မြေရှား (Rare Earth) ဆိုသော အမည်နှင့် လိုက်ဖက်စွာ ထိုသတ္တုသည် ကမ္ဘာပေါ်တွင် နေရာတိုင်း မထွက်ရှိပေ။ မြေရှားသတ္တုထုတ်လုပ်နေသော နိုင်ငံအရေအတွက်မှာ လက်ချိုးရေတွက်လို့ရသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံသည် မြေရှားသတ္တုတင်ပို့နေသော ထိပ်တန်းသုံးနိုင်ငံထဲတွင် ပါဝင်နေသည်ဆိုလျှင် အံ့ဩကြမည် ထင်သည်။
မြန်မာနိုင်ငံတွင် မြေရှားသတ္တုအကြောင်း သိရှိသူ အလွန်နည်းပါသလို မြန်မာနိုင်ငံတွင် ထိုသတ္တုအမျိုးအစားထွက်ရှိနေသည်ကို သိသူလည်း နည်းပါးသည်။
ကမ္ဘာတွင် အင်္ဂလိပ်လိုအားဖြင့် Rare Earth Elements (REEs) ဟု လူသိများပြီး မြန်မာလိုအားဖြင့် ‘မြေရှား’ ဟု ရိုးရှင်းစွာ ပြန်ဆိုထားသည်။ ထိုရှားပါးသတ္တုတွင် အခြားသတ္တုများနှင့် မတူသော ထူးခြားချက်မှာ သတ္တုဒြပ်စင် ၁၅ မျိုး ပေါင်းစပ်ပါဝင်နေကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS – United States Geological Survey) ၏ အချက်အလက်များအရ သိရှိရသည်။
ထိုဒြပ်စင်များကို ပေါ့ပါးသတ္တုဒြပ်စင် (Light REEs) နှင့် လေးလံသတ္တုဒြပ်စင် (Heavy REEs) ဆိုပြီး အုပ်စုနှစ်ခု ခွဲထားသည်။ တချို့က Europium နှင့် Gadolinium တို့ကိုပါ Heavy REEs အုပ်စုဝင်အဖြစ် သတ်မှတ်သည့်အတွက် REE တွင် သတ္တုဒြပ်စင် ၁၇ မျိုးပါဝင်သည်ဟု ဆိုနိုင်သည်။
ယခုနှစ် USGS က ထုတ်ပြန်သော အချက်အလက်များအရ ကမ္ဘာပေါ်တွင် မြေရှားသတ္တုအများဆုံး ထုတ်လုပ်သည့် နိုင်ငံ ၁၁ ခုရှိသည်။ ထိုနိုင်ငံများ၏ တစ်နှစ်တာ ထုတ်လုပ်မှုတန်ချိန် အနည်းအများအလိုက် အစဉ်အတိုင်း ဖော်ပြရလျှင် အောက်ပါအတိုင်းဖြစ်သည်။

ကနေဒါ၊ ဂရင်းလန်းကျွန်း၊ တောင်အာဖရိကနှင့် တန်းဇန်းနီးယားနိုင်ငံများတွင် မြေရှားသတ္တုတွေ့ရှိထားသော်လည်း ထိုနိုင်ငံများ၏ ထုတ်လုပ်မှုကိန်းဂဏန်းပမာဏကို မသိရပေ။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုအများဆုံး ထုတ်လုပ်တင်ပို့သော နိုင်ငံဖြစ်သည်။ အဓိကအားဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသရှိ မြေရှားသတ္တုသိုက်များမှ ထုတ်လုပ်ရရှိသော မြေရှားသတ္တုများကို တင်ပို့သောနိုင်ငံလည်းဖြစ်သည်။
USGS ၏ ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြေရှားသတ္တုထုတ်လုပ်မှု တန်ပေါင်း ၂၄၀,၀၀၀ ရှိသည့်အနက် တရုတ်နိုင်ငံက ၁၄၀,၀၀၀ တန် ထုတ်လုပ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံက တန် ၃၀,၀၀၀ ထုတ်လုပ်ပြီး တရုတ်နိုင်ငံကို အဓိကတင်ပို့လျက်ရှိသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တုဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားသည်။
မြေရှားသတ္တု၏ အသုံးဝင်မှုမှာ သူ့ချည်းသက်သက်ဆိုပါက တန်ဖိုးမရှိလှပေ။ အခြားသတ္တုတစ်မျိုးဖြင့် ပေါင်းစပ်လိုက်သည့်အခါ ထူးခြား၍ အဆင့်မြင့်မားသော အရည်အသွေးရှိ သတ္တုတစ်မျိုး ထွက်ရှိလာခြင်းဖြစ်သည်။ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အီလက်ထရောနစ်ပစ္စည်း အမျိုးအစားပေါင်း ၂၀၀ ကျော်ထုတ်လုပ်ရာတွင် မြေရှားသတ္တုမှာ မရှိမဖြစ် အလွန်အရေးပါသည်။

ဥပမာအားဖြင့် အရပ်ဘက်သုံး မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများ၏ ပင်မအချက်အလက်သိုလှောင်ရာ ပစ္စည်း (Hard Drive) များ၊ လျှပ်စစ်ကားများ၊ မှန်သားပြင်တီဗီ (Flat-screen TV) များ စသည့် တန်ဖိုးကြီးပစ္စည်းများ ထုတ်လုပ်ရာတွင် မြေရှားသတ္တုမှာ အလွန်အရေးပါသော ကုန်ကြမ်းပစ္စည်းဖြစ်သည်။
ထို့အတူ စစ်ဘက်ဆိုင်ရာနယ်ပယ်တွင် အဆင့်မြင့်နည်းပညာသုံး အဝေးထိန်းကိရိယာစနစ်များ (Guidance Systems)၊ လေဆာ၊ ရေဒါနှင့် အသံပိုင်းဆိုင်ရာ ထောက်လှမ်းရေးစနစ်များ၊ အီလက်ထရောနစ်နည်းပညာသုံး ပုံရိပ်ဖော်ဖန်သားပြင်များ စသည့် ပစ္စည်းများထုတ်လုပ်ရာတွင်လည်း မြေရှားသတ္တုက မရှိမဖြစ်ကုန်ကြမ်းပစ္စည်းဖြစ်သည်။
အထက်ပါ ပစ္စည်းများထုတ်လုပ်သည့်အခါ ပစ္စည်းတစ်ခုတွင် မြေရှားသတ္တုပါဝင်မှု အလေးချိန်၊ ပမာဏနှင့် တန်ဖိုးသည် မပြောပလောက်အောင် နည်းပါးသော်လည်း ထိုသတ္တုပစ္စည်းကြောင့် အဆိုပါပစ္စည်း၏ လုပ်ဆောင်ချက်နှင့် အရည်အသွေး လွန်စွာကွဲပြားခြားနားမှု ရှိစေသည်။

ထိုမျှအရေးပါသော မြေရှားသတ္တု အဓိကထွက်ရှိရာ အရပ်ဒေသတစ်ခုမှာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မြောက်ပိုင်းဖြစ်သည်။ ကချင်ပြည်နယ်ကို ကမ္ဘာကျော်ကျောက်စိမ်းများ ထွက်ရှိရာ ‘ကျောက်စိမ်းမြေ’ ဟု လူသိများသော်လည်း ကမ္ဘာတွင် တတိယမြောက် မြေရှားသတ္တုအများဆုံးထွက်ရှိရာဒေသဟု သိသူမရှိသလောက် နည်းပါးသည်။
ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုသိုက်များရှိရာအရပ်မှာ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပန်ဝါဒေသဖြစ်သည်။ ပန်ဝါနှင့် ချီဖွေအကြား အရှေ့တောင်မှ အနောက်မြောက်သို့ ကန့်လန့်ဖြတ်စီးဆင်းနေသော ချီဖွေချောင်းအထက်ပိုင်း တစ်ဖက်တစ်ချက်ရှိ တောင်းတန်းများတွင် မြေရှားသတ္တုတူးဖော်ရေးတွင်း အများအပြားတွေ့ရှိရသည်။
