Category: News

  • သံတမန်လောကကပါ ဝိုင်းဝန်းဂုဏ်ပြုလိုက်ရတဲ့ မြန်မာ့ဂုဏ်ဆောင် UFC ဖလိုက်ဝိတ် ဘုရင်ကြီး Joshua Van

    သံတမန်လောကကပါ ဝိုင်းဝန်းဂုဏ်ပြုလိုက်ရတဲ့ မြန်မာ့ဂုဏ်ဆောင် UFC ဖလိုက်ဝိတ် ဘုရင်ကြီး Joshua Van

    ဂျော့ရှုဝါဗန် အနိုင်ရမှု အမေရိကန်သံရုံး ဂုဏ်ပြု

    အမေရိကန်နိုင်ငံ၌ မေလ ၁၀ ရက်က ကျင်းပသော UFC 328 ပြိုင်ပွဲတွင် ဖလိုက်ဝိတ်တန်းချန်ပီယံ ဂျော့ရှုဝါဗန်သည် ဂျပန်ဖိုက်တာ Tatsuro Taira အား အနိုင်ယူကာ ချန်ပီယံခါးပတ် ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည့် အတွက် ဂုဏ်ယူကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ထုတ်ပြန်သည်။

    UFC တွင် အံ့မခန်း စွမ်းဆောင်ရည်အတွက် မြန်မာ-အမေရိကန် ဖလိုင်းဝိတ် ကြယ်ပွင့် Joshua “The Fearless” ကို အထူးဂုဏ်ပြုကြောင်း၊ ဗန်၏ကြိုးစားအားထုတ်မှုနှင့် မကြောက်မရွံ့ စိတ်ဓာတ်များသည် မြန်မာ နိုင်ငံကနေ အမေရိကန်အထိ ပရိသတ်များအား ဆက်လက် စိတ်ခွန်အားများ လှုံ့ဆော်ပေးနေကြောင်း ဆိုထားသည်။

    ဂျော့ရှုဝါဗန်သည် ယမန်နှစ် ဒီဇင်ဘာလက ဖလိုင်းဝိတ်ချန်ပီယံ Pantoja အား အနိုင်ယူကာ ပထမဆုံးသော မြန်မာနွယ်ဖွား UFC ချန်ပီယံဖြစ်လာခြင်း ဖြစ်သည်။

    🇲🇲 + 🇺🇸 သံတမန်လောကကပါ ဝိုင်းဝန်းဂုဏ်ပြုလိုက်ရတဲ့ မြန်မာ့ဂုဏ်ဆောင် UFC ဖလိုက်ဝိတ် ဘုရင်ကြီး Joshua Van

    ကျွန်တော်တို့ရဲ့ ချန်ပီယံ Joshua Van ရဲ့ အောင်မြင်မှုဟာ လှောင်အိမ် (Octagon) ထဲမှာတင် ရပ်တန့်နေတာ မဟုတ်ပါဘူး ။ အခုဆိုရင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး (U.S. Embassy Rangoon) ကပါ ဗန်ရဲ့ ခါးပတ်ကာကွယ်ပွဲ အောင်မြင်မှုကို တခမ်းတနားနဲ့ ဂုဏ်ပြုစကားဆိုလာခဲ့တာပါ။

    သံရုံးရဲ့ ဂုဏ်ပြုစာလွှာမှာ “UFC မှာ အံ့မခန်း စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့ မြန်မာ-အမေရိကန် ဖလိုက်ဝိတ်တန်း စတားဗန် အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

    မင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ ‘မကြောက်မရွံ့’ တဲ့ စိတ်ဓာတ်တွေဟာ မြန်မာနိုင်ငံကနေ အမေရိကန်အထိ ပရိသတ်တွေကို အမြဲတမ်း ခွန်အားပေး စေ့ဆော်နေပါတယ်။

    ဆက်ပြီးတော့ ပျံသန်းနေပါဦး ချန်ပီယံကြီးရေ…” ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

    အမေရိကန်သံရုံးဟာ ဗန် ပထမဆုံးအကြိမ် ပန်တိုဂျာကို အနိုင်ယူတုန်းကလည်း ဂုဏ်ပြုခဲ့ဖူးသလို၊ အခုတစ်ခေါက် သမိုင်းဝင် ခါးပတ်ကာကွယ်ပွဲမှာလည်း မမေ့မလျော့ဘဲ ချီးကျူးဂုဏ်ပြုခဲ့တာ ပါ။

    ဒါဟာ ဗန်ရဲ့ အောင်မြင်မှုဟာ နှစ်နိုင်ငံကြားက ပရိသတ်တွေအားလုံးကို စုစည်းပေးနိုင်ရုံတင်မကဘဲ နိုင်ငံတကာ အသိအမှတ်ပြုမှုကိုပါ အခိုင်အမာ ရရှိထားကြောင်း သက်သေပြနေပါတယ်။

    လှောင်အိမ်ထဲမှာတင်မကဘဲ ပြင်ပလောကမှာပါ အားလုံးက လေးစားချစ်ခင်ရတဲ့ ကျွန်တော်တို့ရဲ့ ဘုရင်ကြီးမောင်ဗန်ဟာ မြန်မာ့ဂုဏ်ကို ကမ္ဘာ့အလယ်မှာ အခုလို အဆင့်အတန်းရှိရှိ မြှင့်တင်ပေးနေတာ တကယ့်ကို ကြည်နူးစရာကောင်းလှပါတယ်။

    ငါတို့နိုင်ငံ စစ်ဖြစ်နေတယ်၊

    ဘယ်သူနဲ့ ဖြစ်တာလဲဆိုရင်

    `အစိုးရ´ နဲ့ `စစ်တပ်´ နဲ့ ဖြစ်တာ …

    [ဂျော့ရှူဝါဗန်]

    ဗန်ရဲ့ ဒီစကားတခွန်းနဲ့တင် သူ့ပရိသတ်ဖြစ်ဖို့ လုံလောက်သွားခဲ့တယ်။

    သူရည်ညွှန်းတဲ့ အစိုးရဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ အဖွဲ့ကို ဆိုလိုတာ

    စစ်တပ် ဆိုတာတော့ ခိုးသားဓားပြ အကြမ်းဖက် မင်းအောင်လှိုင်…

  • ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်နေမှုများအတွက် မြန်မာစစ်တပ်ကို ထပ်မံအရေးယူမည်

    ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်နေမှုများအတွက် မြန်မာစစ်တပ်ကို ထပ်မံအရေးယူမည်

    ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်နေမှုများအတွက် မြန်မာစစ်တပ်ကို ထပ်မံအရေးယူမည်ဖြစ်ပြီး မင်းအောင်လှိုင်နှင့် စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အာဏာသိမ်းစစ်အုပ်စုဟု အမေရိကန်အစိုးရက ဆက်လက်သုံးစွဲ

    မြန်မာပြည်သူများနှင့် ခရစ်ယာန်ဘာသာရေး အဆောက်အအုံများအပေါ် ဗုံးကျဲသတ်ဖြတ် တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံအရေးယူမည်ဟု အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန လက် ထောက်နိုင်ငံ ခြားရေးဝန်ကြီး Michael George DeSombre က တရားဝင် ထုတ်ဖော်ပြောဆိုသည်။

    အမေရိကန်အခြေစိုက် Burma Research Institute က ဦးဆောင်၍ ခရစ် ယာန်ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းများ စုပေါင်းပြီး မြန်မာနိုင်ငံတွင် ပြည်သူများနှင့် ခရစ်ယာန်ဘာသာဝင်များအပေါ် တိုက်ခိုက်နေမှုများနှင့် ပတ် သက်၍ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး Rubio ထံသို့ စာပေးပို့ခဲ့ကြရာ၊ အမေရိကန်အစိုးရက ထိုသို့ တုံ့ပြန်ပြောဆိုလာခြင်းဖြစ်သည်။

    “ကျနော်တို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကို မြန်မာနိုင်ငံမှာ ပြည်သူတွေနဲ့ ခရစ်ယာန်ဘာသာရေး အဆောက်အအုံတွေကို နေ့ထူးနေ့မြတ်တွေမှာတောင် တိုက်ခိုက်နေတာတွေအတွက် စာရေးသားပေးပို့ခဲ့ပါတယ်။ အဲဒီမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုယ်စား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက စာပြန်ပါတယ်။

