မန္တလေးမြို့သည် နွေဦးတော်လှန်ရေးခရီးကြမ်းတွင် စုစည်းမှုဖြင့်ချီတက်နေဟု ဒေါက်တာတေဇာစန်းပြော
မန္တလေးမြို့လယ်တနေရာတွင် တော်လှန်လူငယ်များက ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။
မန္တလေးမြို့၏ နွေဦးတော်လှန်ရေးနှင့် ပတ်သက်ပြီး လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက အောက်ပါအတိုင်း ဖွင့်ဟထားသည်။
“ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်”ဟု ဒေါက်တာတေဇာစန်းက ပြောသည်။
မန္တလေးမြို့သည် နွေဦးတော်လှန်ရေး ခရီးကြမ်းတွင် မြို့သူ၊မြို့သားများ၏ စုစည်းညီညွတ်မှုအားနှင့်အတူ ခိုင်မြဲစွာ ချီတက်နေကြသည်ဟု ဒေါက်တာတေဇာစန်းက ဆိုသည်။
“ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်”ဟု ဒေါက်တာတေဇာစန်းက ပြောသည်။
“ရွှေမန်းမြို့က လူထုတော်လှန်တိုက်ပွဲများ”
ဒီဗွီဒီယိုလေးကတော့ အခုရက်တွေအတွင်း ကျနော်တို့ရွှေမန်းမြို့ပြည်သူများ ဖော်ဆောင်ခဲ့ကြတဲ့ လူထုသပိတ်တိုက်ပွဲမြင်ကွင်းဖြစ်ပါတယ်။
ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့ တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ “ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်” လို့ စိတ်နှလုံး ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ လူထုရဲ့ တော်လှန်စိတ်ကို ဘယ်အရာ၊ ဘယ်အကြောက်တရားကမှ ဟန့်တားနိုင်တော့မှာ မဟုတ်ပါဘူး။
ကျနော်တို့ အညာမြေ မြို့ရွှေမန်းဟာ ပြည်သူ့နွေဦးတော်လှန်ရေး ခရီးကြမ်းကြီးမှာ မြို့သူမြို့သားတွေရဲ့ စုစည်းညီညွတ်အားနဲ့အတူ မယိုင်မလဲ ခိုင်မြဲစွာ ချီတက်နေကြပါတယ်။ ဒီနေရာမှာ ကျနော်တို့ တော်လှန်ရေးကြီး အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အရေး အထူးအရေးကြီးတာတခုကို အလေးအနက် တင်ပြပြောဆိုလိုပါတယ်။
ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်။
အထူးသဖြင့် တော်လှန်ရေးကြီး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု CDM နဲ့ “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အခုချိန်မှာ အစွမ်းကုန် အရှိန်တင်ကြဖို့ လိုနေပါပြီ။
“ဘူး” သပိတ် လို့ဆိုရင် ပြည်သူများ နားလည်သဘောပေါက်ကြပြီး ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို ငါတို့ ပြည်သူတွေအားလုံးက-
– လက်မခံ “ဘူး”၊ မပူးပေါင်း “ဘူး”၊ မနာခံ “ဘူး”
– အခွန်အခ မပေး “ဘူး”
– စစ်တပ်ပိုင် ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မသုံး “ဘူး”၊ မဝယ် “ဘူး”၊ မသယ် “ဘူး”၊ မရောင်း “ဘူး”
– ဖက်ဆစ်တပ်ထောက်တိုင်တွေကို လက်မခံ “ဘူး” အစရှိသဖြင့်မှသည်
ဖက်ဆစ်တပ် အခုကြံစည်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ “ဘူး”၊ မဲ ထွက်မပေး “ဘူး” အစရှိသဖြင့် လူထုအနေနဲ့ “ဘူး” တလုံးဆောင်ကာ စစ်အာဏာရူးကို သွေးပျက်ခြောက်ခြားအောင် ထိုးနှပ်ကြဖို့ပါ။
ကျနော်တို့ လူထုကို အမြဲတင်ပြသလိုပါပဲ။ လက်နက်ကိုင်နိုင်မှ တော်လှန်ရေးသမား မဟုတ်ပါဘူး။ တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်နယ်မြေမှာ နေမှ တော်လှန်ရေးသမား မဟုတ်ပါဘူး။ မြို့ပြ ကျေးလက် ပြည်တွင်း ပြည်ပ ဘယ်မှာပဲနေနေ အသက်အရွယ်မရွေး ကျားမ မရွေး ပြည်သူအားလုံး တော်လှန်ရေးသမားတွေ ဖြစ်ရပါမယ်။ ပြည်သူတဦးတယောက်မကျန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်တဲ့ “ဘူး” သပိတ် ကိုင်ဆွဲပြီး ဖက်ဆစ်တပ်ကို အပြီးတိုင် ဖြိုလှဲကြမယ်ဗျာ။
တလှိုင်းပြီး တလှိုင်း အရှိန်မြှင့်လာတဲ့ စစ်ရေးတိုက်ပွဲနဲ့ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြမယ်ဗျာ။ ကျနော်တို့ ပြည်သူများအားလုံး စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုံ့ပြန်” ကာ အထွေထွေ အာဏာဖီဆန် အုံကြွတော်လှန်ကြဖို့ပဲ ဖြစ်ပါတယ်။
“ကျုပ်တို့ ဒူးထောက်နေလို့သာ ကြီးကျယ်သူတွေ ကြီးကျယ်နေကြတာပါ။ ကိုင်း၊ ကျုပ်တို့အားလုံး ရုန်းထွက်၊ နိုးထကြစို့။”
(ပီ-ဂျေ ပရိုဒွန်)
The great are only great because we are on our knees. Let us rise!
(Pierre-Joseph Proudhon)
တေဇာစန်း
Leave a Reply