Google Earth ၏ ကောင်းကင်ဓာတ်ပုံများအရ ထိုနေရာတစ်ဝိုက်တွင် မြေရှားသတ္တုတူးဖော်သည့် နေရာ ၆၆ ခု ရှာဖွေတွေ့ရှိရသည်။ ထိုအရေအတွက်ထက်လည်း များပြားနိုင်သည်။


မြေရှားသတ္တုတွင်းများ တည်ရှိရာဒေသကို နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းထားသည့် စစ်တပ်လက်အောက်ခံ NDA-K လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားသည်။ ထိုအဖွဲ့သည် ယခင်က ကချင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
အဆိုပါ မြေရှားသတ္တုတွင်းများမှာ NDA-K အဖွဲ့အတွက် အဓိကဝင်ငွေရရှိသော လုပ်ငန်းများဖြစ်ပြီး၊ စစ်တပ်က အကျိုးအမြတ်ရရှိနေသော လုပ်ငန်းလည်းဖြစ်သည်။ ထိုသတ္တုတွင်းလုပ်ကွက်အများစုကို တရုတ်လုပ်ငန်းရှင်များက နယ်စပ်ဖြတ်ကျော်လုပ်ကိုင်ခွင့် ရထားသည်ဟု သိရသည်။
ပန်ဝါဒေသတွင် မြေရှားသတ္တုတူးဖော်ရေး စတင်ခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။ Google Earth ပေါ်က အထောက်အထားများအရ ၂၀၁၈ နှင့် ၂၀၂၀ အကြားတွင် ပန်ဝါဒေသ၌ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ အလျင်အမြန်တိုးချဲ့လုပ်ကိုင်လာသည်ကို တွေ့ရသည်။

ကချင်ပြည်နယ် ပန်ဝါဒေသမှ ထွက်ရှိသော မြေရှားသတ္တုများကို တရုတ်နိုင်ငံသို့ တင်ပို့နေသော်လည်း နိုင်ငံတော်အနေဖြင့် အခွန်ငွေရမရ အတိအကျ မသိရပေ။ ပန်ဝါဒေသမှနေ၍ နှစ်စဉ် မြေရှားသတ္တုတန်ဖိုး မည်မျှထွက်ရှိနေသည်ဆိုသော ကိန်းဂဏန်းအချက်အလက်များလည်း မသိရှိရပေ။
မြေရှားသတ္တုဒြပ်စင်ကို ထုတ်ယူသည့်အခါ ရှေးရိုးသတ္တုတူးဖော်သည့်နည်းလမ်းအတိုင်း Open-pit နည်းဖြင့် တူးဖော်ပြီး မြေသယ်ကားကြီးများဖြင့် သယ်ယူကာ သတ္တုသန့်စင်သော စက်ရုံတွင် သန့်စင်ခွဲထုတ်ယူကြခြင်းဖြစ်သည်။
ထို့ကြောင့် မြေရှားသတ္တုရှိသော တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်သည် သတ္တုတူးဖော်ရေးကြောင့် လုံးဝပျက်စီးသွားသော အခြေအနေနှင့် ရင်ဆိုင်ရသည်။
သတ္တုစတင်တူးဖော်သည့်အခါ အပေါ်ယံမြေဆီလွှာကို သီးသန့်ဖယ်ရှားပြီးမှ တူးဖော်ခြင်းသည် နိုင်ငံတကာစံနှုန်းဖြစ်သည်။ သို့သော်လည်း သတ္တုသိုက်များကို ပြန်လည်ပိတ်သိမ်းသည့်အခါ တူးဖော်စဉ်က ဖြစ်ပေါ်ခဲ့သော တွင်းကြီးများကို စွန့်ပစ်မြေစာများနှင့် ဖုံးအုပ်ခြင်း၊ သစ်ပင်များပြန်လည်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို အချိန်ယူကုစားရသည်။
သို့သော် မြန်မာနိုင်ငံမြောက်ဖျားပိုင်းက သတ္တုသိုက်အများစုတွင် တူးဖော်သူတရုတ်ကုမ္ပဏီများက အထက်ပါ နိုင်ငံတကာစံနှုန်းများအတိုင်း လုပ်ဆောင်နေသည်ဟု မကြားသိရပေ။ သာယာလှပသော ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်မှာ ကျောက်စိမ်းနှင့် မြေရှားသတ္တု ထုတ်လုပ်မှုကြောင့် ပြန်လည်ကုစားမရနိုင်လောက်အောင် ထိခိုက်ပျက်စီးလျက်ရှိသည်။

ကချင်ပြည်နယ် ပန်ဝါဒေသမှ မြေရှားသတ္တုကို ထုတ်ယူရာတွင် မြင့်မားသော တောတောင်ထဲတွင် ထုတ်ယူပြီး စက်ရုံရှိရာ တရုတ်ပြည်ထဲသို့ မြေသယ်ကားကြီးများဖြင့် သယ်ယူသန့်စင်ရသဖြင့် ကုန်ကျစရိတ်များသည်။
ထို့ကြောင့် နောက်ပိုင်းတွင် မြေရှားသတ္တုသိုက်ရှိရာအနီးတွင် သတ္တုသန့်စင်ကန်များ ပြုလုပ်ကာ ဓာတုဗေဒဆေးရည်များ အသုံးပြုလျက် သတ္တုသန့်စင်နေသည်ကို Google Earth မြေပုံပါ ပုံရိပ်များက သက်သေခံနေသည်။
အသုံးပြုပြီးသော ဓာတုဗေဒဆေးရည်များ ရောနှောပါဝင်နေသည့် စွန့်ပစ်ရေများကို စနစ်တကျစွန့်ပစ်မှုရှိမရှိ မည်သူကမျှ စောင့်ကြည့်လေ့လာခြင်း မရှိသဖြင့် အတိအကျ မသိရပေ။ ထိုဓာတုဗေဒဆေးရည်များပါဝင်သည့် ရေများမှာ အနီးဆုံး ချီဖွေချောင်းအတွင်း စီးဝင်နိုင်သည်။ ထိုမှတစ်ဆင့် မေခမြစ်ထဲသို့ စီးဝင်ရာမှ ဧရာဝတီမြစ်အထိ ဓာတုဗေဒအဆိပ်သင့်ရေများ စီးဝင်ကာ မြစ်ရေညစ်ညမ်းနိုင်သည်။

ပန်ဝါဒေသသည် ဥပဒေစိုးမိုးသော အရပ်ဒေသမဟုတ်ဘဲ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တစ်ခု ထိန်းချုပ်ရာနယ်မြေဖြစ်သည့်အတွက် လွတ်လပ်သော သုတေသနပြုလေ့လာမှုများလုပ်ဆောင်ရန် ခက်ခဲသည်။ ပန်ဝါဒေသရှိ မြေရှားသတ္တုသိုက်များအကြောင်း စနစ်တကျလေ့လာထားသည့် လွတ်လပ်သော သုတေသနအစီရင်ခံစာများ မရှိသဖြင့် ယခုထက်ပို၍ အလေးထားလေ့လာဂရုပြုရန် လိုအပ်လျက်ရှိသည်။
မြေရှားသတ္တုဆိုတာဘာလဲ။
(လူပြောများနေတဲ့ မြေရှားသတ္တုအကြောင်း။)
ဒီတခေါက်တော့ လူပြောများနေတဲ့ မြေရှားသတ္တုအကြောင်း ရှာဖွေတင်ပြလိုက်ပါတယ်။
မြေရှားသတ္တု (သို့မဟုတ်) မြေရှားဒြပ်စင် ဆိုတာ သဘာဝဒြပ်စင်မဟုတ်ဘဲ လူလုပ်ဒြပ်စင်တမျိုးသာ ဖြစ်ပါတယ်လို့ဆိုရင် စာရှု့သူတို့ အံ့အား သင့်သွားမှာပါ။
တနည်းအားဖြင့် Natural Product မဟုတ်ဘဲ Synthesis Product လို့ ပြောတာပါ။
