တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ရှိ စစ်ကောင်စီဗျူဟာစခန်းကို ပို့မည့်ရိက္ခာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သိမ်းဆည်းရမိခဲ့ေကြာင်း သိရသည်။ ထိုသို့ သိမ်းဆည်းရမိကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင် ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။
ဒီဇင်ဘာလ ၂၆ ရက်က ကျောက်မဲတောင်ဘက်မှ မေတ္တာမြို့ဘက်သို့ ဆန်၊ ဆီ၊ စားသောက်ကုန်များ အပြည့်တင်ဆောင်လာသည့် မြေသယ်ကားတစီးကို ထားဝယ်- ထီးခီးလမ်းပေါ်၊ ဟိန္ဒူးချောင်းရွာအနီးမှာ KNLA တပ်ရင်း (၁၂) က စစ်ဆေးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဖြစ်စဉ်ကတော့ မှန်တယ်၊ အောက်ခြေက သတင်းပို့တာတော့ ရှိတယ်။ အသေးစိတ်တော့ တင်ပြထားတာ မတွေ့ရသေးဘူး။ နောက်ဆုံးအခြေအနေကိုတော့ တင်ပြတာမျိုး မရှိသေးဘူး” ဟု ပဒိုစောဖလိုစိုးဝင်းက ပြောသည်။
စစ်ကောင်စီရိက္ခာများအား သယ်ဆောင်လာသည့် ကားနှင့် ရိက္ခာများအား သိမ်းဆည်းထားမည်ဖြစ်ပြီး ကားမောင်းလာသူမှာ အရပ်သားဖြစ်၍ မည်သို့ဆက်လုပ်မည်ကို မသိရသေးကြောင်း KNLA ရဲဘော်တစ်ဦးက ပြောသည်။
“ မောင်းလာတာက အရပ်သားဗျ ဘယ်လိုဆက်လုပ်မယ်တော့ မသိသေးဘူးနော်” ဟု ၎င်းက ဆိုသည်။
မေတ္တာမြို့သည် ထားဝယ်မြို့နှင့် မိုင် ၃၀ ကျော်ကွာဝေးပြီး ထိုင်း- မြန်မာနယ်စပ် ထီးခီးမြို့အထိ ဆက်သွယ်ထားသည့် ထားဝယ်- ထီးခီး ကားလမ်းပေါ်တွင် တည်ရှိသည်။ မေတ္တာမြို့အနီးတဝိုက်တွင် ကျောက်မဲတောင်တပ်စခန်း၊ မေတ္တာဗျူဟာစခန်း အပါအဝင် စစ်ကောင်စီအထိုင်ချစခန်းများရှိပြီး စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်များအကြား မကြာခဏ ပစ်ခတ်မှုဖြစ်ပွားရာ ဒေသဖြစ်သည်။
၂၀၂၄ ခုနှစ်၊ မတ်လ ဒုတိယအပတ်အတွင်း မေတ္တာဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ မေတ္တာဗျူဟာစခန်းသည် ထားဝယ်- ထီးခီးလမ်းပေါ်၌ပင် တည်ရှိပြီး ထီးခီးဗျူဟာစခန်းအတွက် အဓိက အင်အားဖြည့်တင်း၊ အထောက်အပံ့ပြုနေသည့် ဗျူဟာတပ်စခန်းဖြစ်ကြောင်း သိရသည်။
ပုံအညွှန်း- သိမ်းဆည်းရမိခဲ့သည့် ရိက္ခာများနှင့် ယာဉ်မောင်း (ဓါတ်ပုံ- ကွယ်ကလူသတင်းစဉ်)
Leave a Reply