက် မဟာမိတ်တွေကြားအခုလိုတိုက်ပွဲဖြစ်တာမရှိခဲ့ဖူးပါဘူး ။

    အရင်က ၁၀၂၇ စစ်ဆင်ရေး ပ နဲ့ ဒုမှာ လက်တွဲညီညီနဲ့မြို့သိမ်းတိုက်ပွဲတွေအတူဆင်နွဲခဲ့တဲ့ ကိုးကန့်တပ်နဲ့ပလောင်တပ်တို့အကြားယခင်လကတည်းက အဖုအထစ် ပဋိပက္ခဖြစ်ခဲ့တာက ပလောင်တပ်အနေနဲ့ ကွတ်ခိုင်မြို့မှာ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှမထားတဲ့တံခါးပိတ်မူဝါဒကြောင့်ဖြစ်ပါတယ်။

    ယနေ့ တော့ ကိုးကန့်ဘက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီဖြစ်ပါတယ်။

    ကိုးကန့်ရဲ့ကွတ်ခိုင်က ရုံးတွေကိုအဓမ္မအင်အားသုံးပိတ်သိမ်းခြင်း၊ ကိုးကန့်တပ်က မြို့တွင်းမှာ cctvတပ်ဆင်တာကိုဖြုတ်သိမ်းခြင်းကိုပလောင်တပ်ဘက်ကလုပ်ခဲ့ပြီးနောက်နှစ်ဘက်တင်းမာလာပြီး ယခုလို အပြန်အလှန်ပစ်ခတ်ကြတဲ့အထိဖြစ်လာတာပါ။

    သုံးသပ်ရရင်

    ပလောင်တပ်ဘက်က ပထဝီနိုင်ငံရေးမူဝါဒ မနိုင်နင်းတဲ့ပြဿနာလို့မြင်တယ်။

    အတူယျဥ်တွဲနေထိုင်ရေးမူဝါဒထက် တံခါးပိတ်မူဝါဒကိုကျင့်သုံးလာတဲ့ခါ ဒေသခံ ကချင်၊ရှမ်း၊ကိုးကန့်တွေနဲ့ပြဿနာပေါင်းစုံဖြစ်လာတော့တယ်။

    သည်းခံနိုင်တဲ့အဖွဲ့ကသည်းခံပြီး၊ သည်းမခံနိုင်တဲ့အဖွဲ့ကစပြီးတုံ့ပြန်လိုက်တဲ့သဘောကိုတွေ့ရတယ်။

    ကိုးကန့်နဲ့ပလောင်တပ်ကြားက စစ်အင်အားနှိုင်းယျဥ်ကြည့်ရရင် သူမသာ ကိုယ်မသာ လို့ပြောလို့ရပေမယ့်လို့ကိုးကန့်တပ်ဘက်က နည်းပညာနဲ့ လက်နက်အင်အားပိုသာပါတယ်။

    ယခင်က ကိုးကန့်ရဲ့လားရှိုးမြို့သိမ်းတိုက်ပွဲမှာဆိုရင်
    အဆင်မြင့်ဒရုန်းအကြီးစားတွေနဲ့ဗုံးတွေကို မိုးရွာသလိုကြဲ ပြီးသိမ်းယူခဲ့တယ်။

    ပြောရရင် ကိုးကန့်က တရုပ်နွယ်ဖွားဖြစ်တာမို့လို့ နောက်ကွယ်မှာ တရုပ်ရဲ့ထောက်ပံ့မှုကတော့မလွဲမသွေရမှာအမှန်ပါပဲ။ တိုက်ပွဲတပွဲမှာ လူအင်အားထက်
    နည်းပညာနဲ့လက်နက်က ပိုပြီးအဆုံးအဖြတ်ပေးလေ့ရှိတယ်။

    ပလောင်တပ်ဘက် ထောက်ပံ့မှုကိုကြည့်ရင်ဘယ်ကမှ မရနိုင်တာ တွေ့ရတယ်။ မနှစ်ကတည်းက UWSAဟာ ပလောင် ကို လက်နက်နဲ့လိုအပ်တဲ့အထောက်အပံ့လုံးဝမပေးနိုင်ကြောင်းလည်းတရားဝင်အသိပေးထုတ်ပြန်အကြောင်းကြားထားခဲ့ပြိီးသားပါ။

    လက်နက်စက်ရုံရှိတဲ့KIOအစိုးရနဲ့လည်းဆက်ဆံရေးကိုရန်သူသဖွယ်သူစကျင့်သုံးလိုက်တော့ အကူအညီရဖို့မဖြစ်နိုင်ပါ။

    သူ့မှာရှိတဲ့ လက်နက်၊ ကျည်အားနဲ့ ရေရှည်တိုက်ပွဲဆင်နွဲဖို့မလွယ်ကူလှပါ။

    လားရှိုးကို အရင်းအနှီးများစွာပေးဆပ်ပြီးမှရခဲ့တဲ့နောက် တရုပ်စေ့စပ်မှုကြောင့် စကစ ကို ထိုးအပ်လိုက်ရတဲ့ကိုးကန့်အနေနဲ့ ကွတ်ခိုင်ကို ပြန်သိမ်းဖို့ရည်ရွယ်ချက်ရှိပုံလည်းရပါတယ်။

    အချုပ်အားဖြင့်ဆိုရသော်

    ကိုးကန့်နဲ့ပလောင်တပ်တိုရဲ့ ကျဥ်းမြောင်းတဲ့ နိုင်ငံရေးမူဝါဒတွေကြောင့် နယ်မြေလုစစ်ပွဲဆင်နွဲနေကြတာအကျည်းတန်လှသလိုကြားထဲမှာ ပြည်သူလူထုကနစ်နာလျက်ရှိနေကြောင်းပါ။

    LKN

  • ကညနရဲ့ အသုံးမကျမှု

    ကညနရဲ့ အသုံးမကျမှု

    ကညနရဲ့ အသုံးမကျမှုကြောင့် တကမ္ဘာလုံးမှာ တခုပဲ ရှိရမယ့် QR ကုတ်တွေ မြန်မာပြည်မှာ အများအပြားထပ်ကုန်ကြပါပြီ။

    မိမိကားရဲ့ ဝှီးတက်က QR ကုတ်ကို ဖတ်ကြည့်လို့ သူများကားနံပါတ်ပေါ်နေရင် လုပ်ဆောင်ရမယ့် နည်းလမ်းအဆင့်များကို ဖော်ပြလိုက်ပါတယ်-

    အဆင့် (၁) – QR ကုတ် မှားနေပြီဟု သိပါက နီးစပ်ရာ မိတ္တူဆိုင်မှာ မိမိရဲ့ ပလပ်စတစ်လောင်းထားသော ဝှီးတက်ပြားများကို ဂရုတစိုက် ပြန်ခွာပါ။

    QR ကုတ် မပျက်စီးစေရန် အထူးဂရုစိုက် ခွာဖို့ လိုအပ်ပါတယ်။

    မိတ္တူဆိုင်တွေက ခွာခ ကျပ် ငါးထောင်ကနေ တသောင်းအထိ တောင်းနေပါပြီ။

    အဆင့် (၂) – ခွာထားသော ကတ်ပြားများကို ကညနရဲ့ ကွန်ပျူတာဌာနမှာ သွားရောက် တိုးဝှေ့ပြီး အသစ် ပြန်လျှောက်ဖို့ လုပ်ရပါမယ်။

    QR ကုတ်တွေ ပျက်စီးသွားခဲ့ပါက ယာဉ်စ၊စ်ကာ မှတ်ပုံတင်နဲ့ အသစ်ပြန်လည် လျှောက်ထား ရပါလိမ့်မယ်။

    ကညနဌာနဟာ အစိုးရ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ ပိတ်တာကြောင့် လတ်တလောမှာ QR မှားနေတဲ့သူတွေအနေနဲ့ တနင်္လာနေ့ ရုံးဖွင့်ရက်မှပဲ ပြင်နိုင်တော့မှာ ဖြစ်ပါတယ်။

    အဲဒါကြောင့် QR မှားနေတဲ့ ယာဉ်ပိုင်ရှင်တွေကတော့ ဒီပိတ်ရက်တွေမှာ ကားဆီထည့်လို့ ရမှာ မဟုတ်ပါဘူး။

