Category: News

  • မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရ

    မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရ

    ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့စခန်း ဒရုန်းဗုံးကြဲချခံရပြီး ရဲတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ရဲတပ်သား သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြဝတီရဲတပ်ဖွဲ့ဝင် တစ်ဦးထံက သိရသည်။

    “ခရိုင်ရဲစခန်းဝင်းးရဲ့ အနောက်အဝင်ဝနားမှာ ပေါက်ကွဲ သွားတော့ ရဲတပ်သား သုံးဦးနဲ့ မိသားစုဝင်တစ်ဦး လေးဦး ထိခိုက်ဒဏ်ရာရတယ်။ မြဝတီခရိုင်ဆေးရုံကို ပို့ထားတယ်”ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

    အဆိုပါ ခရိုင်ရဲရုံးကို ယမန်နေ့ ညပိုင်းက ဒရုန်းဗုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

    “ညက ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာ။ သွားတိုက်ခိုက်ချိန် တစ်လုံးကြဲချပြီးချိန်မှာ ဂျန်ဘာ(Jammer) တွေဖွင့်လိုက်တော့ နောက်တစ်လုံးချဖို့ ခက်သွားတယ်။ ဂျန်ဘာတွေကို ချက်ချင်းထဖွင့်တာ။ ဒရုန်းတောင် မနည်းပြန်ရုန်းထွက်ခဲ့ရတယ်”ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

    “မြဝတီက ရဲနှင့် အုပ်ကြီး၊ ဆယ်အိမ်မှူးတွေကို နောက်ဆုံး သတိပေးမယ်။ ပြည်သူကို ခြိမ်းခြောက်ငွေညှစ် ဖမ်းဆီးနေတာတွေ ရပ်တန်းကရပ်သင့်ပြီနော် သတိပေးထားတာ မရပ်ရင်တော့ မြွေဟောက် အဆိပ်ပြင်းတယ်ဆိုတာ ခံစားရမယ်” ဟု ကော်ဘရာစစ်ကြောင်းမှ ကိုစောကောမှ ၎င်း၏လူမှုကွန်ရက် တွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ရေးသားထားသည်။

    ဓာတ်ပုံ-ပေးပို့

    ပုံစာ-ဒရုန်းဗုံးကြဲချခံရသည့် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့စခန်းကိုတွေ့ရစဉ်

  • တစ်ကြိမ်စစ်သားဖြစ်က အမြဲတမ်းစစ်သားဆိုသည့် စိတ်ဓာတ်ခံယူရန် ဒုစစ်ခေါင်းဆောင်ပြော

    တစ်ကြိမ်စစ်သားဖြစ်က အမြဲတမ်းစစ်သားဆိုသည့် စိတ်ဓာတ်ခံယူရန် ဒုစစ်ခေါင်းဆောင်ပြော

    စစ်မှုထမ်းသင်တန်းသားများသည် တပ်မတော်သားဘဝရရှိခံယူထားပြီးသူများဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို၂၄ နာရီ တာဝန်ထမ်းဆောင်သော နိုင်ငံ့သားကောင်းများဖြစ်ကြောင်း၊ “Once a Soldier, always a Soldier” ဆိုသည်နှင့်အညီ တစ်ကြိမ်စစ်သားဖြစ်ပြီးပါက အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့် စိတ်ဓာတ်များခံယူထားရမည်ဟု ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်း အင်းတိုင်တပ်နယ်ရှိ စစ်မှုထမ်းသင်တန်းသားများနှင့် တွေ့ဆုံစဉ်ပြောသည်။

    စစ်မှုထမ်းသင်တန်းဆင်းများသည် နိုင်ငံ့သားကောင်းရတနာများအဖြစ် မိမိကိုယ်ကိုယ်မိမိ ဂုဏ်ယူကြရမည်ဖြစ်ကာ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာ၊ လက်နက်ငယ်ဘာသာရပ်အပါအဝင် အခြားစစ်ပညာများ စနစ်တကျသင်ကြားပေးခဲ့ပြီးဖြစ်၍ တတ်မြောက်ထားသည့် စစ်ပညာများကို စနစ်တကျ အသုံးချသွားရန်လည်း ၎င်းကဆိုသည်။

    ထို့ပြင် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်ရန်အရေးကြီးကြောင်း အမိန့်နာခံတတ်မှ အထက်ကပေးအပ်သည့် ရည်မှန်းချက်တာဝန်များထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရန်လိုကြောင်းလည်း ဒုစစ်ခေါင်းဆောင်က ပြောသည်။

    နိုင်ငံအား မပြိုကွဲရန် ထိန်းသိမ်းနိုင်ခြင်းမှာ ကျစ်လစ်ခိုင်မာ အင်အားတောင့်တင်းသည့် တပ်မတော်တရပ်ရှိနေခြင်းကြောင့် ဖြစ်ကြောင်းလည်း ၎င်းက စည်းရုံးပြောဆိုသွားသည်။

    လက်ရှိတွင် စစ်မှုထမ်းရန် စစ်ကောင်စီအဖွဲ့ဝင်များကမြို့ရွာများအတွင်း အဓမ္မလိုက်လံစုဆောင်းနေခြင်းများကြောင့် လူငယ်လူရွယ်များမှာ ပြည်ပသို့ တိမ်းရှောင်ခြင်းများလည်းရှိနေသလို မိဘများအနေဖြင့် မိမိသားသမီးစစ်မှုထမ်းစာရင်း၌ ပါဝင်မည်ကို စိုးရိမ်ပူပန်နေရကြောင်း ပြည်သူများထံက သိရသည်။

    ဓာတ်ပုံ- MOI

  • မောင်းနှင်သူတွေကိုစတေးပစ်မယ့် စက်တပ်လေထီးအသုံးပြုဗုံးကြဲခြင်း

    မောင်းနှင်သူတွေကိုစတေးပစ်မယ့် စက်တပ်လေထီးအသုံးပြုဗုံးကြဲခြင်း

    စစ်ကောင်စီက စက်တပ်လေထီးများကိုအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရန်ကြိုးပမ်းလာခြင်းက မောင်းနှင်သူအတွက်အသက်အန္တရာယ်ကို အလေးမထားခြင်းကိုပြသနေသည်။

    မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာကို ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်မှုလုပ်ပြီး စက်တပ်လေထီး (Powered parachute) အသုံးပြုတိုက်ခိုက်မှု ဗွေဆော်ဦးစတင်ခဲ့သည်။

    လေယာဉ်ဆီမလိုအပ်ဘဲ သာမာန် စက်သုံးဆီများဖြင့် ပျံနိုင်သကဲ့သို့ လေယာဉ်ပြေးလမ်းများလည်း မလိုအပ်သော စက်တပ်လေထီးကို စစ်ဘက်ဆိုင်ရာတွင်အသုံးပြုခြင်းကလည်း မြန်မာနိုင်ငံစစ်သမိုင်းတွင် ပထမဆုံးဖြစ်လာခဲ့သည်။

    ပြီးခဲ့သည့် မိုးကုန်ကာလ မှစတင်ကာ ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တပ်လေထီးများကို အစမ်းမောင်းနှင်လေကျင့်ခဲ့ကြောင်း စစ်ကောင်စီ၏ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေသည့်အဖွဲ့ဖြစ်သည့် NAS-နပ်စ်လေကြောင်းရန် အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

    “ပြီးခဲ့တဲ့ လ​တွေက ပြင်ဦးလွင်မှာ ​လေ့ကျင့်ပါတယ်။ ရှမ်းတဲက​နေ အခုက လေ့ကျင့်ရင်း စမ်းသပ် 81 မမ လနကြီး​ကျည်​တွေ ပစ်ချ​နေတာပါ” ဟု NAS-နပ်စ်လေကြောင်းရန် အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

    စက်တပ်လေထီး တစင်းတွင် အများဆုံး လူနှစ်ဦး လိုက်ပါနိုင်သည်။ လက်ရှိတွင် မိတ္ထီလာ ရှမ်းတဲလေတပ် လေကြောင်းအတတ်သင်ကျောင်းတွင်လည်း ပျံသန်းလေ့ကျင့်မှုများ လုပ်ဆောင်နေသည်။

    ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ ၆နာရီ ၄၉ မိနစ်တွင်လည်း မိတ္ထီလာ ရှမ်းတဲလေတပ်မှ စက်တပ်လေထီးတစီး လေ့ကျင့်ပျံသန်းပြီးနောက် ညနေ ၈ နာရီခန့်တွင် ပြန်လည်ဆင်းသက်ခဲ့ကြောင်း NAS-နပ်စ်လေကြောင်းရန် အဖွဲ့က ထုတ်ပြန်သည်။

