လူတဦး ကြက်ဥ တလုံးစားနိုင်ရေး ကြက်အကောင်ရေ တိုးမွေးရန် စစ်ခေါင်းဆောင် ပြော

စားနပ်ရိက္ခာများလုံလောက်စွာ ရရှိရေး စစ်ကော်မရှင်အနေဖြင့် အလေးထားဆောင်ရွက်ပေးနေပြီး လူတဦးလျှင် ကြက်ဥ တလုံး စားသုံးနိုင်ရေး ကြက်အကောင်ရေတိုးမြှင့် မွေးမြူသွားရန် အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့အစည်းအဝေး၌ ပြောဆိုခဲ့ကြောင်း သိရသည်။

ဒေသအလိုက် သားငါးများဖူလုံပေါများစေရေး စိုက်ပျိုးမွေးမြူရေးဇုန်များ တည်ဆောက်ရန် လိုအပ်ပြီး လူဦးရေအလိုက် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်သွားရန် လိုကြောင်း၊ ဥပမာအားဖြင့် ရန်ကုန်မြို့တွင် လူဦးရေ ၇ သန်းရှိပြီး လူဦးရေ တဝက် ၃ သန်းခွဲမှ ကြက်ဥ တရက်တလုံးစားလျှင် ကြက်ဥ အလုံးရေ ၃ သန်းခွဲ လိုအပ်သည့်အတွက် ကြက်အကောင်ရေ ၄ သန်းခန့် မွေးမြူရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် စစ်ခေါင်းဆောင်က သီးနှံများပိုမိုထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက် ရှိပြီးသား စိုက်ပျိုးမြေပေါ်တွင် တဧက သီးနှံအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရန်အပါအဝင် ဝါ၊ ကိုကိုး၊ ကော်ဖီ၊ သရက်၊ ရော်ဘာ၊ သီဟိုဠ် စသောစက်မှုကုန်ကြမ်းသီးနှံပင်များ အောင်မြင်စွာ စိုက်ပျိုးသွားရန်၊ ဘဏ္ဍာငွေသုံးစွဲရာ၌ လျာထားချက်အတိုင်း သုံးစွဲကြရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ပုံစာ-၂၀၂၃ အောက်တိုဘာ ၂၁ ရက်တွင် တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန်ကို စစ်ခေါင်းဆောင် သွားရောက်ခဲ့စဉ်/MOI


Comments

Leave a Reply

Your email address will not be published. Required fields are marked *