    ကညနမှာ လူကိုယ်တိုင် မတိုးချင်သူများအတွက်တော့ “အမြဲရိုးတဲ့ ကညန ပွဲဇိုးလေး” တွေကလည်း ဝန်ဆောင်မှု ပေးဖို့ အဆင်သင့်ပါပဲတဲ့။

    စုံ/မ နဲ့ တိုင်ပတ်နေတဲ့အထဲ QR မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်တဲ့ အထက်လူကြီးဆိုသူတွေကြောင့် ရွှေပြည်ကြီးက ပြည်သူတွေကတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိဘဲ ဖြစ်နေကြကြောင်း ဖော်ပြလိုက်ရပါတယ်။

    ပုံကတော့ မတ်လ ၁၃ ရက်နေ့မှာ ကညန ကွန်ပျူတာဌာနရှေ့က ပြည်သူတွေရဲ့ အပူပုံရိပ်တွေပဲ ဖြစ်ပါတယ်။

  • ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ဟု မင်းအောင်လှိုင်ပြော

    ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ဟု မင်းအောင်လှိုင်ပြော

    ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ဟု မင်းအောင်လှိုင်ပြော

    စစ်အာဏာသိမ်းပြီးနောက် သဘာ၀ပတ်ဝန်းကျင်ကို အပြင်းအထန် ထိခိုက်စေမည့် ယင်းစက်ရုံစီမံကိန်းကို စစ်တပ်က ပြန်လည်စတင်နေပြီဟုဆို

    ဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ရကြောင်း အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။

    ယနေ့ နေပြည်တော်တွင် ပြုလုပ်သော မြန်မာ့စာမျက်နှာသစ်ဖိုရမ်တွင် အကြမ်း ဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

    ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ၏ ကန့်ကွက်မှုများကြောင့် စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွား ရေးဦးပိုင် လီမိတက်က ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့သော ကော့စတစ်ဆိုဒါစက်ရုံစီမံကိန်းကို ဖျက်သိမ်းခဲ့ရကြောင်း၊ သဘာ၀ပတ်ဝန်းကျင်ထိခိုက်မည်ဟုဆိုကာ အပြင်းအထန်ကန့်ကွက်၍ စက်ရုံစီမံကိန်းကို ဖျက်သိမ်းခဲ့ရကြောင်း ၊ စက်ရုံအတွက် စက်များမှာယူထားပြီးဖြစ်၍ စီမံကိန်း ဖျက်သိမ်းလိုက်ရသဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ရပြီး ငွေများ ပြန်မရခဲ့ကြောင်း ၎င်းကဆိုသည်။

    “ကျနော်တို့ စက္ကူလုပ်ဖို့ ပျော့ဖတ်လုပ်ဖို့ အထောက်အကူဖြစ်ဖို့အတွက် ကော့စတစ် ဆိုဒါစက်ရုံ ဆောက် ဖို့အတွက် ကျနော်တာဝန်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ်လောက်က စပြီး ကြိုးစားခဲ့ပါတယ်။ အောင်လံဘက်မှာ စက်ရုံထောင်ဖို့လုပ်တာပေါ့။ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နဲ့ လုပ်တာ။ ပထမတော့ တော် တော်ကို အခြေအနေပေးလာတယ်။ စက်ရုံက စာချုပ်တွေ ဘာတွေ ချုပ်ပြီးပြီ။ ဒုတိယအစိုးရ(ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရ) တက်လာတော့ ကန့်ကွက်တယ်။ ပထမ အစိုးရ လက်ထက်မှာကတည်း က စကန့်ကွက်ခံရတယ်။ ပထမ ဦးသိန်းစိန်အစိုးရလက်ထက်မှာတင် တစ်ဝက်လောက်ကျမှ ကျနော့်ကို ကန့်ကွက်တယ်။ လုပ်လို့ မရဘူး ဘာ၀ူးညာ၀ူးနဲ့ ဖြစ်တာ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဖြစ်တယ်။ ကျနော်တို့က မျိုးစုံ ညှိနှိုင်းဆွေးနွေးတယ်။ မရဘူး။ ကန့် ကွက်မှုတွေ မျိုးစုံလုပ်တယ်။ ကဲ အဲဒါဆိုရင်လည်း တို့မလုပ်နိုင်ရင် နေရာရွှေ့ကြတာပေါ့ဆိုပြီး အဲဒီမှာ စက်တွေကမှာပြီးနေပြီ။ နောက်ဆုံးတော့ အဲဒီစက်ရုံစီမံကိန်း ဖျက်ပစ်လိုက်ရတယ်။ ဒေါ်လာ သန်း ၂၀ ဖိုးလောက် ဆုံးရှုံးသွားတယ်။ ပိုက်ဆံပြန်မရဘူး” ဟု မင်းအောင်လှိုင်က ဆိုသည်။

