၂၀ ကျော် ကျဆုံးရတဲ့ ချောက်ဖြစ်စဉ် နောက်ကွယ်က လက်မည်းကြီး
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းမှာ ဇူလိုင်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေအတွက် ရင်နင့်စရာ ကောင်းလောက်အောင် ဆုံးရှုံးမှု ကြီးမားခဲ့ရပါတယ်။
မကွေးခရိုင် တပ်ရင်း (၁) နဲ့ တပ်ရင်း (၃) က ရဲဘော်တွေ အပါအဝင် အသက်ပေးလှူသွားခဲ့ရတဲ့ ရဲဘော် ၂၀ ကျော်ရဲ့ သတင်းဟာ တစ်နိုင်ငံလုံးက တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကို စိတ်မကောင်းခြင်းကြီးစွာ ဖြစ်စေခဲ့ပါတယ်။
ဒါပေမဲ့ ဒီဖြစ်စဉ်ကို ဒီအတိုင်း ဝမ်းနည်းရုံတင်တင် ပြီးပျောက်သွားလို့ မရပါဘူး။ ဒီလောက်အထိ အထိနာခဲ့ရတဲ့ “နောက်ကွယ်က လက်မည်းကြီး” က ဘာလဲဆိုတာကို ကျွန်တော်တို့ ပြတ်ပြတ်သားသား သုံးသပ်ဖို့ လိုအပ်လာပါပြီ။
၁။ သတင်းလုံခြုံမှု ပေါက်ကြားခြင်း
ရန်သူ့စစ်ကြောင်းကို ဖြတ်တောက်ဖို့ တောင်သာကျေးရွာနဲ့ စမ်းစုကျေးရွာကြားမှာ ရဲဘော်တွေ ကင်ပုန်းဝပ် စောင့်ဆိုင်းနေတဲ့ အချိန်၊ နေရာ၊ နဲ့ စစ်ဆင်ရေးအစီအစဉ်ကို ရန်သူက အတိအကျ ကြိုတင်သိရှိသွားခဲ့ပါတယ်။ ဒါဟာ ဒေသတွင်းက သတင်းပေးနစ်ကြောင့် ဖြစ်နိုင်သလို၊
မိမိတို့ဘက်က ဆက်သွယ်ရေးနည်းပညာ အားနည်းချက်ကြောင့် သတင်းပေါက်ကြားသွားတာလည်း ဖြစ်နိုင်ပါတယ်။
ရန်သူက အသာစီးနဲ့ တန်ပြန်ဝိုင်းဝန်းပိတ်ဆို့ (Counter-Ambush) ညှပ်ပိတ်တိုက်ခိုက်နိုင်ခဲ့တာဟာ မိမိတို့ဘက်က သတင်းလုံခြုံမှု လျော့ရဲခဲ့ခြင်းရဲ့ အကျိုးဆက်ပါပဲ။
၂။ ရန်သူ့ဗျူဟာအသစ်နဲ့ အထူးကွန်မန်ဒိုများ
လက်ရှိမှာ စစ်ကောင်စီဟာ ချောက်မြို့နယ်အတွင်း ရိုးရိုးခြေလျင်တပ်တွေတင်မကဘဲ အထူးလေ့ကျင့်ထားတဲ့ ရဲကွန်မန်ဒိုတပ်တွေကို အသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားကင်းပုန်းတွေကို တန်ပြန်ရှာဖွေချေမှုန်းတဲ့ ဗျူဟာကို သုံးစွဲလာနေပါတယ်။
မြေပြင်တိုက်ပွဲဖြစ်တာနဲ့ ဂျက်ဖိုက်တာ၊ ဒရုန်းတွေကို ချက်ချင်းအသုံးချပြီး လေကြောင်းရန်နဲ့ ပိတ်ဆို့တတ်တဲ့ အလေ့အထကို ပြောင်းလဲလာတာ သတိပြုရပါမယ်။
၃။ ကင်းထောက်စနစ် နဲ့ စစ်ရေးသတိ
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ရဲဘော်အချို့ဟာ ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ သိရတဲ့အတွက် ရန်သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ပြသနေပါတယ်။
ဒီဖြစ်စဉ်ကနေ ကျွန်တော်တို့ ရရှိလိုက်တဲ့ သွေးမြေကျ သင်ခန်းစာကတော့—
စစ်ဆင်ရေးတစ်ခု မလုပ်ဆောင်မီ ကင်းထောက်စနစ် (Reconnaissance) ကို ယခုထက် ပိုမိုအားကောင်းအောင် တည်ဆောက်ရန်။
ဖုန်း၊ စက် အစရှိတဲ့ ဆက်သွယ်ရေးကိရိယာများ အသုံးပြုရာတွင် သတင်းလုံခြုံမှုကို အထူး တင်းကျပ်ရန်။
ဒေသတွင်း ဒလန်များနှင့် ရန်သူ့ထောက်လှမ်းမှုကို တန်ပြန်ကာကွယ်နိုင်မည့် စစ်ရေးသတိ အမြဲရှိရန် ဖြစ်ပါတယ်။
ကျဆုံးသွားရတဲ့ ရဲဘော် ၂၀ ကျော်ရဲ့ ပေးဆပ်မှုဟာ တော်လှန်ရေးအတွက် အချည်းနှီး မဖြစ်ရပါဘူး။
သူတို့ရဲ့ အသက် သွေး၊ ချွေးတွေကို ရင်းပြီး ရလာတဲ့ ဒီသင်ခန်းစာကို ရှေ့တန်းက ရဲဘော်တွေအားလုံး သတိပြု၊ ပြင်ဆင်ပြီး ရန်သူ့လက်မည်းကြီးကို အမြစ်ပြတ် တန်ပြန်ချေမှုန်းကြရပါမယ်။
ကျဆုံးရဲဘော်များအားလုံး ကောင်းရာသုဂတိလားပါစေ။
တော်လှန်ရေးကို ဆက်လက်ဆင်နွှဲကြစို့။
မူရင်းပို့စ်တင်သူအား လေးစားစွာဖြင့် Credit ပေးပါသည်။


Leave a Reply