Category: News

  • တစ်ကြိမ်စစ်သားဖြစ်က အမြဲတမ်းစစ်သားဆိုသည့် စိတ်ဓာတ်ခံယူရန် ဒုစစ်ခေါင်းဆောင်ပြော

    တစ်ကြိမ်စစ်သားဖြစ်က အမြဲတမ်းစစ်သားဆိုသည့် စိတ်ဓာတ်ခံယူရန် ဒုစစ်ခေါင်းဆောင်ပြော

    စစ်မှုထမ်းသင်တန်းသားများသည် တပ်မတော်သားဘဝရရှိခံယူထားပြီးသူများဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို၂၄ နာရီ တာဝန်ထမ်းဆောင်သော နိုင်ငံ့သားကောင်းများဖြစ်ကြောင်း၊ “Once a Soldier, always a Soldier” ဆိုသည်နှင့်အညီ တစ်ကြိမ်စစ်သားဖြစ်ပြီးပါက အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့် စိတ်ဓာတ်များခံယူထားရမည်ဟု ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်း အင်းတိုင်တပ်နယ်ရှိ စစ်မှုထမ်းသင်တန်းသားများနှင့် တွေ့ဆုံစဉ်ပြောသည်။

    စစ်မှုထမ်းသင်တန်းဆင်းများသည် နိုင်ငံ့သားကောင်းရတနာများအဖြစ် မိမိကိုယ်ကိုယ်မိမိ ဂုဏ်ယူကြရမည်ဖြစ်ကာ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာ၊ လက်နက်ငယ်ဘာသာရပ်အပါအဝင် အခြားစစ်ပညာများ စနစ်တကျသင်ကြားပေးခဲ့ပြီးဖြစ်၍ တတ်မြောက်ထားသည့် စစ်ပညာများကို စနစ်တကျ အသုံးချသွားရန်လည်း ၎င်းကဆိုသည်။

    ထို့ပြင် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်ရန်အရေးကြီးကြောင်း အမိန့်နာခံတတ်မှ အထက်ကပေးအပ်သည့် ရည်မှန်းချက်တာဝန်များထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရန်လိုကြောင်းလည်း ဒုစစ်ခေါင်းဆောင်က ပြောသည်။

    နိုင်ငံအား မပြိုကွဲရန် ထိန်းသိမ်းနိုင်ခြင်းမှာ ကျစ်လစ်ခိုင်မာ အင်အားတောင့်တင်းသည့် တပ်မတော်တရပ်ရှိနေခြင်းကြောင့် ဖြစ်ကြောင်းလည်း ၎င်းက စည်းရုံးပြောဆိုသွားသည်။

    လက်ရှိတွင် စစ်မှုထမ်းရန် စစ်ကောင်စီအဖွဲ့ဝင်များကမြို့ရွာများအတွင်း အဓမ္မလိုက်လံစုဆောင်းနေခြင်းများကြောင့် လူငယ်လူရွယ်များမှာ ပြည်ပသို့ တိမ်းရှောင်ခြင်းများလည်းရှိနေသလို မိဘများအနေဖြင့် မိမိသားသမီးစစ်မှုထမ်းစာရင်း၌ ပါဝင်မည်ကို စိုးရိမ်ပူပန်နေရကြောင်း ပြည်သူများထံက သိရသည်။

    ဓာတ်ပုံ- MOI

  • မောင်းနှင်သူတွေကိုစတေးပစ်မယ့် စက်တပ်လေထီးအသုံးပြုဗုံးကြဲခြင်း

    မောင်းနှင်သူတွေကိုစတေးပစ်မယ့် စက်တပ်လေထီးအသုံးပြုဗုံးကြဲခြင်း

    စစ်ကောင်စီက စက်တပ်လေထီးများကိုအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရန်ကြိုးပမ်းလာခြင်းက မောင်းနှင်သူအတွက်အသက်အန္တရာယ်ကို အလေးမထားခြင်းကိုပြသနေသည်။

    မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာကို ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်မှုလုပ်ပြီး စက်တပ်လေထီး (Powered parachute) အသုံးပြုတိုက်ခိုက်မှု ဗွေဆော်ဦးစတင်ခဲ့သည်။

    လေယာဉ်ဆီမလိုအပ်ဘဲ သာမာန် စက်သုံးဆီများဖြင့် ပျံနိုင်သကဲ့သို့ လေယာဉ်ပြေးလမ်းများလည်း မလိုအပ်သော စက်တပ်လေထီးကို စစ်ဘက်ဆိုင်ရာတွင်အသုံးပြုခြင်းကလည်း မြန်မာနိုင်ငံစစ်သမိုင်းတွင် ပထမဆုံးဖြစ်လာခဲ့သည်။

    ပြီးခဲ့သည့် မိုးကုန်ကာလ မှစတင်ကာ ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တပ်လေထီးများကို အစမ်းမောင်းနှင်လေကျင့်ခဲ့ကြောင်း စစ်ကောင်စီ၏ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေသည့်အဖွဲ့ဖြစ်သည့် NAS-နပ်စ်လေကြောင်းရန် အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

