Category: News

  • မိန်းကလေးငယ် ၄ ဦးအား မဖွယ်မရာပြုလုပ်ရန် ကြံစည်သည့် ကျောင်းဆရာ

    မိန်းကလေးငယ် ၄ ဦးအား မဖွယ်မရာပြုလုပ်ရန် ကြံစည်သည့် ကျောင်းဆရာ

    မြောက်ဦးမြို့တွင် မိန်းကလေးငယ် ၄ ဦးအား မဖွယ်မရာပြုလုပ်ရန် ကြံစည်သည့် ကျောင်းဆရာတစ်ဦးကို AA အရေးယူ

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ (ဘက) ကျောင်းတစ်ခုတွင် ပညာသင်ကြားနေသည့် အသက် ၈ နှစ်အရွယ် ကျောင်းသူကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၄ ဦးအား မုဒိမ်းမှုကျူးလွန်ရန် ကြံစည်အားထုတ်ခဲ့သည့် ကျောင်းဆရာတစ်ဦးကို အာရက္ခတပ်တော်(AA) ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။

    ဖြစ်စဉ်မှာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်ရှိ တေဇာရာမ (ဘက) ကျောင်းမှ အသက် ၅၆ နှစ်အရွယ် ကျောင်းဆရာ ဦးမောင်ငယ် (ခ) မောင်တင်နုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အဆိုပါကျောင်း၌ ပညာသင်ယူနေသည့် အသက် ၈ နှစ်အရွယ် KG တန်း ကျောင်းသူငယ်တစ်ဦးအား မဖွယ်မရာပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါဖြစ်စဉ်ကို ကာယကံရှင် မိန်းကလေးငယ်က ၎င်း၏မိခင်ထံ ပြန်လည်ပြောပြခဲ့ရာမှတစ်ဆင့် မြေပြင်စုံစမ်းမှုများ ထပ်မံပြုလုပ်ခဲ့ရာ အဆိုပါကျောင်းဆရာသည် ၂၀၂၅ ခုနှစ်အတွင်းကလည်း အသက် ၆ နှစ်၊ ၇ နှစ်နှင့် ၈ နှစ်အရွယ်ရှိ KG ကျောင်းသူ ၃ ဦးကို အလားတူ မဖွယ်မရာပြုလုပ်ခဲ့သည့် အမှုဟောင်းများပါ ထပ်မံပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် ကလေးငယ်များ၏ မိဘများက မတ်လ ၆ ရက်နေ့တွင် DLEPS ဌာန၌ အမှုဖွင့်တိုင်တန်းခဲ့ရာ တာဝန်ရှိသူများက အမှုအမှတ် (ပ) ၁၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ကျူးလွန်သူ ဦးမောင်ငယ်ကို မတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ကာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

    မြောက်ဦးမြို့ခံ မိခင်တစ်ဦးက “ကျောင်းဆိုတာ ကလေးတွေအတွက် အလုံခြုံဆုံးနေရာ ဖြစ်ရမှာပါ။ အခုလို ဆရာဆိုတဲ့သူကိုယ်တိုင်က ကလေးငယ်လေးတွေကို ဒီလိုလုပ်တယ်ဆိုတာ တကယ်ကို ရွံရှာစရာကောင်းပြီး စိတ်မချမ်းမြေ့စရာပါ။ ကျူးလွန်သူကို ထိုက်တန်တဲ့ ပြစ်ဒဏ် အပြင်းထန်ဆုံး ပေးစေချင်ပါတယ်” ဟု ပြောကြားသည်။

    အလားတူ မတ်လ ၁၆ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

    အဆိုပါအမှုတွင်လည်း ပြစ်မှုကျူးလွန်သူကို တစ်ရက်အတွင်း စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်ရန် ကြိုးစားမှုများဖြင့် အရေးယူထားကြောင်း သိရသည်။

    လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “အခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုတွေ ခဏခဏ ကြားနေရတာ စိုးရိမ်စရာ အရမ်းကောင်းပါတယ်။ ဒီလိုလူမျိုးတွေကို အကာအကွယ်မပေးဘဲ ဝိုင်းဝန်းရှုတ်ချရပါမယ်။ အာဏာပိုင်တွေအနေနဲ့လည်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

    ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် ဦးမောင်ငယ်သည် မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်၊ တေဇာရာမ (ဘက)ကျောင်း၌ ပညာ သင်ယူနေသည့် အသက် (၈) နှစ်အရွယ် KG တန်း ကျောင်းသူတစ်ဦး၏ မအင်္ဂါစပ်အား ၎င်း၏ လက်ညှိုးဖြင့်ထိုးသွင်းကာ မဖွယ်မရာပြုလုပ်ခဲ့သည်ဟု မိခင်ဖြစ်သူအား ပြန်လည်ပြောပြခဲ့သည်။

    ယင်း​နန့် ဆက်စပ်၍ စုံစမ်းမှုများအရ ဦးမောင်ငယ်သည် ၂၀၂၅ ခုနှစ်ကလည်း အသက် (၆)နှစ်၊ (၇)နှစ်၊ (၈)နှစ် အရွယ် ရှိ KG ကျောင်းသူ ၃ ဦး၏ မအင်္ဂါစပ်များကိုလည်း ၎င်း၏လက်ညှိုးဖြင့်ထိုးသွင်း၍ အလားတူ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ထပ်မံ ပေါ် ပေါက်သဖြင့် အဆိုပါ မမချေရို့ ၏ မိဖများများမှ ၂၀၂၆ ခုနှစ်၊ မတ်လ (၆)ရက်တွင် DLEPS ဌာန၌ အမှုဖွင့် တိုင်တန်းခဲ့ကြောင်းသိရသည်။

    ယခုကဲ့သို့ ကလေးငယ်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ ဒေသခံပြည်သူများက ပြင်းထန်စွာ ဝေဖန်ရှုတ်ချလျက်ရှိပြီး မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏ ကလေးငယ်များကို အကာအကွယ်ပေးရန်နှင့် သံသယဖြစ်ဖွယ်တွေ့ရှိပါက အချိန်မီသတင်းပေးပို့ရန် DLEPS က အသိပေးနှိုးဆော်ထားသည်။

    လက်ရှိ AA က ပြဋ္ဌာန်းထားသည့် ဥပဒေအရ အသက် ၁၂ နှစ်အောက် အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်ပါက ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ ထောင်ဒဏ်အနှစ် ၂၀ ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

  • အရပ်သားများကို ဗုံးကြဲရန် ၃ လအတွင်း လေယာဥ်ဆီ ကန်ဒေါ်လာ ၄ သန်းကျော်ဖိုး စစ်ကော်မရှင် သုံးစွဲဟု BMC ပြော

    အရပ်သားများကို ဗုံးကြဲရန် ၃ လအတွင်း လေယာဥ်ဆီ ကန်ဒေါ်လာ ၄ သန်းကျော်ဖိုး စစ်ကော်မရှင် သုံးစွဲဟု BMC ပြော

    အရပ်သားများကို လေကြောင်းမှ ဗုံးကြဲ သတ်ဖြတ်ရန် စစ်ကော်မရှင်က သုံးလအတွင်း အမေရိကန်ဒေါ်လာ ၄,၀၀၀,၀၀၀ ကျော်တန်ဖိုးရှိ လေယာဥ်ဆီများ သုံးစွဲခဲ့ကြောင်း သွေးစွန်းငွေလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign)က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

    သွေးစွန်းငွေ လှုပ်ရှားမှု အဖွဲ့၏ ၂၀၂၅ ဇွန် ၁၆ မှ စက်တင်ဘာ ၁၆ ထိ လေ့လာတွေ့ရှိချက်အရ သုံးလအတွင်း တိုက်လေယာဉ်အုပ်စုတစုတည်းအတွက် လေယာဉ်ဆီ အင်ပီယီရယ်ဂါလံ (IG) ၁ ဒသမ ၉၄ သန်းကျော် သုံးစွဲခဲ့ပြီး ကုန်ကျငွေပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၆ သန်းကျော်ရှိခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