သူ့ကို REE ( Rare Earth Elements ) လို့ခေါ်ပြီး REE ထဲမှာ သတ္တုဒြပ်စင်တွေ (၁၇) မျိုးအထိ ရောနှောပါဝင်နေပါတယ်တဲ့။ သူတို့ဟာ ဒြပ်ပေါင်းအနေနဲ့ တည်ရှိနေတာဖြစ်ပြီး ဓါတုဖွဲ့စည်းပုံအရ တစ်ခုနဲ့တစ်ခု ခွဲခြားထုတ်ယူဖို့ ခက်ပါတယ်။
REE တွေကို ခွဲထုတ်ဖို့ခက်ခဲလို့ ရှားပါးမြေသား (Rare Earth)လို့ ခေါ်ကြတာ ဖြစ်ပါတယ်။
သူက တခြားတွင်းထွက်ဒြပ်စင်တွေလို အစုလိုက်အပုံလိုက် ရှိနေတာမျိုးလည်း မဟုတ်ပြန်ပါဘူး။
ဒါပေမဲ့ ကမ္ဘာမြေမျက်နှာပြင်ရဲ့ အပေါ်ယံအလွှာ (Outer shell) တနည်း (Earth Crust) မှာတော့ မြေသား၊ ကျောက်သားတွေနဲ့ ရောနှောပြီးအများအပြား ပါဝင်နေပါတယ်တဲ့။
မြေရှားသတ္တုကို စတင်တွေ့ရှိတာကတော့ ၁၇၈၀ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံရဲ့ Ytterby အရပ်မှာ Lieutenant Carl Axel Arrhenius ဆိုသူက တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိတဲ့အရပ်ကိုစွဲလို့ Ytterbite လို့ အမည်ပေးခဲ့ကြပါတယ်။
၁၈၀၀ ခုနှစ်လောက်မှာ ဂါနိုလီနိုက် (Gadolinite) လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြပါတယ်။
နောက်ထပ် အနှစ် (၃၀) လောက်အကြာမှာတော့ သတ္တုရိုင်း (Ores) နှစ်မျိုးဖြစ်တဲ့ (Ceria) ဆီရီယာနဲ့ (Yttria) ယက်ထရီယာတို့မှာ ဒီ မြေရှားဒြပ်စင် (REE) တွေ ရောနှောပါဝင်နေတာကို တွေ့ရှိခဲ့ကြပြန်ပါတယ်။
ဒီနေ့ခေတ်မှာတော့ REE တွေကို အပေါ့စား (Light REE)၊ အလတ် စား (Medium REE) နဲ့ အလေးစား (Heavy REE) ဆိုပြီး (၃) မျိုး ခွဲခြားကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဟယ်လမင်းခရိုင်က ခန်နာရှင်းကျေးရွာမှာ မီးတောင်ကထွက်တဲ့ ချော်ရည်ကျောက်တွေမှာ မြေရှားသတ္တုတွေ ပါဝင်တယ်လို့ တချိန်က အာဖဂန်ကို ကျူးကျော်ခဲ့တဲ့ ဆိုဗီယက်တို့က ပြောကြားခဲ့ဖူးပါတယ်။
ဒီသတင်းကြောင့် ယူအက်စ်က USGS (United State Geological Servey) အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ သွားရောက်စမ်းသပ်ခဲ့ကြပါတယ်။
သူတို့ဟာစ-စ်တပ် အစောင့်အရှောက် နဲ့ သွားရောက်ခဲ့ရတာဖြစ်ပြီး တွေ့ရှိချက်အရ မြေရှားသတ္တုတွေထွက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
USGS အဖွဲ့ဟာ ဒီ မီးတောင်ချော်ရည်ကျောက်ထဲက အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံဖိုးလောက်အထိ ထုတ်ယူနိုင်မှာဖြစ်ပြီး (၁၀)နှစ်လောက် ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။
