လောင်းကစားဝိုင်းများထံ ငွေတောင်းရမ်းခဲ့သော မွန်ပါတီ နယ်ထိန်းနှင့် အုပ်ကြီးလောက်ပင် အဆင့်မရှိဟုဆို

လောင်းကစားဝိုင်းများထံ ငွေတောင်းရမ်းခဲ့သော မွန်ညီညွတ်ရေးပါတီ၏ ဂုဏ်သိက္ခာမှာ နယ်ထိန်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများလောက်ပင် အဆင့်မရှိတော့ကြောင်း ဒေသခံအချို့က ဆိုသည်။

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ရန်ဆိုသည့် ခေါင်းစဉ်ဖြင့် မွန်ညီညွတ် ရေးပါတီမှ တရားမဝင် ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ပါတီဝင်တို့သည် ပေါင်မြို့နယ်အ တွင်းဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများထံ မေ ၈ ရက်နှင့် ၉ ရက်တို့၌ လိုက်လံတောင်းရမ်းခဲ့သည့် အပေါ် ဒေသခံပြည်သူတို့က နှုတ်ခေါင်းရှုံ့ခဲ့ကြသည်။

“၁၀ ရက်မှာ မွန်ညီညွတ်ရေးပါတီ ဗဟိုက လူကြီးတွေက ပေါင်က လိုက်တောင်းရမ်းတဲ့သူတွေကို ခေါ်တွေ့တယ်လို့ သိရတယ်။ ဘာတွေပြောသလဲတော့ မသိဘူး။ မီဒီယာမှာ ဟိုးလေးတကျော် ပါထား တဲ့ကိစ္စကို ဘာမှပြန်မဖြေရှင်းဘူးဆိုတော့ ဒီလိုတောင်းရမ်းတာကို ပါတီဗဟိုကလည်း သဘောတူ တယ်လို့ မှတ်ယူရမယ်”ဟု ဒေသတွင်းပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

လောင်းကစားဝိုင်းဖွင့်လှစ်ရာနေရာရှိ နယ်ထိန်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့သည် လောင်းကစား ဝိုင်းများဆီသို့ သွားရောက်တောင်းရမ်းစရာမလိုဘဲ လောင်းကစားကန်ထရိုက်က အိမ်တိုင်ရာရောက် လိုင်းကြေး ခွဲတမ်းငွေ လာပေးကြောင်း ၎င်းကဆိုသည်။

“စဉ်းစားကြည့်ပါ။ လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ဖို့ကို လောင်းကစားဝိုင်းတွေမှာ ငွေလိုက်တောင်းတယ်ဆိုတာ ဘယ်လောက်ထိ နိုင်ငံရေးသိက္ခာကျသလဲဆိုတာ။ ပြဿနာက အဲအမတ်တွေက အဲဒီ လောက်တောင် နိုင်ငံရေးအသိအမြင်မရှိကြဘူး။ သူတို့ရဲ့အသိဉာဏ်က အုပ်ကြီးတွေနဲ့ level ပဲရှိ တာ”ဟု မွန်ညီညွတ်ရေးပါတီနှင့် နီးစပ်သည့် ချောင်းဆုံမြို့နယ်၊ သက္ကောရွာသားတစ်ဦးက ပြော သည်။

မွန်ပြည်နယ်သားများနှင့် မွန်တိုင်းရင်းသားတို့၏ အကျိုးကို အစွမ်းကုန်သယ်ပိုးသွားမည်ဟု ကြွေး ကြော်ထားသော မွန်ညီညွတ်ရေးပါတီသည် မွန်ပြည်နယ်သားများ မကြိုက်သည့် လောင်းကစားဝိုင်း ကို အားပေးအားမြှောက်ပြုရုံတင်မက မသန့်ရှင်းသည့်ငွေဖြင့် လွှတ်တော်အမတ်ရုံးပင် ဖွင့်လှစ်ရန် ကြံစည်ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့၊မုပွန်ရပ်နေ အမျိုးသားကြီးတစ်ဦးက ဆိုသည်။

“မွန်ပါတီက လောင်းကစားဝိုင်း သွားပြီး အလှူခံတယ်ဆိုပေမယ့် အလှူမထည့်ရင် လွှတ်တော်ထဲကနေ ကွိုင်ရှာမယ်ဆိုပြီး သွားခြိမ်းခြောက်တဲ့ သဘောပါ။ ဒီနေရာက နိုင်ငံရေးပါတီတွေ သွားအလှူခံရမယ့် နေရာ မဟုတ်ဘူးဆိုတာလောက် သိဖို့ကောင်းတယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းများကို ဒေသတွင်းပြည်သူ့စစ်များအား ထောက်ပံ့ရန် ဆိုသည့် ခေါင်းစဉ် ဖြင့် တရားမဝင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကျော်စွာမြင့်က တာဝန်ယူကာ ဖွင့်လှစ်နေပြီး လောင်းကစားဝိုင်းဖွင့်လှစ်နေသည့်ဒေသမှ ပြည်နယ် အမတ်များကိုပါ လိုင်းကြေးပေးမည်ဟု ပြည်နယ်အစိုးရရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြား ထားသည်။

မွန်ပြည်နယ်အတွင်း ပြုလုပ်နေသော လောင်းကစားဝိုင်းများမှာ အနီထောင်၊ ဖဲ၊ ဂလုတ်ဂလုတ်နှင့် အရုပ်လှည့်ခြင်းတို့ဖြစ်သည်။

မွန်ညီညွတ်ရေးပါတီအတွင်းရှိ အရည်အချင်းရှိပြီး ဒေသခံတို့၏အကျိုး အမှန်အကန်သယ်ပိုးခဲ့ကြသူ များမှာ အာဏာသိမ်းပြီးနောက် ပါတီမှ နှုတ်ထွက်သွားကြပြီဖြစ်ကြောင်း ဒေသတွင်းပါတီများနှင့် နီး စပ်သူက ပြောသည်။

ပေါင်မြို့နယ်တွင် မွန်ညီညွတ်ရေးပါတီမှ အမတ် ၃ ဦး အနိုင်ရရှိထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *