ရဲတပ်ဖွဲ့ ဝါဒဖြန့် ရုပ်ရှင်အား လုံခြုံရေးတင်းကျပ်ပြီး ရုံတင်ပြသ

စစ်ကော်မရှင် ရဲတပ်ဖွဲ့ ဝါဒဖြန့် ရုပ်ရှင်အား လုံခြုံရေးတင်းကျပ်ပြီး ရုံတင်ပြသ

စစ်ကော်မရှင် ရဲတပ်ဖွဲ့ဝါဒဖြန့် ဘဝကို စားသော ကိန်းဂဏန်းများ ရုပ်ရှင်အား လုံခြုံရေး တင်းကျပ်ကာ ရုံတင်ပြသခြင်း ပြုလုပ်နေကြောင်း ရုပ်ရှင် အသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ရုပ်ရှင်အား ရုပ်ရှင်အထူးပွဲ ပြသသည့် နေ့ကစပြီး ပြသသည့် ရုပ်ရှင်ရုံများ၌ လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ရုပ်ရှင် Press Show က သမ္မတရုံမှာ လုပ်တာ။ အဲ့ဒီနေ့က မီဒီယာတွေကိုပါ အစစ်အဆေးတွေ လုပ်တာ။ ကျန်တဲ့ ပွဲတွေဆို မစစ်ဘူး” ဟု ပြည်တွင်း အနုပညာသတင်းထောက်တစ်ဦးက ပြောသည်။

ယင်း ရုပ်ရှင်အား စက်တင်ဘာ ၁၉ရက်မှ စ၍ သမ္မတရုပ်ရှင်ရုံအပါအဝင် ရုပ်ရှင်ရုံများ၌ ရုံတင်ပြသနေခြင်း ဖြစ်ပြီး လူထု၏ သပိတ်မှောက်ခြင်းကို ခံရသဖြင့် ကြည့်ရှုသူ နည်းပါးသည်ဟု သိရသည်။

သို့သော် စစ်တပ်ထောက်ခံသူများနှင့် ရုပ်ရှင်တွင် ပါဝင်သည့် အနုပညာသမားများနှင့် နီးစပ်သူအချို့ လာရောက်ကြည့်ရှုကြသည်ဟု သိရသည်။

“လာကြည့်တဲ့သူတွေ ရှိပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ မိတ်ဆွေတွေ၊ နောက် ရဲဘက်နဲ့ သိတဲ့သူတွေပေါ့။ သူတို့တွေက ကြည့်ပြီးရင် အွန်လိုင်းပေါ်တင်ပြီး ကောင်းပါတယ် ဘာညာ လုပ်ကြ၊ ဓာတ်ပုံတွေ ရိုက်တင်ကြတာတွေ တွေ့ရတယ်” ဟု ရုပ်ရှင်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ရုပ်ရှင်သည် ကျားဖြန့် လိမ်လည်မှုအကြောင်း ရိုက်သည်ဟု အကြောင်း ပြထားသော ရဲဝါဒဖြန့် ရုပ်ရှင်ဖြစ်သည်ဟု လွတ်လပ်သော မီဒီယာများက ဖော်ပြခဲ့ကြသည်။

ယင်းသို့ ဖော်ပြအပြီးတွင် ပြည်တွင်းရှိ စစ်တပ်ဝါဒဖြန့် မီဒီယာ ဖြစ်သည့် ဦးမြတ်ခိုင်၏ ပေါ်ပြူလာသတင်းဌာနက အဆိုပါ ရုပ်ရှင်နှင့် ပတ်သတ်သည့် အနုပညာရှင်များအား ဆက်တိုက် အင်တာဗျူးများလုပ်ကာ ရုပ်ရှင်အား ပရိုမိုးရှင်းဆင်းနေသည်ကိုလည်း တွေ့ရသည်။

“ဦးမြတ်ခိုင်က တောက်လျှောက် လိုက်မေးတာ။ သက်သက်ကြီးကို ခေါ်မေးနေတာ။ ဒီလူကြီးက အတော်ဆိုးဆိုးပါ” ဟု ပြည်တွင်း သတင်းထောက်တစ်ဦးက ပြောသည်။

ဘဝကိုစားသော ကိန်းဂဏန်းများ ရုပ်ရှင်သည် စစ်တပ်ဝါဒဖြန့်ဇာတ်ကားများ ရိုက်သည့် ဒါရိုက်တာ တင်အောင်စိုး ရိုက်ကူးသော ကျားဖြန့်အကြောင်းပြ ရဲဝါဒဖြန့် ရုပ်ရှင်တစ်ခု ဖြစ်သည်ဟု သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *