ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ မြဝတီမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ရဲများ ထိခိုက်ဒဏ်ရာရမှု ရှိသော်လည်း သတင်းဖုံးထားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဒီဇင်ဘာ ၂၈ ရက်) ည ၇ နာရီ ၂၅ မိနစ်အချိန်က ဗုံးပေါက်ကွဲသံ နှစ်ကြိမ်ကြားရပြီး မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရခြင်းဖြစ်သည်ဟု မြဝတီသတင်းရင်းမြစ်က ပြောသည်။
” အကျယ်ကြီးပဲ နှစ်ခါတောင် ” ဟု မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ဒေသခံတဦးက ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း မြို့မရဲစခန်းမှ ရဲနှစ်ဦးထက်မနည်း ထိခိုက်မှု ရှိခဲ့သော်လည်း သတင်းဖုံးထားကြသည်ဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။
” လောလောဆယ်တော့သတင်းကမတိကျသေးဘူး။ သူတို့ကသတင်းအမှောင်ချထားတယ်။ သိရသလောက်တော့ ရဲနှစ်ယောက်ကနေ သုံးယောက်လောက်သေတယ်လို့ပြောတယ်။ ထိခိုက်သူလည်း ရှိတယ်” ဟု မြဝတီသတင်းရင်းမြစ်က ပြောသည်။
ဒေသခံတဦး၏ ပြောကြားချက်အရ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်း၌လည်း ယမန်နေ့ညက သေနတ်ကိုင်ဆောင်ထားသည့် ရဲနှင့် စစ်ကောင်စီတပ်သားများ သွားလာ လှုပ်ရှားခြင်းများ ရှိနေကြောင်း သိရသည်။
စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ မြို့မရဲစခန်းအရှေ့ ဗုံးသီးနှစ်လုံးကျရောက်ပေါက်ကွဲပြီး လမ်းသွားလမ်းလာ နှစ်ယောက်ထိသဖြင့် ဆေးရုံတင်ထားရသည်ဟု ဆိုကြသည်။
မြဝတီရဲစခန်းကို မည်သည့်အဖွဲ့က တိုက်ခိုက်မှန်း မသိရသေးသော်လည်း ကော်ဘရာစစ်ကြောင်းမှူး စောကော်က ” မြဝတီကရဲနှင့်အုပ်ကြီး ဆယ်အိမ်မှူး တွေကိုနောက်ဆုံးသတိပေးမယ်။ ပြည်သူကိုခြိမ်းခြောက် ငွေညစ်ဖမ်းဆီးနေတာတွေ ရပ်တန်းကရပ်သင့်ပြီနော် ။ သတိပေးထားတာမရပ်ရင်တော့ မြွေဟောက်အဆိပ်ပြင်းတယ်ဆိုတာခံစားရမယ်” ဟူသည့် စာသားဖြင့် မြဝတီမြို့မရဲစခန်းဆိုင်းဘုတ်ဓါတ်ပုံ တွဲလျက် တင်
ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် မြဝတီမြို့ခံများကလည်း Cobra Column က တိုက်ခိုက်ခြင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။
ပြီးခဲ့သည့် ၂၀၂၃ ခု၊ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြဝတီမြို့ရဲစခန်းနေရာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းရှိပြီး ရဲတပ်သားတဦး သေဆုံးပြီး ထိခိုက်သေဆုံးမှုများ ရှိသော်လည်း စစ်ကောင်စီက သတင်းဖုံးထားသဖြင့် အတိအကျ မသိခဲ့ရပေ။
ပုံအညွှန်း- မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ၂၀၂၃ ခု၊ စက်တင်ဘာ ၃ ရက်နေ့က KNLA ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းရှိပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ခြောက်ဦးသေဆုံးကာ ခရိုင်ရဲမှူးအပါအဝင် ၁၃ ဦး ဒဏ်ရာရခဲ့သည်။ (ဓါတ်ပုံ- CJ)
Leave a Reply