    သူရဲ့စာထဲမှာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို အစိုးရလို့လည်း မသုံးထားသလို အသိအမှတ်လည်း မပြုထားဘူး။ သူက မြန်မာအာဏာသိမ်းစစ်တပ် (Military Regime) လို့ပဲ သုံးနှုန်းထားတယ်။

    မြန်မာ Military Regime ကို ထိရောက်တဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမယ်ဆိုတာ အကြောင်းပြန်ထားတယ်” ဟု Burma Research Institute မှ ဥက္ကဋ္ဌ Zo Tum Hmung က ပြောဆိုသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ ပေးပို့သောစာတွင် ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ “Christ the King” ကက်သလစ်ဘုရားကျောင်းနှင့် မင်းတပ်မြို့ရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့ကို

    ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ခရစ်ယာန်ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်အချိန်များတွင် စစ်တပ်က ဗုံးကျဲတိုက်ခိုက် သတ်ဖြတ်မှုများအပါ အဝင် နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများကို အသေးစိတ်ဖော်ပြခဲ့သည်။

    ယင်းအပြင် မြန်မာအကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ချိုးဖောက်နေသူများကို အမေရိကန်အစိုးရက ထိထိရောက်ရောက် အရေးယူရန် အကြံပြုချက် ၁၀ ချက်ကိုလည်း ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရှိရသည်။

    “အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တာနဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူတာမျိုးတွေ ဆက်လုပ်သွားမှာပါ။

    လူကြီးမင်းတို့ အကြံပြုချက်တစ်ခုချင်းစီကို သေချာစိစစ်ပြီး စစ်ကောင်စီက အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်လာအောင်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အဆင်ပြေပြေ ပေးပို့နိုင်အောင်၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးအောင်နဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးလာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ပိုပြီး ဖိအားပေးနိုင်မလဲဆိုတာကို သေချာစဉ်းစားသွားပါ့မယ်” ဟု အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael George DeSombre က ပြောဆိုထားသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး သမ္မတ အဖြစ် ကိုယ့်ကိုကိုယ် ခန့်အပ်ပြီးနောက်၊ အမေရိကန်အစိုးရနှင့် ပြေ လည်စေရန် ဒေါ်လာသန်းချီသုံး၍ လော်ဘီ (Lobbyist) များ ငှားရမ်းခြင်းများ လုပ်ဆောင်နေချိန်တွင် အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို ထပ်မံဒဏ်ခတ်ပိတ်ဆို့ အရေးယူမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

    အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်နှင့် စစ်တပ်ကို အမေရိကန်အစိုးရက အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အာဏာသိမ်းစစ်အုပ်စုအဖြစ် ဆက် လက်သုံးစွဲနေခြင်းလည်း ဖြစ်သည်။

  • မန္တလေးမှာ လူမှုကူညီရေး လူငယ် ၁၉ ဦးကို စစ်တပ် ပေါ်တာဆွဲဟုဆို

    မန္တလေးမှာ လူမှုကူညီရေး လူငယ် ၁၉ ဦးကို စစ်တပ် ပေါ်တာဆွဲဟုဆို

    မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်တွင် လူမှုကူညီရေးအသင်းမှ လူငယ် ၁၉ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သိရသည်။

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား ၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ တောင်ခွင်မင်းကြီးတိုက် ၊ ရှမ်းပွဲဇေတဝန်ကျောင်းအနီး ဖွင့်လှစ်ထားသော ဖေးကူလက်များ လူမှုကူညီရေးအသင်း၌ ရှိနေသည့် လူငယ် ၁၉ ဦးကို စစ်သား ၁၀ယောက်က မေလ ၈ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ဝင်ရောက် ပေါ်တာဆွဲသွားကြောင်း Voice Of Mandalayက သတင်းထုတ်ပြန်သည်။