    “ပြီးခဲ့တဲ့ လ​တွေက ပြင်ဦးလွင်မှာ ​လေ့ကျင့်ပါတယ်။ ရှမ်းတဲက​နေ အခုက လေ့ကျင့်ရင်း စမ်းသပ် 81 မမ လနကြီး​ကျည်​တွေ ပစ်ချ​နေတာပါ” ဟု NAS-နပ်စ်လေကြောင်းရန် အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

    စက်တပ်လေထီး တစင်းတွင် အများဆုံး လူနှစ်ဦး လိုက်ပါနိုင်သည်။ လက်ရှိတွင် မိတ္ထီလာ ရှမ်းတဲလေတပ် လေကြောင်းအတတ်သင်ကျောင်းတွင်လည်း ပျံသန်းလေ့ကျင့်မှုများ လုပ်ဆောင်နေသည်။

    ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ ၆နာရီ ၄၉ မိနစ်တွင်လည်း မိတ္ထီလာ ရှမ်းတဲလေတပ်မှ စက်တပ်လေထီးတစီး လေ့ကျင့်ပျံသန်းပြီးနောက် ညနေ ၈ နာရီခန့်တွင် ပြန်လည်ဆင်းသက်ခဲ့ကြောင်း NAS-နပ်စ်လေကြောင်းရန် အဖွဲ့က ထုတ်ပြန်သည်။

    သို့သော် စက်တပ်လေထီးဖြင့်တိုက်ခိုက်မှုက မောင်းသူအတွက် အန္တရာယ်ကြီးလှသည်။

    စက်တပ်လေထီးသည် တနာရီ ၄၀ မှ ၆၀ ကီလိုမီတာခန့်သာ မောင်းနှင်နိုင်သဖြင့် အရှိန်နှေးခြင်း၊ ကီလို ၂၅၀ မှ ၃၀၀ ခန့်သာ သယ်ဆောင်နိုင်ခြင်း၊ နေရာအတိအကျ တွင် ရပ်၍ မရသဖြင့် ပစ်မှတ်တည့်တည့်ကို ဗုံးသီးချနိုင်ရန် ခက်ခဲခြင်း၊ အကာအကွယ်မရှိသဖြင့် မောင်းနှင်သူအတွက် အန္တရာယ်များခြင်း၊ လေထီးဖြစ်သဖြင့် လေထီးကြိုးနှင့် လေထီးရွက်များ ထိခိုက်ပျက်စီးလွယ်ခြင်း၊ အသံကျယ်ခြင်း စသည့် အချက်များကြောင့် စစ်ဘက်တွင် အသုံးပြုရာ၌ အားနည်းချက်များစွာ ရှိကြောင်း ကျွမ်းကျင်သူများက ထောက်ပြသည်။

    “Paramotor ရဲ့ တန်ဖိုးက တခြားစစ်ဘက်ဆိုင်ရာ လေယာဉ်၊ ဟယ်လီကော်ပတာတွေထက် တန်ဖိုးနည်းပြီး ပျံသန်းစားရိတ်သက်သာတာ၊ မောင်းနှင်သူအတွက် စစ်ဘက်သုံးဖို့ အဖက်ဖက်က အားနည်းချက်တွေရှိပြီး အန္တရာယ်များပေမယ့် စစ်ကောင်စီမှာ မောင်းနှင်မယ့်သူ ပေါတာ၊ မောင်းနှင်သူတွေရဲ့ အသက်ကို တန်ဖိုးမထားတွေကြောင့် အသုံးပြုနေတာဖြစ်တယ်” ဟု လေကြောင်းပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောသည်။

    တောင်သာတွင် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုဖြစ်စဉ်သည် ပြန်လည်တိုက်ခိုက်သူမရှိသည့် အရပ်သားများအပေါ်ကိုသာ တိုက်ခိုက်ခြင်းဖြစ်သဖြင့် စစ်ကောင်စီအနေဖြင့် လက်တည့်စမ်းနေခြင်းဖြစ်နိုင်ကြောင်း စက်လက်နက်များအကြောင်း လေ့လာရေးသားနေသည့် Tactical Raptor က ပြောသည်။

    “အန္တရာယ်နည်းတဲ့နေရာမိုလို့ သွေးတိုးစမ်းသုံးကြည့်လားလို့ပဲ တွေးမိပါတယ်။အားသာချက်ကတော့ ထူးထူးခြားခြားမရှိလှပါဘူး။ ပျံသန်းစရိတ်သက်သာမယ်၊ လေ့ကျင့်ထားတဲ့ ပိုင်းလော့မလိုဘူး။ ဒါတွေရှိမယ်။ အားနည်းချက်ကတော့များတယ်။​ ဒရုန်းထက် စားရိတ်မသက်သာနိုင်ဘူး။ လေယာဉ်နဲ့ယှဉ်ရင်သာ ဈေးသက်သာတာပါ။ ဗုံးကြဲဖို့အတွက် ဘယ်လိုမှ မသင့်တော်တဲ့ platform တခုပါ။ ထောက်လှမ်းရေး၊ ကင်းလှည့်ဖို့၊ တိတ်တဆိတ်အလျင်အမြန်ဝင်ရောက်ဖို့ လိုမျိုးတွေမှာပဲ အသုံးဝင်နိုင်ပါတယ်” ဟု ဆိုသည်။