    စစ်တပ်က ကော့စတစ်ဆိုဒါစက်ရုံကို တည်ထောင်ရခြင်းမှာ မြန်မာနိုင်ငံတွင် ဝါးဧက သန်း ၃၀၀ ကျော်ထွက်ရှိသော်လည်း ကောင်းမွန်စွာ အသုံးမချနိုင်သေးကြောင်း၊ ဝါးမှတစ်ဆင့် ပျော့ဖတ်နှင့် စက္ကူလုပ်ငန်းများ၊ Bamboo Cotton ခေါ် ဝါးချည်ထည်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော့စတစ်ဆိုဒါစက်ရုံကို ၂၀၁၁ ခုနှစ်ကတည်းက အောင်လံမြို့တွင် စစ်တပ် လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်အနေဖြင့် အကောင်အထည်ဖော်ရန် ကြိုးစားခဲ့ခြင်းဖြစ် ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

    ဒီမိုကရေစီအစိုးရ ၂ ဆက်လက်ထက်တွင် ကန့်ကွက်ခံရမှုကြောင့် ဖျက်သိမ်းခဲ့ရသော အဆိုပါကော့စတစ်ဆိုဒါ စက်ရုံစီမံကိန်းကို ယခု စစ်အာဏာသိမ်းပြီးနောက် ပြန်လည် စတင်နေပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။

    “ အဲဒါနဲ့ ကျနော် (စက်တွေကို) စက်မှုဝန်ကြီးဌာန လွှဲလိုက်တယ်။ စက်မှုဝန်ကြီးဌာနကလည်း မလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ ဦးပိုင်ကို တစ်ခါ ပြန်လွှဲတယ်။ အခု ကျနော်တို့ ပြန်လုပ်တယ်။ အသစ်က ပြန်စရတယ်။ တကယ်လို့သာ အဲဒီတုန်းက စက်ရုံရှိခဲ့လို့ရှိရင် အခု ပျော့ဖတ်တွေ ဘာတွေ အများကြီးလုပ်နိုင်ပြီ။ အများကြီးရှိနေပြီ။ ကျနော်ကန့်ကွက်ခံရတဲ့အတွက်ကြောင့် ဒီလိုဖြစ်လာတယ်”ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

    ကော့စတစ်ဆိုဒါ (Sodium Hydroxide) ထုတ်လုပ်သည့် လုပ်ငန်းစဉ်သည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အပေါ် ပြင်းထန်သော ဆိုးကျိုးများ သက်ရောက်စေနိုင်သည့် အလွန်အန္တရာယ်ကြီးသော စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည်။

    ကော့စတစ်ဆိုဒါ စက်ရုံက စွန့်ပစ်လိုက်သော ပြင်းထန်သည့် အယ်လ်ကာလီဓာတ်ပါဝင်သည့် ရေဆိုးများသည် မြစ်ချောင်းများအတွင်းသို့ စီးဝင်ပါက ရေ၏ PH Level ကို မြင့်တက်စေပြီး ရေနေသတ္တဝါများနှင့် ငါးများကို ချက်ချင်း သေကြေပျက်စီးစေနိုင်ကြောင်း သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက ထောက်ပြထားသည်။

    ထို့ပြင် စက်ရုံမှထွက်သော ဓာတုအမှုန်အမွှားများနှင့် အငွေ့များသည် စက်ရုံတည်ရှိရာ နေရာမှ ပြည်သူများ၏ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေပြီး မြေဆီလွှာအတွင်းသို့ စိမ့်ဝင်ပါက စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ရေရှည်ပျက်စီးစေနိုင်ကြောင်း သိရှိရသည်။