    ” ၁၀ ယောက် ကား ၂ စီးနဲ့ လာဖမ်းတာပါ”ဟု Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက မေ ၁၁ ရက်တွင် ပြောသည်။

    ယင်းလူငယ်များကို မည်သည့်နေရာသို့ ပို့ဆောင်လိုက်သလဲ မသိရသေးကြောင်း သိရသည်။

    မန္တလေးမြို့ခံ လူမှုကူညီရေးသမားတစ်ဦးက “လူငယ်တွေကို ကောက်သင်းကောက်လိုက်ဖမ်းရတာ ထက်စာရင် အခုလို လူငယ်တွေစုနေချိန်မှာ ဖမ်းတာကျ စစ်တပ်အတွက် ပိုအဆင်ပြေတယ်။ သတင်း ပေးတဲ့သူရှိလို့ လာဖမ်းတာလို့ ကြားရတယ်”ဟု ပြောသည်။

    မေလ ၁၀ ရက်၊ မွန်းလွဲ တစ်နာရီခွဲခန့်တွင်လည်း မဟာအောင်မြေမြို့နယ်အတွင်း Mark 2 ကားတစ် စီးဖြင့် လာသည့် စစ်သားများက ဝပ်ရှော့ဆိုင်ထဲရှိ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့သေးကြောင်း သိရသည်။

    မန္တလေးမြို့အတွင်း၌ သူခိုး ၊ ဆေးသမားနှင့် လူမိုက်များကို စစ်တပ်က ငွေနဲ့ဆွဲဆောင်ကာ ပျူစော ထီးအဖြစ် သွတ်သွင်းနေကြောင်း ၊ တစ်ပတ်အတွင်း စစ်မှုထမ်း အင်အား ၄၀၀ မှ ၆၀၀ အတွင်းရရှိ စေရန် မြို့တွင်းရှိ လူငယ်များကို ပေါ်တာဆွဲခိုင်းနေပြီး လူငယ်တစ်ဦး ဖမ်းမိလျှင် ပျမ်းမျှ ငွေ ၂ သိန်းပေးမည်ဖြစ်ကြောင်း သိရသည်။

    ယင်းပျူစောထီးများသည် စစ်တပ်အကြိုက်လိုက်ကာ နေအိမ်များထဲထိ ဝင်ရောက်ပေါ်တာဆွဲခြင်း နှင့် လမ်းသွားလမ်းလာပြည်သူများကို ထိုးကြိတ်ဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ရန်နှင့် ဂရုစိုက်နေထိုင်ကြရန် Voice Of Mandalay က အသိပေးထားသည်။

  • မုံရွာမြို့နယ်၊ ဘူးတောင်းကန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

    မုံရွာမြို့နယ်၊ ဘူးတောင်းကန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

    မုံရွာမြို့နယ်၊ ဘူးတောင်းကန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အသက် ၈ နှစ်အရွယ် မယွန်းစုစုဇင် အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဘူးတောင်းကန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၈ နှစ်အရွယ် မယွန်းစုစုဇင် အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    မေလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် မုံရွာ ကျောက်စစ်ပုံ အမြောက်တပ်မှ အကြမ်းဖက် စစ်သားများက ဘူးတောင်းကန်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံးကိုထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုလက်နက်ကြီးကျည် ထိမှန်၍ အသက် ၈ နှစ်အရွယ် မယွန်းစုစုဇင် နှင့် အသက် ၈၀ ကျော် အရွယ် ဒေါ်တင်ပိုင် တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာနေပြည်သူ ဦးအောင်ဝင်း၊ ဒေါ်ရီတင် ၊ ကိုသိန်းဇော် ၊ ဒေါ်တင်မြိုင် ၊ ကိုစိုးမင်းခန့် ၊ မဖြိုးဟန်နီထွန်း နှင့် ဒေါ်အေးမော်တို့ ၇ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူတွေ နေထိုင်တဲ့ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးပစ်တဲ့ လက်နက်ကြီးကျည်က နေအိမ် ၁ လုံးကို ထိမှန်ပြီး နေအိမ်ထဲမှာရှိနေတဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်နဲ့ အဖွားအို ၁ ဦး ကျည်ထိပြီး ပွဲချင်းပြီးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၇ ဦးရှိတယ်။ ဒဏ်ရာရတဲ့ သူတွေကတော့ မစိုးရိမ်ရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