    လေယာဥ်ဆီ ၁ အင်ပီယီရယ်ဂါလံ (1 IG) တွင် လီတာအားဖြင့် လေးလီတာခွဲကျော် ရှိသည်။

    “လေယာဉ်ဆီသုံးစွဲမှု အရေအတွက်တွေဟာ မှတ်တမ်းတင်ထားတဲ့ ပျံသန်းမှုတွေအပေါ် အခြေခံထားတာဖြစ်ပြီး လေယာဉ်မှာ တပ်ဆင်သယ်ဆောင်တဲ့ အလေးချိန်ပေါ်မူတည်ပြီး လေယာဉ်ဆီက ပိုမိုအသုံးပြုရပါသေးတယ်”ဟု BMC က ထုတ်ပြန်ချက်တွင် ပြောသည်။

    စစ်ကော်မရှင်၏ တိုက်လေယာဥ်များထဲတွင် ဆီအသုံး အများဆုံးသည် ရုရှားထုတ် Su-30SME ဖြစ်ပြီး တနာရီလျှင် ၁,၅၀၀ IG သုံးစွဲရကြောင်း သိရသည်။

    ထို့ပြင် MiG-29 က ၉၀၀ IG၊ JF-17 နှင့် F-7M က ၆၀၀ IG၊ A-5 က ၅၅၀ IG၊ Yak-130 က ၄၀၀ IG၊ FTC-2000G က ၃၅၀ IG၊ K-8 က ၃၀၀ IG နှင့် G-4 က ၂၀၀ IG အသီးသီး သုံးစွဲရကြောင်းလည်း သိရသည်။

    အရှေ့အလယ်ပိုင်းစစ်ပွဲမဖြစ်ခင်က လေယာဉ်ဆီ တ IG လျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၅ ဝန်းကျင် ရှိကြောင်း ဆိုသည်။ ယင်းဈေးနှုန်းမှာ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှဈေးနှုန်းဖြစ်ပြီး သယ်ယူပို့ဆောင်ရသည့် ခရီးအကွာအဝေးနှင့် ဝယ်ယူရသည့်နေရာပေါ် မူတည်ပြီး အနည်းငယ် ပြောင်းလဲနိုင်ကြောင်းလည်း ပြောသည်။

    တိုက်လေယာဉ်တွေသည် အနည်းဆုံး ၂၀၀ IG မှ အများဆုံး ၁,၅၀၀ IG အထိ သုံးစွဲရသောကြောင့် စစ်ကော်မရှင်သည် တနာရီ လေယာဉ်ပျံသန်းရန် အမေရိကန်ဒေါ်လာ ၅၀၀ ကနေ ၃၅၀၀ ကြား ကုန်ကျနေကြောင်း BMC က ဖော်ပြသည်။

    “မြန်မာငွေအားဖြင့် ပျမ်းမျှ သိန်း ဆယ်ဂဏန်းကနေ ရာဂဏန်းထိ ကုန်ကျနေတာ ဖြစ်ပါတယ်။ ဒီကုန်ကျမှုဟာ လေယာဉ်ဆီတမျိုးတည်းအတွက်သာဖြစ်ပြီး လေယာဉ်မှာတပ်တဲ့ ဗုံးတွေ၊ လက်နက်တွေ၊ လေယာဉ်ပြုပြင်တာတွေအတွက် အပိုပစ္စည်းတွေ စတဲ့ ကုန်ကျစရိတ်တွေ မပါဝင်သေးပါဘူး”ဟု ဆိုသည်။

    ထို့ပြင် ယခု တွက်ချက်မှုသည် သုံးစွဲမှု၏ အနည်းဆုံးပျမ်းမျှအပေါ် အခြေခံထားခြင်းဖြစ်ကြောင်းလည်း အသိပေးထားသည်။

    အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်က အရပ်သားများကိုပါ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် လေယာဥ်ဆီအခက်အခဲဖြစ်ပြီး ပြည်တွင်း လေကြောင်းခရီးစဥ်အချို့ ရပ်နားနေရချိန်မှာပင် စစ်ကော်မရှင်လေတပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

    အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအထိ စစ်ကော်မရှင်၏ လေကြောင်းအသုံးပြုတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၅,၈၀၀ ကျော်ရှိပြီး အဆိုပါ စစ်ဆင်ရေးများကြောင့် အရပ်သား ၃,၄၀၀ ကျော်သေဆုံးပြီး ၆,၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ၊ အောက်တို ဘာလထဲတွင် ထုတ်ပြန်ထားသည်။

