ဖြူဖြူထွေးကိစ္စက မြင်နေရသလောက် ရိုးရှင်းတယ် မထင်ဘူး။ မရည်ရွယ်ပါ၊ မသိလို့ပါဆိုတဲ့ ဖြေရှင်းချက်ပေါ်မှာ လက်ခံသည်၊ လက်မခံသည်၊ အပြစ်ပေးသင့်သည်၊ မပေးသင့်သည် အမြင်အမျိုးမျိုးရှိကြပါတယ်။

ဒီကလေးမ နိုင်ငံရေးမသိဘူးဆိုတဲ့ စကားကိုတော့ ပြုံးမိပါတယ်။ သိလိုက်တာမှ လွန်ပြီး ပါးလိုက်တာမှ လှပ်နေတာပါ။ ၂၀၂၀ အောင်နိုင်ရေးကာလမှာ အနုပညာရှင်အများအပြား အောင်နိုင်ရေးမှာ ပါဝင်နေချိန်မှာ ပြတ်ပြတ်သားသား ငြင်းခဲ့တဲ့ ဆယ်လီ (၂) ဦး ရှိခဲ့ပါတယ်။

တစ်ဦးကတော့ ဒီကိစ္စနဲ့မဆိုင်လို့ ဂယက်မထချင်လို့ နာမည်ထုတ်မပြောတော့ပါ။ နောက်တစ်ဦးကတော့ ဖြူဖြူထွေးပါ။

အခုဘောပြန်မနေတဲ့ အဖြူရောင်အနုပညာရှင်ဆိုသူတွေတောင် အနီတွေဝတ် “NLD နိုင်ရမည်” တွေ အော်နေချိန်မှာ ရှေ့လေးငါးကွက်အထိ ကြိုမြင်နေသလို အယ်မလေးက နိုင်ငံရေးမသိဘူးဆိုတော့ ပြုံးချင်မိရုံသာ။

အခုဒီကိစ္စမှာလည်း ပန်းပန်၊ပုဝါခြုံနဲ့ ပရုတ်ဆီနာမည်က အနှောင့်အသွားမလွတ်တဲ့ကိစ္စကိုလည်း တရုတ်နာမည်မို့၊ မြန်မာဝတ်စုံဝတ်တာမို့လို့ ထမင်းရည်ပူလျှာလွှဲလို့ ရရင်တောင် ကိန်းဂဏန်း ၉၉လုံးထဲက ၇၉ မှ ၇၉ ကို သုံးတာတို့၊ Caption မှာ သုံးသွားတဲ့ ဇာတ်လမ်းနဲ့ရော ပရုတ်ဆီနဲ့ရော ဘာမှမသက်ဆိုင်တဲ့ “ခြံစည်းရိုးမယ်တော်” ဆိုတဲ့စကားလုံး။ အခြားဆွဲထုတ်ပြရင် အများကြီးရှိသေးတယ်။

အမှားဆိုတာ မှားတတ်ပါတယ်။ ရိုးရိုးသားသား မှားရင် မှားလှ တစ်ခု နှစ်ခုပေါ့။ အခုကိစ္စလို Video တစ်ခုတည်းမှာ တိတိပပရည်ရွယ်ထားတဲ့ အမှားပေါင်းများစွာက ဖြေရှင်းသွားသလို ဘယ်သူကိုမှ မရည်ရွယ်ပါဆိုတာမျိုးနဲ့ ဟုတ်မှာပါလို့ ထင်မြင်ပေးစရာ အကြောင်းမရှိပါ။

ခြံစည်းရိုးမယ်တော်ဆိုတဲ့စကားက ပိုမြင့်ပါတယ်။ ကိုယ်တွေသက်တမ်းတောင် မမီပါ။ ၈၈ကာလများက လက်စောင်းထက်လှတဲ့ ခင်ညွန့်တပည့်တွေရဲ့ လက်သုံးစကား။ ဒီကာလမှာ ဒီလက်မဲတွေ ပြန်ထုတ်သုံးနေတယ်ဆိုတဲ့ ကောလာဟလဟာ ဒီကိစ္စမှာ သံသယဝင်စရာကောင်းပါတယ်။

နောက်ထပ် သံသယဖြစ်စရာက ဖြူဖြူထွေးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ထုတ်ပြန်ချက်တစ်ခု ထွက်လာပါတယ်။ ထုတ်ပြန်ချက်က မီဒီယာအတော်များများအပြင် BBC လို သတင်းဌာနက ဇောင်းပေးဖော်ပြတဲ့အထိ ပျံ့နှံ့အားကောင်းတယ်။

စုံစမ်းကြည့်လိုက်တဲ့အခါ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်တဲ့ Black Hero UG အဖွဲ့ဆိုတာ UG အဖွဲ့တွေထဲမှာလည်း မရှိသလို ဘယ်UG ရဲဘော်တွေကမှ မသိရှိတဲ့ အခုမှချက်ချင်း ကောက်ခါငင်ခါ ပေါ်လာတဲ့အဖွဲ့။