    အထူးသဖြင့် ကော့စတစ်ဆိုဒါ ထုတ်လုပ်ရာတွင် အသုံးပြုလေ့ရှိသည့် နည်းပညာအချို့ (ဥပမာ- Mercury Cell နည်းပညာ) သည် ပြဒါး (Mercury) ကဲ့သို့ အလွန်အဆိပ်ပြင်းသော ဒြပ်စင်များကို ပတ်ဝန်းကျင်အတွင်းသို့ ပျံ့နှံ့စေနိုင်ကြောင်း၊ ယင်းဒြပ်စင်များသည် ရေထုနှင့် မြေထုအတွင်း နှစ်ပေါင်းများစွာ ခိုအောင်းနေနိုင်ပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နိုင်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် အဆိုပါစက်ရုံများကို တင်းကျပ်စွာ ထိန်းချုပ်လေ့ရှိကြောင်း သိရှိရသည်။

  • 📢 ခရီးသွားမယ့်သူများ သတိပြုရန် အရေးကြီးသတိပေးချက်

    📢 ခရီးသွားမယ့်သူများ သတိပြုရန် အရေးကြီးသတိပေးချက်

    ​ခရီးသွားဖို့ ပြင်ဆင်နေသူများအနေနဲ့ အောက်ပါအချက်တွေကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။

    အခုတလော လမ်းခရီးမှာ စစ်ဆေးမှုတွေ တော်တော်လေး တင်းကျပ်နေပါတယ်…။



    ✅ ခရီးစဉ် ရွေးချယ်မှု

    ခရီးထွက်ရင် ညအိပ်ရက်ကျော်တာမျိုးထက် တစ်ရက်အတွင်း အရောက်သွားနိုင်မယ့် ခရီးစဉ်မျိုး ကိုသာ ရွေးချယ်ကြဖို့ အကြံပြုပါရစေ။

    ✅ ယာဉ်အမှတ်နှင့် ရက်သတ်မှတ်ချက်



    စုံကား (နံပါတ်အဆုံးစာလုံး စုံဂဏန်း) များသည် စုံရက် တွင် ထွက်ရန်။

    မကား (နံပါတ်အဆုံးစာလုံး မဂဏန်း) များသည် မရက် တွင် ထွက်ရန်။

    📍 လက်ရှိအခြေအနေ

    အခု ချောင်းသာဘက်ကို သွားမယ့်လမ်းကြောင်းဖြစ်တဲ့ ကျောင်းကုန်း နှင့် ပုသိမ် ဘက်မှာ အဖွဲ့စုံနဲ့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေပါတယ်။

    မိမိတို့ရဲ့ ခရီးစဉ် အဆင်ပြေချောမွေ့စေဖို့နဲ့ မလိုလားအပ်တဲ့ အခက်အခဲတွေမဖြစ်အောင် စနစ်တကျ ပြင်ဆင်သွားကြပါခင်ဗျာ။

  • ဓာတ်တိုင်များတွင် သွယ်ထားသည့် ဝိုင်ဖိုင်ကြိုးများကို လျှပ်စစ်ဌာနက ဓားဖြင့်ခုတ်ဖြတ် ဖျက်ဆီး

    ဓာတ်တိုင်များတွင် သွယ်ထားသည့် ဝိုင်ဖိုင်ကြိုးများကို လျှပ်စစ်ဌာနက ဓားဖြင့်ခုတ်ဖြတ် ဖျက်ဆီး

    လတ်တလော ရန်ကုန်မြို့နယ်တွေမှာ EPC ရဲ့ ဓာတ်တိုင်တွေပေါ် တရားမဝင် သွယ်တန်းထားတဲ့ ဝိုင်ဖိုင်ကြိုးတွေကို ဖြ၊တ်ချနေပါတယ်။