  • ကသာ လေယာဥ်ဗုံးကြဲမှာ ဆုံးပါးခဲ့ရတဲ့ သူငယ်ချင်း ၃ ယောက်ရဲ့အဖြစ်

    ကသာ လေယာဥ်ဗုံးကြဲမှာ ဆုံးပါးခဲ့ရတဲ့ သူငယ်ချင်း ၃ ယောက်ရဲ့အဖြစ်

    တကယ်စိတ်မကောင်းဘူး သူငယ်ချင်းတို့ရေ

    နောင်ဘဝတွေရှိရင် ဒီလိုအဖြစ်ဆိုးနဲ့မကြုံတွေ့ပါစေနဲ့ 😔

    သတင်းကြားကြားချင်းရင်ထဲစို့နစ်နေအောင်ခံစားရပါတယ်😔

    အမှတ်တရတွေ​ ခေါင်းထဲပေါ်လာပီး ငိုချမိတယ်

    လိမ်မာပီးဘုရားတရားသိတတ်တဲ့သူတွေမို့

    ကောင်းရာ မွန်ရာဘဲရောက်မာပါ

    ဆုတောင်းပေးနေပါတယ်🙏

    Khin Thiri May

    ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာနှင့် စစ်ဘေးရှောင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

    စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းရပ်ကွက်တို့ကို ယနေ့ မတ်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာတော်များအပါအဝင် ပြည်သူအများအပြား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

    ယနေ့နံနက်ပိုင်းတွင် ကသာမြို့၊ ခြေလျင်တပ်ရင်း ခလရ – ၃၀၉ နှင့် တော်လှန်ရေးအင်အားစု (PDF) များ တိုက်ပွဲများဖြစ်ပွားကြောင်း၊ တိုက်ပွဲများမှာ ပန်းပဲကုန်းဘက်အထိပါ ကူးစက်သွားခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၁၀ နာရီကျော်အချိန် စစ်တပ်က လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းဘက်သို့ လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ကြောငး သိရှိရသည်။

    “ရပ်ကွက် ၃ မှာ ရှိတဲ့ လေးထပ်ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကျဲတာ။ သံဃာတွေရော ပြည်သူတွေရော သေဆုံးမှုရှိတယ်။ အတိအကျတော့မ သိရသေးဘူး။ မီးတွေလည်းလောင်တယ်။ ပန်းပဲကုန်းဘက်မှာလည်း အထိအခိုက်တွေရှိတယ်။ တိုက်ပွဲဖြစ်ပြီး လေယာဉ်နဲ့ စစ်တပ်က ဗုံးလာကျဲတာ။ မြို့ထဲမှာလည်း ပြည်သူတွေ ရှိနေတယ်” ဟု ကသာမြို့မှ ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကသာမြို့ပေါ်မှ လူနေအိမ်များနှင့် ကျောင်းဆောင်များ မီးလောင်ကျွမ်းခဲ့ကြောင်း၊ အကျဉ်းထောင်ရှေ့ရှိ လေးထပ်ဘုန်း ကြီးကျောင်းအနီးဝန်းကျင်နှင့် သဖန်းကိုင်းဒေသတဝိုက်မှ ပြည်သူများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

    လက်ရှိတွင် ကသာမြို့အတွင်း၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အဆက် အသွယ်ပြတ်တောက်နေသဖြင့် ဒေသခံပြည်သူများနှင့် မိသားစုဝင်များအကြား ဆက်သွယ်၍မရဘဲ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

    စစ်တပ်က စစ်ဘေးရှောင် ပြည်သူများရှိနေသည်ကို သိလျက်နှင့် အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

    ကသာမြို့ရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းပေါ်ကို ဗုဒ္ဓဘာသာများမောင်းနှင်သော လေယာဉ်မှူးများက ဗုဒ္ဓဘာသာစစ်ခေါင်းဆောင်များ၏ အမိန့်ဖြင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဆွမ်းစားနေစဉ် ဗုံးကြဲချရာ