ဒါကြီးက ဖြူဖြူထွေးအတွက်လည်း အန္တရာယ်များသလို တော်လှန်ရေးအင်အားစုတွေအတွက်လည်း အချောင်နာမည်ပျက်နိုင်တဲ့ အငွေ့အသက်ပါ။ နောက်ကွယ်ကလက်မဲတွေအနေနဲ့ တော်လှန်ရေးကို ပြည်သူအထင်လွဲအောင် ဒီကလေးမကို စတေးလိုက်ဖို့ အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်နေတာပါပဲ။

ဒီVideo ကြောင့် ပြည်သူတွေ ဒေါသထွက်ကြတယ်၊ တော်လှန်ရေးအင်အားစုတွေ ဒေါသထွက်ကြတယ်ဆိုတာ မှန်ပေမယ့် ကိုယ်သိထားသလောက် ဘယ်သူကမှ တကယ်ကြီး သေဒဏ်ပေးကြမယ်ဆိုတာမျိုး မရှိပါ။ ဒါ့ကြောင့် ဒီထုတ်ပြန်ချက်အတုပေါ်မှာ ကိုယ်ကတော့ ပြင်းပြင်းထန်ထန် သံသယဝင်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ကိုယ်တွေ့ဖြစ်ရပ်ကိုပြောပြပါမယ်။ ကိုယ်နဲ့ ဖြူဖြူထွေးက အပြင်မှာ ဆုံဖူးပါတယ်။ ကားတစ်စီးတည်း အတူစီးပြီး ပြန်ခဲ့ဖူးပါတယ်။ စီးပွါးရေးသမားတစ်ဦးရဲ့ Party မှာပါ။

အဲ့မတိုင်ခင်မှာ ကိုယ်က ဖြူဖြူထွေးကို စင်ပေါ်မှာ ဖျင်ပေါ်ခေါင်းပေါင် ဂျွမ်းထိုးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားသူပါ။ ကိုယ်သာ သူ့နေရာမှာဆို ကိုယ့်လို သူ့ကို ပြောဆိုထားသူတစ်ယောက်ကို ချိုနိုင်မယ် မထင်ပါ။

ဒီကလေးမရဲ့ တုန့်ပြန်မှုက ထူးဆန်းပါတယ်။ ကိုယ့်ကို သူက ဘယ်လို သဘောကျအားကျကြောင်း၊ ကိုယ့်ကို ဘယ်လိုတော်တယ်ထင်ကြောင်း၊ ကိုယ့်ဝေဖန်ချက်ကို သူဖတ်ပြီး ပြင်ဆင်နေထိုင်ဖို့ ကြိုးစားနေပါကြောင်း ပြောသွားလေရဲ့။

ကဲ…. ဘာမှမသိနားမလည်တဲ့ ကလေးမလေး ထင်ပါသေးသလား။ ဘာကိုမှမရည်ရွယ်ပါဘူးလို့ ထင်ပါသေးသလား။ ကိုယ်ကတော့ တစ်ခွန်းပဲ မှတ်ချက်ပေးပါမယ်။ “ခင်ဗျားတို့ထက် ဆရာကျတယ်” ဆိုတာပါပဲ။

အခုတောင်းပန်တဲ့ကိစ္စမှာတောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ရော ဒေါသထွက်နေကြတဲ့ ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေကိုရော တစ်ခုကိုမှ မန်းရှင်းမလုပ်ဘဲ ပါးပါးနပ်နပ် ရှောင်ထွက်တောင်းပန်သွားတာမျိုးပါ။

အချုပ်အားဖြင့် ပြောရရင် ဒီကိစ္စဟာ မြင်နေရသလောက် မရိုးရှင်းတဲ့ ကိစ္စပါ။ ဒီကလေးမအတွက် အသက်အန္တရာယ်ရှိသလို အဲ့အန္တရာယ်ဟာလည်း စကစလက်တံတွေရဲ့ တော်လှန်ရေးအင်အားစုတွေကို အထင်အမြင်လွဲအောင် ခုတုံးလုပ်ပြီး ပေးမယ့်အသက်အန္တရာယ် ဖြစ်ပါတယ်။

တကယ်တမ်း ဒီကိစ္စမှာ တကယ်ထိရောက်ပြီး တကယ်လိုအပ်တာက Boycott and Social Punishment သာ ဖြစ်ပါတယ်။ အခြားဘာမှ မလိုပါ။ အခြားဘာမှ လုပ်စရာ မရှိပါ။ ဘာအကြမ်းဖက်မှုမှ မလိုအပ်ပါ။

လူထုခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာ၊ သမာဓိ၊ သီလကို ထိခိုက်စော်ကားသူတွေရဲ့ နောက်ပိုင်းကာလတွေမှာ နောင်တရစရာတွေပဲ ရှိပါလိမ့်မယ်။

သူ့ဖာသာ သိလာပါလိမ့်မယ်။

ပန်ဆယ်လို


Leave a Reply

Your email address will not be published. Required fields are marked *