တရုပ်ကတော့ ကမ္ဘာမှာ မြေရှားသတ္တုအများဆုံး ထုတ်လုပ်သူအဖြစ် နာမည်ခံထားပါတယ်။ အများဆုံးသုံးစွဲသူလည်း ဖြစ်ပါတယ်တဲ့။
အီလက်ထရောနစ်နဲ့ ပါတ်သက်တဲ့ ပစ္စည်းတွေမှာ မြေရှားသတ္တုကို အသုံး ပြု ထုတ်လုပ်တာဖြစ်ပြီး ပြည်တွင်းထုတ်ကုန်အနေနဲ့ရော ပြည်ပပို့ကုန်အနေနဲ့ပါ သူကသုံးပါတယ်။
ဂျပန်နဲ့ အမေရိကန်ကတော့ ဒုတိယနဲ့ တတိယအများဆုံး ထုတ်လုပ်သုံးစွဲသူတွေ ဖြစ်ကြပါတယ်။
တရုပ်အကြောင်းပြောရရင်တော့ တရုပ်ဟာ သူ့ရဲ့ တန်ဖိုးမြင့် ထုတ်ကုန်ပစ္စည်းဈေးကွက်ကို ကာကွယ်ဖို့ REE ကို ကုန်ကြမ်းအဖြစ်ရောင်းချတာ မလုပ်ပါဘူး။
ဒါကြောင့်လည်း REE ကို အိတ်စပို့ကဏ္ဍကို တင်းကြပ်စွာ ကန့်သတ်ထားပါတယ်။ (Import ကတော့ လာထားပေါ့နော်။)
တရုပ်ရဲ့ လုပ်ဆောင်ချက်ကြောင့် REE ဈေးကွက်မှာ ဈေးနှုန်းဟာ ခေါင်ခိုက်နေတာ ဖြစ်ပါတယ်။
တဖက်ကကြည့်ရင်လည်း ကမ္ဘာကြီးမှာ REE လိုအပ်ချက်က မြင့်မားလို့နေပါတယ်။
စ-စ် ရေး၊ကာကွယ်ရေး၊ လေကြောင်း လုပ်ငန်း၊ အီလက်ထရောနစ်လုပ်ငန်းတွေမှာ မြေရှားသတ္တုဟာ မပါမဖြစ် အရေးပါလှပါတယ်။
REE နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေဟာ ကျနော်တို့နေ့စဉ်ဘဝမှာ တော်တော်များများ နေရာယူထားကြပါတယ်။
ကွန်ပျူတာမှတ်ဉာဏ် (Computer Memory)တွေ၊ DVD တွေ၊ ဓါတ်ခဲတွေ၊ ဆဲလ်ဖုန်းတွေ၊ မီးလုံးမီးချောင်း (LED) တွေ၊ မမ်မိုရီစတစ်တွေကအစ REE တွေ ပါဝင်နေပါတယ်။
တရုပ်ဆိုရင် စိုက်ပျိုးရေးမှာ သီးနှံတွေ ကြီးထွားပြီး အထွက်နှုန်းကောင်းအောင် မြေဩဇာအနေနဲ့ သုံးသလို၊ မွေးမြူရေးမှာလည်း ဥကြီးကြီးဥဖို့၊ အသားတိုးဖို့ အစာတွေထဲမှာတောင် ထည့်သွင်းအသုံး ပြု နေကြပါပြီတဲ့။
မြန်မာနိုင်ငံမှာတော့ မြေရှားသတ္တုတူးဖော်မှုအများဆုံးထွက်ရှိတဲ့ဒေသတွေက ပန်ဝါ၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်ဒေသတို့ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံက ရရှိနေပါတယ်တဲ့။
နိဂုံးချုပ်ပြောရရင်တော့ မြေရှားသတ္တုဟာ ထုတ်လုပ်ဖို့ ခက်ခဲသလို၊ ဈေးကောင်းလို့ အလုအယက် ထုတ်ယူနေကြတာတွေ ကြားနေ၊မြင်နေရပါတယ်။ ဒါပေမဲ့ အသုံးပြုတဲ့နည်းလမ်း မှန်ကန်ဖို့ လိုပါတယ်။
နည်းလမ်းမမှန်ကန်ရင်တော့ ဘေးထွက် စွန့်ပစ်ပစ္စည်းတွေကြောင့် လူသားနဲ့ သဘာဝပါတ်ဝန်းကျင်ကို ဆိုး ရွား စွာ ထိခို က်စေနို င်ပါတယ်လို့ တင်ပြရင်း အဆုံးသတ်ပါရစေ။


Leave a Reply