    ဆွမ်းစားနေသော ဗုဒ္ဓဘာသာရဟန်းတော်များ ပျံလွန်တော်မူကြပြီး ဆွမ်းကပ်နေသော ဆွမ်းဒကာ ဒကာမများ သေဆုံးကြရသည်။

    ဤဖြစ်စဉ်မျိုး အမြောက်အများဖြစ်နေသော်လည်း မည်သည့် သံဃနာယကအဖွဲ့ကမျှ မတားဆီးကြပဲ စစ်ခွေးတို့၏ဘောမ ဂွေးကိုင်ပြီး စစ်ခွေးကပ်သမျှလေးတွေနဲ့ အဆီရစ်နေကြကုန်သော သံဃအဖွဲ့အစည်းမှာ အလွန်ရွံရှာ စက်ဆုတ်ဖွယ်ရာဖြစ်လေတော့သည်။

    ဗိုလ်သံမဏိ

  • မြောက်ဒဂုံ Terminal ဆီဆိုင်မီးလောင်

    မြောက်ဒဂုံ Terminal ဆီဆိုင်မီးလောင်

    ဆီတန်းစီ​နေတဲ့ကားအချို့ပါမီးထဲပါသွားပြီး ဒဏ်ရာရသူအချို့ရှိ

    ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၇/၈ လမ်းဆုံအနီးက Terminal ဆီဆိုင် မီးလောင်ခဲ့ပြီး ဆီတန်းစီနေတဲ့ ကားအချို့ပါ မီးထဲ ပါသွားပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “ဆီဆိုင်ပေါက်ကွဲတာ ဘယ်လောက်ပြင်းလဲ ဆိုရင် လမ်းဆုံ မီးပွိုင့်ကပါ ထိပြီး ပျက်စီးသွားတယ်”လို့ ဖြစ်စဥ်ကို တွေ့ရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

    မီးလောင်ရတဲ့ ဖြစ်စဥ် အသေးစိတ်ကို မသိရသေးပေမယ့် ဖြစ်စဥ်အနီးနားရှိနေသူတွေကတော့ ဆီဆိုင်အနီးရပ်ထားတဲ့ကားကနေ မီးလောင်မှုစခဲ့တာလို့ ဆိုပါတယ်။

    “ရပ်ထားတဲ့ ကားကနေစလောင်တာတဲ့။ဆိုင်က ကားလား ဆီတန်းစီတဲ့ကားလားမသိဘူး။ဆီဆိုင်ဘေးနားက g & g စတိုးဆိုင်လဲအကုန် ကုန်တယ်။လူနာ တင်ကားတွေ နှစ်စီး၊သုံးစီးပဲ”လို့ မီးလောင်မှုဖြစ်စဥ်အနီးရောက်နေသူက ပြောပါတယ်။

    ဆီဆိုင်တစ်ခုလုံးမီးလောင်မှုထဲ ပါသွားပြီး ဆီတန်စီထားတဲ့ အိမ်စီးကားနှစ်စီး နဲ့ တက္ကစီ တစ်စီးလည်း မီးလောင်သွားတယ်လို့ သူက အသိပေးပါတယ်။

    “ပေါက်ကွဲမှု စဖြစ်တဲ့အသံကို ၉:၂၉မှာကြားပါတယ်၊ပြီးနောက် ပေါက်ကွဲမှုအသေးလေးတွေဆက်ကြားပါတယ်။ မီးတွေလည်း အများကြီးလောင်ပါတယ်”လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးကပြောပါတယ်။

    စက်သုံးဆီတန်းစီတဲ့ ကားတစ်စီးကနေ မီးစတင်လောင်ခဲ့တာဖြစ်ပြီး ဆီဆိုင်တစ်ဆိုင်လုံး မီးလောင်ဆုံးရှူံးသွားတယ်လို့ သူကဆက်​ပြောပါတယ်။

    “ကား၃စီးလောင်၊ ဆီကန် နဲ့ ဆီကားထိမရောက် လိုက်”လို့ မျက်မြင်တွေ့ရှိခဲ့သူက ပြောပါတယ်။