    ရန်ကုန်မှာရှိတဲ့ လျှပ်စစ်မီးဓာတ်တိုင်တွေကို အသုံးပြုပြီး သွယ်တန်းထားတဲ့ ပုဂ္ဂလိက ဝိုင်ဖိုင်အင်တာနက်ကြိုးလိုင်းတွေကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက ဓားတွေနဲ့ ခုတ်ဖြတ်ပြီး ဖျက်ဆီးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

    ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် ဓာတ်တိုင်ပေါ်မှာ တရားမဝင်သွယ်တန်း ထားတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖိုင်ဘာကေဘယ်ကြိုးတွေ (ဝိုင်ဖိုင်ကြိုး) တွေကို မိမိတို့အစီအစဉ်နဲ့ ဖယ်ရှားဖို့ အသိပေးကြေညာခဲ့ပေမယ့် ဖယ်ရှားတာမျိုးမရှိတာကြောင့် အခုလို ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

    “လျှပ်စစ်က လာပြီးတော့ ဓာတ်တိုင်မှာရှိသမျှ ကြိုးတွေအကုန် ဓားနဲ့ခုတ်ဖြတ်သွားတာ။ ရပ်ကွက်ထဲက ဝိုင်ဖိုင်တပ်ထားတဲ့သူတွေ တော်တော်များများ လိုင်းတွေပြတ်ကုန်တယ်။ ရုံးတွေကို ဆက်တော့ ၂၄ နာရီအတွင်း ပြင်ပေးပါ့မယ်ပဲ ပြောကြတာ။ မလွယ်လောက်ဘူး။ နောက်တခါထပ်တပ်ရင် နောက်တခါ ထပ်အဖျက်ဆီးခံရမှာပဲ” လို့ အင်းစိန်မြို့နယ်နေ ငွေလဲ/ငွေထုတ်လုပ်ကိုင်နေထိုင်သူတဦးက ပြောပါတယ်။

    အဲ့ဒီဝိုင်ဖိုင်ကြိုးတွေကို လျှပ်စစ်ဌာနက လာရောက်ဖျက်ဆီးချိန်မှာ လုံခြုံရေးအနေနဲ့ စစ်ကောင်စီတပ်က DC ကားတွေနဲ့ လုံခြုံရေးယူပေးတယ်လို့ ဆိုပါတယ်။

    အဲဒီလို ဓာတ်တိုင်တွေပေါ် ဝိုင်ဖိုင်ကြိုး သွယ်တန်းတဲ့ ကိစ္စကို EPC နဲ့ ဝိုင်ဖိုင် ကုမ္ပဏီတွေ အချိန်အတော်ကြာ ညှိနှိုင်းဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

    အကြိမ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးခဲ့ပြီးမှ ခက်ခက်ခဲခဲ ရလိုက်တဲ့ အဖြေကတော့ ဓာတ်တိုင်တွေပေါ်က ဝိုင်ဖိုင်ကြိုးတွေကို ဖြ၊တ်ချလိုက်မယ်ဆိုတဲ့ ဓာတ်ကြမ်းတိုက် နည်းလမ်း ဖြစ်တယ်လို့ အံ့အားသင့်ဖွယ် သိရပါတော့တယ်။

    ဒါပေမယ့် ရွှေပြည်ကြီးရဲ့ ထုံးစံအတိုင်း ဝိုင်ဖိုင်ကုမ္ပဏီတွေဟာ ကြိုးတွေ ဖြတ်ချခံရကာနီး ဖြစ်နေတာတောင် ဝန်ဆောင်မှု သုံးစွဲသူတွေကို သတိတချက် မပေးခဲ့ပါဘူး။

    EPC က တာဝန်ကျေ လုပ်သားကြီးတွေကလည်း တင်းမာတဲ့ မျက်နှာထားတွေနဲ့ လာရောက် ဖြ၊တ်သွားတဲ့အခါ ကာစတန်မာတွေက ဝိုင်ဖိုင်ကုမ္ပဏီကို ဖုန်းလှမ်းဆက်တော့မှ အံ့ဩတကြီးနဲ့ “ဪ ဟုတ်လား” ဆိုပြီး ပြန်မေးကြတဲ့ အဖြစ်။