    ထို့ပြင် ဧပြီလ ၂၄ ရက်နေ့ကလည်း အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၂ စီးသည် မုံရွာမြို့နယ်၊ ကျွန်းကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျွန်းကြီးကျေးရွာတွင် နေထိုင်သော ကလေးငယ် ၁ ဦး အပါအဝင် အသက် ၄၀ နှစ်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

  • တနိုင်ငံလုံးကို ပထွေး အမွေပေးထားသလို လုပ်ချင်တိုင်းလုပ်နေပြီ

    တနိုင်ငံလုံးကို ပထွေး အမွေပေးထားသလို လုပ်ချင်တိုင်းလုပ်နေပြီ

    မင်းအောင်လှိုင် သားအဖ ဖော်ဆောင်နေသော ပြင်ဦးလွင်ရတနာပုံမြို့သစ်စီမံကိန်းတွင် မွေးမြူရေးနှင့် စက်ရုံလုပ်ငန်းရှင်များကို ရင်းနှီးမြုပ်နှံကြရန် အစည်းအဝေး ခေါ်ယူ အတင်းအဓမ္မ အမိန့်ဖြင့် ဖိအားပေးနေ

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ မင်းအောင်လှိုင်နှင့်သားဖြစ်သူ အောင်ပြည့်စုံတို့ အကောင်အထည်ဖော်နေသော ရတနာပုံမြို့သစ်စီမံကိန်းတွင် မွေးမြူရေးလုပ်ငန်းများနှင့် စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံကြရန် စစ်တပ်က လုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူကာ အတင်းအဓမ္မ အမိန့်ဖြင့် ဖိအားပေးစေခိုင်းနေကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။

    မေလ ၈ ရက်နေ့ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာရှိ ဓမ္မာရုံတွင် မွေးမြူရေးလုပ်ငန်းရှင်ကြီးအားလုံးကို စစ်တပ်က အရေးပေါ်အစည်းအဝေးခေါ်ယူတွေ့ဆုံခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ရတနာပုံမြို့သစ် စီမံကိန်းနယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန်နှင့် စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန် အဓိကထား စေခိုင်းခဲ့သည်။

    ရတနာပုံမြို့သစ်စီမံကိန်းတွင် မွေးမြူရေးဇုန်နှင့်စက်မှုဇုန်များ ထည့်သွင်းထားပြီး မြေကွက်များကို လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ရန် ချထားပေးမည်ဖြစ်သည်။

    သတ်မှတ်နှုန်းများဖြင့် မြေများ ဝယ်ယူကာ လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရမည်ဟု စစ်တပ်က ဖိအားပေးလာကြောင်း သိရှိရသည်။

    ယင်းအပြင် ရတနာပုံမြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရမည့် စက်ရုံများနှင့် လုပ်ငန်းရှင်များကိုလည်း တစ်လတစ်ကြိမ် အစည်းအဝေး ခေါ်ယူမည်ဖြစ်ပြီး ယခုနှစ်အတွင်း ရတနာပုံမြို့သစ် စီမံကိုန်း မဖြစ်မနေ အသက်သွင်းရမည်ဟု စစ်တပ်က အမိန့်ပေးကြောင်း သိရှိရသည်။

    ” လုပ်ငန်းရှင်တွေနဲ့ စက်ရုံတွေကိုလည်း မြေနေရာတွေ သတ်မှတ်ငွေကြေးနဲ့ချပေးမယ်။ ပြီးရင် တစ်လတစ်ကြိမ် အစည်းအဝေးလုပ်ပြီး ဒီနှစ်မှာ မြို့သစ်စီမံကိန်းကို စရမယ်။ အသက်သွင်းရမယ်။