    မြန်မာနိုင်ငံတွင် အာဏာမသိမ်းခင်ကာလအထိ အရပ်သားများ၏ စက်တပ်လေထီးအဖွဲ့က အာဆီယံဒေသ Paramotor အဖွဲ့များဖြင့် တွဲဖက်ပျံသန်းမှုများရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့၏ လှုပ်ရှားမှုရပ်တန့်နေခဲ့သည်။

  • မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရမှုအတွင်း ထိခိုက်မှုများ ရှိသော်လည်း သတင်းဖုံးထား

    မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရမှုအတွင်း ထိခိုက်မှုများ ရှိသော်လည်း သတင်းဖုံးထား

    ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ မြဝတီမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ရဲများ ထိခိုက်ဒဏ်ရာရမှု ရှိသော်လည်း သတင်းဖုံးထားကြောင်း ဒေသခံများက ပြောသည်။

    ယမန်နေ့ (ဒီဇင်ဘာ ၂၈ ရက်) ည ၇ နာရီ ၂၅ မိနစ်အချိန်က ဗုံးပေါက်ကွဲသံ နှစ်ကြိမ်ကြားရပြီး မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရခြင်းဖြစ်သည်ဟု မြဝတီသတင်းရင်းမြစ်က ပြောသည်။

    ” အကျယ်ကြီးပဲ နှစ်ခါတောင် ” ဟု မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ဒေသခံတဦးက ပြောသည်။

    အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း မြို့မရဲစခန်းမှ ရဲနှစ်ဦးထက်မနည်း ထိခိုက်မှု ရှိခဲ့သော်လည်း သတင်းဖုံးထားကြသည်ဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။

    ” လောလောဆယ်တော့သတင်းကမတိကျသေးဘူး။ သူတို့ကသတင်းအမှောင်ချထားတယ်။ သိရသလောက်တော့ ရဲနှစ်ယောက်ကနေ သုံးယောက်လောက်သေတယ်လို့ပြောတယ်။ ထိခိုက်သူလည်း ရှိတယ်” ဟု မြဝတီသတင်းရင်းမြစ်က ပြောသည်။

    ဒေသခံတဦး​၏ ပြောကြားချက်အရ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်း၌လည်း ယမန်နေ့ညက သေနတ်ကိုင်ဆောင်ထားသည့် ရဲနှင့် စစ်ကောင်စီတပ်သားများ သွားလာ လှုပ်ရှားခြင်းများ ရှိနေကြောင်း သိရသည်။

    စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ မြို့မရဲစခန်းအရှေ့ ဗုံးသီးနှစ်လုံးကျရောက်ပေါက်ကွဲပြီး လမ်းသွားလမ်းလာ နှစ်ယောက်ထိသဖြင့် ဆေးရုံတင်ထားရသည်ဟု ဆိုကြသည်။

    မြဝတီရဲစခန်းကို မည်သည့်အဖွဲ့က တိုက်ခိုက်မှန်း မသိရသေးသော်လည်း ကော်ဘရာစစ်ကြောင်းမှူး စောကော်က ” မြဝတီကရဲနှင့်အုပ်ကြီး ဆ​ယ်အိမ်မှူး တွေကိုနောက်ဆုံးသတိပေးမ​ယ်။ ပြည်သူကိုခြိမ်းခြောက် ငွေညစ်ဖမ်းဆီးနေတာတွေ ရပ်တန်းကရပ်သင့်ပြီနော် ။ သတိပေးထားတာမရပ်ရင်တော့ မြွေဟောက်အဆိပ်ပြင်းတယ်ဆိုတာခံစားရမယ်” ဟူသည့် စာသားဖြင့် မြဝတီမြို့မရဲစခန်းဆိုင်းဘုတ်ဓါတ်ပုံ တွဲလျက် တင်
    ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် မြဝတီမြို့ခံများကလည်း Cobra Column က တိုက်ခိုက်ခြင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခု၊ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြဝတီမြို့ရဲစခန်းနေရာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းရှိပြီး ရဲတပ်သားတဦး သေဆုံးပြီး ထိခိုက်သေဆုံးမှုများ ရှိသော်လည်း စစ်ကောင်စီက သတင်းဖုံးထားသဖြင့် အတိအကျ မသိခဲ့ရပေ။

    ပုံအညွှန်း- မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ၂၀၂၃ ခု၊ စက်တင်ဘာ ၃ ရက်နေ့က KNLA ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းရှိပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ခြောက်ဦးသေဆုံးကာ ခရိုင်ရဲမှူးအပါအဝင် ၁၃ ဦး ဒဏ်ရာရခဲ့သည်။ (ဓါတ်ပုံ- CJ)

  • မေတ္တာမြို့ရှိ စစ်ကောင်စီ ဗျူဟာစခန်းကို ပို့မည့် ရိက္ခာများ သိမ်းဆည်းရမိဟု KNU ပြော

    မေတ္တာမြို့ရှိ စစ်ကောင်စီ ဗျူဟာစခန်းကို ပို့မည့် ရိက္ခာများ သိမ်းဆည်းရမိဟု KNU ပြော