    ဒီနေ့(မတ်၂၁) ရက် ည ၉ နာရီခွဲကျော်မှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး Level 1 ယာဉ်အုပ်စုနဲ့ နာရီဝက်ခန့် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါပေမယ့် ထိခိုက်ပျက်စီးမှုနဲ့ပတ်သက်ပြီး မဖော်ပြထားပါဘူး။

    မီးသတ်တပ်ဖွဲ့ရဲ့ ပေ့ခ်ျမှာ တိုက်ရိုက်ထုတ်လွှင့်ထားတဲ့ ဗီဒီယိုဖိုင်မှာတော့ ဆီဆိုင်တစ်ခုလုံး မီးလောင်ဆုံးရှုံးထားတာကိုတွေ့ရပါတယ်။

    လက်ရှိ ပြည်တွင်းမှာ စက်သုံးဆီအကြပ်အတည်း ကြောင့် ဆီဆိုင်တွေ အနီး ညအိပ်တန်းစီနေရတာအပြင် အကန့်အသတ်နဲ့ပဲ စစ်တပ်သတ်မှတ်တဲ့ နှုန်းအတိုင်း ဝယ်ယူနေကြရပါတယ်။

    ဓါတ်ပုံ-ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း

  • အီရန်ဒရုန်းတွေက မြန်မာ ကုမ္ပဏီ တစ်ခုနဲ့ ဆက်နွှယ်ပတ်သက်မှု ရှိနေ

    အီရန်ဒရုန်းတွေက မြန်မာ ကုမ္ပဏီ တစ်ခုနဲ့ ဆက်နွှယ်ပတ်သက်မှု ရှိနေ

    အီရန်ရဲ့ စစ်သုံးဒရုန်းတွေ တည်ဆောက်မှုဟာ မြန်မာနိုင်ငံက ကုမ္ပဏီ တစ်ခုနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း Conflict Armament Research (CAR)ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တစ်ခုက ညွှန်ပြနေပါတယ်။

    အီရတ်-ဆီးရီးယား နယ်စပ်မှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှု တစ်ခုအပြီး သိမ်းဆည်းရမိတဲ့ ဒရုန်းအပျက်အစီးတွေထဲက မော်တာတစ်လုံးဟာ မြန်မာနိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခုနဲ့ ပတ်သက်နေတယ်လို့ CARက ဆိုပါတယ်။ ဒါဟာ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ၊ ပို့ကုန် ကန့်သတ်မှုတွေ အပြင်းအထန် ခံထားရတဲ့ နိုင်ငံနှစ်ခုကြားမှာ အပြန်အလှန် ကုန်သွယ် ဖလှယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အချက်ကို အတည်ပြုပေးခဲ့ကြောင်း CA Rက သုံးသပ်ခဲ့ပါတယ်။

    အဲဒီ မော်တာကို ထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ CARက ဆက်သွယ်ပြီး ကုမ္ပဏီရဲ့ ထုတ်ကုန်ဟာ စစ်ရေးရည်မှန်းချက်တွေအတွက် တလွဲ အသုံးချမှု ခံနေရကြောင်း အသိပေးခဲ့ပါတယ်။ ဂျပန်ကုမ္ပဏီရဲ့ ပူးပေါင်းမှုနဲ့အတူ CARဟာ အဲဒီ မော်တာကို လက်ပြောင်းလက်လွှဲ လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို ခြေရာခံနိုင်ခဲ့ပါတယ်။

    CARရဲ့ အဆိုအရ ဂျပန် ကုမ္ပဏီဟာ လျှပ်စစ်မော်တာ အလုံးပေါင်း ၁၃၀ ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတုန်းက ဟောင်ကောင် အခြေစိုက် ဖြန့်ဝေရေး ကုမ္ပဏီဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီကနေတဆင့် မြန်မာနိုင်ငံ အခြေစိုက် Synpex Shwe လီမိတက်ဆိုတဲ့ ကုမ္ပဏီဆီ ရောင်းချခဲ့ကြောင်း သိရပါတယ်။ အဲဒီ ကုမ္ပဏီကို SS Technologyလို့လည်း ခေါ်ပါတယ်။

    ဟောင်ကောင်ကနေ Synpexဆီကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း အဲဒီလို မော်တာတွေ တင်ပို့ပေးမှု ၅ ကြိမ်ရှိခဲ့ပြီး စုစုပေါင်း မော်တာ ၃၀၀ ကျော်ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