    ဆိုလာစက်ရုံလည်း လုပ်မယ်။ လူကြီး(မင်းအောင်လှိုင်) နောက်တစ်ခေါက်ပြန်လာရင် မြို့သစ်စီမံကိန်းစတင်နေတာ၊ အဆင်သင့်ဖြစ်နေတာ မြင်ချင်တယ်လို့ ပြောထားလို့ လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး လုပ်ငန်းစခိုင်းတာ”ဟု အစည်းအဝေး တက်ရောက်ခဲ့သော လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်း ယခုနှစ်မကုန်မီ စတင်နေသည်ကိုမြင်တွေ့လိုသည်ဟု ရာဇသံပေးထားသည့်အတွက် စစ်တပ်နှင့် မန္တလေးတိုင်းအစိုးရက လုပ်ငန်းရှင်များအပေါ် နည်းလမ်းမျိုးစုံဖြင့် ရတနာပုံမြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ဖိအားပေးမှုများ ရှိနေခြင်း ဖြစ်သည်ဟု သိရှိရသည်။

    လက်ရှိတွင် ရတနာပုံစီမံကိန်းနယ်မြေအတွင်းရှိ ဂရန်မြေကွက်များနှင့် ဧကကွက်များကို စစ်တပ်မှ ထိပ်တန်းအရာရှိကြီးများရယူနေပြီး အောင်ပြည့်စုံက ရတနာပုံမြို့သစ်၏ အခြေခံအဆောက်အအုံ ရေလိုင်း၊ မီးလိုင်းနှင့် လမ်း လုပ်ငန်းတင်ဒါများ လုပ်ကိုင်နေကြောင်း သိရှိရသည်။

    ရတနာပုံ မြောက်ပိုင်းအိမ်ရာဝင်းအတွင်း၌ စစ်ခေါင်းဆောင်၏သားဖြစ်သူ အောင်ပြည့်စုံ၏ ကုမ္ပဏီက ကုတင် ၃၀၀ ဆံ့ ဆေးရုံကြီးတည်ဆောက်ရန် စတင်ပြင်ဆင်နေသည်။

    အဆိုပါစီမံကိန်းအတွက် ထင်းရှူးတောအတွင်းရှိ ကျူးကျော်နေထိုင်သူများကိုလည်း အတင်းအဓမ္မ စတင်ဖယ်ရှားနေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

    “ကိုအောင်ပြည့်စုံကုမ္ပဏီက ကုတင် ၃၀၀ ဆေးရုံကြီးဆောက်ဖို့ စတင်ပြင်ဆင်နေပြီး ထင်းရှူးတောက ကျူးတွေကို စတင်ဖယ်ရှားနေပါပြီ။ လူကြီးက ရတနာပုံမြို့သစ်စီမံကိန်း စတင်နေတာ မြင်ချင်တယ်လို့ ရာဇသံပေးထားပါတယ်” ဟု လုပ်ငန်းရှင်က ဆက်လက်ပြောဆိုသည်။

    လက်ရှိတွင် ပြင်ဦးလွင်ရတနာပုံမြို့သစ်စီမံကိန်းသည် စစ်ခေါင်းဆောင်မိသားစုနှင့် ၎င်း၏အသိုင်းအဝိုင်းအတွက် စီးပွားရေးအမြတ်ထုတ်ရာနေရာ ဖြစ်နေသည်။

    လုပ်ငန်းရှင်များအား အတင်းအဓမ္မ ရင်းနှီးမြှုပ်နှံခိုင်းခြင်းနှင့် ဒေသခံများအား ဖိနှိပ်ဖယ်ရှားခြင်းများဖြင့် အကောင်အထည်ဖော်နေကြောင်း သိရှိရသည်။

    အကြမ်းဖက် မင်းအောင်လှိုင်နှင့်သားဖြစ်သူ အောင်ပြည့်စုံတို့ ဦးစီးလုပ်ကိုင်နေသော ရတနာပုံမြို့သစ်စီမံကိန်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူ အလွန်နည်းပါးနေပြီး အထူးသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် မျှော်မှန်းထားသော်လည်း လက် တွေ့ ဖြစ်လာရန် အခွင့်အလမ်း နည်းပါးနေကြောင်း ယင်းစီမံကိန်းနှင့်ချိတ်ဆက် အလုပ်လုပ်နေသော UMCCI မှ စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုထားသည်။