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ရှိ စစ်ကောင်စီဗျူဟာစခန်းကို ပို့မည့်ရိက္ခာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သိမ်းဆည်းရမိခဲ့‌ေကြာင်း သိရသည်။ ထိုသို့ သိမ်းဆည်းရမိကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင် ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

    ဒီဇင်ဘာလ ၂၆ ရက်က ကျောက်မဲတောင်ဘက်မှ မေတ္တာမြို့ဘက်သို့ ဆန်၊ ဆီ၊ စားသောက်ကုန်များ အပြည့်တင်ဆောင်လာသည့် မြေသယ်ကားတစီးကို ထားဝ​ယ်- ထီးခီးလမ်းပေါ်၊ ဟိန္ဒူးချောင်းရွာအနီးမှာ KNLA တပ်ရင်း (၁၂) က စစ်ဆေးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ ဖြစ်စဉ်ကတော့ မှန်တယ်၊ အောက်ခြေက သတင်းပို့တာတော့ ရှိတယ်။ အသေးစိတ်တော့ တင်ပြထားတာ မတွေ့ရသေးဘူး။ နောက်ဆုံးအခြေအနေကိုတော့ တင်ပြတာမျိုး မရှိသေးဘူး” ဟု ပဒိုစောဖလိုစိုးဝင်းက ပြောသည်။

    စစ်ကောင်စီရိက္ခာများအား သယ်ဆောင်လာသည့် ကားနှင့် ရိက္ခာများအား သိမ်းဆည်းထားမည်ဖြစ်ပြီး ကားမောင်းလာသူမှာ အရပ်သားဖြစ်၍ မည်သို့ဆက်လုပ်မည်ကို မသိရသေးကြောင်း KNLA ရဲဘော်တစ်ဦးက ပြောသည်။

    “ မောင်းလာတာက အရပ်သားဗျ ဘယ်လိုဆက်လုပ်မယ်တော့ မသိသေးဘူးနော်” ဟု ၎င်းက ဆိုသည်။

    မေတ္တာမြို့သည် ထားဝယ်မြို့နှင့် မိုင် ၃၀ ကျော်ကွာဝေးပြီး ထိုင်း- မြန်မာနယ်စပ် ထီးခီးမြို့အထိ ဆက်သွယ်ထားသည့် ထားဝယ်- ထီးခီး ကားလမ်းပေါ်တွင် တည်ရှိသည်။ မေတ္တာမြို့အနီးတဝိုက်တွင် ကျောက်မဲတောင်တပ်စခန်း၊ မေတ္တာဗျူဟာစခန်း အပါအဝင် စစ်ကောင်စီအထိုင်ချစခန်းများရှိပြီး စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်များအကြား မကြာခဏ ပစ်ခတ်မှုဖြစ်ပွားရာ ဒေသဖြစ်သည်။

    ၂၀၂၄ ခုနှစ်၊ မတ်လ ဒုတိယအပတ်အတွင်း မေတ္တာဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ မေတ္တာဗျူဟာစခန်းသည် ထားဝ​ယ်- ထီးခီးလမ်းပေါ်၌ပင် တည်ရှိပြီး ထီးခီးဗျူဟာစခန်းအတွက် အဓိက အင်အားဖြည့်တင်း၊ အထောက်အပံ့ပြုနေသည့် ဗျူဟာတပ်စခန်းဖြစ်ကြောင်း သိရသည်။

    ပုံအညွှန်း- သိမ်းဆည်းရမိခဲ့သည့် ရိက္ခာများနှင့် ယာဉ်မောင်း (ဓါတ်ပုံ- ကွယ်ကလူသတင်းစဉ်)

  • ၂၀၂၄ မှာ ပျူတွေသောင်းကျန်းတာ ပိုကြုံခဲ့ရတဲ့ အညာ

    ၁၀၂၇ စစ်ဆင်ရေးကြောင့် အခုနှစ်ဆန်းပိုင်းကစလို့ အညာဒေသတကြော တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုး ထားတဲ့ ဧရိယာအတွင်း စစ်အုပ်စုတပ်တွေ မြေပြင်စစ်ကြောင်းထိုးတာ လျော့နည်းသွားပေမဲ့ ပျူစောထီးတွေ အား ကောင်းတဲ့ ဒေသတကြောကတော့ မရပ်မနားကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး သတ်ဖြတ်တာတွေ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

    အထူးသဖြင့် ကန့်ဘလူ ၊ ကျွန်းလှ၊ တန့်ဆည် ၊ ခင်ဦး ၊ ရေဦး စတဲ့ အညာဒေသတကြောဟာ ပျူစေထီးခေါင်းဆောင် သင်္ဃန်းဝတ်ဝါသဝ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေရဲ့ မရပ်မနားစစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ် ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

    အဲဒီဒေသတွေဟာ ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ ခြေကုပ်ယူထားတဲ့ ဒေသတွေလည်းဖြစ်ပြီး ဝါသ ဝ လက်အောက်ခံပျူစောထီးတွေ အားကောင်းတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။

    “အထိုင်စခန်းတွေ တိုးချဲ့”