    သို့သော် စက်တပ်လေထီးဖြင့်တိုက်ခိုက်မှုက မောင်းသူအတွက် အန္တရာယ်ကြီးလှသည်။

    စက်တပ်လေထီးသည် တနာရီ ၄၀ မှ ၆၀ ကီလိုမီတာခန့်သာ မောင်းနှင်နိုင်သဖြင့် အရှိန်နှေးခြင်း၊ ကီလို ၂၅၀ မှ ၃၀၀ ခန့်သာ သယ်ဆောင်နိုင်ခြင်း၊ နေရာအတိအကျ တွင် ရပ်၍ မရသဖြင့် ပစ်မှတ်တည့်တည့်ကို ဗုံးသီးချနိုင်ရန် ခက်ခဲခြင်း၊ အကာအကွယ်မရှိသဖြင့် မောင်းနှင်သူအတွက် အန္တရာယ်များခြင်း၊ လေထီးဖြစ်သဖြင့် လေထီးကြိုးနှင့် လေထီးရွက်များ ထိခိုက်ပျက်စီးလွယ်ခြင်း၊ အသံကျယ်ခြင်း စသည့် အချက်များကြောင့် စစ်ဘက်တွင် အသုံးပြုရာ၌ အားနည်းချက်များစွာ ရှိကြောင်း ကျွမ်းကျင်သူများက ထောက်ပြသည်။

    “Paramotor ရဲ့ တန်ဖိုးက တခြားစစ်ဘက်ဆိုင်ရာ လေယာဉ်၊ ဟယ်လီကော်ပတာတွေထက် တန်ဖိုးနည်းပြီး ပျံသန်းစားရိတ်သက်သာတာ၊ မောင်းနှင်သူအတွက် စစ်ဘက်သုံးဖို့ အဖက်ဖက်က အားနည်းချက်တွေရှိပြီး အန္တရာယ်များပေမယ့် စစ်ကောင်စီမှာ မောင်းနှင်မယ့်သူ ပေါတာ၊ မောင်းနှင်သူတွေရဲ့ အသက်ကို တန်ဖိုးမထားတွေကြောင့် အသုံးပြုနေတာဖြစ်တယ်” ဟု လေကြောင်းပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောသည်။

    တောင်သာတွင် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုဖြစ်စဉ်သည် ပြန်လည်တိုက်ခိုက်သူမရှိသည့် အရပ်သားများအပေါ်ကိုသာ တိုက်ခိုက်ခြင်းဖြစ်သဖြင့် စစ်ကောင်စီအနေဖြင့် လက်တည့်စမ်းနေခြင်းဖြစ်နိုင်ကြောင်း စက်လက်နက်များအကြောင်း လေ့လာရေးသားနေသည့် Tactical Raptor က ပြောသည်။

    “အန္တရာယ်နည်းတဲ့နေရာမိုလို့ သွေးတိုးစမ်းသုံးကြည့်လားလို့ပဲ တွေးမိပါတယ်။အားသာချက်ကတော့ ထူးထူးခြားခြားမရှိလှပါဘူး။ ပျံသန်းစရိတ်သက်သာမယ်၊ လေ့ကျင့်ထားတဲ့ ပိုင်းလော့မလိုဘူး။ ဒါတွေရှိမယ်။ အားနည်းချက်ကတော့များတယ်။​ ဒရုန်းထက် စားရိတ်မသက်သာနိုင်ဘူး။ လေယာဉ်နဲ့ယှဉ်ရင်သာ ဈေးသက်သာတာပါ။ ဗုံးကြဲဖို့အတွက် ဘယ်လိုမှ မသင့်တော်တဲ့ platform တခုပါ။ ထောက်လှမ်းရေး၊ ကင်းလှည့်ဖို့၊ တိတ်တဆိတ်အလျင်အမြန်ဝင်ရောက်ဖို့ လိုမျိုးတွေမှာပဲ အသုံးဝင်နိုင်ပါတယ်” ဟု ဆိုသည်။