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီးတွင် စစ်အာဏာရှင်ဟောင်း သန်းရွှေ ခေတ်နှင့် NLD အစိုးရခေတ်တွင် အောင်မြင်မှုမရှိဘဲ ရပ်ဆိုင်းခဲ့သော ရတနာပုံမြို့သစ်စီမံကိန်းကို မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို စီမံကိန်းနှင့်လုပ်ငန်း တင်ဒါအများစု လုပ်ပိုင်ခွင့်ချထားပေးပြီး စီမံကိန်း ပြန်လည် စတင်ရေး ကြိုးပမ်းလျက်ရှိသည်။

    လတ်တလော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် Expression Of Interest (EOI) ထားသော်လည်း စိတ်ဝင်စားသူ အလွန်နည်းပါးနေသည်။

    ရတနာပုံမြို့သစ်စီမံကိန်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် မျှော်မှန်းထားသော်လည်း လက်တွေ့တွင် ဖြစ်မလာကြောင်း သိရှိရသည်။

    လက်ရှိ ရတနာပုံမြို့သစ်စီမံကိန်းမှာ အကြမ်းထည် အဆင့်တွင်သာရှိသေးပြီး ရင်းနှီးမြှုပ်နှံသူများအပေါ် မူတည်၍ လူနေအိမ်ရာများ အကောင်အထည်ဖော်ဆောင်ရန် ၊ လမ်းဖောက်လုပ်ခြင်း၊ ရေရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အခြေခံအဆောက်အဦများ ဆောင်ရွက်ထားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

    ယင်းစီမံကိန်းတွင် နည်းပညာစက်မှု ဇုန်များကိုပါ ထည့်သွင်းသွားရန် စီစဉ်ထားခြင်းဖြစ်​ကြောင်း သိရှိရသည်။

    လက်ရှိ စစ်တပ်၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် ရတနာပုံမြို့သစ်စီမံကိန်းတွင် စက်ရုံနှင့်လုပ်ငန်းများ လုပ်ဆောင်ကြမည့် ပြည်တွင်း ကုမ္ပဏီကြီးတချို့ရှိသော်လည်း ယင်းကုမ္ပဏီကြီးများပင်လျှင် စီမံကိန်းတွင် မည်သို့မည်ပုံ ရှေ့ဆက်ပါဝင်ရမည်ကို တုံ့ဆိုင်းနေကြကြောင်း သိရှိရသည်။

    ရတနာပုံမြို့သစ်စီမံကိန်းကို သန်းရွှေခေတ်တွင် ရတနာပုံဆိုက်ဘာစီးတီးအဖြစ် စတင်ခဲ့သော်လည်း မအောင်မြင်ဘဲ ရပ်နားခဲ့ကြောင်း၊ ယင်းနောက် NLD အစိုးရလက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့သည်။

    သို့ရာတွင် မအောင်မြင်ဘဲ ဆက်လက်ရပ်ဆိုင်းခဲ့ပြီး အကြမ်းဖက် မင်းအောင်လှိုင်က ယင်းစီမံကိန်းကို သန်းရွှေခေတ်အချိန် စီမံကိန်းဒီဇိုင်းဖြင့် ပြန်လည် စတင်ခြင်းဖြစ်သည်။

    မင်းအောင်လှိုင်က စီမံကိန်းကို ပြန်လည်စတင်ချိန် သားဖြစ်သူ အောင်ပြည့်စုံက မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်များရရှိထားပြီး မြေကွက်အများအပြားလည်း ရယူထားကြောင်း ယင်းစီမံကိန်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

    ဓာတ်ပုံ- မင်းအောင်လှိုင်သားအဖ၏ ရတနာပုံမြို့သစ်စီမံကိန်းပြမြေပုံနှင့် မေလ ၈ ရက်နေ့ မွေးမြူရေးနှင့် စက်ရုံလုပ်ငန်းရှင်များကို ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာရှိ ဓမ္မာရုံတွင် စစ်တပ်က အစည်းအဝေး ခေါ်ယူခဲ့စဉ်။