    ပျူစောထီးခေါင်းဆောင် သင်္ဃန်းဝတ်ဝါသဝလက်အောက်ခံပျူတွေဟာ အဆိုပါဒေသတကြောမှာရမ်းကားသောင်း ကျန်းပြီး အထိုင်စခန်းချချင်တဲ့ ဒေသတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးစီးနင်းကာ စခန်းအထိုင်ချတာ တွေ အခုနှစ်အတွင်းမှာ သိသိသာသာ လုပ်ဆောင်ခဲ့ပါတယ်။

    ရှမ်းမြောက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းဟာ တရုတ်ဦးဆောင်တဲ့ ဟိုင်ဂင်သဘောတူညီချက်ကြောင့် ငြိမ်သက်သွားတဲ့ အခုနှစ် ဇန်နဝါရီလနှောင်းပိုင်းကစပြီး ပျူစောထီးနဲ့ စစ်အုပ်စုပူးပေါင်းဖွဲ့ဟာ ကျွန်းလှ၊ ကန့်ဘလူ၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး စတဲ့ ဒေသတွေရဲ့ အချက်အခြာကျတဲ့နေရာတွေမှာ ရွာစဉ်လှည့်မီးရှို့သတ်ဖြတ်တာနဲ့ အ ထိုင်စခန်းချတာတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

    အထူးသဖြင့် သဖန်းဆိပ်ဆည် တည်ရှိရာနေရာတွေနဲ့ မူးမြစ်ကမ်းဒေသကို ပျူစောထီးတွေဟာ နယ်မြေစိုးမိုးထိန်း ချုပ်ဖို့ စစ်ကြောင်းထိုး စီးနင်းတာတွေ လုပ်ဆောင်ပြီး ရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာပဲဖြစ်တယ်ပါတယ်။

    အဲဒီဒေသတွေဟာ ကသုံးလုံးဒေသလို့ ခေါ်တဲ့ ကသာ၊ ကောလင်းနဲ့ ကန့်ဘလူခရိုင်တွေနဲ့ ထိစပ်နေပြီး တော်လှန် ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးထိန်းချုပ်ဖို့ မြို့သိမ်းတိုက်ပွဲတွေ ပြင်ဆင်တဲ့ဒေသလည်း ဖြစ်ပါတယ်။

    တစ်နည်းအားဖြင့် သင်္ဃန်းဝတ် ဝါသဝခေါင်းဆောင်တဲ့ ပျူစောထီးတွေအားကောင်းတဲ့ ကန့်ဘလူခရိုင်နဲ့ အနီးဝန်း ကျင်နယ်မြေတွေဟာ ကသာ၊ ကောလင်းခရိုင်နဲ့ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာနမခ)ကို ပိုင်း ခြားထားတဲ့ ခံစစ်စည်းလို့လည်း ဆိုနိုင်ပါတယ်။

    အဲဒီအတွက် တန့်ဆည်နဲ့ ကျွန်းလှနယ်အစပ်က အင်တိုင်းရွာ၊ တန့်ဆည် အနောက်ဘက်က ဝါးရငယ်ရွာ၊ တန့် ဆည်မြို့ တောင်ဘက်က ရွှေကတော်ရွာ၊ တန့်ဆည်နယ်အရှေ့ဘက် ကန့်ဘလူအစပ်က အက်တော၊ သဲကုန်း စတဲ့ နေရာတွေမှာ အခုနှစ် နှစ်လယ်ပိုင်းလောက်က စပြီး ပျူစောထီးတွေဟာ အထိုင်စခန်းတွေ တိုးချဲ့ချလာတယ်လို့ ရွှေ ဘိုခရိုင် တပ်ရင်း(၇) တပ်ရင်းမှူးက ဆိုပါတယ်။

    တန့်ဆည်နယ်မြောက်ခြမ်းကတော့ အရင်ကတည်းက ပျူစောထီးအထိုင်စခန်းတွေရှိပြီးသားမို့ ထူးထူးခြားခြား အ ထိုင်စခန်းတိုးချဲ့တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