    ဝိုင်ဖိုင် မသုံးခင်ကတော့ လိုင်းပြတ်ခဲ့ရင် ၄၈ နာရီအတွင်း ပြန်လာလုပ်ပေးမယ်လို့ ရွှန်းရွှန်းဝေအောင် ပြောခဲ့တဲ့ မားကတ်တင်းအဖွဲ့တွေကလည်း မတုန်မလှုပ် ကျောက်ရုပ်၊

    Call Center လို့ ကြီးကျယ်စွာ နာမည်ပေးထားတဲ့ ဖုန်းလက်ခံတဲ့ဌာနကလည်း ကွန်ပလိန်း တင်ထားပေးမယ်ဆိုတာက အပြင် မပြောတတ်။

    လစဉ်ကြေးတွေ နှစ်နဲ့ချီပြီး ပေးထားတဲ့ ကာစတန်မာ ပြည်သူတွေမှာ ကလေး စာသင်နေတုန်း ရုတ်တရက် အင်တာနက် ပြတ်သွားတော့ တတိယကမ္ဘာစစ်ပဲ ထဖြစ်တာလား၊ ဂြိုလ်သားတွေပဲ ကျူ၊းကျော်လာပြီလား၊ ဘာလား ညာလားနဲ့ ရင်တထိတ်ထိတ်။

    လူတွေကို စုံ/မ နဲ့ ပုံချလို့ မပြီးသေးခင် QR နဲ့ အပူပါ ပေးနေတုန်း ဖြ၊တ်ချထားတဲ့ ဝိုင်ဖိုင်ကြိုးတွေ အပုံလိုက်၊ အခွေလိုက်နဲ့ တနေ့တမျိုး မရိုးရအောင် လုပ်ပေးထားတဲ့ ရွှေပြည်ကြီး လူဖြစ်ရတာ အရမ်းကို ကံကောင်းနေတော့တာပါပဲ။

    အင်တာနက် မရှိရင် နေလို့ မရတဲ့ ဒီခေတ်ကြီးမှာ ဝိုင်ဖိုင်တွေလည်း မရတော့ ၃၅၀ မီဂါဘိုက်ကို ငွေ ၁၀၀၀ နဲ့ မစားရက် မသောက်ရက် ဝယ်သုံးရတဲ့ ဒုက္ခကိုလည်း ဝိုင်ဖိုင်ကုမ္ပဏီတွေ စာနာနိုင်မယ် မထင်ပါဘူး။

    ဒီနေရာမှာ လူဖြစ်လာရတော့ သည်းခံရမယ် ဆိုပေမယ့်လည်း သိချင်တာက ဝိုင်ဖိုင်ကုမ္ပဏီတွေအနေနဲ့ ဒီလို အချိန်ကြာ ဝန်ဆောင်မှု ပြတ်တောက်မှာကို ကြိုပြီး မပြောနိုင်ကြဘူးလား၊

    ဖုန်းတချက်လောက် ဆက်လိုက်ရုံနဲ့ ကာစတန်မာဖက်က ပြင်ဆင်ထားလို့ ရရဲ့သားနဲ့ ဖုန်းလေး ဆက်ဖို့ကိုတောင် စေတနာ မရှိကြဘူးလား၊

    ငါ့ကုမ္ပဏီရဲ့ ဝန်ဆောင်မှုမှ မသုံးရင် ဒီကောင်တွေ သုံးစရာ မရှိဘူးဆိုပြီး မောက်မာကြတာလား၊ ဒီမေးခွန်းလေးတွေကို ဖြေပေးပါ။

    ဆက်ပြောရင်လည်း ဒေါ၊သံတွေ ပါလာဦးမယ်။ ရွှေပြည်ကြီးက မာယာများတဲ့ ဝိုင်ဖိုင်ကုမ္ပဏီတွေအနေနဲ့ ဒီလို ကမ္ဘာ့အံ့ဖွယ် သောက်ကျိုးနည်း ဝန်ဆောင်မှုတွေ ဆက်လုပ်နေရင်တော့ မှောက်ထိုးလဲပြီး မကြာခင် ဇောက်ထိုးဆွဲရမယ့် အနေအထားကို မလွဲမသွေ ရောက်ရှိသွားမှာပဲ ဖြစ်ပါတော့တယ်။