    မြန်မာနိုင်ငံတွင် အာဏာမသိမ်းခင်ကာလအထိ အရပ်သားများ၏ စက်တပ်လေထီးအဖွဲ့က အာဆီယံဒေသ Paramotor အဖွဲ့များဖြင့် တွဲဖက်ပျံသန်းမှုများရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့၏ လှုပ်ရှားမှုရပ်တန့်နေခဲ့သည်။

  • မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရမှုအတွင်း ထိခိုက်မှုများ ရှိသော်လည်း သတင်းဖုံးထား

    မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရမှုအတွင်း ထိခိုက်မှုများ ရှိသော်လည်း သတင်းဖုံးထား

    ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ မြဝတီမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ရဲများ ထိခိုက်ဒဏ်ရာရမှု ရှိသော်လည်း သတင်းဖုံးထားကြောင်း ဒေသခံများက ပြောသည်။

    ယမန်နေ့ (ဒီဇင်ဘာ ၂၈ ရက်) ည ၇ နာရီ ၂၅ မိနစ်အချိန်က ဗုံးပေါက်ကွဲသံ နှစ်ကြိမ်ကြားရပြီး မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရခြင်းဖြစ်သည်ဟု မြဝတီသတင်းရင်းမြစ်က ပြောသည်။

    ” အကျယ်ကြီးပဲ နှစ်ခါတောင် ” ဟု မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ဒေသခံတဦးက ပြောသည်။

    အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း မြို့မရဲစခန်းမှ ရဲနှစ်ဦးထက်မနည်း ထိခိုက်မှု ရှိခဲ့သော်လည်း သတင်းဖုံးထားကြသည်ဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။

    ” လောလောဆယ်တော့သတင်းကမတိကျသေးဘူး။ သူတို့ကသတင်းအမှောင်ချထားတယ်။ သိရသလောက်တော့ ရဲနှစ်ယောက်ကနေ သုံးယောက်လောက်သေတယ်လို့ပြောတယ်။ ထိခိုက်သူလည်း ရှိတယ်” ဟု မြဝတီသတင်းရင်းမြစ်က ပြောသည်။

    ဒေသခံတဦး​၏ ပြောကြားချက်အရ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်း၌လည်း ယမန်နေ့ညက သေနတ်ကိုင်ဆောင်ထားသည့် ရဲနှင့် စစ်ကောင်စီတပ်သားများ သွားလာ လှုပ်ရှားခြင်းများ ရှိနေကြောင်း သိရသည်။

    စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ မြို့မရဲစခန်းအရှေ့ ဗုံးသီးနှစ်လုံးကျရောက်ပေါက်ကွဲပြီး လမ်းသွားလမ်းလာ နှစ်ယောက်ထိသဖြင့် ဆေးရုံတင်ထားရသည်ဟု ဆိုကြသည်။

    မြဝတီရဲစခန်းကို မည်သည့်အဖွဲ့က တိုက်ခိုက်မှန်း မသိရသေးသော်လည်း ကော်ဘရာစစ်ကြောင်းမှူး စောကော်က ” မြဝတီကရဲနှင့်အုပ်ကြီး ဆ​ယ်အိမ်မှူး တွေကိုနောက်ဆုံးသတိပေးမ​ယ်။ ပြည်သူကိုခြိမ်းခြောက် ငွေညစ်ဖမ်းဆီးနေတာတွေ ရပ်တန်းကရပ်သင့်ပြီနော် ။ သတိပေးထားတာမရပ်ရင်တော့ မြွေဟောက်အဆိပ်ပြင်းတယ်ဆိုတာခံစားရမယ်” ဟူသည့် စာသားဖြင့် မြဝတီမြို့မရဲစခန်းဆိုင်းဘုတ်ဓါတ်ပုံ တွဲလျက် တင်
    ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် မြဝတီမြို့ခံများကလည်း Cobra Column က တိုက်ခိုက်ခြင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခု၊ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြဝတီမြို့ရဲစခန်းနေရာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းရှိပြီး ရဲတပ်သားတဦး သေဆုံးပြီး ထိခိုက်သေဆုံးမှုများ ရှိသော်လည်း စစ်ကောင်စီက သတင်းဖုံးထားသဖြင့် အတိအကျ မသိခဲ့ရပေ။

    ပုံအညွှန်း- မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ၂၀၂၃ ခု၊ စက်တင်ဘာ ၃ ရက်နေ့က KNLA ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းရှိပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ခြောက်ဦးသေဆုံးကာ ခရိုင်ရဲမှူးအပါအဝင် ၁၃ ဦး ဒဏ်ရာရခဲ့သည်။ (ဓါတ်ပုံ- CJ)

  • မေတ္တာမြို့ရှိ စစ်ကောင်စီ ဗျူဟာစခန်းကို ပို့မည့် ရိက္ခာများ သိမ်းဆည်းရမိဟု KNU ပြော

    မေတ္တာမြို့ရှိ စစ်ကောင်စီ ဗျူဟာစခန်းကို ပို့မည့် ရိက္ခာများ သိမ်းဆည်းရမိဟု KNU ပြော

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ရှိ စစ်ကောင်စီဗျူဟာစခန်းကို ပို့မည့်ရိက္ခာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သိမ်းဆည်းရမိခဲ့‌ေကြာင်း သိရသည်။ ထိုသို့ သိမ်းဆည်းရမိကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင် ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

    ဒီဇင်ဘာလ ၂၆ ရက်က ကျောက်မဲတောင်ဘက်မှ မေတ္တာမြို့ဘက်သို့ ဆန်၊ ဆီ၊ စားသောက်ကုန်များ အပြည့်တင်ဆောင်လာသည့် မြေသယ်ကားတစီးကို ထားဝ​ယ်- ထီးခီးလမ်းပေါ်၊ ဟိန္ဒူးချောင်းရွာအနီးမှာ KNLA တပ်ရင်း (၁၂) က စစ်ဆေးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ ဖြစ်စဉ်ကတော့ မှန်တယ်၊ အောက်ခြေက သတင်းပို့တာတော့ ရှိတယ်။ အသေးစိတ်တော့ တင်ပြထားတာ မတွေ့ရသေးဘူး။ နောက်ဆုံးအခြေအနေကိုတော့ တင်ပြတာမျိုး မရှိသေးဘူး” ဟု ပဒိုစောဖလိုစိုးဝင်းက ပြောသည်။

    စစ်ကောင်စီရိက္ခာများအား သယ်ဆောင်လာသည့် ကားနှင့် ရိက္ခာများအား သိမ်းဆည်းထားမည်ဖြစ်ပြီး ကားမောင်းလာသူမှာ အရပ်သားဖြစ်၍ မည်သို့ဆက်လုပ်မည်ကို မသိရသေးကြောင်း KNLA ရဲဘော်တစ်ဦးက ပြောသည်။

    “ မောင်းလာတာက အရပ်သားဗျ ဘယ်လိုဆက်လုပ်မယ်တော့ မသိသေးဘူးနော်” ဟု ၎င်းက ဆိုသည်။

    မေတ္တာမြို့သည် ထားဝယ်မြို့နှင့် မိုင် ၃၀ ကျော်ကွာဝေးပြီး ထိုင်း- မြန်မာနယ်စပ် ထီးခီးမြို့အထိ ဆက်သွယ်ထားသည့် ထားဝယ်- ထီးခီး ကားလမ်းပေါ်တွင် တည်ရှိသည်။ မေတ္တာမြို့အနီးတဝိုက်တွင် ကျောက်မဲတောင်တပ်စခန်း၊ မေတ္တာဗျူဟာစခန်း အပါအဝင် စစ်ကောင်စီအထိုင်ချစခန်းများရှိပြီး စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်များအကြား မကြာခဏ ပစ်ခတ်မှုဖြစ်ပွားရာ ဒေသဖြစ်သည်။

    ၂၀၂၄ ခုနှစ်၊ မတ်လ ဒုတိယအပတ်အတွင်း မေတ္တာဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ မေတ္တာဗျူဟာစခန်းသည် ထားဝ​ယ်- ထီးခီးလမ်းပေါ်၌ပင် တည်ရှိပြီး ထီးခီးဗျူဟာစခန်းအတွက် အဓိက အင်အားဖြည့်တင်း၊ အထောက်အပံ့ပြုနေသည့် ဗျူဟာတပ်စခန်းဖြစ်ကြောင်း သိရသည်။

    ပုံအညွှန်း- သိမ်းဆည်းရမိခဲ့သည့် ရိက္ခာများနှင့် ယာဉ်မောင်း (ဓါတ်ပုံ- ကွယ်ကလူသတင်းစဉ်)