    “သူတို့ ဝါးရငယ်ကို ထိုင်တယ်ဆိုတာက မူးဘောင်လမ်းကြောကို စိုးမိုးမှုလုပ်ဖို့အတွက် ထိုင်တယ်လို့တော့ မြင် တယ်။ မူးဘောင်လမ်းက လမ်းကောင်းတယ်ဆိုတော့ သွားရေးလာရေးကလည်း အဲဘက်က သွားတာများတယ်။ အခုအဲဒီလမ်းက သုံးမရတော့ဘဲ ကွင်းသွားရသလို ဖြစ်သွားပြီ”လို့ ရွှေဘိုခရိုင်တပ်ရင်း(၇) တပ်ရင်းမှူးက ပြောပါ တယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်အတွင်းမှာ ကန့်ဘလူမြို့ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းက ထွက်လာတဲ့ စစ် အုပ်စုနဲ့ ပျူစောထီးအများအပြားပါဝင်တဲ့ ပူးပေါင်းအင်အား ၂၀၀ ကျော်ဟာ ကျွန်းလှနယ်မြောက်ခြမ်းက တကုန်း၊ ကုက္ကိုကုန်းရွာကို စစ်ကြောင်းထိုး စီးနင်းပြီးနောက် အထိုင်စခန်းချခဲ့ပါတယ်။ အဲဒီကုက္ကိုကုန်းရွာကို ပျူစောထီး တွေ ခြေကုပ်ယူပြီးနောက် အနီး ဝန်းကျင် တစ်မိုင်ကျော် နှစ်မိုင်ပတ်ချာလည်က ကျေးရွာတွေကို အင်အားခွဲပြီး အ ထိုင်စခန်း တိုးချဲ့ချထားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    လွှတ်တိုက်၊ လယ်လှ၊ တကုန်း၊ ကံပေါက်၊ ကုက္ကိုကုန်း၊ သံပုရာပင်စုနဲ့ မြဘုံသာ စတဲ့ရွာတွေမှာ အင်အား ၃၀၊ ၄၀၊ ၅၀ စသဖြင့် ဖြန့်ကျက်ပြီး နယ်မြေစိုးမိုးဖို့ အထိုင်စခန်းတွေ ချထားခဲ့တာဖြစ်ပါတယ်။

    အဲဒီရွာတွေဟာ ကျွန်းလှနယ်မြောက်ခြမ်း၊ သဖန်းဆိပ်ဆည်အရှေ့မြောက်ဘက်မှာ တည်ရှိတဲ့ ရွာတွေဖြစ်ပါတယ်။ ပျူစောထီးတွေဟာ ရွာတွေကို စခန်းအထိုင်ချရုံတင်မကဘဲ အဲဒီရွာတွေက သူတို့လိုချင်တဲ့ အဖိုးတန်ပစ္စည်းတွေကို ကားတွေနဲ့ ခိုးယူသယ်ထုတ်တာ၊ ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ ၊ ပြည်သူ တွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာ ၊ ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာတွေကို လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

    ဒါ့အပြင် အခုနောက်ဆုံးအနေနဲ့ ဒီဇင်ဘာလ ဒုတိယပတ်ထဲမှာ ကန့်ဘလူနယ် ဇီးကုန်းမြို့နဲ့ ကာဘိုးကြား ဝက်တိုး ရွာ လမ်းခွဲထိပ်မှာ ပျူစောထီးတွေ အထိုင်စခန်းတိုးချဲ့ချလာတယ်လို့ ကန့်ဘလူနယ် ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇီးကုန်းနဲ့ ကာဘိုးလမ်းကြောဟာ ပျူစောထီးတွေစိုးမိုးထားတဲ့ နေရာဖြစ်ပေမဲ့ ထပ်မံ အထိုင်စခန်း တိုးချဲ့ချထားဖို့ လုပ်ဆောင်လာတာလို့ ပြောပါတယ်။

    “ဝက်တိုးလမ်းခွဲထိပ်မှာ သူတို့ (ပျူတွေ)က ဘန်ကာ အကြီးအကျယ် ဆောက်တယ်။ ဘန်ကာဆောက်ပြီးတော့မှ အဲ ဒီမှာ လည်းထိုင်တယ်။ ဝက်တိုးရွာထဲမှာလည်း ထိုင်တယ်။ ကာဘိုး-ဇီးကုန်းကြားက လမ်းခွဲဘေး ဘန်ကာနဲ့ မျက် စောင်းထိုးက ဦးဘကျောက်ဆန်စက်မှာလည်း ထိုင်ပြီးတော့မှ ပတ်ပတ်လည်မှာရှိတဲ့ တဲတွေမှန်သမျှကို လှည့် ပတ်ပြီးတော့ ရှိတဲ့ပစ္စည်းအကုန်သယ်ထုတ်နေတယ်”လို့ ကန့်ဘလူမြို့နယ်ဒေသခံ ဒေသတွင်းလူ့အခွင့်ရေးချိုး ဖောက်ခံရမှုတွေကို မှတ်တမ်းပြုစုနေသူ ကိုဒေါင်းနီက ပြောပါတယ်။

    “ပျူအဖြစ်စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီး”

    အခုနှစ် ဖေဖော်ဝါရီလထဲအသက်ဝင်လာတဲ့ စစ်အုပ်စုရဲ့စစ်မှုထမ်းဥပဒေ မတိုင်ခင်ကတည်းက ပျူစောထီး ခေါင်း ဆောင် သင်္ကန်းဝတ် ဝါသဝဟာ တန့်ဆည်၊ ကျွန်းလှနဲ့ ကန့်ဘလူနယ် ကျေးရွာတွေထဲက ဒေသခံတွေကို အတင်း အကြပ် စည်းရုံးသိမ်းသွင်းပြီး ပျူစောထီးအဖြစ် စစ်မှုထမ်းဖို့ တော်လှန်ရေးကာလတစ်လျှောက်လုံး လုပ်ဆောင်ခဲ့ တာ ဖြစ်ပါတယ်။

