Non-CDM ဝန်ထမ်းများ၏ ဖုန်းနှင့် ကွန်ပျူတာများကို MAC Address မှတ်ပုံတင်ခိုင်း

နေပြည်တော် စစ်ရုံးနှင့် ဝန်ကြီးဌာနအချို့တွင် သတင်းပေါက်ကြားမှုကို အရေးယူရန်အတွက် Non-CDM ဝန်ထမ်းများ၏ ဖုန်းနှင့် ကွန်ပျူတာများကို MAC Address မှတ်ပုံတင်ခိုင်းပြီး စောင့်ကြည့်နေ

နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အချို့သော ဝန်ကြီးဌာနရုံးများတွင် အရာရှိများနှင့် ဝန်ထမ်းများ၏ ကိုယ်ပိုင်လက် ကိုင်ဖုန်းများ၊ ကွန်ပျူတာများမှတစ်ဆင့် သတင်းပေါက်ကြားမှုကို ထိန်းချုပ်ရန်အတွက် စက်ပစ္စည်းတစ်ခုချင်းစီ၏ Media Access Control- MAC Address များကို မဖြစ်မနေ မှတ်ပုံတင်ခိုင်းကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောကြားသည်။

စစ်တပ်က ဝန်ကြီးဌာနအတွင်း ရုံးတွင်းလျှို့ဝှက်ချက်များနှင့် သတင်းအချက်အလက်များ အပြင်သို့ ပေါက်ကြားမှုကို ဟန့်တားရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ထိန်းချုပ်မှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်း ဖြစ်သည်။ Non-CDM အရာရှိနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကွန်ပျူတာ၊ ဖုန်း စက်ပစ္စည်း (Hardware) အမှတ်အသားဖြစ်သည့် MAC Address ကို စနစ်အတွင်း မှတ်ပုံတင်ခိုင်းခြင်းဖြင့် ဝန်ထမ်းများ၏ အင်တာနက် အသုံးပြုမှုများကို စောင့်ကြည့်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

မိုဘိုင်းလ်ဖုန်း နှင့်ကွန်ပျူတာများ၏ Media Access Control- MAC Address သည် စက်ပစ္စည်းတစ်ခု၏ “လက်ဗွေရာ” သို့မဟုတ် “စက်မှတ်ပုံတင်နံပါတ်” ဖြစ်ပြီး ပြောင်းလဲ၍မရသောကြောင့် ဘယ်သူ့ဖုန်း၊ ဘယ်သူ့ကွန်ပျူတာက ဘာလုပ်နေသည်ဆိုသည်ကို တိတိကျကျ ခွဲခြားသိမြင်နိုင်သည်။

နေပြည်တော်စစ်ရုံးနှင့် ဝန်ကြီးဌာန ရုံးများ၏ Wi-Fi သို့မဟုတ် Network ကို အသုံးပြု၍ အင်တာနက်ကြည့်ရှုခြင်း၊ ဖိုင်များပေးပို့ခြင်းနှင့် လူမှုကွန်ရက်အသုံးပြုခြင်းများကို အဆိုပါ MAC Address မှတစ်ဆင့် ဘယ်အချိန်၊ ဘယ်နေရာကနေ ဘာတွေလုပ်နေသည်ဆိုသည်ကို Firewall စနစ်များဖြင့် ၂၄ နာရီပတ်လုံး စောင့်ကြည့်မှတ်တမ်းတင်ထားနိုင်သည်။

စစ်ရုံးနှင့် ဝန်ကြီးဌာနရုံးပရဝဏ်အတွင်းရှိ Network ချိတ်ဆက်မှုများမှတစ်ဆင့် အဆိုပါ အရာရှိ သို့မဟုတ် ဝန်ထမ်းသည် ရုံး၏ ဘယ်နေရာတွင် ရှိနေသည်ဆိုသည်ကိုပါ ခြေရာခံနိုင်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ MAC Address မှတ်ပုံတင်ခိုင်းခြင်းသည် ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှု (Privacy) ကို စစ်တပ်က တိုက်ရိုက်ထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး၊ သတင်းပေါက်ကြားမှုအား အကြောင်းပြကာ ဝန်ထမ်းများ၏ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် လှုပ်ရှားသွားလာမှုများကိုပါ စောင့်ကြည့်ခံနေရသည့်အတွက် ဝန်ထမ်းများကြားတွင် စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြသည်။

MAC Address (Media Access Control Address) ဆိုသည်မှာ အင်တာနက်ချိတ်ဆက်နိုင်သည့် စက်ပစ္စည်းတိုင်း (Phone, Laptop, Desktop) တွင် ထုတ်လုပ်ကတည်းက ပါရှိလာသည့် ၁၂ လုံးပါ အက္ခရာနှင့် ဂဏန်းများဖြင့် ဖွဲ့စည်းထားသော သီးသန့်အမှတ်အသား ဖြစ်သည်။ IP Address ကဲ့သို့ ပြောင်းလဲခြင်း မရှိဘဲ Hardware ထဲတွင် အသေပါလာခြင်းကြောင့် စက်ပစ္စည်းတစ်ခုကို ခြေရာခံရာတွင် အတိကျဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။

ယခုအခါ စစ်ကောင်စီသည် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကို အသုံးပြု၍ နေပြည်တော်ရှိ အဓိကရုံးစိုက်ရာ နေရာများတွင် ဤစောင့်ကြည့်စနစ်ကို အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး၊ စည်းကမ်းဖောက်ဖျက်သူ သို့မဟုတ် သတင်းပေးပို့သူများကို ထို MAC Address အထောက်အထားများမှတစ်ဆင့် ပြင်းပြင်းထန်ထန် အရေးယူရန် ပြင်ဆင်နေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *