“လျှာပေါ်မြက်ပေါက်နေပါစေ အာဏာရှင်နှင့်ပူးပေါင်းပြီး လူထုကို သစ္စာမဖောက်”ဟု ဆရာ သရဝဏ်(ပြည်)ဆို
ရဟန်းတစ်ပါး ဖြစ်သည့် ဦးဝိမလာဘိဝံသနှင့် ခရိုနီ ဦးမိုးကျော်တို့၏ စာရေးဆရာများ တိုင်းပြည်ဖျက်နေသည်ဟု အပုတ်ချခြင်းအပေါ် သရဝဏ်(ပြည်) က စာရေးဆရာများသည် လျှာပေါ်မြက်ပေါက် နေစေကာမူ အာဏာရှင်နှင့် ပူးပေါင်းပြီး တိုင်းပြည်အပေါ် သစ္စာမဖောက်ဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။
နာမည်ကျော် စာရေးဆရာ သရဝဏ်(ပြည်) ၎င်း၏ လူမှုကွန်ရက်မှ တစ်ဆင့် ယင်းသို့ တုံ့ပြန်ထားခြင်း ဖြစ်သည်။
“ဘောမစာရေးဆရာ စုန်းပြူးတစ်ယောက်တစ်လေကလွဲလို့ သမိုင်းအဆက်ဆက် စာရေးဆရာများဟာ လျှာပေါ်မြက်ပေါက်ပါစေ အာဏာရှင်နဲ့ပေါင်းပြီး ပြည်သူ လူထုကိုသစ္စာမဖောက်ခဲ့ဖူးပါ။ အာဏာရှင်နဲ့ပေါင်းပြီး ပြည်သူလူထုဂုတ်ကိုခွစီးသူတွေဟာ ဦးမိုးကျော်တို့လိုခရိုနီတွေနဲ့ ဟိတဓရဆရာတော်တို့လို ဘောမ ဘုန်းကြီး အချို့သာဖြစ်ပါတယ်။” ဟု သရဝဏ်(ပြည်) က တုံ့ပြန်ရေးသားထားသည်ကို တွေ့ရသည်။
ထို့ပြင် “တကယ်တော့ စစ်တပ်က စာရေးဆရာတွေကို ကြောက်ရွံ့မုန်းတီးတာ သူတို့ရဲ့ တိုင်းပြည်အပေါ် ဂုတ်သွေးစုတ် မတရား အခွင့်ထူးခံ နေတာ ကို ပြည်သူလူထုသိအောင် ဖြန့်ဝေနေလို့ပါ။ စစ်တပ်နဲ့ပေါင်းစားနေတဲ့ ခရိုနီဆိုတဲ့ ဝိသမလောဘသားအကြီးစား တွေကလည်း စာရေးဆရာကိုမလိုလားတာ သူတို့ မတရား ခေါင်းပုံဖြတ် သူများမျက်ရည်ပေါက်ကြီးငယ်ကျမှထမင်းစားရ၊ ငွေရှာရတဲ့ အကြောင်းတွေကို ညသန်းခေါင်မှာ မီးမောင်းထိုးပြသလို စာပေနဲ့ အလင်းပြနေလို့ပါ။” ဟုလည်း သရဝဏ်(ပြည်) က တုံ့ပြန်ရေးသားထားသည်။
ထို့ပြင် ပြည်သူ တစ်ဦးကလည်း ကျွန်စိတ်မွှန်နေသူများ ဖြစ်၍ အဓမ္မမှုများကို မမြင်နိုင်ကြခြင်း ဖြစ်ကြောင်း သရဝဏ်(ပြည်) ၏ တုံ့ပြန်မှုအား ထောက်ခံရေးသားထားသည်ကို တွေ့ရသည်။
“စာပေပညာရှင်တွေဆိုတာ တိုင်းပြည်ရဲ့ ဦးနှောက် မျက်လုံး နှလုံးသားတွေဖြစ်တယ်။ အာဏာရှိသူကိုဖားယားပြီး ကိုယ်ကျိုးရှာစားနေတဲ့ ကလေကဝ တွေကတော့ သူတို့သခင်ကိုထိလို့ ဟောင်ကြတယ်လို့ပဲသတ်မှတ်လိုက်ပါ။ သူတို့သခင်ရဲ့ အဓမ္မအမှုတွေကိုမမြင်နိုင်မကြားနိုင်လောက်အောင် ကျွန်စိတ်မွှန်နေသူများပါပဲ ဆရာရေ။” ဟု အဆိုပါ ပြည်သူက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်တစ်ခု၌ ဦးမိုးကျော်နှင့် ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသတို့နှစ်ဦး စာရေးဆရာများအပေါ် အပြန်အလှန် ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗီဒီယိုဖိုင်တွင် ဟိတဓရဆရာတော်က စာပေဟောပြောပွဲကို ဖျက်ဆီးနေသူမှာ စာရေးဆရာ၊ စာပေကို ဖျက်ဆီးနေသူမှာ စာရေးဆရာဖြစ်ပြီး တော်တော်ကို အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်တပ်သည် ၎င်းတို့ အာဏာသိမ်းပြီးနောက် သရဝဏ်(ပြည်) အပါအဝင် ဆရာ မောင်သာချို၊ ဆရာမ သန်းမြင့်အောင် တို့အပါအဝင် စာရေးဆရာများကို ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။
နောက်ဆုံးရ ဖြစ်စဉ်အဖြစ် ပြီးခဲ့သည့်လက ဆရာကြီး ဦးတင်ညွှန့်အား ယခင်အစိုးရများ လက်ထက်က ထုတ်ဝေခဲ့သည့် စစ်ဗိုလ်ချုပ်များ အကြောင်း ဖော်ထုတ်ရေးသားစာအုပ်များကို အကြောင်းပြုကာ ဖမ်းဆီးခြင်းကို ပြုလုပ်ခဲ့သည်။


Leave a Reply