    ပျူစောထီးအဖြစ် မလုပ်လိုသူတွေဟာ ကျေးရွာတွေမှာ မနေထိုင်ရဲတော့ဘဲအဝေးကို ထွက်ပြေးတိမ်းရှောင်ကြရပြီး ကျေးရွာတွေမှာ ကျန်ရစ်ခဲ့သူတွေကို အတင်းအကြပ်ပျူဇာတ်သွင်းပြီးနောက်ပျူရွာအထိုင်စခန်းအဖြစ် သင်္ကန်းဝတ် ဝါသဝနဲ့ သူ့ဩဇာခံ ပျူစောထီးတွေက လုပ်ဆောင်ခဲ့တာပါတယ်။

    အဲဒီလိုနဲ့ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်နယ်တွေမှာ အခုနှစ်အတွင်း ပျူစောထီးရွာအထိုင်စခန်းပေါင်း ၁၀၀ နီး ပါးထိ ရှိလာတယ်လို့ ကန့်ဘလူဒေသခံ ကိုဒေါင်းနီက ပြောပါတယ်။

    “အဲဒီကောင်(ဝါသဝ)ကနေပြီးတော့မှ လှည့်လည်စည်းရုံးတာ။ လှည့်လည်စည်းရုံးတဲ့အခါကျတော့ အသာတကြည် ပါတဲ့ရွာကတော့ ကျနော်တို့မြို့နယ်ထဲမှာကိုက ၂၀ လောက်ရှိတယ်။ ကျန်တာတွေကတော့ အတင်းအကြပ် အင် အားစည်းရုံးပြီးတော့မှ၊ ရွာတွေကို မီးတိုက်ပြီးတော့မှ ထိုင်ကြတာပေါ့။

    အချက်အခြာကျတဲ့ နေရာတွေကို အဲလိုထိုင် လိုက်တော့။ မီးတိုက်၊ စည်းရုံး၊ မီးတိုက်၊ စည်းရုံးနဲ့ လုပ်လိုက်တဲ့အခါကျတော့ ကျနော်တို့ ကန့်ဘလူမြို့နယ် အနောက်ခြမ်း တစ်လျှောက်လုံးပေါ့နော်။ မူးမြစ်ရဲ့အရှေ့ဘက်၊ ရွှေဘို-မြစ်ကြီးနားရထားလမ်းကြီးရဲ့ အနောက် ဘက် ခြမ်းတွေ မှန်သမျှကတော့ ပျူရွာတွေနီးပါး အကုန်ဖြစ်ကုန်ပါပြီဗျ”လို့ ကိုဒေါင်းနီးက ရှင်းပြပါတယ်။

    ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းပြီးဆုံးပြီးနောက် ဒုတိယလှိုင်းပြန်လည် မစတင်ခင်ကြားကာလမှာ ဝါသဝ လက် အောက်ခံ ပျူစောထီးတွေဟာ ကျေးရွာ ဒေသခံတွေကို အဓမ္မ လူသစ်စုဆောင်းတာနဲ့ စစ်ကြောင်းထိုးပြီး နေအိမ် တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလမှာတော့ ပျူစောထီးတွေခြေငြိမ်သွားခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး တုံ့ဆိုင်းသွား တဲ့ အခုနှစ်အောက်တိုဘာလကစပြီး ရွာတွေကို တဖန်ပြန် စီးနင်းစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာနဲ့အဓမ္မ လူသစ် စုဆောင်းကာ ရွာတွေမှာ အထိုင်စခန်းချတာတွေကို ပြန်လည်လုပ်ဆောင်လာတာဖြစ်ပါတယ်။

    ပျူစောထီးတွေဟာ ပေါ်တာဆွဲ လူဖမ်းလိုတဲ့အတွက် ရွာတွေကို စစ်ကြောင်းထိုး စီးနင်းတာဖြစ်ပြီး လူမရှိ တော့တဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးပစ်သလို လူရှိတဲ့ရွာတွေမှာ လူကိုပဲ ပေါ်တာဆွဲဖမ်းဆီးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ မျိုး မရှိဘူးလို့ ကိုဒေါင်းနီက ပြောပါတယ်။

    “အဓိက သူတို့ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို ဂျင်းထည့်လိုက်တာပေါ့။ လူရှိရင် မရှို့ဘူးဆိုပြီးတော့မှ။ လူရှိ တဲ့ အိမ်တွေကို တကယ်လည်း မရှို့ခဲ့ဘူး။ အဲဒီအချိန်မှာ တော်လှန်ရေးဘက်ကို စိတ်ရောကိုယ်ပါ အားပေးနေပါ တယ်ဆိုတဲ့ လက်ဆည်တစ်ရပ်ကွက်လုံးတောင်မှ ထွက်ချင်တဲ့သူနဲ့ မထွက်ချင်တဲ့သူဆိုပြီး နှစ်ခြမ်းကွဲသွားတယ်။ ပြည်သူကို အိမ်မီးရှို့ပြီးတော့မှ သွေးခွဲပစ်လိုက်တာ။ သူတို့ရဲ့ ဗျူဟာက အဲဒါဗျ။ အဓိကက သူတို့က လူဖမ်းချင်တာ။ လူဖမ်းလို့ရတဲ့ ဘူးကြီးကျတော့ မီးမရှို့ဘူးလေ။ လူဖမ်းလို့ မရတဲ့ ဝက်တိုးနဲ့ လက်ဆည်ကျတော့ မီးရှို့တယ်”လို့ ဆို ပါတယ်။