    ဟောင်ကောင်မှာရှိတဲ့ ဖြန့်ချိရေး ကုမ္ပဏီကို အီရန်လုပ်ငန်းရှင်တွေကလည်း ရှယ်ယာ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဟောင်ကောင်နဲ့ တရုတ်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ပါဝင် ရင်းနှီးမြှုပ်နှံထားပါတယ်။ အဲဒီ ရှယ်ယာပိုင်ရှင် လုပ်ငန်းတွေရဲ့ လိပ်စာတစ်ခုဟာ အီရန်မှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောကုမ္ပဏီ တစ်ခု ဖြစ်နေပါတယ်။ နောက်ပြီး ၂၀၁၁ ကတည်းက အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံထားရတဲ့ အီရန်လေကြောင်းလိုင်း Mahan Airကလည်း အဲဒီ ကွန်ရက်နဲ့ ပါဝင် ဆက်စပ်နေပါတယ်။

    CARက ဒီကိစ္စနဲ့ ပတ်သက်ပြီး Synpexဆီကို အီးမေးလ်နဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီ မော်တာတွေဟာ မြန်မာနိုင်ငံထဲမှာတော့ ဒရုန်းတွေ တည်ဆောက်ရေးအတွက် လက်နက်အဖြစ် တလွဲ အသုံးချခံရတဲ့ အထောက်အထား မတွေ့ခဲ့ကြောင်း CARက ဆိုပါတယ်။

    ၂၀၂၃ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဆီက ထုတ်ပြန်ချက် တစ်စောင်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ရုရှားဆီက လက်နက်တွေကို မြန်မာနိုင်ငံဆီ တင်သွင်းနေတဲ့ ကုမ္ပဏီ ၇ ခုထဲမှာ Synpexလည်း ပါဝင်ကြောင်း သိရပါတယ်။

    Synpexဆီကနေ အီရန်ကို ရောက်ရှိသွားတဲ့ မော်တာတွေထဲက နောက်ထပ်တစ်လုံးကိုတော့ အရှေ့အလယ်ပိုင်း ဒေသတွင်းက အီရန်နဲ့ အဆက်အသွယ်ရှိတဲ့ လက်နက်ကိုင် အစုအဖွဲ့ တစ်ခုရဲ့ ဒရုန်းမှာ အသုံးပြုထားတာကို တွေ့ရှိခဲ့ကြောင်း CARက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး အီရန်နဲ့ ဒရုန်းနည်းပညာပိုင်းဆိုင်ရာ စက်ပစ္စည်း အစိတ်အပိုင်းတွေ ဝေမျှမှုတွေ ရှိခဲ့ကြောင်း အရင်ကလည်း အချက်အလက်တချို့ တွေ့ရှိဖူးပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ ဒရုန်းတွေမှာ အသုံးပြုဖို့ အီရန်လုပ် MADO-550 ပစ္စတန် အင်ဂျင်တွေကို ပေးပို့ခဲ့ဖူးပါတယ်။ အဲဒီ အင်ဂျင်တွေကို အီရန်ရဲ့ လူသိများတဲ့ Shahed-136 ဒရုန်းတွေမှာလည်း တပ်ဆင်လေ့ရှိပြီး အခုအခါ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရတဲ့ Oje Parvaz Mado Nafarဆိုတဲ့ အီရန် ကုမ္ပဏီက ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။

    နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေကြောင့် စစ်လက်နက် ပစ္စည်း ဝယ်ယူမှုတွေမှာ အကန့်အသတ် ကြီးကြီးမားမားတွေ ကြုံနေတဲ့ အခြေအနေမှာ အီရန်နဲ့ မြန်မာတို့ဟာ အခုလိုမျိုး သိုသိုသိပ်သိပ်နဲ့ လက်နက် အစိတ်အပိုင်းတွေ ဆက်လက် ကုန်သွယ်နေနိုင်တာဖြစ်ကြောင်းလည်း CARက သုံးသပ်သွားခဲ့ပါတယ်။

    ကိုးကား/ဓာတ်ပုံ – Conflict Armament Research