    သင်္ဃန်းဝတ် ဝါသဝ လက်အောက်ခံပျူစောထီးတွေဟာ အောက်တိုဘာလ နောက်ဆုံးပတ်ကနေ ဒီဇင်ဘာလ အစောပိုင်းအထိ တစ်လကျော်အတွင်း ကန့်ဘလူနယ်က ဘူးကြီး၊ ကျည်ကုန်းနဲ့ အိုင်ပေါင်းချောင်ရွာတွေ အပါ အ ဝင် ကျေးရွာတွေက ဒေသခံပြည်သူ ၃၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့သလို နေအိမ်ပေါင်း ၆၀၀ ကျော်ကို လည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ၊ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

    “လက်နက်တပ်ဆင်”

    ကန့်ဘလူ ၊ ကျွန်းလှ ၊ တန့်ဆည်နဲ့ ဆက်စပ်ဒေသတွေထဲ သောင်းကျန်းရမ်းကားနေတဲ့ သင်္ဃန်းဝတ် ဝါသဝ လက် အောက်ခံ ပျူစောထီးတွေကို စစ်အုပ်စုက အခုနှစ် အောက်တိုဘာလထဲမှာ လက်နက်အပြည့် အစုံတပ်ဆင်ပေး ခဲ့ပါ တယ်။ အင်အား ၅၀၀ ကျော်ရှိတဲ့ အဲဒီပျူစောထီးတွေကို ကန့်ဘလူမြို့ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းကမှာ စစ်အုပ်စုက လက်နက်တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။

    အရင်က ပျူစောထီးတွေဟာ စခန်းကနေ ထွက်ပြေးသွားတာ၊ စစ်အုပ်စုကိုယ်တိုင် ပျူစောထီးတွေကို အယုံအကြည် မရှိတာကြောင့် အလုံးအရင်းနဲ့ လက်နက်အပြည့်အစုံတပ်ဆင်ပေးတာမျိုး မရှိခဲ့ပေမဲ့ စစ်သားအင်အား ရှားပါးလာ တာမှာ အခုလို ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးလာရတာ ဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အား စုတွေက ပြောကြပါတယ်။

    ပျူစောထီးအင်အား ၅၀၀ ကျော်ကို စစ်အုပ်စုက လက်နက်အပြည့်အစုံတပ်ဆင်ပေးပြီးနောက် ကန့်ဘလူမြို့နယ် တွင်းက သူတို့စိုးမိုးထားတဲ့ နယ်မြေအတွင်း ကားတွေနဲ့ လှည့်လည်ပြီး အင်အားပြခြိမ်းခြောက်တာလုပ်ဆောင်ခဲ့ သလို လူထုကို ကြောက်ရွံစိုးထိတ် အောင်ခြိမ်းခြောက်တာတွေလည်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    စစ်အုပ်စုက လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေဟာ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်နယ် တွေမှာ ပိုမိုသောင်းကျန်းရမ်းကားပြီး ရွာတွေကို စီးနင်းဝင်ရောက်ကာ ဒေသခံတွေကို ဖမ်းဆီးတာ ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆထက်တိုးပြီး လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

    ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုထက် ဒရုန်းနည်းပညာ အသုံးပြု ဗုံးကြဲတာကို ပိုမိုလုပ်ဆောင်လာတဲ့ စစ်အုပ်စု ဟာ ဝါသဝလက်အောက်ခံ ပျူစောထီးတွေကို ဒရုန်းနဲ့လက်နက်ကြီးသင်တန်းတွေ အခုနှစ်ဆန်းပိုင်းကစပြီး ရွှေဘို မြို့ အမှတ်(၈) လေ့ကျင့်ရေးတပ်ထဲနဲ့ ကန့်ဘလူမြို့ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းတွေထဲမှာ လေ့ကျင့်သင် ကြား ပေးခဲ့ပါတယ်။

    ဒရုန်းနဲ့ လက်နက်ကြီးသင်တန်း တက်ရောက်သင်ကြားပြီးတဲ့ ပျူစောထီးတွေဟာ ကျေးရွာတွေထဲကို ဒရုန်းနဲ့ ဗုံး သီးချ တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် ပြည်သူတွေ သေဆုံးထိခိုက်တာတွေ အများအပြား ကြုံ တွေ့ခဲ့ရပါတယ်။

    အချုပ်ဆိုရရင် အခုနှစ်အတွင်း ပျူစောထီးတွေဟာ အညာဒေသမှာ ပိုမိုအားကောင်းလာပြီး စစ်အုပ်စုရဲ့ လက်နက် အပြည့်အစုံတပ်ဆင်ပေးထားမှုနဲ့အတူ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်တာ၊ စစ်ကြောင်းထိုးပြီး ပြည်သူတွေကို သတ် ဖြတ် ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ တပ်သားသစ်စုဆောင်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ် ဆောင် ခဲ့တာကြောင့် ကန့်ဘလူ ၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး ၊ ခင်ဦး နယ်တကြောက အညာသူအညာသားတွေဟာ ကျောကော့အောင် ခံခဲ့ကြရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။